အရေပြား ဘီဆဲလ် လင်ဖိုးမား
အရေပြား ဘီဆဲလ် လင်ဖိုးမား (Cutaneous B-cell Lymphoma)
အရေပြား ဘီဆဲလ် လင်ဖိုးမား သည် အရေပြားတွင် အဖုအကျိတ်များ ဖြစ်ပေါ်စေသည့် အရေပြားကင်ဆာ အမျိုးအစား ဖြစ်သည်။ ၎င်းသည် ရောဂါကူးစက်မှုကို တိုက်ဖျက်ပေးသည့် သွေးဖြူဥ B-lymphocytes များမှ စတင်ဖြစ်ပွားပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရှိသေးပါ။
အဓိက ဖြစ်ပွားတတ်သော အမျိုးအစားများမှာ –
- Primary cutaneous follicle center lymphoma: ခေါင်း၊ လည်ပင်း သို့မဟုတ် ခန္ဓာကိုယ်တွင် အနီညိုရောင် အဖု သို့မဟုတ် အနီကွက်အဖြစ် တွေ့ရပြီး ဖြေးညှင်းစွာ ကြီးထွားသည်။
- Primary cutaneous marginal zone B-cell lymphoma: လက်မောင်း သို့မဟုတ် ခန္ဓာကိုယ်တွင် ပန်းရောင် သို့မဟုတ် အနီရောင် အနာ သို့မဟုတ် အကျိတ်အဖြစ် ဖြစ်ပေါ်သည်။
- Primary cutaneous diffuse large B-cell lymphoma, leg type: ခန္ဓာကိုယ်၊ ခြေထောက် သို့မဟုတ် လက်မောင်းများတွင် အကျိတ် သို့မဟုတ် အဖုများအဖြစ် မကြာခဏ တွေ့ရသည်။
- Primary cutaneous diffuse large B-cell lymphoma, other: ခေါင်း၊ ခန္ဓာကိုယ်၊ လက်နှင့် ခြေထောက်တို့တွင် စတင်ဖြစ်ပွားပြီး ပြင်းထန်သည့် အမျိုးအစား ဖြစ်သည်။
လက္ခဏာများ အရေပြားတွင် အဖု သို့မဟုတ် အကျိတ်များ ထွက်ခြင်းသည် အဓိက လက္ခဏာ ဖြစ်သည်။ ဝက်ခြံကဲ့သို့ အဖုငယ်များ (papules) မှ အပြားလိုက် အကွက်များ (plaque) သို့မဟုတ် အနီရင့်ရောင်၊ ခရမ်းရောင် အကျိတ်များ (nodules/tumors) အဖြစ် ခေါင်း၊ လည်ပင်း၊ ကျောနှင့် ခြေထောက်တို့တွင် ဖြစ်ပေါ်နိုင်သည်။
အချို့တွင် အောက်ပါ လက္ခဏာများလည်း ကြုံတွေ့ရနိုင်သည်။
- လည်ပင်း၊ ချိုင်း သို့မဟုတ် ပေါင်ခြံရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
- ဖျားခြင်း
- ညဘက် ချွေးထွက်ခြင်း
- အကြောင်းရင်းမရှိဘဲ ဝိတ်ကျခြင်း
ရောဂါရှာဖွေခြင်းနှင့် ကုသခြင်း
အရေပြား ဘီဆဲလ် လင်ဖိုးမား ကို ရောဂါရှာဖွေရန် အောက်ပါ နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။
- ခန္ဓာကိုယ် စစ်ဆေးခြင်း: စပါးရှယ်လစ် ဆရာဝန်မှ အရေပြားကို သေချာစွာ စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်သည်။
- အရေပြား အသားစယူ စစ်ဆေးခြင်း: ရောဂါလက္ခဏာရှိသော အရေပြား အသားစ အနည်းငယ်ကို ယူ၍ လင်ဖိုးမား ဆဲလ်များ ပါဝင်မှု ရှိမရှိ ဓာတ်ခွဲခန်းသို့ ပို့ဆောင် စစ်ဆေးမည် ဖြစ်သည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ: PET scan သို့မဟုတ် CT scan များ ရိုက်ကူး စစ်ဆေးခြင်း။
- သွေးစစ်ခြင်း: လင်ဖိုးမား ဆဲလ်များနှင့် ဆက်စပ်နေသော ပုံမှန်မဟုတ်သည့် အချက်အလက်များကို သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်သည်။
- ရိုးတွင်းခြင်ဆီ အသားစယူ စစ်ဆေးခြင်း: ရိုးတွင်းခြင်ဆီ အသားစကို ရယူ၍ လင်ဖိုးမား ဆဲလ်များနှင့် ဆက်စပ်မှု ရှိမရှိ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ပြုလုပ်မည် ဖြစ်သည်။
ကုသခြင်း
အရေပြား ဘီဆဲလ် လင်ဖိုးမား ကုသနည်းများသည် ဖြစ်ပွားသည့် လင်ဖိုးမား အမျိုးအစားပေါ် မူတည်ပြီး အောက်ပါ ကုသမှုများအနက် သင့်တော်သည်များကို ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေး ကုသနိုင်ပါသည်။
- ရောင်ခြည်ဖြင့် ကုသခြင်း: စွမ်းအားမြင့် စွမ်းအင်ရောင်ခြည်များ (X-rays သို့မဟုတ် Protons) ကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးသည့် နည်းလမ်း ဖြစ်သည်။ သီးသန့် ကုသနိုင်သကဲ့သို့ ခွဲစိတ်ပြီးနောက် ကျန်ရှိသော ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်လည်း အသုံးပြုနိုင်သည်။
- ကင်ဆာဆဲလ်များကို ခွဲစိတ်ဖယ်ရှားခြင်း: ကင်ဆာဆဲလ်များနှင့် ယင်း၏ ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကို ခွဲစိတ်ဖယ်ရှားသည့် နည်းလမ်း ဖြစ်သည်။ ကင်ဆာ ဖြစ်ပွားသည့် နေရာ နည်းပါးပါက ဒီနည်းလမ်းကို အသုံးပြုနိုင်သည်။
- ထိရောက်မှုမြင့် ဦးတည်ကုသဆေးများဖြင့် ကုသခြင်း (Targeted Drug Therapy): ကင်ဆာဆဲလ်များတွင်ရှိသော သီးသန့် ဒြပ်ပေါင်းများကို ပစ်မှတ်ထား ဖျက်ဆီးသည့် ဆေးဝါးများ ဖြစ်သည်။ အကြောဆေးသွင်းခြင်း သို့မဟုတ် ကင်ဆာဖြစ်သည့်နေရာသို့ တိုက်ရိုက် ထိုးနှံခြင်းဖြင့် ကုသနိုင်သည်။
- ဆေးဝါးများဖြင့် ကုသခြင်း: ကင်ဆာဖြစ်ပွားရာ နေရာသို့ စတီးရွိုက် (Steroid) ကဲ့သို့ ဆေးဝါးများ တိုက်ရိုက် ထိုးနှံကုသသည့် နည်းလမ်း ဖြစ်သည်။ ဖြေးညှင်းစွာ ကြီးထွားသည့် အရေပြား လင်ဖိုးမား အမျိုးအစားများအတွက် အသုံးပြုလေ့ရှိသည်။
- ဓာတုဗေဒဆေးဝါးများဖြင့် ကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို ဖျက်ဆီးနိုင်သည့် ဓာတုဆေးဝါးများကို အရေပြားပေါ် သုတ်လိမ်းခြင်း သို့မဟုတ် သွေးကြောမှတစ်ဆင့် ထိုးနှံခြင်း ပြုလုပ်နိုင်သည်။ ရောဂါ ရင့်ကျက်သည့် အခြေအနေ သို့မဟုတ် မြန်ဆန်စွာ ကြီးထွားသည့် အခြေအနေများတွင် အသုံးပြုနိုင်သည်။
