စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ

အကျဉ်းချုပ်အကြောင်းအရာ

စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ (Tension-type headaches) ဆိုသည်မှာ မပြင်းထန်လွန်းသော သို့မဟုတ် အသင့်အတင့် ခေါင်းကိုက်ခဲမှုကို မကြာခဏ ဖြစ်ပေါ်စေသည့် ခေါင်းကိုက်ရောဂါ အမျိုးအစား ဖြစ်သည်။ အချို့သော သူများက ထိုသို့ကိုက်ခဲသည့် ဝေဒနာကို ဦးခေါင်းကို တင်းကြပ်သောအစီးပတ်စည်းထားသကဲ့သို့ ခံစားရသည်ဟု ခိုင်းနှိုင်းပြောဆိုကြသည်။ ဤခေါင်းကိုက်ရောဂါသည် အဖြစ်အများဆုံး အမျိုးအစားဖြစ်သော်လည်း ယင်းဖြစ်ပွားရသည့် အတိအကျ အကြောင်းအရင်းများကိုမူ အပြည့်အဝ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။
ကံကောင်းသည်မှာ စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါအတွက် ကုသမှုများ ရှိနေခြင်းဖြစ်သည်။ ထိုခေါင်းကိုက်ရောဂါကို ရင်ဆိုင်ဖြေရှင်းရာတွင် ပုံမှန်အားဖြင့် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများကို ထိန်းသိမ်းခြင်း၊ အသုံးဝင်သော ဆေးဝါးမဟုတ်သည့် ကုသနည်းများကို ရှာဖွေစမ်းသပ်ခြင်းနှင့် အကိုက်အခဲပျောက် ဆိုင်ဝယ်သောက်ဆေးများ သို့မဟုတ် လိုအပ်ပါက ဆရာဝန်ညွှန်ကြားသည့် စိတ်ကျရောဂါပျောက်ဆေးများကို သုံးစွဲခြင်းတို့ ပါဝင်သည်။

ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများ –
• ဦးခေါင်းတွင် စွဲမြဲစွာ မပြင်းထန်ဘဲ ကိုက်ခဲနေခြင်း။
• နဖူးပြင်၊ ဦးခေါင်း ဘေးတစ်ဖက်တစ်ချက် သို့မဟုတ် နောက်စေ့တို့တွင် တင်းကြပ်သောအစီးပတ်ထားသကဲ့သို့ တင်းကြပ်နေခြင်း သို့မဟုတ် ဖိအားပေးထားသကဲ့သို့ ခံစားရခြင်း။
• ဦးရေပြား၊ လည်ပင်းနှင့် ပခုံး ကြွက်သားများ ထိကိုင်ပါက နာကျင်နေခြင်း။
စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ အမျိုးအစားများ –
အခါအားလျော်စွာ ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ (Episodic Tension-Type Headaches) –
• မိနစ် ၃၀ မှ တစ်ပတ်အထိ ကြာမြင့်တတ်သည်။
• မကြာခဏ အခါအားလျော်စွာ ဖြစ်ပွားသော ခေါင်းကိုက်ခြင်းသည် အနည်းဆုံး သုံးလခန့် ကာလအတွင်း တစ်လလျှင် ၁၅ ရက်အောက် ဖြစ်ပွားလေ့ရှိသည်။
• မကြာခဏ ခေါင်းကိုက်ခြင်းများမှတစ်ဆင့် နာတာရှည် စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါအဖြစ်သို့ ပိုမိုဆိုးရွားသွားနိုင်သည်။
နာတာရှည် စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ (Chronic Tension-Type Headaches) –
• နာရီပေါင်းများစွာ ကြာမြင့်နိုင်ပြီး ဆက်တိုက်လည်း ဖြစ်ပေါ်နေနိုင်သည်။
• အနည်းဆုံး သုံးလခန့် ကာလအတွင်း တစ်လလျှင် ၁၅ ရက် သို့မဟုတ် ထိုထက်ပို၍ ဖြစ်ပွားပါက နာတာရှည်အဖြစ် သတ်မှတ်သည်။
အောက်ပါ ရောဂါလက္ခဏာများအနက် တစ်ခုခုကို ခံစားရပါက အရေးပေါ် ဆေးဝါးကုသမှုကို ချက်ချင်း ရယူရန် အရေးကြီးသည် –
• ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။
• ခေါင်းကိုက်ခြင်းနှင့်အတူ အဖျားတက်ခြင်း၊ လည်ပင်းတောင့်တင်းခြင်း၊ ဇဝေဇဝါဖြစ်ခြင်း၊ အတက်ရောဂါရခြင်း၊ အမြင်အာရုံ ထပ်နေခြင်း (Double vision)၊ ကြွက်သားအားနည်းခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် စကားပြောရခက်ခဲခြင်းတို့ ယှဉ်တွဲဖြစ်ပေါ်ခြင်း။
• ဦးခေါင်းထိခိုက်ဒဏ်ရာ ရပြီးနောက် ခေါင်းကိုက်ခြင်း အထူးသဖြင့် ခေါင်းကိုက်ဝေဒနာ ပိုမိုဆိုးရွားလာပါက။

အကြောင်းရင်းများ

စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ၏ အတိအကျ အကြောင်းအရင်းကို ရေရေရာရာ မသိရသေးပေ။ ယခင်က စိတ်လှုပ်ရှားမှု သို့မဟုတ် စိတ်ဖိစီးမှုများကြောင့် မျက်နှာ၊ လည်ပင်းနှင့် ဦးရေပြား ကြွက်သားများ ရှုံ့လိုက်ခြင်းကြောင့် ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသော်လည်း နောက်ပိုင်း လေ့လာတွေ့ရှိချက်များက ထိုကြွက်သားရှုံ့ခြင်းသည် အဓိကအကြောင်းအရင်း မဟုတ်နိုင်ကြောင်း ပြသနေသည်။ လက်ရှိ လက်ခံထားသော ယူဆချက်မှာ စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ရောဂါ ခံစားရသူများသည် နာကျင်မှုကို ပိုမိုခံစားလွယ်သော သဘာဝရှိကြသည်။ ထိုသို့ နာကျင်မှုကို ပိုမိုခံစားလွယ်ခြင်းကြောင့် ဤခေါင်းကိုက်ရောဂါ၏ အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည့် ကြွက်သားများ နာကျင်လွယ်ခြင်းကို ပိုမိုဖြစ်ပေါ်စေပြီး ယင်းသည် နာကျင်မှုကို တုံ့ပြန်သည့် စနစ် ပိုမိုတုံ့ပြန်လွယ်လာခြင်းမှ စတင်ဖြစ်ပေါ်လာနိုင်သည်။ အထူးသဖြင့် စိတ်ဖိစီးမှုသည် စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါအတွက် အဖြစ်အများဆုံး အစပျိုးပေးသည့် အကြောင်းအရင်းဖြစ်သည်ဟု ဖော်ပြကြသည်။

ရောဂါရှာဖွေခြင်း

နာတာရှည် သို့မဟုတ် ထပ်ခါတလဲလဲ ခေါင်းကိုက်သည့် အခြေအနေမျိုးတွင် ဆရာဝန်များက ရောဂါလက္ခဏာ စစ်ဆေးမှုနှင့် နာဗ်ကြောစနစ် စစ်ဆေးမှုများ ပြုလုပ်နိုင်ပြီး အောက်ပါနည်းလမ်းများဖြင့် ခေါင်းကိုက်ခြင်း၏ အမျိုးအစား အတိအကျနှင့် ဖြစ်ပွားစေသည့် အရင်းအမြစ်များကို ခွဲခြားစစ်ဆေးပေးပါလိမ့်မည် –
ဝေဒနာရာဇဝင် မေးမြန်းခြင်း
• ဝေဒနာ၏ သဘာဝလက္ခဏာ – ခေါင်းကိုက်ခြင်းက တဒုတ်ဒုတ်နှင့် ထိုးကိုက်ခြင်းမျိုးလား၊ သို့မဟုတ် တဆိမ့်ဆိမ့်၊ စူးစူးရှရှ၊ ထိုးစိမ့်စိမ့်နှင့် ပုံမှန်ကိုက်နေခြင်းမျိုးလား ဆိုသည်ကို ရှင်းလင်းစွာ ပြောပြပါ။
• ပြင်းထန်မှု – နေ့စဉ်လှုပ်ရှားမှုများအပေါ် ဝေဒနာ၏ သက်ရောက်မှုကို ကြည့်ပြီး ခေါင်းကိုက်နေစဉ် အလုပ်လုပ်နိုင်စွမ်းနှင့် အိပ်စက်မှု အနှောင့်အယှက် ဖြစ်ရမှုများအပါအဝင် မည်မျှအထိ ပြင်းထန်ကြောင်း ပြောပြပါ။
• ဖြစ်ပွားသည့်နေရာ – ဦးခေါင်းတစ်ခုလုံး ကိုက်တာလား၊ တစ်ခြမ်းထဲ ကိုက်တာလား၊ သို့မဟုတ် နဖူး သို့မဟုတ် မျက်လုံးနောက်ဘက် စသည့် သီးခြားနေရာများ၌ပဲ စုပြီး ကိုက်တာလား ဆိုသည်ကို အတိအကျ ဖော်ပြပါ။
ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging Tests) – ပုံမှန်မဟုတ်သော သို့မဟုတ် ရှုပ်ထွေးသည့် ခေါင်းကိုက်မှု ပုံစံရှိသူများအတွက် ဦးနှောက်အကျိတ်ကဲ့သို့ ပြင်းထန်သော အကြောင်းအရင်းများကို ဖယ်ရှားနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ဖို့ အကြံပြုလေ့ရှိသည်။ အဓိက အသုံးပြုသည့် ပုံရိပ်ဖော် စစ်ဆေးမှု နည်းလမ်းနှစ်ခုမှာ –
• သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI) – သံလိုက်စက်ကွင်းများ၊ ရေဒီယိုလှိုင်းများနှင့် အဆင့်မြင့် ကွန်ပျူတာစနစ်ကို ပေါင်းစပ်၍ ဦးနှောက်၏ အသေးစိတ် ပုံရိပ်များကို ထုတ်ပေးပါသည်။
• ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း (CT) – ကွန်ပျူတာစနစ်သုံး X-ray ဓာတ်မှန် အဆင့်ဆင့်ကို အသုံးပြု၍ ဦးနှောက်၏ တည်ဆောက်ပုံကို ဘက်ပေါင်းစုံမှ အပြည့်အဝ ကြည့်ရှုနိုင်စေပါသည်။

 ကုသခြင်း

စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ရောဂါ ခံစားရသည့် အချို့သူများသည် ဆရာဝန်နှင့် မတိုင်ပင်ဘဲ မိမိဘာသာ မိမိ ကုသရန် ကြိုးပမ်းလေ့ရှိကြသည်။ ကံမကောင်းစွာဖြင့် အကိုက်အခဲပျောက် ဆိုင်ဝယ်သောက်ဆေးများကို ထပ်ခါတလဲလဲ အလွန်အကျွံ သုံးစွဲခြင်းက ဆေးအလွန်အကျွံ သုံးစွဲမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ (Medication overuse headache) ဟုခေါ်သည့် အခြားခေါင်းကိုက်ရောဂါ တစ်မျိုးကို ဖြစ်ပေါ်စေနိုင်သည်။
ရုတ်တရက် ခေါင်းကိုက်မှုအတွက် သောက်ဆေးများ (Acute medications) ဆိုင်ဝယ်သောက်ဆေးများနှင့် ဆရာဝန်ညွှန်ကြားချက်ပါ ဆေးဝါး အမျိုးမျိုးတို့သည် ခေါင်းကိုက်ဝေဒနာကို သက်သာစေနိုင်ပါသည် –
• အကိုက်အခဲပျောက်ဆေးများ – Aspirin၊ Ibuprofen နှင့် Naproxen sodium ကဲ့သို့ အများစု သုံးစွဲကြသည့် ဆရာဝန်ညွှန်ကြားချက် မလိုသော ဆေးဝါးများသည် ပုံမှန်အားဖြင့် ပထမဦးစားပေး ရွေးချယ်မှု ဖြစ်သည်။
• ဆေးအများအပြား ပေါင်းစပ်ထားသော ဆေးဝါးများ – ဤဆေးဝါးများသည် Aspirin သို့မဟုတ် Acetaminophen ကို ကဖိန်း (Caffeine) သို့မဟုတ် အိပ်ဆေး/စိတ်ငြိမ်ဆေး တစ်မျိုးမျိုးနှင့် ပေါင်းစပ်ထားပြီး တစ်မျိုးတည်း ပါဝင်သော ဆေးများထက် ပိုမိုသက်သာစေလေ့ရှိသည်။ ယင်းဆေးများအနက် အများစုကို ဆရာဝန်ညွှန်ကြားချက် မလိုဘဲ ဝယ်ယူရရှိနိုင်ပါသည်။
• Triptan ဆေးများနှင့် စိတ်ကိုပြောင်းလဲစေသော ထုံဆေးများ (Triptans and narcotics) – Triptan ဆေးများသည် ခေါင်းတစ်ခြမ်းကိုက်ခြင်းနှင့် စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်းတို့အတွက် ကောင်းစွာ ထိရောက်မှုရှိပြီး Opioid ဆေးများကိုမူ ဘေးထွက်ဆိုးကျိုးများနှင့် စွဲလန်းနှစ်သက်သွားနိုင်သည့် အန္တရာယ်များကြောင့် ခဲယဉ်းစွာ အသုံးပြုကြသည်။
ကြိုတင်ကာကွယ်ရေး ဆေးဝါးများ (Preventive medications) အထူးသဖြင့် အကိုက်အခဲပျောက်ဆေးများနှင့် အခြားကုသမှုများကို တုံ့ပြန်မှုမရှိဘဲ မကြာခဏ သို့မဟုတ် နာတာရှည် ခေါင်းကိုက်ဝေဒနာ ခံစားရပါက ခေါင်းကိုက်သည့် အကြိမ်ရေနှင့် ပြင်းထန်မှုကို လျှော့ချရန် ဆရာဝန်က ကြိုတင်ကာကွယ်ရေး ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်။ ကြိုတင်ကာကွယ်မှု နည်းလမ်းများတွင် အောက်ပါတို့ ပါဝင်ပါသည် –
• Tricyclic စိတ်ကျရောဂါပျောက်ဆေးများ – Amitriptyline နှင့် Protriptyline ကဲ့သို့သော ဆေးများကို စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါ ကာကွယ်ရန်အတွက် အများအားဖြင့် အသုံးပြုကြသည်။ ဘေးထွက်ဆိုးကျိုးများတွင် ဝမ်းချုပ်ခြင်း၊ ငိုက်မျဉ်းခြင်း နှင့် ပါးစပ်ခြောက်ခြင်းတို့ ပါဝင်နိုင်သည်။
• အခြား စိတ်ကျရောဂါပျောက်ဆေးများ – Venlafaxine နှင့် Mirtazapine ကဲ့သို့သော စိတ်ကျရောဂါပျောက်ဆေးများ အသုံးပြုခြင်းကိုလည်း အထောက်အထားများက အထောက်အကူပြုထားပါသည်။
• အတက်သက်သာဆေးများနှင့် ကြွက်သားဖြေလျှော့ဆေးများ – သုတေသနများ ပိုမိုလိုအပ်နေသေးသော်လည်း Gabapentin နှင့် Topiramate ကဲ့သို့သော ဆေးဝါးများသည်လည်း စိတ်ဖိစီးမှုကြောင့် ဖြစ်ပွားသော ခေါင်းကိုက်ရောဂါကို ကာကွယ်ရန် အထောက်အကူပြုနိုင်ပါသည်။
ကြိုတင်ကာကွယ်ရေး ဆေးဝါးများသည် ခန္ဓာကိုယ်အတွင်း စိမ့်ဝင်ပျံ့နှံ့ပြီးနောက် ထိရောက်မှုရှိလာစေရန် သီတင်းပတ်အနည်းငယ် ကြာမြင့်နိုင်သောကြောင့် စိတ်ရှည်ရှည် ထားပေးပါ။ ဆရာဝန်က တိုးတက်မှုများကို စောင့်ကြည့်စစ်ဆေးပေးမည်ဖြစ်ပြီး ကြိုတင်ကာကွယ်မှု ကုသမှု၏ ထိရောက်မှုကို သေချာစေရန် ဤကာလအတွင်း အကိုက်အခဲပျောက်ဆေးများကို အလွန်အကျွံ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် အရေးကြီးပါသည်။ ကြိုတင်ကာကွယ်ရေးဆေး သောက်သုံးနေစဉ် အကိုက်အခဲပျောက်ဆေး သုံးစွဲမှုနှင့် ပတ်သက်၍ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

Doctors who treat this condition