အကျဉ်းချုပ်အကြောင်းအရာ
မွေးရာပါ နှလုံးရောဂါ (Congenital heart disease) ဆိုသည်မှာ မွေးဖွားစဉ်ကတည်းက ပါရှိလာသည့် နှလုံး၏ တည်ဆောက်ပုံဆိုင်ရာ ပုံမှန်မဟုတ်သော မူမမှန်မှု အမျိုးအစား အမျိုးမျိုးကို ညွှန်းဆိုခြင်း ဖြစ်သည်။ Congenital ဆိုသည်မှာ သင် မွေးဖွားစဉ်ကတည်းက ပါရှိလာသော အခြေအနေတစ်ခုကို ဆိုလိုသည်။ မွေးရာပါ နှလုံးရောဂါရှိသော လူကြီးများနှင့် ကလေးများ နှစ်ဦးလုံးတွင် နှလုံးမှတစ်ဆင့် သွေးစီးဆင်းသည့် ပုံစံ ပြောင်းလဲမှုကို ခံစားရနိုင်သည်။
မွေးရာပါ နှလုံးရောဂါတွင် မပြင်းထန်သော အမျိုးအစား အများအပြား ရှိသည်။ သို့သော် ရှုပ်ထွေးသည့် ချို့ယွင်းချက်များသည် အသက်အန္တရာယ် စိုးရိမ်ရသည့် ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။ ရောဂါအဖြေရှာခြင်းနှင့် စောင့်ရှောက်မှု ပိုင်းတွင် တိုးတက်လာခြင်းကြောင့် မွေးရာပါ နှလုံးရောဂါရှိသူများ၏ အသက်ရှည်ရှည် နေထိုင်နိုင်မှု ကာလကို ပိုမိုတိုးတက်စေလျက် ရှိသည်။
မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင်များသည် တစ်သက်တာ ဆေးဝါးကုသမှုကို လိုအပ်သည်။ ပုံမှန် ဆေးစစ်မှုများ ပြုလုပ်ခြင်း၊ ဆေးဝါးသောက်သုံးခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့သည် ကုသမှု၏ နည်းလမ်းများ ဖြစ်နိုင်သည်။ သင့်တွင် လူကြီး မွေးရာပါ နှလုံးရောဂါရှိပါက မည်မျှ မကြာခဏ နောက်ဆက်တွဲ ဆေးစစ်မှုများ ပြုလုပ်ရမည်ကို မိမိ၏ ဆရာဝန်အား မေးမြန်းပါ။
ရောဂါလက္ခဏာများ
အချို့သူများသည် အရွယ်ရောက်သည့်အထိ မွေးရာပါ နှလုံးရောဂါ၏ သတိပေး အချက်ပြမှုများ သို့မဟုတ် လက္ခဏာများကို မခံစားရပေ။ မွေးရာပါ နှလုံးရောဂါကို ကုသပြီးနောက် နှစ်ပေါင်းများစွာ ကြာမှလည်း လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။
ပုံမှန် လူကြီး မွေးရာပါ နှလုံးရောဂါ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည် –
• အသက်ရှူရခက်ခဲခြင်း
• နှလုံးခုန်နှုန်း ပုံမှန်မဟုတ်ခြင်း (Heart arrhythmias)
• ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်း သို့မဟုတ် တစ်ရှူးများ ဖောရောင်ခြင်း (Edema)
• လက်သည်း၊ နှုတ်ခမ်းနှင့် အရေပြားများ ပြာနှမ်းလာခြင်း (Cyanosis)
• ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် မောပန်းနွမ်းနယ်ခြင်းကို ခံစားရခြင်း
ရင်ဘတ်နာကျင်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းကဲ့သို့သော စိတ်မသက်မသာဖြစ်ဖွယ် လက္ခဏာများ ခံစားရပါက ချက်ချင်း အရေးပေါ် ဆေးဝါးကုသမှုကို ရယူပါ။
သင့်တွင် မွေးရာပါ နှလုံးရောဂါ၏ လက္ခဏာများ ရှိနေပါက သို့မဟုတ် ကလေးဘဝက မွေးရာပါ နှလုံးရောဂါအတွက် ကုသမှု ခံယူခဲ့ဖူးပါက ဆရာဝန်နှင့် ပြသရန် ရက်ချိန်းယူပါ။
အကြောင်းရင်းများ
မွေးရာပါ နှလုံးရောဂါ အများစုမှာ ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရပေ။ ဤရောဂါ အချို့သည် မိဘများထံမှ ကလေးများထံသို့ မျိုးရိုးလိုက်တတ်သည်။
နှလုံး၏ ပုံမှန် အလုပ်လုပ်ပုံကို နားလည်ခြင်းက မွေးရာပါ နှလုံးရောဂါကို ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် အထောက်အကူပြုပါလိမ့်မည်။
• နှလုံး၏ အခန်း တည်ဆောက်ပုံကို အထက်ခန်း အခန်းနှစ်ခန်း (Atria) နှင့် အောက်ခန်း အခန်းနှစ်ခန်း (Ventricles) တို့ဖြင့် ဖွဲ့စည်းထားသည်။
• နှလုံး၏ ညာဘက်ခြမ်းသည် အဆုတ်သွေးလွှတ်ကြောများ (Pulmonary arteries) မှတစ်ဆင့် အဆုတ်သို့ သွေးများကို ပို့ဆောင်ပေးသည်။
• သွေးသည် အဆုတ်အတွင်းမှ အောက်ဆီဂျင်ကို စုပ်ယူပြီးနောက် အဆုတ်သွေးပြန်ကြောများ (Pulmonary veins) မှတစ်ဆင့် သင့်နှလုံး၏ ဘယ်ဘက်ခြမ်းသို့ ပြန်လည်ရောက်ရှိသည်။
• ထို့နောက် သွေးကို နှလုံး၏ ဘယ်ဘက်ခြမ်းမှတစ်ဆင့် သွေးလွှတ်ကြောမကြီး (Aorta) မှတစ်ဆင့် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ ညှစ်ထုတ်ပေးသည်။
သွေးလွှတ်ကြောများ၊ အဆို့ရှင်များ၊ နှလုံးအခန်းများနှင့် အခန်းခြားနံရံများ (Septum) အပါအဝင် ဤနှလုံး တည်ဆောက်ပုံအားလုံးသည် မွေးရာပါ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ ရှိသည်။
ဖြစ်နိုင်ခြေ ပိုများစေသည့် အချက်များ
မွေးရာပါ နှလုံးရောဂါသည် ပတ်ဝန်းကျင်ဆိုင်ရာနှင့် မျိုးရိုးလိုက်မှုဆိုင်ရာ အန္တရာယ်ရှိသော အချက်များစွာကြောင့် ဖြစ်ပေါ်နိုင်သည် –
• မျိုးရိုးဗီဇ – မွေးရာပါ နှလုံးရောဂါသည် မိသားစုအတွင်း မျိုးရိုးလိုက်တတ်ပြီး မျိုးရိုးဗီဇဆိုင်ရာ မူမမှန်မှု အများအပြားနှင့် ဆက်စပ်နေသည်။ ပုံစံအားဖြင့် ဒေါင်းဆင်ဒရုန်း (Down syndrome) လက္ခဏာစုရှိသော ကလေးများတွင် မွေးရာပါ နှလုံးပုံမှန်မဟုတ်သည့် ချို့ယွင်းချက်များ ဖြစ်လေ့ရှိသည်။ သန္ဓေသားသည် မိခင်၏ ဝမ်းဗိုက်အတွင်း ရှိနေစဉ်အတွင်း ပုံရိပ်ဖော် ဆေးစစ်မှုများဖြင့် ဒေါင်းဆင်ဒရုန်းနှင့် အခြားသော မျိုးရိုးဗီဇ မူမမှန်မှုများကို ခွဲခြားသိရှိနိုင်သည်။
• ဂျာမန်ဝက်သက်ရောဂါ (Rubella) – ကိုယ်ဝန်ဆောင်ချိန်အတွင်း ဂျာမန်ဝက်သက်ရောဂါ ကူးစက်ခံရခြင်းသည် မမွေးဖွားသေးသော သန္ဓေသား၏ နှလုံးဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။
• ဆီးချိုရောဂါ – ကိုယ်ဝန်ဆောင်ချိန်အတွင်း အမျိုးအစား (၁) သို့မဟုတ် အမျိုးအစား (၂) ဆီးချိုရောဂါရှိသော အမျိုးသမီးများသည် ကလေး၏ နှလုံးဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှု ရှိနိုင်သည်။ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါ (Gestational diabetes) သည် ပုံမှန်အားဖြင့် မွေးရာပါ နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြှင့်တင်ပေးခြင်း မရှိပါ။
• ဆေးဝါးများ – ကိုယ်ဝန်ဆောင်စဉ် အချို့သော ဆေးဝါးများကို သောက်သုံးခြင်းကြောင့် မွေးရာပါ နှလုံးရောဂါနှင့် အခြား မွေးရာပါ ချို့ယွင်းချက်များ ဖြစ်ပေါ်နိုင်သည်။ စိတ်ကြွစိတ်ကျရောဂါ (Bipolar disorder) ကုသရန် အသုံးပြုသည့် Lithium နှင့် ဝက်ခြံကုသရန် အသုံးပြုသည့် Isotretinoin တို့သည် နှလုံးပြဿနာများနှင့် ဆက်စပ်နေသော ဆေးနှစ်မျိုး ဖြစ်သည်။ သင်သောက်သုံးနေသော ဆေးဝါးများအားလုံးကို သင့်ဆရာဝန်အား အမြဲတမ်း အသိပေးပါ။
• အရက် – ကိုယ်ဝန်ဆောင်ချိန်အတွင်း အရက်သောက်သုံးခြင်းသည် သန္ဓေသား၏ နှလုံးပုံမှန်မဟုတ်မှု ဖြစ်နိုင်ခြေကို မြှင့်တက်စေခြင်းနှင့် ဆက်စပ်နေသည်။
• ဆေးလိပ်သောက်ခြင်း – ကိုယ်ဝန်ဆောင်ချိန်အတွင်း ဆေးလိပ်သောက်ခြင်းသည် မွေးဖွားလာမည့် ကလေးတွင် မွေးရာပါ နှလုံးပုံမှန်မဟုတ်သည့် ချို့ယွင်းချက်များ ပါရှိလာနိုင်ခြေကို မြှင့်တက်စေသည်။
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် မွေးရာပါ နှလုံးရောဂါကို ခွဲခြားသိရှိနိုင်ရန်အတွက် ခန္ဓာကိုယ်အစိတ်ပိုင်းများကို စမ်းသပ်စစ်ဆေးခြင်း ပြုလုပ်မည်ဖြစ်ပြီး နားထောင်ကိရိယာ (Stethoscope) ကို အသုံးပြု၍ သင့်နှလုံးခုန်သံကို နားထောင်ပါလိမ့်မည်။ သင့်တွင် ခံစားနေရသော လက္ခဏာများ၊ ဆေးဝါးကုသမှု ရာဇဝင်နှင့် မိသားစု ကျန်းမာရေး ရာဇဝင်များနှင့် ပတ်သက်သည့် မေးခွန်းများကို မေးမြန်းပါလိမ့်မည်။
နှလုံး၏ အခြေအနေကို စမ်းသပ်စစ်ဆေးမှုများဖြင့် ကြည့်ရှုနိုင်ပြီး ဆင်တူသော လက္ခဏာများ ပြသနိုင်သည့် အခြားသော ရောဂါများကိုလည်း စစ်ဆေးပေးနိုင်ပါသည်။
စမ်းသပ်စစ်ဆေးမှုများ အောက်ပါ စမ်းသပ်မှုများကို လူကြီးများနှင့် ကလေးများတွင် မွေးရာပါ နှလုံးရောဂါ ရှိမရှိ ခွဲခြားသိရှိနိုင်ရန် သို့မဟုတ် အတည်ပြုနိုင်ရန် အသုံးပြုကြသည် –
• အီးစီဂျီ ရိုက်ခြင်း (ECG) – နှလုံး၏ လျှပ်စစ်အချက်ပြမှုများနှင့် နှလုံးခုန်နှုန်းကို ဖမ်းယူပေးသည့် နာကျင်မှုမရှိသော နည်းလမ်းတစ်ခု ဖြစ်သည်။ မမှန်သော နှလုံးခုန်နှုန်းများ (Arrhythmias) ကို စစ်ဆေးရန် အီးစီဂျီ (ECG) ကို အသုံးပြုနိုင်သည်။
• ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) – နှလုံးနှင့် အဆုတ်၏ အရွယ်အစားနှင့် ပုံသဏ္ဌာန် ပြောင်းလဲမှုများကို ရင်ဘတ် ဓာတ်မှန်တွင် တွေ့မြင်နိုင်သည်။
• သွေးတွင်း အောက်ဆီဂျင် တိုင်းတာခြင်း (Pulse oximetry) – လက်ချောင်းတွင် တပ်ဆင်ရသည့် သေးငယ်သော ဆင်ဆာလေးကို အသုံးပြု၍ သွေးတွင်းရှိ အောက်ဆီဂျင် ပမာဏကို ခန့်မှန်းတွက်ချက်နိုင်သည်။
• နှလုံး အာထရာဆောင်း ရိုက်ခြင်း (Echocardiogram) – အာထရာဆောင်း လှိုင်းများသည် ခုန်နေသော နှလုံး၏ ပုံရိပ်များကို ထုတ်ပေးသည်။ နှလုံး အာထရာဆောင်း ရိုက်ခြင်းဖြင့် နှလုံး၏ သွေးစီးဆင်းမှုနှင့် နှလုံးအဆို့ရှင်များကို ပြသပေးနိုင်သည်။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ် (ပုံမှန်အားဖြင့် ပြေးစက် သို့မဟုတ် စက်ဘီးပေါ်တွင်) လည်း နှလုံး အာထရာဆောင်း ရိုက်ယူနိုင်သည်။
• အစာပြွန်မှတစ်ဆင့် နှလုံး အာထရာဆောင်း ရိုက်ခြင်း (Transesophageal echocardiogram) – ဆရာဝန်က နှလုံး၏ ပိုမိုအတိအကျ အသေးစိတ်ကျသော ပုံရိပ်များ လိုအပ်သည်ဟု ယူဆပါက ဤစမ်းသပ်မှုကို အသုံးပြုနိုင်သည်။ ဤစမ်းသပ်မှုတွင် ထရန့်ဂျူဆာ (Transducer) ပါရှိသည့် ပျော့ပျောင်းသော ပိုက်လိုင်းတစ်ခုကို လည်ချောင်းမှတစ်ဆင့် အစာပြွန်အတွင်းသို့ ထည့်သွင်းရသည်။
• လေ့ကျင့်ခန်း ပြုလုပ် စမ်းသပ်မှုများ သို့မဟုတ် စိတ်ဖိစီးမှု စမ်းသပ်မှုများ (Exercise tests or stress tests) – ဤစမ်းသပ်မှုများတွင် ပုံမှန်အားဖြင့် အီးစီဂျီ (ECG) ဖြင့် နှလုံးကို စောင့်ကြည့်နေစဉ် ပြေးစက်ပေါ်တွင် လမ်းလျှောက်ခြင်း သို့မဟုတ် စက်ဘီးစီးခြင်းတို့ ပါဝင်သည်။ လေ့ကျင့်ခန်း ပြုလုပ် စမ်းသပ်ခြင်းသည် ကိုယ်လက်လှုပ်ရှားမှုအပေါ် နှလုံး၏ တုံ့ပြန်ပုံကို ဖော်ပြပေးနိုင်သည်။
• နှလုံး ကွန်ပျူတာ ဓာတ်မှန် (Cardiac CT scan) နှင့် နှလုံး သံလိုက်ဓာတ်မှန် (Cardiac MRI) – ဤစမ်းသပ်မှုများသည် နှလုံးနှင့် ရင်ဘတ်၏ ပုံရိပ်များကို ထုတ်ပေးသည်။ နှလုံး CT စကင်တွင် X-ray ကို အသုံးပြုသည်။ နှလုံး MRI စကင်တွင် သင့်နှလုံး၏ ပုံရိပ်များကို ထုတ်ပေးရန် သံလိုက်စက်ကွင်းနှင့် ရေဒီယိုလှိုင်းများကို အသုံးပြုသည်။ စမ်းသပ်မှု နှစ်ခုလုံးအတွက် သင်သည် ရှည်လျားသော တိုင်ခေါင်းပုံစံ စက်အတွင်းသို့ ရွေ့လျားဝင်ရောက်သည့် ခုတင်ပေါ်တွင် လှဲလျောင်းပေးရလေ့ရှိသည်။
• နှလုံး သွေးကြောအတွင်း ပိုက်ထည့် စစ်ဆေးခြင်း (Cardiac catheterization) – ဤစမ်းသပ်မှုကို နှလုံး၏ သွေးဖိအားနှင့် သွေးစီးဆင်းမှုကို တိုင်းတာရန် အသုံးပြုနိုင်သည်။ ဆရာဝန်သည် ရှည်လျားပြီး သေးငယ်သော ပိုက်ပျော့ (Catheter) တစ်ခုကို ပေါင်ခြံနေရာမှတစ်ဆင့် သွေးကြောအတွင်းသို့ ဂရုတစိုက် ထည့်သွင်း၍ နှလုံးအထိ ပို့ဆောင်ပေးသည်။ ပိုက်ပျော့ကို မှန်ကန်သော နေရာသို့ ညွှန်ကြားနိုင်ရန် X-ray ရိုက်ယူသည်။ အချို့သော အခြေအနေများတွင် ပိုက်ပျော့မှတစ်ဆင့် ဆေးရောင် (Dye) များကို ထည့်သွင်းပေးသည်။ ဆေးရောင်သည် ဓာတ်ပုံများပေါ်တွင် သွေးကြောများကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်စေရန် အထောက်အကူပြုသည်။
ကုသခြင်း
ကလေးဘဝ မွေးရာပါ နှလုံးရောဂါကို မကြာခဏ ထိရောက်စွာ ကုသနိုင်လေ့ရှိသည်။ သို့သော်လည်း အချို့သော မွေးရာပါ နှလုံးအခြေအနေများသည် ကလေးဘဝတွင် ခွဲစိတ်ပြုပြင်ရန် ပြင်းထန်မှုမရှိသော်လည်း အရွယ်ရောက်ချိန်တွင် အန္တရာယ် ဖြစ်ပေါ်စေနိုင်သေးသည်။
လူကြီးများတွင် မွေးရာပါ နှလုံးရောဂါ၏ ပြင်းထန်မှု အတိုင်းအတာပေါ် မူတည်၍ မည်သို့ ကုသမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ မွေးရာပါ နှလုံးပုံမှန်မဟုတ်သည့် ချို့ယွင်းချက် အနည်းငယ်သာ ရှိသူများအတွက် ရောဂါ ပိုမိုဆိုးရွားမလာစေရန် ခဲယဉ်းစွာ ပြုလုပ်သော ဆေးစစ်မှုများသာ လိုအပ်မည်ဖြစ်သည်။
မွေးရာပါ နှလုံးရောဂါရှိသော လူကြီးများသည် ခွဲစိတ်မှုများနှင့် အခြားသော ဆေးဝါးကုသမှု နည်းလမ်းများကိုလည်း ခံယူနိုင်သည်။
ဆေးဝါးများ နှလုံး၏ အလုပ်လုပ်ဆောင်မှုကို တိုးတက်စေသည့် ဆေးဝါးများကို မပြင်းထန်သော မွေးရာပါ နှလုံးချို့ယွင်းချက် အချို့ကို ကုသရန် အသုံးပြုနိုင်သည်။ ဒါ့အပြင် မှန်ကန်မှုမရှိသော နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန် သို့မဟုတ် သွေးခဲခြင်းကို တားဆီးရန်အတွက်လည်း ဆေးဝါးများ ပေးသွင်းနိုင်သည်။
ခွဲစိတ်မှုများနှင့် အခြားသော ကုသမှု နည်းလမ်းများ မွေးရာပါ နှလုံးရောဂါရှိသော လူကြီးများသည် အမျိုးအစား အမြောက်အမြားရှိသည့် ခွဲစိတ်မှုများနှင့် ကုသမှု နည်းလမ်းများကို ရယူနိုင်သည် –
• ခန္ဓာကိုယ်အတွင်း ထည့်သွင်းရသည့် နှလုံးစက်ကိရိယာများ (Implantable heart devices) – လူကြီးများတွင် မွေးရာပါ နှလုံးရောဂါနှင့် ဆက်စပ်နေသော နောက်ဆက်တွဲ ပြဿနာများကို နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသည့် နှလုံးခုန်စက် (Pacemaker) သို့မဟုတ် အသက်အန္တရာယ် ပေးနိုင်သည့် မမှန်သော နှလုံးခုန်နှုန်းများကို ပြုပြင်ပေးသည့် ခန္ဓာကိုယ်အတွင်း ထည့်သွင်းရသည့် နှလုံးစက်ကိရိယာ (Implantable cardioverter-defibrillator – ICD) စသည့် ကိရိယာများမှတစ်ဆင့် တားဆီးပေးနိုင်သည်။
• ပိုက်ပျော့ အသုံးပြု၍ ကုသသည့် နည်းလမ်းများ (Catheter-based treatments) – မွေးရာပါ နှလုံးရောဂါ အမျိုးအစားအချို့ရှိသော လူကြီးများကို ပိုက်ပျော့များအသုံးပြု၍ ကုသပေးနိုင်ပြီး ယင်းသည် ရင်ဘတ်ဖွင့် ခွဲစိတ်မှု ပြုလုပ်ရန် မလိုဘဲ ပြုပြင်ကုသမှုကို ဖြစ်နိုင်စေသည်။ ဆရာဝန်သည် ပိုက်ပျော့ကို ပေါင်ခြံနေရာရှိ သွေးကြောမှတစ်ဆင့် ထည့်သွင်းကာ နှလုံးဆီသို့ ညွှန်ကြား ပို့ဆောင်ပေးသည်။ အချို့သောအခြေအနေများတွင် ပိုက်ပျော့ အများအပြားကို အသုံးပြုနိုင်သည်။ ပိုက်ပျော့သည် မှန်ကန်သော နေရာသို့ ရောက်ရှိသွားပါက ဆရာဝန်သည် မွေးရာပါ နှလုံးချို့ယွင်းချက်ကို ပြုပြင်ရန် ယင်းမှတစ်ဆင့် သေးငယ်သော ကိရိယာများကို ထည့်သွင်းပေးသည်။
• ရင်ဘတ်ဖွင့် ခွဲစိတ်မှု (Open-heart surgery) – ပိုက်ပျော့ အသုံးပြုသည့် ကုသမှုများ ထိရောက်မှုမရှိပါက မွေးရာပါ နှလုံးချို့ယွင်းချက်ကို ပြုပြင်ရန် ရင်ဘတ်ဖွင့် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်သည်။
• နှလုံး အစားထိုး ခွဲစိတ်မှု (Heart transplant) – ပြင်းထန်သော နှလုံးပြဿနာကို ပြုပြင်၍ မရနိုင်ပါက နှလုံး အစားထိုး ခွဲစိတ်မှု ပြုလုပ်ခြင်းသည် ဖြစ်နိုင်ခြေတစ်ရပ် ဖြစ်လာနိုင်သည်။
