မွေးရာပါမိုင်ထရယ်နှလုံးအဆို့ရှင်မူမမှန်ခြင်း
H2: ခြုံငုံသုံးသပ်ချက်
မွေးရာပါ မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်း (Congenital mitral valve anomalies) ဆိုသည်မှာ ဘယ်ဘက် အထက် နှလုံးအခန်း (Left atrium) နှင့် ဘယ်ဘက် အောက် နှလုံးအခန်း (Left ventricle) ကြားရှိ အဆို့ရှင်ကို ထိခိုက်စေသည့် မွေးရာပါ နှလုံးရောဂါ အခြေအနေများ ဖြစ်ကြသည်။
အောက်ပါ အခြေအနေများသည် မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်းများ ဖြစ်ကြသည် –
- ထူထဲသော သို့မဟုတ် တောင့်တင်းနေသော အဆို့ရှင် အရွက်များ (Leaflets)
- တစ်ခုနှင့်တစ်ခု ပူးကပ်နေသော အဆို့ရှင် အရွက်များ သို့မဟုတ် ပုံသဏ္ဌာန် ပျက်ယွင်းနေသော အဆို့ရှင် အရွက်များ
- အဆို့ရှင်ကို ထောက်ကူပေးထားသည့် ကြိုးမျှင်များ လျော့နည်း ပျောက်ကွယ်နေခြင်း၊ ကြိုးမျှင်များ တို၍ ထူထဲနေခြင်း သို့မဟုတ် ကြိုးမျှင်များသည် မိုင်ထရယ် အဆို့ရှင်နှင့် နီးကပ်စွာရှိသော နှလုံးကြွက်သားများနှင့် သွားရောက် ဆက်သွယ်နေခြင်း အပါအဝင် အဆို့ရှင် ထောက်ကူကြိုးများ၏ ပြဿနာများ
- မိုင်ထရယ် အဆို့ရှင်နှင့် နီးကပ်စွာရှိသော နှလုံး၏ ကြွက်သား သို့မဟုတ် တစ်ရှူးဆိုင်ရာ ပြဿနာများ
- မိုင်ထရယ် အဆို့ရှင် ပတ်ဝန်းကျင်ရှိ အစိတ်အပိုင်းတွင် အပေါက်များစွာ ဖြစ်ပေါ်နေခြင်း (Double-orifice valve)
H2; မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်းကြောင့် ဖြစ်ပွားသော နှလုံးအဆို့ရှင် ရောဂါ အမျိုးအစားများ –
- မိုင်ထရယ် နှလုံးအဆို့ရှင် ကျဉ်းခြင်း (Mitral valve stenosis) – အဆို့ရှင် အရွက်များ တောင့်တင်းလာခြင်းနှင့် မိုင်ထရယ် အဆို့ရှင် အပေါက် ကျဉ်းမြောင်းသွားခြင်းတို့ကြောင့် ဘယ်ဘက် အထက် နှလုံးအခန်းမှ ဘယ်ဘက် အောက် နှလုံးအခန်းသို့ သွေးစီးဆင်းမှု လျော့နည်းသွားသည်။
- မိုင်ထရယ် နှလုံးအဆို့ရှင် သွေးပြန်လျှံခြင်း (Mitral valve regurgitation) – သင့်နှလုံး ညှစ်ထုတ်လိုက်သည့်အခါ မိုင်ထရယ် အဆို့ရှင် အရွက်များသည် အပြည့်အဝ ပိတ်နိုင်ခြင်း မရှိတော့ဘဲ သို့မဟုတ် ဘယ်ဘက် အထက် နှလုံးအခန်းအတွင်းသို့ နောက်ပြန် ဖောင်းထွက်သွားသည် (Mitral valve prolapse)။ ထို့ကြောင့် မိုင်ထရယ် အဆို့ရှင်သည် သွေးများကို အပြင်သို့ ယိုစိမ့် လျှံကျစေသည်။
မိုင်ထရယ် နှလုံးအဆို့ရှင် ကျဉ်းခြင်းနှင့် မိုင်ထရယ် နှလုံးအဆို့ရှင် သွေးပြန်လျှံခြင်း နှစ်ခုစလုံးသည် တစ်ချိန်တည်းတွင်လည်း ပြိုင်တူ ဖြစ်ပွားနိုင်သည်။
မိုင်ထရယ် အဆို့ရှင် မူမမှန်မှုများ ရှိသူများတွင် အခြားသော မွေးရာပါ နှလုံးရောဂါ ပြဿနာများကိုလည်း မကြာခဏဆိုသလို တွဲဖက် တွေ့ရှိရလေ့ ရှိသည်။
H2: ရောဂါလက္ခဏာများ
အချို့သော လူများတွင် အရွယ်ရောက်သည့် အချိန်အထိ မွေးရာပါ နှလုံးရောဂါ၏ သတိပေး ပြသချက်များနှင့် လက္ခဏာများကို ခံစားရခြင်း မရှိကြပေ။ မွေးရာပါ နှလုံးရောဂါကို ကုသပျောက်ကင်းအောင် ပြုလုပ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါတွင်လည်း လက္ခဏာများ ပြန်လည် ဖြစ်ပေါ်လာနိုင်သည်။
အရွယ်ရောက်ပြီးသူများတွင် ဖြစ်ပွားလေ့ရှိသည့် မွေးရာပါ နှလုံးရောဂါ၏ ပြသချက်များနှင့် လက္ခဏာများ၌ အောက်ပါတို့ ပါဝင်သည် –
- အသက်ရှူရ ခက်ခဲခြင်း (Breathing difficulties)
- နှလုံးမှ ပုံမှန်မဟုတ်သော အသံထွက်ခြင်း (Heart murmur)
- နှလုံးခုန်နှုန်း မမှန်ခြင်း (Arrhythmias)
- မောပန်းနွမ်းနယ်ခြင်း (Fatigue)
ရင်ဘတ်အောင့်ခြင်း သို့မဟုတ် အသက်ရှူရ ခက်ခဲခြင်းကဲ့သို့သော စိတ်ပူပန်စရာ လက္ခဏာ တစ်ခုခုကို ခံစားရပါက ဆေးဘက်ဆိုင်ရာ အရေးပေါ် ကုသမှုကို ချက်ချင်း ရယူပါ။
သင့်တွင် မွေးရာပါ နှလုံးရောဂါ၏ ပြသချက် သို့မဟုတ် လက္ခဏာများ ရှိနေပါက သို့မဟုတ် ငယ်စဉ်ကလေးဘဝက မွေးရာပါ နှလုံးပြဿနာအတွက် ကုသမှု ခံယူခဲ့ဖူးပါက ဆရာဝန်နှင့် ပြသရန် ရက်ချိန်း ရယူပါ။
H2: ဖြစ်ပွားရသည့် အကြောင်းအရင်းများ
သင့်တော်သော သွေးစီးဆင်းမှုကို ထိန်းသိမ်းပေးသည့် နှလုံးအဆို့ရှင် လေးခုအနက် တစ်ခုမှာ မိုင်ထရယ် အဆို့ရှင် (Mitral valve) ဖြစ်သည်။ နှလုံးခုန်သည့် အကြိမ်တိုင်းတွင် အဆို့ရှင်တစ်ခုစီ၌ ရှိသော အရွက်များ (Leaflets) သည် တစ်ကြိမ်စီ ပွင့်ခြင်း၊ ပိတ်ခြင်း ပြုလုပ်ကြသည်။ အဆို့ရှင်တစ်ခုသည် သင့်တော်စွာ ပွင့်ခြင်း သို့မဟုတ် ပိတ်ခြင်း မပြုလုပ်ပါက နှလုံးမှတစ်ဆင့် ခန္ဓာကိုယ်သို့ သွေးစီးဆင်းမှု လျော့နည်းသွားနိုင်သည်။
မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများစွာ ရှိသည်။ မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါ အချို့သော အမျိုးအစားများသည် မွေးဖွားစဉ်ကတည်းကပင် ဖြစ်ပေါ်လာနိုင်သည်။ (မွေးရာပါ နှလုံးရောဂါ ချို့ယွင်းချက်)
နောက်ပိုင်း အရွယ်ရောက်ချိန်တွင်လည်း မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါသည် နောက်ဆက်တွဲအဖြစ် ဖြစ်ပေါ်လာနိုင်သည်။ (ရရှိလာသော ရောဂါအခြေအနေ) သာဓကအားဖြင့် လေးဘက်နာ အဖျားရောဂါ (Rheumatic fever) သည် မိုင်ထရယ် နှလုံးအဆို့ရှင် ကျဉ်းခြင်းကို ဖြစ်ပွားစေသည့် အဓိက အကြောင်းအရင်း ဖြစ်သည်။ နှလုံးကို ထိခိုက်စေနိုင်သော စထရက်ပတိုကော့ကပ်စ် ပိုးဝင်ခြင်း (Strep infection) သည် ဤအဖျားရောဂါ၏ အဓိက အကြောင်းအရင်း ဖြစ်သည်။ ဤအခြေအနေကို လေးဘက်နာ ကြောင့်ဖြစ်သော မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါ (Rheumatic mitral valve disease) ဟု ခေါ်ဆိုသည်။
နောက်ပိုင်းမှ ရရှိလာသော မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါသည် အောက်ပါတို့ကြောင့်လည်း ဖြစ်ပွားနိုင်သည်။
- ခုခံအားစနစ် မိမိခန္ဓာကိုယ်ကို ပြန်လည် တိုက်ခိုက်သည့် ရောဂါ ရှိခြင်း (ဥပမာ – လူးပတ်စ် ရောဂါ / Lupus)
- ရောဂါပိုး ဝင်ရောက်ခြင်း
- အသက်အရွယ်ကြီးရင့်မှုဆိုင်ရာ ပြောင်းလဲမှုများ
- အခြားသော နှလုံးရောဂါများ
H2: ဖြစ်နိုင်ခြေရှိသော အချက်များ
အောက်ပါ အချက်အလက်များသည် မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါ (Mitral valve disease) ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်ပါသည် –
- အသက်အရွယ် ကြီးရင့်ခြင်း
- နှလုံးနှင့် ဆက်စပ်သော အချို့သော ရောဂါပိုး ဝင်ရောက်ခြင်းများ
- အချို့သော နှလုံးရောဂါများနှင့် နှလုံးဖောက်ခြင်း (Heart attack)
- အချို့သော ဆေးဝါးများကို သောက်သုံးခြင်း
- မွေးရာပါ နှလုံးရောဂါ အခြေအနေ ရှိခြင်း
- ရင်ဘတ် ဧရိယာကို ဓာတ်ရောင်ခြည် ထိတွေ့မိခြင်း
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ခန္ဓာကိုယ်အား စမ်းသပ် စစ်ဆေးမှု ပြုလုပ်မည် ဖြစ်ပြီး သင့်တွင် ခံစားနေရသော ပြသချက်များနှင့် လက္ခဏာများ၊ ဆေးဝါးကုသမှု ရာဇဝင်နှင့် မိသားစု ရောဂါရာဇဝင် တို့ကို မေးမြန်းပါလိမ့်မည်။ ဆရာဝန်သည် သင့်နှလုံးကို နားထောင်စက် (Stethoscope) ဖြင့် နားထောင် စစ်ဆေးစဉ် မိုင်ထရယ် နှလုံးအဆို့ရှင် ရောဂါ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည့် နှလုံးမှ ပုံမှန်မဟုတ်သော အသံထွက်ခြင်း (Heart murmur) ကို ကြားသိရမည် ဖြစ်သည်။
မွေးရာပါ မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်းများကို စိစစ် ရောဂါအမည်တပ်ရန်အတွက် အဓိက စမ်းသပ်မှုမှာ နှလုံး အာထရာဆောင်း ရိုက်ခြင်း (Echocardiography) ဖြစ်သည်။ နှလုံး အာထရာဆောင်း ရိုက်စဉ်အတွင်း အသံလှိုင်းများသည် သင့်နှလုံး၏ တည်ဆောက်ပုံ၊ နှလုံးအဆို့ရှင်များနှင့် သွေးစီးဆင်းမှုတို့ကို ဖော်ပြပေးသည့် လှုပ်ရှားနေသော ဗီဒီယို ပုံရိပ်များကို ထုတ်လုပ်ပေးသည်။
နှလုံး အာထရာဆောင်း ရိုက်ခြင်း ပုံစံ နှစ်မျိုး ရှိသည်။ ပုံမှန် ရင်ဘတ်ပေါ်မှ နှလုံးအာထရာဆောင်း ရိုက်ခြင်း (Transthoracic echocardiogram) အတွင်း ကျွမ်းကျင်သူ ဝန်ထမ်းအနေဖြင့် အာထရာဆောင်း လှိုင်းများကို သင့်ရင်ဘတ်မှတစ်ဆင့် နှလုံးသို့ ဦးတည် ပေးပို့နိုင်ရန်အတွက် အာရုံခံကိရိယာ (Transducer) ကို သင့် အရေပြားပေါ်တွင် တင်းကျပ်စွာ ဖိကပ်ထားသည်။ အာရုံခံကိရိယာသည် သင့် နှလုံးခုန်သံ၏ အသံပဲ့တင်သံများကို မှတ်တမ်းတင်ယူသည်။ ကွန်ပျူတာမှ အဆိုပါ အသံပဲ့တင်သံများကို လှုပ်ရှားနေသော ရုပ်ပုံများအဖြစ် ပြောင်းလဲပေးသည်။
ပုံမှန် နှလုံးအာထရာဆောင်း ရိုက်ခြင်းသည် လုံလောက်သော အချက်အလက်များ မပေးနိုင်ဟု သင့်ဆရာဝန်က ယူဆပါက အစာပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်း ရိုက်ခြင်း (Transesophageal echocardiography) ကို ပြုလုပ်ရန် လိုအပ်နိုင်သည်။ အာရုံခံကိရိယာ ပါရှိသော ပျော့ပျောင်းသည့် ပိုက်ပျော့ (Probe) ကို လည်ချောင်းမှတစ်ဆင့် ထည့်သွင်းပြီး အစာပြွန်အတွင်းသို့ ပို့ဆောင်ရိုက်ကူးခြင်း ဖြစ်သည်။
ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း (Chest X-ray) သို့မဟုတ် နှလုံးလျှပ်စစ်ဓာတ်မှန် ရိုက်ခြင်း (Electrocardiogram – ECG သို့မဟုတ် EKG) ကဲ့သို့သော အခြားသော စမ်းသပ်မှုများကိုလည်း ဆက်လက် ပြုလုပ်နိုင်သည်။
ကုသခြင်း
မွေးရာပါ မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်းအတွက် ကုသမှုသည် ရောဂါ၏ ပြသချက်များ၊ လက္ခဏာများနှင့် ပြင်းထန်းမှု အခြေအနေပေါ်တွင် မူတည်မည် ဖြစ်သည်။ သင့်ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ရယူရန် အရေးကြီးပါသည်။
မိုင်ထရယ် အဆို့ရှင်သည် နောက်ပိုင်းတွင် ခွဲစိတ် ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်းတို့ ပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်လာနိုင်သည်။
မိုင်ထရယ် အဆို့ရှင် ပြုပြင်ခြင်း (Mitral valve repair)
မိုင်ထရယ် အဆို့ရှင် ပြုပြင်ခြင်းကို ရွေးချယ်နိုင်သော အခြေအနေမျိုးတွင် သင့်ဆရာဝန်သည် သင့်နှလုံးအဆို့ရှင်ကို မူလအတိုင်း ထိန်းသိမ်းထားရန် အကြံပြုနိုင်ပါသည်။ မိုင်ထရယ် အဆို့ရှင် ပြုပြင်စဉ်အတွင်း ခွဲစိတ်ဆရာဝန်များသည် အောက်ပါတို့မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသည်များကို ဆောင်ရွက်နိုင်ပါသည် –
- အဆို့ရှင်ရှိ အပေါက်များကို ဖက်စပ် ဖျက်ဆီး ပိတ်ဆို့ခြင်း
- အဆို့ရှင် အရွက်များကို ပြန်လည် ဆက်သွယ်ပေးခြင်း
- ပူးကပ်နေသော အဆို့ရှင် အရွက်များကို ခွဲခြားပေးခြင်း
- အဆို့ရှင် အနီးရှိ ကြွက်သားများကို ခွဲခြားခြင်း၊ ဖယ်ရှားခြင်း သို့မဟုတ် ပုံသဏ္ဌာန် ပြန်လည် ပြင်ဆင်ခြင်း
- အဆို့ရှင်ကို ထိန်းထားသည့် ကြိုးမျှင်များကို ခွဲခြားခြင်း၊ ရှည်စေခြင်း၊ တိုစေခြင်း သို့မဟုတ် အစားထိုးခြင်း
- အဆို့ရှင် အရွက်များ တင်းကျပ်စွာ ပိတ်နိုင်စေရန် ပိုလျှံနေသော အဆို့ရှင် တစ်ရှူးများကို ဖြတ်တောက် ဖယ်ရှားခြင်း
- အဆို့ရှင် ပတ်လည်ရှိ ကွင်း (Annulus) ကို တင်းကျပ်စေရန် သို့မဟုတ် ခိုင်ခံ့စေရန် အတွက် အတုပြုလုပ်ထားသော ကွင်းတစ်ခုကို အသုံးပြုခြင်း
မိုင်ထရယ် အဆို့ရှင် အစားထိုးခြင်း (Mitral valve replacement)
မိုင်ထရယ် အဆို့ရှင်ကို ပြုပြင်၍ မရနိုင်ပါက သင့်ဆရာဝန်သည် မိုင်ထရယ် အဆို့ရှင် အစားထိုးရန် အကြံပြုနိုင်ပါသည်။ မိုင်ထရယ် အဆို့ရှင် အစားထိုးစဉ်အတွင်း ရောဂါဖြစ်နေသော မိုင်ထရယ် အဆို့ရှင်ကို ဖယ်ရှားပြီး စက်မှု အဆို့ရှင် (Mechanical valve) သို့မဟုတ် နွား၊ ဝက် သို့မဟုတ် လူ၏ နှလုံးတစ်ရှူးဖြင့် ပြုလုပ်ထားသော အဆို့ရှင် (Biological tissue valve) တစ်ခုခုဖြင့် အစားထိုး အသုံးပြုသည်။
ဇီဝဗေဒဆိုင်ရာ တစ်ရှူး အဆို့ရှင်များသည် အချိန်ကြာလာသည်နှင့်အမျှ ယိုယွင်းပျက်စီးလာသဖြင့် အစားထိုးမှုများ ပြန်လည် လိုအပ်စမြဲ ဖြစ်သည်။ သင့်တွင် စက်မှု အဆို့ရှင် တပ်ဆင်ထားပါက သွေးခဲခြင်းကို တားဆီးရန်အတွက် သွေးကျဲဆေးများကို တစ်သက်တာ သောက်သုံးရန် လိုအပ်မည် ဖြစ်သည်။ သင့်ဆရာဝန်သည် အဆို့ရှင် အမျိုးအစား တစ်ခုစီ၏ အားသာချက်၊ အားနည်းချက်များကို သင့်အား ရှင်းပြပေးမည်ဖြစ်ပြီး သင့်အတွက် အသင့်တော်ဆုံး အမျိုးအစားကို ဆုံးဖြတ်နိုင်ရန် ကူညီပေးပါလိမ့်မည်။
စက်မှု အဆို့ရှင်နှင့် ဇီဝဗေဒဆိုင်ရာ တစ်ရှူး အဆို့ရှင် နှစ်မျိုးလုံးကို ကလေးငယ်များနှင့် လူကြီးများ နှစ်ဦးစလုံးတွင် အသုံးပြုနိုင်သည်။ စွန့်စားရမှုများနှင့် အကျိုးကျေးဇူးများကို ချိန်ဆပြီးနောက် နှလုံးအထူးကု ဆရာဝန်၊ ခွဲစိတ်ဆရာဝန်နှင့် မိသားစုတို့က အသုံးပြုရမည့် တိကျသော အဆို့ရှင် အမျိုးအစားကို ဆုံးဖြတ်ကြသည်။
နောက်ဆက်တွဲ စောင့်ရှောက်မှု (Follow-up care)
မွေးရာပါ နှလုံးရောဂါများတွင် အထူး လေ့ကျင့်ထားသော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည့် ကလေးနှင့် လူကြီး မွေးရာပါ နှလုံးအထူးကု ဆရာဝန်များသည် မွေးရာပါ မိုင်ထရယ် နှလုံးအဆို့ရှင် မူမမှန်ခြင်းအတွက် ခွဲစိတ်ကုသမှု ခံယူထားသည့် သို့မဟုတ် ထိုသို့သော မူမမှန်မှုများ ရှိနေသည့် ကလေးများနှင့် လူကြီးများကို တစ်သက်တာ စောင့်ရှောက်မှု ပေးရမည် ဖြစ်သည်။ လူကြီးရော ကလေးပါ မိမိတို့၏ အခြေအနေ အပြောင်းအလဲများကို စစ်ဆေးရန်အတွက် ပုံမှန် နောက်ဆက်တွဲ ပြသမှုများ ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ ပုံမှန် အလုပ်မလုပ်တော့သည့် အဆို့ရှင်ကို အစားထိုးရန်အတွက် လူနာများသည် ထပ်မံ ခွဲစိတ်မှုများ သို့မဟုတ် အဆို့ရှင် ပြုပြင်မှုများ ပြုလုပ်ရန် လိုအပ်ကောင်း လိုအပ်နိုင်သည်။
