ရှုပ်ထွေးသောကိုယ်အဂ်ါအစိတ်အပိုင်းဆိုင်ရာနာကျင်မှုရောဂါစု

ခြုံငုံသုံးသပ်ချက်

ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစု (CRPS) သည် ခန္ဓာကိုယ်၏ သီးခြား ဧရိယာတစ်ခုတွင် (အထူးသဖြင့် ခြေလက်များ၌) တွေ့ရလေ့ရှိသော ရောဂါအခြေအနေတစ်ခု ဖြစ်ပြီး နာကျင်ခြင်း၊ အရေပြား အရောင်ပြောင်းလဲခြင်းနှင့် အခြား ခံစားမှုဆိုင်ရာ ပြောင်းလဲခြင်း စသည့် လက္ခဏာများဖြင့် ထူးခြားထင်ရှားသည်။

ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစုကို ခံစားရသူများသည် ပုံမှန်အားဖြင့် လက်များ သို့မဟုတ် ခြေထောက်များတွင် နာကျင်မှုကို သတင်းပို့ ပြောကြားလေ့ရှိသည်။ ဤရောဂါအခြေအနေသည် ဒဏ်ရာရရှိခြင်း၊ ခွဲစိတ်မှု ပြုလုပ်ခြင်း၊ လေဖြတ်ခြင်း သို့မဟုတ် နှလုံးရောဂါထခြင်းတို့ပြီးနောက် ဖြစ်ပေါ်လာလေ့ရှိပြီး ခံစားရသည့် နာကျင်မှု ပမာဏသည် မူလ ရရှိခဲ့သော ဒဏ်ရာ၏ ပြင်းထန်းမှုထက် ပိုမို လွန်ကဲနေတတ်သည်။

CRPS သည် ကလေးများထက် လူကြီးများတွင် ပိုမို အဖြစ်များသည်။ အသက် ၄၀ နှစ်ဝန်းကျင်သည် ဤရောဂါ အစပြုဖြစ်ပွားမှု အမြင့်ဆုံး အချိန်ဖြစ်သည်။ ၎င်းရောဂါကို အမျိုးသားအဖြစ် မွေးဖွားလာသူများထက် အမျိုးသမီးအဖြစ် မွေးဖွားလာသူများတွင် ပိုမို အဖြစ်များကြောင်း တွေ့ရသည်။ ဖြစ်စဉ် အများစု (၆၆ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းကြား) ကို ဥရောပ နွယ်ဖွားများတွင် တွေ့ရှိရသည်။

CRPS သည် ရှားပါးသော ရောဂါအခြေအနေတစ်ခု ဖြစ်ပြီး ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးပါ။ စောစီးစွာ ကုသမှု ခံယူခြင်းသည် အောင်မြင်စွာ ပျောက်ကင်းရန် အကောင်းဆုံး အခွင့်အလမ်းကို ပေးစွမ်းနိုင်ပြီး အဆိုပါ ဖြစ်စဉ်များတွင် ပြန်လည်ကောင်းမွန်လာခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ငြိမ်သက်သွားခြင်း (remission) တို့ ဖြစ်နိုင်ခြေရှိသည်။

ရောဂါလက္ခဏာများ

ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစု (CRPS) ၏ ရောဂါလက္ခဏာများနှင့် ပြသချက်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အအေး သို့မဟုတ် အထိအတွေ့ကို ထိခိုက်လွယ်ခြင်း
  • လက်၊ ခြေထောက်၊ လက်မောင်း သို့မဟုတ် ခြေသလုံးတို့တွင် စွဲမြဲစွာ စူးအောင့်နာကျင်ခြင်း သို့မဟုတ် ပူစပ်ပူလောင် နာကျင်ခြင်း
  • နာကျင်သည့် နေရာ၌ ရောဂါရောင်ရမ်းခြင်း
  • ဆံပင်နှင့် ခြေသည်း လက်သည်းများ ပုံမှန်မဟုတ်ဘဲ ကြီးထွားလာခြင်း
  • အဆစ်များ ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းနှင့် ပျက်စီးခြင်း
  • ကြွက်သား အားနည်းခြင်း (ကြွက်သား သိမ်လှီခြင်း)၊ တုန်ရင်ခြင်းနှင့် ကြွက်တက်ခြင်း
  • ထိခိုက်ထားသော ခန္ဓာကိုယ် အစိတ်အပိုင်း၏ လှုပ်ရှားနိုင်စွမ်း လျော့ကျသွားခြင်း
  • ထိခိုက်ထားသော ခြေလက်၏ အရေပြား အပူချိန်သည် အခြားတစ်ဖက်နှင့် နှိုင်းယှဉ်ပါက ကွဲပြားနေသည်ကို ခံစားရနိုင်သည်။ ၎င်းသည် နွေးထွေးသည့် ခံစားချက် သို့မဟုတ် အေးစက်သည့် ခံစားချက် ပုံစံဖြင့် ထင်ရှားနိုင်သည်
  • အရေပြား အရောင်သည် ဖြူဖျော့ပြီး ကွက်ကြားဖြစ်နေခြင်းမှသည် အနီရောင် သို့မဟုတ် အပြာရောင်သို့ ပြောင်းလဲခြင်း
  • ထိခိုက်ထားသော ဧရိယာရှိ အရေပြား၏ ပုံပန်းသဏ္ဌာန် ပြောင်းလဲလာပြီး နူးညံ့လာခြင်း၊ ပြောင်လက်လာခြင်း သို့မဟုတ် ပါးလွှာလာခြင်း
  • ရောဂါလက္ခဏာများသည် တစ်ဦးနှင့်တစ်ဦး မတူညီနိုင်ဘဲ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ ပုံမှန်အားဖြင့် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ နီရဲခြင်း၊ သိသာထင်ရှားသော အပူချိန် ပြောင်းလဲခြင်းများနှင့် အာရုံခံစားမှု လွန်ကဲခြင်း (အထူးသဖြင့် အအေးနှင့် အထိအတွေ့အပေါ်) စသည့် လက္ခဏာများမှာ ပထမဆုံး စတင်ဖြစ်ပေါ်လေ့ရှိသည်

CRPS သည် ခန္ဓာကိုယ်၏ သီးခြားအစိတ်အပိုင်း (ပုံမှန်အားဖြင့် ခြေလက်များ) ၌ နာကျင်ခြင်း၊ အရေပြား အရောင်ပြောင်းခြင်းနှင့် အခြားသော လက္ခဏာများ အပါအဝင် အမျိုးမျိုးသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည့် ရောဂါအခြေအနေတစ်ခု ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိခိုက်ထားသော ခြေလက်သည် ပိုမို အေးစက်လာပြီး ဖြူဖျော့လာနိုင်ကာ ကြွက်သား တောင့်တင်းခြင်း၊ ကြွက်တက်ခြင်းနှင့် အရေပြားနှင့် ခြေသည်း လက်သည်းများ ပြောင်းလဲခြင်းတို့ကို ခံစားရနိုင်သည်။ အချို့သော ဖြစ်စဉ်များတွင် ဤသို့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက ရောဂါအခြေအနေကို သက်သာပျောက်ကင်းစေရန် ခက်ခဲသွားနိုင်သည်။

ရှားပါးသော အခြေအနေများတွင် CRPS သည် စတင်ဖြစ်ပွားရာ နေရာမှ အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုသို့ (ဥပမာ- ဆန့်ကျင်ဘက် ခြေလက်သို့) ကူးစက် ပြန့်ပွားသွားနိုင်သည်။

အချို့သူများအတွက် CRPS ၏ ရောဂါလက္ခဏာများသည် အလိုအလျောက် ပျောက်ကင်းသွားနိုင်သော်လည်း အချို့သူများတွင်မူ ကာလရှည်ကြာစွာ (နှစ်ပေါင်းများစွာတိုင်အောင်) ခံစားရနိုင်သည်။ ရောဂါ ဖြစ်ပွားမှု အစောပိုင်း ကာလတွင်ပင် ကုသမှုကို စတင်ခြင်းသည် ရောဂါအခြေအနေကို ထိန်းချုပ်ရာ၌ ပိုမို ထိရောက်မှု ရှိစေနိုင်သည်။

ခြေလက်တစ်ခုခုတွင် ကိုင်တွယ်ရုံ သို့မဟုတ် အသုံးပြုရုံဖြင့် မခံမရပ်နိုင်အောင် စွဲမြဲစွာ ပြင်းထန်းစွာ နာကျင်နေပါက ယင်း၏ အကြောင်းရင်းကို သိရှိနိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ စောစီးစွာ CRPS ကုသမှု ခံယူခြင်းသည် ပြန်လည်ကောင်းမွန်လာရန်နှင့် ရောဂါလက္ခဏာများ ငြိမ်သက်သွားခြင်း (remission) ဖြစ်နိုင်ခြေအတွက် အကောင်းဆုံး အခွင့်အလမ်းကို ရရှိစေရန် အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းအရင်းများ

ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစု (CRPS) ၏ တိကျသော အကြောင်းရင်းကို ပေါ်လွင်ထင်ရှားစွာ မသိရသေးသော်လည်း၊ ၎င်းသည် အစွန်အဖျား အာရုံကြောစနစ်နှင့် ဗဟိုအာရုံကြောစနစ်တို့၏ ဟန်ချက်ပျက်ယွင်းခြင်း သို့မဟုတ် ပျက်စီးခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည်ဟု ယူဆရသည်။ ပုံမှန်အားဖြင့် ဤရောဂါအခြေအနေသည် ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ထိခိုက်မှု ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာတတ်သည်။

CRPS တွင် ဆင်တူသော ရောဂါလက္ခဏာများ ရှိသော်လည်း မတူညီသော မူလအကြောင်းရင်းများရှိသည့် ပုံစံ နှစ်မျိုးရှိသည် –

  • အမျိုးအစား ၁ – Reflex sympathetic dystrophy (RSD) – ထိခိုက်ထားသော ခြေလက်ရှိ အာရုံကြောများကို တိုက်ရိုက် ပျက်စီးစေခြင်း မရှိသည့် ရောဂါ သို့မဟုတ် ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် ဖြစ်ပေါ်လာသည်။ CRPS ခံစားရသူများ၏ ၉၀ ရာခိုင်နှုန်းသည် အမျိုးအစား ၁ ရောဂါသည်များ ဖြစ်ကြသည်။
  • အမျိုးအစား ၂ – Causalgia ဟု ယခင်က လူသိများသော ဤအမျိုးအစားသည် အမျိုးအစား ၁ နှင့် ဆင်တူသည့် လက္ခဏာများကို ပြသသည်။ သို့သော် အမျိုးအစား ၂ CRPS သည် တိကျသော အာရုံကြော ပျက်စီးမှု ဖြစ်ပေါ်ပြီးနောက် ဖြစ်ပွားသည်။

CRPS ဖြစ်စဉ် အများစုသည် လက် သို့မဟုတ် ခြေထောက်တွင် ပြင်းထန်းသော ထိခိုက်ဒဏ်ရာ ရရှိပြီးနောက် ဖြစ်ပေါ်လာတတ်သည်။ ၎င်းတွင် အရိုးကျိုးခြင်း သို့မဟုတ် ဖိညှပ်ခံရသည့် ဒဏ်ရာများ ပါဝင်နိုင်သည်။ ထို့အပြင် ခွဲစိတ်မှု ပြုလုပ်ခြင်း၊ နှလုံးရောဂါထခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းနှင့် ခြေချင်းဝတ် ခေါက်သွားခြင်းကဲ့သို့သော အသေးစားနှင့် အဓိက ထိခိုက်ဒဏ်ရာများကြောင့်လည်း CRPS ဖြစ်ပွားနိုင်သည်။

ဤထိခိုက်မှုများကြောင့် အဘယ်ကြောင့် CRPS ဖြစ်ပွားရသည်ကို လုံးဝ ပေါ်လွင်ထင်ရှားစွာ မသိရသေးပါ။ ဤသို့သော ထိခိုက်ဒဏ်ရာ ရရှိသူတိုင်းတွင် နောက်ပိုင်း၌ CRPS ဖြစ်ပွားမည် မဟုတ်ပါ။ ၎င်းသည် ခန္ဓာကိုယ်၏ ဗဟိုနှင့် အစွန်အဖျား အာရုံကြောစနစ်များအကြား ပုံမှန်မဟုတ်သော ဓာတ်ပြုမှုများနှင့် အခြားသော ရောင်ရမ်းမှုဆိုင်ရာ တုံ့ပြန်မှုများကြောင့် ဖြစ်ပေါ်လာနိုင်သည်။

ရောဂါရှာဖွေခြင်း

ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစု (CRPS) ကို တိကျစွာ ရောဂါအမည်တပ်နိုင်မည့် စမ်းသပ်စစ်ဆေးမှုဟူ၍ သီးသန့် မရှိသော်လည်း ပုံမှန်အားဖြင့် ဆေးမှတ်တမ်းရာဇဝင်နှင့် ခန္ဓာကိုယ် စမ်းသပ်စစ်ဆေးမှု ရလဒ်များအပေါ် အခြေခံ၍ ရောဂါအမည်တပ်လေ့ရှိသည်။ သို့သော် အောက်ပါ လုပ်ငန်းစဉ်များသည် အရေးကြီးသော အချက်အလက်များကို ပေးစွမ်းနိုင်သည်-

  • အရိုး စကင်န်ဖတ်ခြင်း (Bone scan) – ဤနည်းလမ်းသည် အရိုးပြောင်းလဲမှုများကို ရှာဖွေရာတွင် အထောက်အကူ ပြုနိုင်သည်။ သွေးကြောအတွင်းသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းတစ်မျိုးကို ထိုးသွင်းပြီးနောက် သင့်အရိုးများကို အထူးကင်မရာဖြင့် ကြည့်ရှုစစ်ဆေးနိုင်သည်။
  • ချွေးထွက်ရှိမှု စစ်ဆေးခြင်း (Sweat production tests) – ခြေလက် နှစ်ဖက်စလုံးရှိ ချွေးထွက်ရှိမှု ပမာဏကို အချို့သော နည်းလမ်းများဖြင့် တိုင်းတာနိုင်သည်။ ညီမျှမှုမရှိသော ရလဒ်များသည် CRPS ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သည်။
  • ဓာတ်မှန်ရိုက်ခြင်း (X-rays) – ရောဂါ၏ နောက်ပိုင်း အဆင့်များတွင် အရိုးများမှ သတ္တုဓာတ်များ ဆုံးရှုံးမှုကို ဖြစ်ပေါ်စေနိုင်ပြီး ၎င်းကို ဓာတ်မှန်တွင် မြင်တွေ့နိုင်သည်။
  • သံလိုက်ဓာတ်ဖြင့် ပုံရိပ်ဖော် စစ်ဆေးခြင်း (Magnetic Resonance Imaging သို့မဟုတ် MRI) – MRI စစ်ဆေးမှုမှ ပုံရိပ်များသည် အခြားသော ရောဂါများကို စိစစ်ဖယ်ရှားပေးနိုင်သည့် အသားစ ပြောင်းလဲမှုများကို ဖော်ပြနိုင်သည်။

ကုသခြင်း

ကုသမှုကို စောစီးစွာ ခံယူခြင်းဖြင့် ရှုပ်ထွေးသော ကိုယ်အင်္ဂါ အစိတ်အပိုင်းဆိုင်ရာ နာကျင်မှု ရောဂါစု (CRPS) ရောဂါလက္ခဏာများကို သက်သာကောင်းမွန်စေနိုင်ကြောင်း အချို့သော အချက်အလက်များက ဖော်ပြသည်။ မကြာခဏဆိုသလို သင့်၏ သီးခြားအခြေအနေနှင့် ကိုက်ညီအောင် ညှိယူထားသော ကုထုံးမျိုးစုံကို ပေါင်းစပ်အသုံးပြုရန် လိုအပ်သည်။ ကုသမှုဆိုင်ရာ ရွေးချယ်ခွင့်များတွင် အောက်ပါတို့ ပါဝင်သည်-

ဆေးဝါးများ

CRPS ရောဂါလက္ခဏာများကို ကုသရန်အတွက် ဆရာဝန်များသည် ဆေးဝါးအမျိုးမျိုးကို အသုံးပြုကြသည်။

  • အကိုက်အခဲပျောက်ဆေးများ – ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူ ဝယ်ယူရရှိနိုင်သော အက်စပရင် (Aspirin)၊ အိုင်ဗျူပရိုဖင် (Ibuprofen) နှင့် နာပရောက်ဆင် ဆိုဒီယမ် (Naproxen sodium) ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများသည် အနည်းငယ် နာကျင်ခြင်းနှင့် ရောင်ရမ်းခြင်းများကို လျှော့ချပေးနိုင်သည်။ ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူရရှိနိုင်သော ဆေးဝါးများဖြင့် မသက်သာပါက သင့်ဆရာဝန်သည် ပိုမိုပြင်းထန်းသော အကိုက်အခဲပျောက်ဆေးများကို အကြံပြုနိုင်သည်။ အိုပီယွိုက် (Opioids) ပါဝင်သော ဆေးဝါးများသည် ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှု ဖြစ်နိုင်သည်။ ၎င်းတို့အား စိစစ်၍ နည်းပါးစွာ အသုံးပြုပါက နာကျင်မှုကို ထိန်းချုပ်ရာတွင် အထောက်အကူ ပြုနိုင်သည်။
  • စိတ်ကျရောဂါပျောက်ဆေးများနှင့် အတက်သက်သာဆေးများ – ထိခိုက်ထားသော အာရုံကြောကြောင့် နာကျင်မှု (Neuropathic pain) ဖြစ်ပေါ်သည့်အခါ အမစ်တရစ်တီလင်း (Amitriptyline) ကဲ့သို့သော စိတ်ကျရောဂါပျောက်ဆေးများနှင့် ဂါဘာပင်တင် (Gabapentin) ကဲ့သို့သော အတက်သက်သာဆေးများကို ကုသရန် အသုံးပြုနိုင်သည်။
  • ကော်တီကိုစတီရွိုက်ဆေးများ (Corticosteroids) – ပရက်ဒနီဆုန်း (Prednisone) နှင့် အခြား စတီရွိုက်ဆေးများသည် ထိခိုက်ထားသော ခြေလက်၏ ရောင်ရမ်းမှုကို လျော့နည်းစေပြီး လှုပ်ရှားနိုင်စွမ်းကို တိုးတက်စေနိုင်သည်။
  • အရိုးပြုန်းတားဆေးများ – သင့်ကျန်းမာရေးစောင့်ရှောက်သူသည် အာလင်ဒရိုနိတ် (Alendronate) နှင့် ကယ်လ်စီတိုနင် (Calcitonin) ကဲ့သို့သော အရိုးပြုန်းတားသည့် သို့မဟုတ် အရိုးဆုတ်ယုတ်မှုကို နှောင့်နှေးစေသည့် ဆေးဝါးများကို အကြံပြုနိုင်သည်။
  • Sympathetic အာရုံကြော ပိတ်ဆို့ဆေးများ – ထိခိုက်ထားသော အာရုံကြောများရှိ နာကျင်မှုဆိုင်ရာ အာရုံကြောမျှင်များကို ပိတ်ဆို့ရန် မေ့ဆေး/ထုံဆေး ထိုးနှံပြီးနောက် အချို့သောသူများသည် နာကျင်မှု သက်သာသွားနိုင်သည်။
  • သွေးကြောအတွင်း ကီတာမင်း (Ketamine) ထိုးနှံခြင်း – ပြင်းထန်းသော မေ့ဆေးဖြစ်သည့် ကီတာမင်း (Ketamine) ပမာဏ အနည်းငယ်ကို သွေးကြောအတွင်း ထိုးပေးခြင်းဖြင့် နာကျင်မှုကို သိသာစွာ လျှော့ချပေးနိုင်ကြောင်း သုတေသနများက ဖော်ပြသည်။
  • သွေးတိုးကျဆေးများ – ကလိုနီဒင်း (Clonidine)၊ ဖီနောက်စီဘင်ဇာမင်း (Phenoxybenzamine) နှင့် ပရာဇိုဆင်း (Prazosin) ကဲ့သို့သော သွေးတိုးကျဆေးများသည် အချို့သောအခြေအနေများတွင် နာကျင်မှုကို ထိန်းချုပ်ရာ၌ အထောက်အကူပြုနိုင်သည်။

ကုထုံးများ

  • လိမ်းဆေး အကိုက်အခဲပျောက်ဆေးများ – လိဒိုကိန်း (Lidocaine) ပါဝင်သော ကပ်ပလာစတာ သို့မဟုတ် ခရမ်များ သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူရရှိနိုင်သော ကက်ပ်ဆိုင်ဆင် (Capsaicin) ခရမ်ကဲ့သို့သော လိမ်းဆေးများသည် အာရုံခံစားမှု လွန်ကဲခြင်းကို လျှော့ချပေးနိုင်သည်။
  • အပူပေး ကုထုံး (Heat therapy) – အေးစက်နေသည်ဟု ခံစားရသော အရေပြားပေါ်တွင် အပူပေးခြင်းသည် မသက်မသာဖြစ်ခြင်းနှင့် ရောင်ရမ်းခြင်းတို့မှ သက်သာရာရစေနိုင်သည်။
  • မှန်အသုံးပြု ကုထုံး (Mirror therapy) – ဤကုထုံးအမျိုးအစားသည် ဦးနှောက်ကို လှည့်စားရန်အတွက် မှန်ကို အသုံးပြုသည်။ မှန် သို့မဟုတ် မှန်သေတ္တာရှေ့တွင် ထိုင်၍ ကျန်းမာသော ခြေလက်ကို လှုပ်ရှားပေးရပြီး ဦးနှောက်က ၎င်းကို CRPS ထိခိုက်ထားသော ခြေလက်အဖြစ် မြင်တွေ့စေသည်။ သုတေသနများအရ ဤကုထုံးသည် CRPS လူနာများ၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးပြီး နာကျင်မှုအဆင့်ကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရသည်။
  • ခန္ဓာကိုယ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကုထုံး (Physical or occupational therapy) – ထိခိုက်ထားသော ခြေလက်များကို စနစ်တကျ လေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း သို့မဟုတ် ပုံမှန် လှုပ်ရှားမှုများကို ပြုပြင်ပြောင်းလဲပေးခြင်းဖြင့် နာကျင်မှုကို လျှော့ချပေးနိုင်ပြီး လှုပ်ရှားနိုင်စွမ်းနှင့် သန်မာမှုကို တိုးတက်စေနိုင်သည်။ ရောဂါအခြေအနေကို စောစီးစွာ စိစစ်သိရှိနိုင်မှုပေါ် မူတည်၍ လေ့ကျင့်ခန်းများသည် ပိုမို အကျိုးရှိနိုင်သည်။
  • အရေပြားမှတစ်ဆင့် အာရုံကြောကို လျှပ်စစ်ဓာတ်ဖြင့် လှုံ့ဆော်ခြင်း (Transcutaneous Electrical Nerve Stimulation – TENS) – နာတာရှည် နာကျင်မှုကို လျှော့ချရန်အတွက် အာရုံကြောစွန်းများသို့ လျှပ်စစ်ဓာတ်လှိုင်းများကို အသုံးပြုနိုင်သည်။
  • ဇီဝတုံ့ပြန်မှု စောင့်ကြည့်ကုထုံး (Biofeedback) – အချို့သော အခြေအနေများတွင် Biofeedback နည်းပညာများကို လေ့လာသင်ယူခြင်းသည် အထောက်အကူပြုနိုင်သည်။ Biofeedback သည် သင့်ခန္ဓာကိုယ်အကြောင်း ပိုမိုသိရှိနားလည်လာစေရန် သင်ကြားပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ပြေလျော့စေကာ နာကျင်မှုကို ပျောက်ကင်းစေသည်။
  • ပင်မ အာရုံကြောမကြီးကို လှုံ့ဆော်ခြင်း (Spinal cord stimulation) – ဤနည်းလမ်းသည် ကျန်းမာရေးစောင့်ရှောက်သူက ပင်မ အာရုံကြောမကြီးတစ်လျှောက် လျှပ်ခေါင်းအသေးစားလေးများကို ထည့်သွင်းခြင်း ဖြစ်သည်။ ပင်မ အာရုံကြောမကြီးသို့ လျှပ်စစ်စီးကြောင်း နည်းပါးစွာ ပေးပို့ခြင်းဖြင့် နာကျင်မှုကို လျှော့ချပေးနိုင်သည်။
  • ကျောရိုးဆဆီသို့ ဆေးထိုးသွင်းစက် စိုက်ထူခြင်း (Intrathecal drug pumps) – ဤကုသမှုတွင် အကိုက်အခဲပျောက်ဆေးများကို ကျောရိုးဆဆီ (Spinal fluid) အတွင်းသို့ တိုက်ရိုက် ထိုးသွင်းသည်။
  • အပ်စိုက် ကုထုံး (Acupuncture) – သွေးလှည့်ပတ်မှု ကောင်းမွန်စေရန်နှင့် နာကျင်မှုကို လျှော့ချရန်အတွက် ရှည်လျားပါးလွှာသော အပ်များကို ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းခြင်းဖြင့် အာရုံကြောများ၊ ကြွက်သားများနှင့် ဆက်သွယ်တစ်ရှူးများကို လှုံ့ဆော်ပေးနိုင်သည်။

အအေးနှင့် ထိတွေ့ခြင်း သို့မဟုတ် ပြင်းထန်းသော စိတ်ဖိစီးမှုကဲ့သို့သော အချက်များကြောင့် CRPS သည် အချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သည်။ ဤသို့ ပြန်လည်ဖြစ်ပွားမှုများကို ဖြေရှင်းရန်အတွက် စိတ်ကျရောဂါပျောက်ဆေး ပမာဏနည်းပါးစွာ သို့မဟုတ် အခြားဆေးဝါးများကို အသုံးပြုနိုင်သည်။

Doctors who treat this condition