ရိုတာဗိုင်းရပ်စ် ရောဂါ
ရိုတာဗိုင်းရပ်စ် ရောဂါ အကြောင်း သိကောင်းစရာ
ကာကွယ်ဆေး မပေါ်မီအချိန်က ရိုတာဗိုင်းရပ်စ် (Rotavirus) ဟုခေါ်သော အလွန်ကူးစက်လွယ်သည့် ဗိုင်းရပ်စ်ပိုးသည် ကလေးငယ်များတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်ခဲ့ပြီး ကလေးအများစုသည် အသက် ၅ နှစ်မတိုင်မီ ဤပိုးကူးစက်မှုကို ခံစားခဲ့ကြရသည်။
ရိုတာဗိုင်းရပ်စ် ကူးစက်ခံရပါက နေထိုင်ရခက်ခဲပြီး မအီမသာဖြစ်နိုင်သော်လည်း ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန် အရည်လုံလောက်စွာ သောက်သုံးပေးခြင်းဖြင့် ပုံမှန်အားဖြင့် အိမ်၌ပင် ပြုစုကုသနိုင်သည်။ ပြင်းထန်သောအခြေအနေများတွင်မူ ရေဓာတ်ခမ်းခြောက်မှုကို ကုသရန်အတွက် အကြောဆေးသွင်းအရည်ကြည် (IV fluid) ပေးနိုင်ရန် ဆေးရုံတက်ရောက်ကုသမှု ခံယူဖို့ လိုအပ်နိုင်သည်။ လက်ကို မကြာခဏ ဆေးကြောခြင်းကဲ့သို့သော စနစ်တကျ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထများကို ပြုလုပ်ရန် တိုက်တွန်းခြင်းသည် မရှိမဖြစ်လိုအပ်သည်။ သို့သော်လည်း ကာကွယ်ဆေးထိုးနှံခြင်းသည် ရိုတာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရန် ယုံကြည်စိတ်ချရဆုံးသော နည်းလမ်း ဖြစ်သည်။
ရောဂါလက္ခဏာများ
အခြေအနေအများစုတွင် ရိုတာဗိုင်းရပ်စ်၏ ရောဂါလက္ခဏာများသည် ဗိုင်းရပ်စ်ပိုးနှင့် ထိတွေ့မိပြီးနောက် ၂ ရက်ခန့်တွင် စတင်ပြသလေ့ရှိသည်။ ၎င်းတို့သည် ပုံမှန်အားဖြင့် ဖျားခြင်းနှင့် အန်ခြင်းတို့ဖြင့် စတင်လေ့ရှိပြီး ထို့နောက် ၃ ရက်မှ ၇ ရက်အထိ ကြာမြင့်နိုင်သော ရေကဲ့သို့ ဝမ်းပျက်ဝမ်းလျှောခြင်းများ ဆက်လက်ဖြစ်ပွားတတ်သည်။ ရောဂါပိုးကူးစက်ခံရစဉ်အတွင်း ဝမ်းဗိုက်နာကျင်ခြင်းလည်း ဖြစ်ပွားနိုင်သည်။ ကျန်းမာသော လူကြီးများတွင်မူ လက္ခဏာအပျော့စားသာ ခံစားရတတ်သည် သို့မဟုတ် မည်သည့်ရောဂါလက္ခဏာမျှ ပြသခြင်း မရှိတတ်ပေ။
သင့်ကလေးတွင် အောက်ပါအခြေအနေများရှိပါက ကလေးအထူးကုဆရာဝန်နှင့် ချက်ချင်းပြသပါ-
- ကိုယ်အပူချိန် 102 F (38.9 C) သို့မဟုတ် ၎င်းထက် မြင့်မားနေခြင်း
- မကြာခဏ အန်ခြင်း
- ဝမ်းပျက်ဝမ်းလျှောခြင်း ၂၄ နာရီထက်ကျော်လွန်၍ ကြာမြင့်နေခြင်း
- ဝမ်းအမည်းရောင်၊ ကတ္တရာစေးကဲ့သို့ ဝမ်းသွားခြင်း သို့မဟုတ် ဝမ်းတွင် ပြည်ပါခြင်း
- ခံတွင်းခြောက်ခြင်း၊ မျက်ရည်မထွက်ဘဲ ငိုခြင်း၊ ဆီးအလွန်နည်းခြင်း၊ ပုံမှန်မဟုတ်ဘဲ အိပ်ငိုက်ခြင်း သို့မဟုတ် တုံ့ပြန်မှုမရှိခြင်း စသည့် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ ရှိနေခြင်း
- ပင်ပန်းနုံးချိနေပုံရခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း သို့မဟုတ် နာကျင်ခံစားနေရခြင်း
လူကြီးများအနေဖြင့် အောက်ပါအခြေအနေများရှိပါက ဆရာဝန်နှင့် ပြသပါ –
- ကိုယ်အပူချိန် 103 F (39.4 C) ထက် မြင့်မားနေခြင်း
- ဝမ်းပျက်ခြင်း ၂ ရက်ထက်ကျော်လွန်၍ ကြာမြင့်နေခြင်း
- အန်ဖတ် သို့မဟုတ် ဝမ်းအတွင်း သွေးပါခြင်း
- ၂၄ နာရီထက်ကျော်လွန်၍ ခန္ဓာကိုယ်ထဲတွင် ရေဓာတ်ထိန်းထားနိုင်စွမ်းမရှိခြင်း (သောက်သမျှ ပြန်အန်ထွက်ခြင်း)
- အလွန်အမင်း ရေငတ်ခြင်း၊ ခံတွင်းခြောက်ခြင်း၊ ဆီးနည်းခြင်း၊ သိသိသာသာ အားအင်ကုန်ခမ်းခြင်း၊ မတ်တပ်ရပ်လျှင် မူးဝေခြင်း သို့မဟုတ် ခေါင်းထဲတွင် ပေါ့ပါးပြီး မူးနောက်နောက်ဖြစ်ခြင်း စသည့် ရေဓာတ်ခမ်းခြောက်သည့် လက္ခဏာများ ရှိနေခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ရိုတာဗိုင်းရပ်စ်ကို ပိုးကူးစက်ခံထားရသူ၏ ဝမ်းအတွင်း၌ ရောဂါလက္ခဏာများ မပြမီ ၂ ရက်အလိုကတည်းက စတင်တွေ့ရှိနိုင်ပြီး လက္ခဏာများ ပျောက်ကွယ်သွားပြီးနောက် ၁၀ ရက်အထိ ဆက်လက်တည်ရှိနေနိုင်သည်။ ဤကာလအတွင်း ပိုးကူးစက်ခံထားရသူတွင် လက္ခဏာများ မပြသသော်လည်း ဗိုင်းရပ်စ်ပိုးသည် လက်မှတစ်ဆင့် ပါးစပ်သို့ ထိတွေ့မိခြင်း (hand-to-mouth contact) အားဖြင့် လွယ်ကူစွာ ကူးစက်ပြန့်ပွားနိုင်သည်။
အိမ်သာတက်ပြီးနောက် သို့မဟုတ် ကလေး၏ အနှီး/ဒိုင်ပါ လဲလှယ်ပေးပြီးနောက် လက်ကို စနစ်တကျ ဆေးကြောရန် ပျက်ကွက်ခြင်းသည် ဗိုင်းရပ်စ်ပြန့်ပွားမှုကို အားပေးရာရောက်သည်။ အဆိုပါအခြေအနေမျိုးတွင် ဗိုင်းရပ်စ်ပိုးသည် အစားအစာ၊ ကစားစရာများနှင့် အသုံးအဆောင်ပစ္စည်းများကဲ့သို့သော အမျိုးမျိုးသော မျက်နှာပြင်များကို ညစ်ညမ်းစေနိုင်ပြီး ၎င်းမျက်နှာပြင်များကို ကိုင်တွယ်မိပြီးနောက် မိမိတို့၏ပါးစပ်ကို ပြန်လည်ထိတွေ့မိသူများအား ရောဂါပိုးကူးစက်နိုင်ခြေ မြင့်မားစေသည်။ ရိုတာဗိုင်းရပ်စ်သည် သန့်စင်ဆေးကြောထားခြင်းမရှိသော မျက်နှာပြင်များပေါ်တွင် သီတင်းပတ်ပေါင်းများစွာ သို့မဟုတ် လပေါင်းများစွာအထိ ကူးစက်နိုင်စွမ်းရှိလျက် ဆက်လက်ရှင်သန်နိုင်သည်။
ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကာကွယ်မှုရရှိနိုင်သော်လည်း ရိုတာဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်မှုကို အကြိမ်ကြိမ် ခံစားရနိုင်ပါသေးသည်။ သို့သော်လည်း နောက်ပိုင်းတွင် ထပ်မံကူးစက်မှုများသည် ပုံမှန်အားဖြင့် ပြင်းထန်မှု လျော့နည်းသွားလေ့ရှိသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
ရိုတာဗိုင်းရပ်စ် ကူးစက်မှုသည် အသက် ၃ လမှ ၃၅ လအတွင်းရှိ ကလေးငယ်များတွင်၊ အထူးသဖြင့် ကလေးထိန်းကျောင်း/နေ့ကလေးထိန်းဌာနများသို့ တက်ရောက်နေသော ကလေးများတွင် ပိုမိုအဖြစ်များသည်။ ထို့ပြင် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို ပြုစုစောင့်ရှောက်ပေးနေရသူများသည်လည်း ဤပိုးကူးစက်ခံရနိုင်ခြေ ပိုမိုမြင့်မားသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ဖျားနာမှု အများအပြားသည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ရိုတာဗိုင်းရပ်စ် ကူးစက်ခြင်းကို ၎င်း၏ ရောဂါလက္ခဏာများနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများမှတစ်ဆင့် မကြာခဏ ရောဂါရှာဖွေလေ့ရှိသော်လည်း တိကျသေချာစွာ အတည်ပြုနိုင်ရန်အတွက် ဝမ်းနမူနာကို ဓာတ်ခွဲခန်း၌ ယူ၍ စစ်ဆေးနိုင်သည်။
ကုသခြင်း (Treatment)
ရိုတာဗိုင်းရပ်စ် ကူးစက်ခြင်းအတွက် သီးသန့်ကုသသည့် ဆေးဝါးမရှိပါ၊ ပိုးသတ်ဆေးများ (antibiotics) သို့မဟုတ် ဗိုင်းရပ်စ်သတ်ဆေးများ (antivirals) သည်လည်း ဤဗိုင်းရပ်စ်အပေါ် ထိရောက်မှု မရှိပါ။ ပုံမှန်အားဖြင့် ဤပိုးကူးစက်မှုသည် ၃ ရက်မှ ၇ ရက်အတွင်း ၎င်းဘာသာ သဘာဝအတိုင်း ပြန်လည်သက်သာသွားလေ့ ရှိသည်။
အဓိက ဂရုပြုရမည့်အချက်မှာ ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ရန် ဖြစ်သည်။ ရောဂါပိုးကူးစက်ခံရစဉ်အတွင်း ရေဓာတ်မခမ်းခြောက်စေရန် အရည်များများ သောက်သုံးပေးဖို့ အလွန်အရေးကြီးသည်။ အကယ်၍ ကလေးတွင် ပြင်းထန်သော ဝမ်းပျက်ဝမ်းလျှောခြင်းကို ခံစားရပါက၊ အထူးသဖြင့် ဝမ်းပျက်ခြင်းသည် ရက်အနည်းငယ်ထက်ကျော်လွန်၍ ကြာမြင့်နေပါက ဓာတ်ဆားရည် (oral rehydration solution) တိုက်ကျွေးရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုလိုပါသည်။
ကလေးငယ်များအတွက် ရေဓာတ်ပြန်လည်ဖြည့်တင်းရာတွင် ဓာတ်ဆားရည်များသည် ရိုးရိုးရေ သို့မဟုတ် အခြားသော ဖျော်ရည်များထက် ခန္ဓာကိုယ်မှ ဆုံးရှုံးသွားသော သတ္တုဓာတ်များကို ပိုမိုထိရောက်စွာ ပြန်လည်ဖြည့်ဆည်းပေးနိုင်သည်။ ရေဓာတ်ခမ်းခြောက်မှု ပြင်းထန်သောအခြေအနေများတွင်မူ ဆေးရုံ၌ အကြောဆေးသွင်းအရည်ကြည် (IV fluids) ပေးရန် လိုအပ်နိုင်သည်။ ရိုတာဗိုင်းရပ်စ် ကူးစက်မှုကို ကုသရာတွင် ဝမ်းပိတ်ဆေးများ အသုံးပြုရန် ညွှန်းဆိုခြင်း မပြုပါ။
