ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း အကြောင်း သိကောင်းစရာ

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း (Retrograde ejaculation) ဆိုသည်မှာ အမျိုးသားများ ကာမထွတ်မြတ်သို့ ရောက်ရှိချိန် (orgasm) တွင် သုတ်ရည်များသည် လိင်တံမှတစ်ဆင့် ပြင်ပသို့ ထွက်မလာဘဲ ဆီးအိမ်အတွင်းသို့ နောက်ပြန်စီးဝင်သွားသည့် အခြေအနေကို ခေါ်ဆိုသည်။ ထို့ကြောင့် သုတ်လွှတ်သည့်အခါ သုတ်ရည် အနည်းငယ်သာ ထွက်လာခြင်း သို့မဟုတ် လုံးဝထွက်မလာခြင်းမျိုး ဖြစ်တတ်ပြီး ၎င်းကို သုတ်ရည်ခမ်းခြောက်ခြင်း (dry orgasm) ဟုလည်း ခေါ်ဝေါ်ကြသည်။ ဤအခြေအနေသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ် မရှိသော်လည်း အမျိုးသားများ မျိုးမအောင်ခြင်း (male infertility) ကို ဖြစ်စေနိုင်သည်။ ထို့ကြောင့် ကလေးရရှိရန် ကြိုးပမ်းနေသူများတွင် မျိုးအောင်နိုင်စွမ်း ပြန်လည်ရရှိစေရန်အတွက် ကုသမှု ခံယူလေ့ရှိကြသည်။

ရောဂါလက္ခဏာများ

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းသည် ကာမထွတ်မြတ်သို့ ရောက်ရှိနိုင်စွမ်း သို့မဟုတ် လိင်တံမတ်တောင်ထွင်နိုင်စွမ်းတို့အပေါ် သက်ရောက်မှု မရှိဘဲ သုတ်လွှတ်ခြင်း လုပ်ငန်းစဉ်အပေါ်တွင်သာ ထိခိုက်စေခြင်း ဖြစ်သည်။ ဤရောဂါ၏ အဓိက လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • သုတ်ရည်ခမ်းခြောက်ခြင်း (Dry orgasms): ကာမထွတ်မြတ်သို့ ရောက်ရှိချိန်တွင် လိင်တံမှ သုတ်ရည် အနည်းငယ်သာ ထွက်ခြင်း သို့မဟုတ် လုံးဝထွက်မလာခြင်း။
  • ဆက်ဆံပြီးနောက် ဆီးနောက်ခြင်း: ကာမထွတ်မြတ်သို့ ရောက်ရှိပြီးနောက် ဆီးသွားသည့်အခါ သုတ်ရည်များ ဆီးထဲတွင် ပါဝင်နေသဖြင့် ဆီးသည် နောက်ကျကျ ဖြစ်နေခြင်း။
  • အမျိုးသားများ မျိုးမအောင်ခြင်း: ပြင်ပသို့ သုတ်ရည် ထွက်ရှိမှု မလုံလောက်ခြင်းကြောင့် ကလေးရရှိရန် ခက်ခဲခြင်း။

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းသည် လူကို အန္တရာယ်မပြုနိုင်ဘဲ များသောအားဖြင့် ကလေးရယူရန် ကြိုးစားနေသည့် အချိန်တွင်သာ ကုသမှု ခံယူရန် လိုအပ်သည်။ သို့သော်လည်း သုတ်ရည်ခမ်းခြောက်ခြင်းကို ခံစားရပါက အခြားသော ကျန်းမာရေးပြဿနာများ ရှိ/မရှိကို စစ်ဆေးဖယ်ထုတ်နိုင်ရန် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

အကယ်၍ သင်နှင့် သင့်အဖော်သည် သားဆက်ခြားနည်းလမ်း အသုံးမပြုဘဲ ပုံမှန် လိင်ဆက်ဆံမှု ပြုလုပ်နေသော်လည်း တစ်နှစ် သို့မဟုတ် တစ်နှစ်ထက်ကျော်လွန်သည်အထိ ကလေးမရရှိသေးပါက ဆရာဝန်နှင့် ပြသဆွေးနွေးရန် အကြံပြုလိုပါသည်။ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းသည် မျိုးမအောင်ခြင်းကို ဖြစ်စေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အမျိုးသား မျိုးပွားမှုစနစ်တွင် ကာမထွတ်မြတ်သို့ ရောက်ရှိချိန်၌ သုတ်ပိုးပို့ပြွန် (vas deferens) သည် သုတ်ပိုးများကို ဆီးကျိတ် (prostate) ဆီသို့ သယ်ဆောင်ပေးပြီး ထိုနေရာတွင် အခြားသော အရည်များနှင့် ပေါင်းစပ်ကာ သုတ်ရည် (ejaculate) ဖြစ်လာသည်။ ထိုအချိန်တွင် ဆီးအိမ်၏ အဝတွင်ရှိသော ဆီးအိမ်လည်ပင်း ကြွက်သား (bladder neck muscle) သည် ကျုံ့သွားပြီး သုတ်ရည်များ ဆီးအိမ်အတွင်းသို့ မဝင်ရောက်နိုင်အောင် တားဆီးပေးကာ ဆီးပြွန် (urethra) မှတစ်ဆင့် လိင်တံပြင်ပသို့ စီးထွက်စေသည်။ ဤကြွက်သားသည် ဆီးသွားသည့်အချိန် မတိုင်မီအထိ ဆီးအိမ်အတွင်း ဆီးကို ထိန်းထားပေးသည့် လုပ်ငန်းစဉ်အတိုင်း လုပ်ဆောင်ခြင်း ဖြစ်သည်။

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းသည် ဆီးအိမ်လည်ပင်း ကြွက်သား ကောင်းစွာ မကျုံ့နိုင်၊ မပိတ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာရသည်။ ထိုအခါ သုတ်ရည်များသည် လိင်တံမှတစ်ဆင့် ပြင်ပသို့ ထွက်မည့်အစား ဆီးအိမ်အတွင်းသို့ နောက်ပြန် လမ်းကြောင်းပြောင်း စီးဝင်သွားရခြင်း ဖြစ်သည်။

သုတ်လွှတ်ချိန်တွင် ဆီးအိမ်အဝကို ပိတ်ပေးရမည့် ကြွက်သား၏ လုပ်ဆောင်ချက်ကို ပျက်ပြားစေနိုင်သော အခြေအနေများမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • ခွဲစိတ်မှုများ ခံယူဖူးခြင်း: ဆီးကျိတ်ခွဲစိတ်ခြင်း၊ ဝမ်းဗိုက်နောက်ပိုင်း ပြန်ရည်ကျိတ်များကို ဖယ်ရှားခြင်း သို့မဟုတ် ဝှေးစေ့ကင်ဆာကြောင့် ဆီးအိမ်လည်ပင်းပိုင်းကို ခွဲစိတ်ကုသမှု ခံယူဖူးခြင်း။
  • ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ: စိတ်ဓာတ်ကျရောဂါကုဆေးများ၊ ဆီးကျိတ်ကြီးခြင်းအတွက် သောက်သောဆေးများနှင့် သွေးတိုးကျဆေးအချို့ကြောင့် ဖြစ်ခြင်း။
  • အာရုံကြော ပျက်စီးခြင်း: ခါးဆစ်အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရခြင်း၊ အာရုံကြောမျှင်များ မာဆတ်ခဲသည့်ရောဂါ (multiple sclerosis)၊ ဆီးချိုရောဂါ သို့မဟုတ် ပါကင်ဆန်ရောဂါ (Parkinson’s disease) ကဲ့သို့သော ရောဂါအခံများကြောင့် အာရုံကြော ပျက်စီးခြင်း။

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း၏ အဓိက ပြသချက်မှာ သုတ်ရည်ခမ်းခြောက်ခြင်း (dry orgasm) ဖြစ်သည်။ သို့သော်လည်း သုတ်ရည် အနည်းငယ်သာထွက်ခြင်း သို့မဟုတ် လုံးဝမထွက်ခြင်းသည် အောက်ပါ အခြားသော အခြေအနေများကြောင့်လည်း ဖြစ်နိုင်ပါသည် –

  • တင်ပါးဆုံကွင်း ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူထားခြင်း
  • ဆီးအိမ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားထားခြင်း (cystectomy)
  • ဆီးကျိတ်တစ်ခုလုံးကို ခွဲစိတ်ဖယ်ရှားထားခြင်း (prostatectomy)

ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ

အောက်ပါ အခြေအနေများရှိပါက ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည် –

  • ဆီးချိုရောဂါ သို့မဟုတ် အာရုံကြောမျှင်များ မာဆတ်ခဲသည့်ရောဂါ (multiple sclerosis) ရှိခြင်း။
  • သွေးတိုးရောဂါ သို့မဟုတ် စိတ်ခံစားမှုဆိုင်ရာ ပြဿနာများအတွက် ဆေးဝါးအချို့ကို သောက်သုံးနေရခြင်း။
  • ခါးဆစ်အာရုံကြောမကြီး ထိခိုက်ဒဏ်ရာရဖူးခြင်း။
  • ဆီးအိမ် သို့မဟုတ် ဆီးကျိတ်တွင် ခွဲစိတ်မှု ခံယူဖူးခြင်း။

ရောဂါရှာဖွေခြင်း (Diagnosis)

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း ရှိ/မရှိကို ရှာဖွေဖော်ထုတ်ရန် ဆရာဝန်သည် အောက်ပါအဆင့်များကို လုပ်ဆောင်နိုင်ပါသည် –

  • မေးမြန်းခြင်း: သင်ခံစားနေရသော ရောဂါလက္ခဏာများနှင့် ၎င်းတို့ဖြစ်ပွားနေသည့် ကြာမြင့်ချိန်၊ ဆက်စပ်မှုရှိသော ဆေးဘက်ဆိုင်ရာ ရာဇဝင်များ၊ ခွဲစိတ်မှုများ၊ ကင်ဆာရောဂါခံစားဖူးခြင်း သို့မဟုတ် လက်ရှိသောက်သုံးနေသော ဆေးဝါးများအကြောင်းကို မေးမြန်းပါလိမ့်မည်။
  • ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်း: ယေဘုယျအားဖြင့် လိင်တံ၊ ဝှေးစေ့နှင့် စအိုလမ်းကြောင်း (rectum) တို့ကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်သည်။
  • ကာမထွတ်မြတ်သို့ ရောက်ရှိပြီးနောက် ဆီးအိမ်အတွင်း သုတ်ရည်ရှိမရှိ စစ်ဆေးခြင်း: ဤလုပ်ငန်းစဉ်ကို ဆေးခန်း သို့မဟုတ် ဆေးရုံတွင် ပြုလုပ်လေ့ရှိသည်။ လူနာအား ဆီးကို ကုန်စင်အောင် အရင် စွန့်ထုတ်စေပြီးနောက်၊ တစ်ကိုယ်ရေစိတ်ဖြေဖျောက်ခြင်း (masturbation) နည်းလမ်းဖြင့် ကာမထွတ်မြတ်သို့ ရောက်ရှိစေကာ ရရှိလာသော ဆီးနမူနာကို ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်သည်။ အကယ်၍ ဆီးနမူနာအတွင်း သုတ်ပိုး အမြောက်အမြားကို တွေ့ရှိရပါက ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း (Retrograde ejaculation) ဟု ရောဂါသတ်မှတ်သည်။

အကယ်၍ သင်သည် သုတ်ရည်ခမ်းခြောက်ခြင်းကို ခံစားနေရသော်လည်း ဆရာဝန်မှ စစ်ဆေးသည့်အခါ ဆီးအိမ်အတွင်း၌ သုတ်ရည်ကို မတွေ့ရှိရပါက ၎င်းသည် သုတ်ရည်ထုတ်လုပ်မှု လုပ်ငန်းစဉ် (semen production) တွင် ပြဿနာရှိနေခြင်းကို ညွှန်ပြနေနိုင်သည်။ ၎င်းသည် တင်ပါးဆုံကွင်းဧရိယာ ကင်ဆာအတွက် ဓာတ်ရောင်ခြည်ဖြင့် ကုသမှု ခံယူခြင်း သို့မဟုတ် ခွဲစိတ်မှုများကြောင့် ဆီးကျိတ်နှင့် သုတ်ရည်ထုတ်လုပ်ပေးသော ဂလင်းများ ထိခိုက်ပျက်စီးသွားခြင်းကြောင့် ဖြစ်နိုင်ပါသည်။

အကယ်၍ သင့်ဆရာဝန်သည် သုတ်ရည်ခမ်းခြောက်ခြင်းမှာ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းရင်းများကြောင့်ဟု သံသယရှိပါက အရင်းခံအကြောင်းရင်းကို ရှာဖွေနိုင်ရန် ထပ်ဆောင်းစစ်ဆေးမှုများ ပြုလုပ်ခြင်း သို့မဟုတ် သက်ဆိုင်ရာ အထူးကုဆရာဝန်များနှင့် လွှဲပြောင်းပြသပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။

ကုသခြင်း (Treatment)

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းသည် မျိုးပွားနိုင်စွမ်း (ကလေးရရှိခြင်း) အပေါ် သက်ရောက်မှု မရှိပါက များသောအားဖြင့် ကုသမှုခံယူရန် မလိုအပ်ပါ။ ကုသမှုနည်းလမ်း ရွေးချယ်ခြင်းသည် ဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းအပေါ်တွင် မူတည်သည်။

ဆေးဝါးဖြင့် ကုသခြင်း (Medication treatment)

ဆီးချိုရောဂါ၊ အာရုံကြောမျှင်များ မာဆတ်ခဲသည့်ရောဂါ သို့မဟုတ် အချို့သော ဆေးဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကြောင့် အာရုံကြောပျက်စီးပြီး ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်း ဖြစ်ပွားပါက ဆေးဝါးများဖြင့် ထိရောက်စွာ ကုသနိုင်ပါသည်။ သို့သော်လည်း ဆီးအိမ်လည်ပင်း ခွဲစိတ်မှု သို့မဟုတ် ဆီးပြွန်မှတစ်ဆင့် ဆီးကျိတ်ကို ဖြတ်တောက်ခွဲစိတ်ခြင်း (transurethral resection of the prostate) ကဲ့သို့သော ခန္ဓာကိုယ်တည်ဆောက်ပုံကို အမြဲတမ်းပြောင်းလဲစေသည့် ခွဲစိတ်မှုများကြောင့် ဖြစ်ပွားပါက ဆေးဝါးများဖြင့် ကုသ၍ မရနိုင်ပါ။

အသုံးပြုနိုင်သော ဆေးဝါးအချို့မှာ –

  • အီမီပရာမင်း (Imipramine): စိတ်ဓာတ်ကျရောဂါကုဆေး တစ်မျိုးဖြစ်သည်။
  • မီဒိုဒရင်း (Midodrine): သွေးကြောများကို ကျဉ်းစေသော ဆေးတစ်မျိုးဖြစ်သည်။
  • ကလိုဖီနီရာမင်း (Chlorpheniramine) နှင့် ဘရိုမီဖီနီရာမင်း (Brompheniramine): အအေးမိ၊ နှာစေးနှင့် အလက်ဂျစ်အတွက် သောက်သော ဆေးများဖြစ်သည်။
  • အဖက်ဒရင်း (Ephedrine)၊ ဆူဒိုအဖက်ဒရင်း (Pseudoephedrine) နှင့် ဖီနိုင်းအက်ဖရင် (Phenylephrine): အအေးမိနှာစေး လက္ခဏာများကို သက်သာစေသော ဆေးများဖြစ်သည်။

ဤဆေးဝါးများသည် သုတ်လွှတ်ချိန်တွင် ဆီးအိမ်လည်ပင်း ကြွက်သားကို ပိတ်ထားနိုင်အောင် ကူညီပေးခြင်းဖြင့် လုပ်ဆောင်သည်။ သို့သော်လည်း ၎င်းတို့တွင် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပြီး အခြားဆေးဝါးများနှင့် ဓာတ်ပြုမှုများ ဖြစ်နိုင်ပါသည်။ အထူးသဖြင့် ဤဆေးများသည် သွေးတိုးခြင်းနှင့် နှလုံးခုန်နှုန်း မြန်ခြင်းတို့ကို ဖြစ်စေနိုင်သဖြင့် နှလုံးနှင့် သွေးကြောရောဂါအခံ ရှိသူများအတွက် အန္တရာယ်ရှိနိုင်ပါသည်။

အခြားဆေးဝါးများ၏ သက်ရောက်မှု (Impact of other drugs)

အကယ်၍ သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများကြောင့် ပုံမှန်သုတ်လွှတ်ခြင်း လုပ်ငန်းစဉ်ကို နှောင့်ယှက်နေသည်ဟု သံသယရှိပါက ဆရာဝန်က ၎င်းဆေးဝါးများကို ယာယီရပ်ဆိုင်းရန် အကြံပြုနိုင်ပါသည်။ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းကို ဖြစ်စေနိုင်သည်ဟု လူသိများသော ဆေးဝါးများတွင် စိတ်ဓာတ်ကျရောဂါကုဆေး အချို့နှင့် သွေးတိုးရောဂါ သို့မဟုတ် ဆီးကျိတ်ပြဿနာများအတွက် ညွှန်းဆိုလေ့ရှိသော အယ်လ်ဖာဘလော့ကာ (alpha blockers) ဆေးဝါးများ ပါဝင်သည်။

မျိုးမအောင်ခြင်းကို ကုသခြင်း (Infertility treatment)

ဆန့်ကျင်ဘက် လမ်းကြောင်းသို့ သုတ်ရည်စီးခြင်းကြောင့် ကလေးရရန် ခက်ခဲနေသော အမျိုးသားများတွင် သုတ်ရည်ကို ပြင်ပသို့ တိုက်ရိုက် လွှတ်ထုတ်ရန် မဖန်တီးနိုင်ပါက မျိုးပွားမှုဆိုင်ရာ အကူအညီပေးသည့် နည်းပညာများ (assisted reproductive technology) ကို အသုံးပြုရန် လိုအပ်ပါသည်။ ၎င်းတွင် ဆီးအိမ်အတွင်းမှ သုတ်ပိုးများကို ပြန်လည်ထုတ်ယူခြင်း၊ ဓာတ်ခွဲခန်းတွင် သုတ်ပိုးများကို သန့်စင်ပြင်ဆင်ခြင်းနှင့် ထို့နောက် သားအိမ်အတွင်းသို့ သုတ်ပိုးတိုက်ရိုက်ထည့်ခြင်း (intrauterine insemination – IUI) နည်းလမ်းများဖြင့် ကုသခြင်း ပါဝင်သည်။ ပိုမိုအဆင့်မြင့်သော နည်းပညာများကိုလည်း အသုံးပြုနိုင်ပြီး အမျိုးသားအများစုသည် သင့်တော်သော ကုသမှုကို ခံယူပြီးနောက် ၎င်းတို့၏ အဖော်နှင့်အတူ အောင်မြင်စွာ ကလေးရရှိကြပါသည်။

Doctors who treat this condition