ရိုင်းစ် ရောဂါစု အကြောင်း သိကောင်းစရာ
ရိုင်းစ် ရောဂါစု (Reye’s syndrome) ဆိုသည်မှာ အသည်းနှင့် ဦးနှောက်ကို ရောင်ရမ်းစေသည့် ရှားပါးသော်လည်း အလွန်ပြင်းထန်သော ရောဂါအခြေအနေတစ်ခု ဖြစ်သည်။ မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း များသောအားဖြင့် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အဖြစ်များပြီး တုပ်ကွေး (influenza) သို့မဟုတ် ရေကျောက် (chickenpox) ကဲ့သို့သော ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီးနောက်ပိုင်းတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။
ရောဂါလက္ခဏာများတွင် အတက်ရောဂါဖြစ်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်မေ့မြောခြင်းတို့ ပါဝင်ပြီး ၎င်းတို့သည် ချက်ချင်း အရေးပေါ်ဆေးဝါးကုသမှု ခံယူရန် လိုအပ်သည့် လက္ခဏာများ ဖြစ်သည်။ ရိုင်းစ် ရောဂါစု ခံစားရပါက ရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်ခြင်းနှင့် ချက်ချင်းဝင်ရောက်ကုသခြင်းတို့သည် လူနာ၏အသက်ကို ကယ်ဆယ်ရန်အတွက် အလွန်အရေးကြီးပါသည်။
အက်စပရင် (Aspirin) ဆေးဝါးသည် ရိုင်းစ် ရောဂါစုဖြစ်ပွားခြင်းနှင့် ဆက်စပ်မှုရှိနေကြောင်း တွေ့ရှိရသဖြင့် ကလေးငယ်များ သို့မဟုတ် ဆယ်ကျော်သက်များ အဖျားကျစေရန်နှင့် နာကျင်မှုဝေဒနာ သက်သာစေရန်အတွက် ဤဆေးကို ပေးရာတွင် အထူးသတိပြုရပါမည်။ ယေဘုယျအားဖြင့် အက်စပရင်ကို အသက် ၃ နှစ်နှင့်အထက် ကလေးများအတွက် ဘေးကင်းသည်ဟု ယူဆနိုင်သော်လည်း ရေကျောက် သို့မဟုတ် တုပ်ကွေးကဲ့သို့သော လက္ခဏာများမှ ပြန်လည်သက်သာခါစ ကလေးငယ်များတွင် ဤဆေးကို လုံးဝမတိုက်ရန် အကြံပြုထားသည်။ ကလေးများတွင် အဖျားနှင့် နာကျင်မှုကို စီမံခန့်ခွဲရန်အတွက် အက်စပရင်ထက် ပိုမိုဘေးကင်းသော အစားထိုးဆေးဝါးများမှာ ပါရာစီတမော (acetaminophen) သို့မဟုတ် အိုင်ဗျူပရိုဖင် (ibuprofen) တို့ ဖြစ်ကြသည်။ ဆေးဝါးအသုံးပြုမှုနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှု သို့မဟုတ် သိလိုသည်များရှိပါက ဆရာဝန်နှင့် အမြဲမပြတ် တိုင်ပင်ဆွေးနွေးရန် အလွန်သင့်လျော်ပါသည်။
ရောဂါလက္ခဏာများ
ရိုင်းစ် ရောဂါစု ဖြစ်ပွားချိန်တွင် ကလေးငယ်၏ သွေးတွင်းသကြားဓာတ်ပမာဏ (blood sugar levels) ကျဆင်းသွားတတ်ပြီး၊ တစ်ပြိုင်နက်တည်းမှာပင် သွေးတွင်း အမ်မိုနီးယား (ammonia) နှင့် အက်ဆစ်ဓာတ်ပမာဏတို့ မြင့်တက်လာတတ်သည်။ ထို့ပြင် အသည်းရောင်ရမ်းခြင်း၊ အသည်းတွင် အဆီစုပုံခြင်းများနှင့်အတူ ဦးနှောက်ရောင်ရမ်းခြင်းတို့ပါ ဖြစ်ပွားနိုင်ပြီး ၎င်းမှတစ်ဆင့် တက်ခြင်း၊ သတိလစ်ခြင်းများ ဖြစ်ပေါ်စေနိုင်သည်။
ရိုင်းစ် ရောဂါစု၏ လက္ခဏာများသည် များသောအားဖြင့် တုပ်ကွေး သို့မဟုတ် ရေကျောက်ကဲ့သို့သော ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး ၃ ရက်မှ ၅ ရက်ဝန်းကျင်တွင် စတင်ပြသလေ့ရှိသည်။ ထို့ပြင် အအေးမိခြင်းကဲ့သို့သော အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်းများ ဖြစ်ပွားပြီးနောက်တွင်လည်း ပေါ်လာတတ်သည်။
အစောပိုင်း လက္ခဏာများ
အသက် ၂ နှစ်အောက် ကလေးငယ်များတွင် တွေ့ရနိုင်သော ရိုင်းစ် ရောဂါစု၏ အစောပိုင်းလက္ခဏာများမှာ –
- အသက်ရှူမြန်ခြင်း
- ဝမ်းလျှောခြင်း
အသက်ကြီးပိုင်းကလေးများနှင့် ဆယ်ကျော်သက်များတွင် တွေ့ရနိုင်သော အစောပိုင်းလက္ခဏာများမှာ –
- မကြာခဏ အော့အန်ခြင်း
- နုန်းခွေနေခြင်း သို့မဟုတ် အိပ်ငိုက်နေခြင်း
ထပ်တိုးလက္ခဏာများ
ရောဂါပိုမိုရင့်လာသည်နှင့်အမျှ လက္ခဏာများသည် ပိုမိုပြင်းထန်လာနိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- အတက်ရောဂါဖြစ်ခြင်း
- ခြေထောက်နှင့် လက်မောင်းများ လှုပ်ရှားမရတော့ခြင်း သို့မဟုတ် အားနည်းသွားခြင်း
- ရန်လိုခြင်း၊ အကျိုးအကြောင်းမရှိဘဲ ပြုမူခြင်း သို့မဟုတ် ဂျီကျခြင်း
- စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် စိတ်ချောက်ချား၍ အမြင်မှားခြင်း (hallucinations)
- အလွန်အမင်း နုန်းခွေမောပန်းနေခြင်း
- သတိလစ်လုနီးပါး ဖြစ်သွားခြင်း
ဤလက္ခဏာများအတွက် ကုသမှုကို ချက်ချင်း ပေးရမည် ဖြစ်သည်။ ကလေးတွင် ရိုင်းစ် ရောဂါစု ရှိနေနိုင်သည်ဟု သံသယရှိပါက ချက်ချင်း အရေးယူဆောင်ရွက်ရန် အလွန်အရေးကြီးပါသည်။
အကယ်၍ သင့်ကလေးတွင် အောက်ပါလက္ခဏာများ ရှိပါက ချက်ချင်း အရေးပေါ် ဆေးဝါးကုသမှု ခံယူပါ –
- သတိလစ်သွားခြင်း
- အတက်ရောဂါဖြစ်ခြင်း
အကယ်၍ သင့်ကလေးသည် ရေကျောက် သို့မဟုတ် တုပ်ကွေးဖြစ်ပြီးနောက် အောက်ပါလက္ခဏာများ ကြုံတွေ့ရပါက ဆရာဝန်နှင့် ချက်ချင်း ဆက်သွယ်ပါ –
- ပုံမှန်မဟုတ်ဘဲ အလွန်အမင်း အိပ်ငိုက်ခြင်း သို့မဟုတ် နုန်းခွေနေခြင်း
- အပြုအမူပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲမှုများ ရှိလာခြင်း
- မကြာခဏ အော့အန်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ရိုင်းစ် ရောဂါစု ဖြစ်ပွားရသည့် တိကျသောအကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း၊ ၎င်းသည် အဓိကအားဖြင့် ဗိုင်းရပ်စ်ပိုးဝင်၍ ဖျားနာနေစဉ်အတွင်း အက်စပရင် (aspirin) ဆေးဝါးကို အသုံးပြုခြင်းနှင့် ဆက်စပ်မှုရှိနေသည်။ ဤရောဂါဖြစ်ပွားမှုကို တွန်းအားပေးသည့် အခြားသောအချက်အလက် အမျိုးမျိုးလည်း ရှိသည်ဟု ယူဆကြသည်။
အချို့သောအခြေအနေများတွင် ရိုင်းစ် ရောဂါစု၏ လက္ခဏာများသည် ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ချို့ယွင်းချက်များ (metabolic disorders) ကဲ့သို့သော အရင်းခံကျန်းမာရေးပြဿနာများကြောင့် ဖြစ်ပွားနိုင်သည်။ ထင်ရှားသော ဥပမာတစ်ခုမှာ အဆီအက်ဆစ် ဓာတ်တိုးခြင်းဆိုင်ရာ ချို့ယွင်းချက် (fatty acid oxidation disorder) အမျိုးအစားတစ်ခုဖြစ်သည့် MCAD အင်ဇိုင်းဓာတ် ချို့တဲ့ခြင်း (Medium-Chain Acyl-CoA Dehydrogenase deficiency) ဖြစ်သည်။ အဆီအက်ဆစ် ဓာတ်တိုးခြင်းဆိုင်ရာ ချို့ယွင်းချက်ဆိုသည်မှာ ခန္ဓာကိုယ်အတွင်း အင်ဇိုင်းဓာတ် ချို့တဲ့ခြင်း သို့မဟုတ် ပုံမှန်မဟုတ်ခြင်းကြောင့် အဆီအက်ဆစ်များကို ကောင်းစွာ မချေဖျက်နိုင်သည့် မျိုးရိုးလိုက် ဇီဝကမ္မရောဂါအခြေအနေတစ်ခု ဖြစ်သည်။ ဤရောဂါအခံရှိသူများသည် ဗိုင်းရပ်စ်ပိုးဝင်၍ ဖျားနာနေစဉ် အက်စပရင်ဆေးဝါးနှင့် ထိတွေ့မိပါက ရိုင်းစ် ရောဂါစု၏ လက္ခဏာများ ဖြစ်ပွားနိုင်ခြေ အန္တရာယ် ပိုမိုမြင့်မားသည်။ ထို့ကြောင့် ကြိုတင်စစ်ဆေးမှုများ (screening tests) ပြုလုပ်ခြင်းဖြင့် ကလေးတွင် အဆိုပါ အဆီအက်ဆစ်ဆိုင်ရာ ချို့ယွင်းချက် ရှိ/မရှိ သိရှိနိုင်ရန် ကူညီပေးနိုင်သည်။
ရိုင်းစ် ရောဂါစုသည် တုပ်ကွေး သို့မဟုတ် ရေကျောက်ကဲ့သို့သော ပိုးဝင်ခြင်းများနောက်တွင် အများဆုံး ဖြစ်ပွားတတ်သည်ဟု လူသိများသည်။ အင်းဆက်သတ်ဆေးများ (insecticides)၊ ပေါင်းသတ်ဆေးများ (herbicides) နှင့် ဆေးသုတ်ရာတွင်သုံးသော အရည်ဖျော်ဆေး (paint thinner) ကဲ့သို့သော အဆိပ်အတောက်အချို့နှင့် ထိတွေ့မိပါက ရိုင်းစ် ရောဂါစုနှင့် ဆင်တူသော လက္ခဏာများ ဖြစ်ပေါ်စေနိုင်သော်လည်း ဤအဆိပ်အတောက်များသည် ရိုင်းစ် ရောဂါစုကို ဖြစ်စေသည့် တိုက်ရိုက်အကြောင်းရင်းများ မဟုတ်ကြောင်း ခွဲခြားသိရှိရန် အရေးကြီးပါသည်။
ဖြစ်နိင်ချေရှိသော အကြောင်းအရင်းများ
အောက်ပါ အချက်အလက်များ တစ်ပြိုင်နက်တည်း တိုက်ဆိုင်လာပါက သင့်ကလေးတွင် ရိုင်းစ် ရောဂါစု ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါသည် –
- အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း ပိုးဝင်ခြင်း၊ ရေကျောက်၊ တုပ်ကွေး သို့မဟုတ် အခြားသော ဗိုင်းရပ်စ်ပိုးဝင်၍ ဖျားနာမှုများကို ကုသရန်အတွက် အက်စပရင် (aspirin) ဆေးဝါးကို သောက်သုံးခြင်း။
- ခန္ဓာကိုယ်အတွင်း အဆီအက်ဆစ် ဓာတ်တိုးခြင်းဆိုင်ရာ ချို့ယွင်းချက် သို့မဟုတ် မိုင်တိုကွန်ဒြီးယား (mitochondrial) လုပ်ဆောင်ချက်နှင့် ပတ်သက်သော အခြားပြဿနာများ အပါအဝင် အရင်းခံ ဇီဝကမ္မဖြစ်စဉ်ဆိုင်ရာ ရောဂါအခံ (underlying metabolic disorder) တစ်ခုခု ရှိနေခြင်း။
ရောဂါရှာဖွေခြင်း (Diagnosis)
တစ်ခါတစ်ရံတွင် အသည်း သို့မဟုတ် အာရုံကြောဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်သည့် အခြားသော အရင်းခံအကြောင်းရင်းများ ဟုတ်/မဟုတ် စူးစမ်းရန် ထပ်ဆောင်းစစ်ဆေးမှုများ လိုအပ်လာတတ်သည်။ ဥပမာအားဖြင့် –
- ခါးဆစ်ထဲမှ အရည်ထုတ်ယူစစ်ဆေးခြင်း (Lumbar puncture / Spinal tap): ဤစစ်ဆေးမှုသည် ဆင်တူသော လက္ခဏာရပ်များရှိသည့် အခြားရောဂါများကို ရှာဖွေရန် သို့မဟုတ် ဖယ်ထုတ်ရန်အတွက် အထောက်အကူပြုသည်။ ဥပမာ – ဦးနှောက်နှင့် အာရုံကြောမကြီးကို ဖုံးအုပ်ထားသော အမြှေးပါး ပိုးဝင်ခြင်းဖြစ်သည့် ဦးနှောက်အမြှေးရောင်ရောဂါ (meningitis) သို့မဟုတ် ဦးနှောက်တစ်ရှူး ပိုးဝင်ရောင်ရမ်းခြင်း (encephalitis) တို့ကို ခါးဆစ်အရည် ထုတ်ယူစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်သည်။ ဤလုပ်ထုံးလုပ်နည်းတွင် အပ်တစ်ချောင်းကို ခါးအောက်ပိုင်းရှိ အရိုးနှစ်ခုကြားသို့ ထိုးသွင်း၍ ဦးနှောက်နှင့် အာရုံကြောမကြီး ပတ်ပတ်လည်ရှိ အရည်အနည်းငယ်ကို ထုတ်ယူကာ ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်း ဖြစ်သည်။
- အသည်းတစ်သျှူးစ ဖြတ်တောက်စစ်ဆေးခြင်း (Liver biopsy): ဤစစ်ဆေးမှုသည် ဖြစ်နိုင်ခြေရှိသော အသည်းရောဂါများကို အတည်ပြုရန် သို့မဟုတ် ဖယ်ထုတ်ရန် ကူညီပေးသည်။ ရိုင်းစ် ရောဂါစု ခံစားနေရသော လူနာ၏ အသည်းတစ်သျှူးစကို စစ်ဆေးကြည့်ပါက အသည်းဆဲလ်များအတွင်း အဆီများ စုပုံနေသည်ကို တွေ့ရှိရတတ်သည်။ ဤလုပ်ငန်းစဉ်တွင် ဝမ်းဗိုက်၏ ညာဘက်အပေါ်ဘက် အရေပြားမှတစ်ဆင့် အသည်းအတွင်းသို့ အပ်ထိုးသွင်းကာ အသည်းတစ်သျှူးစ နမူနာအနည်းငယ်ကို ယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်သည်။
- သံလိုက်ဓာတ်မှန် (MRI) သို့မဟုတ် ကွန်ပျူတာဓာတ်မှန် (CT) ရိုက်ခြင်း: ကလေး၏ အပြုအမူ ပြောင်းလဲခြင်း သို့မဟုတ် သတိမူနိုင်စွမ်း ကျဆင်းခြင်းတို့ကို ဖြစ်စေသည့် အခြားသော အကြောင်းရင်းများကို ရှာဖွေရန် သို့မဟုတ် ဖယ်ထုတ်ရန်အတွက် ဦးခေါင်းကို CT သို့မဟုတ် MRI ရိုက်၍ စစ်ဆေးနိုင်သည်။ ဤစစ်ဆေးမှုများသည် ရိုင်းစ် ရောဂါကြောင့် ဖြစ်ပွားလာသော ဦးနှောက်ရောင်ရမ်းမှုကို ထင်ရှားစွာ ပြသပေးနိုင်သည်။
ကုသခြင်း (Treatment)
ရိုင်းစ် ရောဂါစုအတွက် ကုသမှုကို များသောအားဖြင့် ဆေးရုံတွင်သာ လုပ်ဆောင်လေ့ရှိပြီး၊ ပြင်းထန်သော လူနာများအနေဖြင့် အထူးကြပ်မတ်ကုသဆောင် (ICU) တွင် စောင့်ရှောက်မှု ခံယူရန် လိုအပ်နိုင်ပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် လူနာ၏ သွေးတိုးနှုန်းကဲ့သို့သော အသက်ရှင်သန်မှုဆိုင်ရာ လက္ခဏာရပ်များ (vital signs) ကို အနီးကပ် စောင့်ကြည့်စစ်ဆေးမည် ဖြစ်သည်။ ကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- သွေးကြောထဲသို့ အကြောဆေးရည် သွင်းခြင်း (IV fluids): သွေးကြောအတွင်း သွင်းသော ပိုက်လိုင်းမှတစ်ဆင့် သကြားဓာတ် (ဂလူးကို့စ်) နှင့် လျှပ်လိုက်ရည် (electrolyte solution) များကို ထိုးသွင်းပေးနိုင်သည်။
- ဆီးဆေးများ ပေးခြင်း (Diuretics): ဤဆေးဝါးများသည် ဦးနှောက်အတွင်းနှင့် ပတ်ပတ်လည်ရှိ အရည်များကြောင့် ဖြစ်ပေါ်လာသော ဖိအားကို လျှော့ချပေးရန် ကူညီပေးသည်။ ဆီးဆေးများသည် ဆီးသွားခြင်းမှတစ်ဆင့် ခန္ဓာကိုယ်တွင်း အရည်များကို ပိုမိုစွန့်ထုတ်စေသည်။
- သွေးထွက်ခြင်းကို ကာကွယ်သော ဆေးဝါးများ: အသည်းပျက်စီးမှုကြောင့် ဖြစ်ပေါ်လာသော သွေးထွက်ခြင်းဆိုင်ရာ ပြဿနာများကို ကုသရန် သွေးဥမွှားများ (platelets)၊ သွေးရည်ကြည် (plasma) နှင့် ဗီတာမင် ကေ (vitamin K) တို့ကို ပေးနိုင်ပါသည်။
- အအေးပေးစောင်များ အသုံးပြုခြင်း (Cooling blankets): ဤစောင်များသည် ခန္ဓာကိုယ်အတွင်းပိုင်း အပူချိန်ကို ပုံမှန်အတိုင်း ထိန်းသိမ်းပေးရန် အထောက်အကူပြုသည်။
အကယ်၍ သင့်ကလေးသည် အသက်ရှူရ အလွန်ခက်ခဲသော ဝေဒနာကို ခံစားနေရပါက အသက်ရှူခြင်းကို အထောက်အကူပြုနိုင်ရန်အတွက် အသက်ရှူစက် (ventilator) ကို အသုံးပြု၍ စောင့်ရှောက်မှု ပေးနိုင်ပါသည်။
