ကျောက်ရောဂါ အကြောင်း သိကောင်းစရာ

ကျောက်ရောဂါသည် သမိုင်းတစ်လျှောက် လူသားများကို ထိခိုက်စေခဲ့သော ပြင်းထန်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်သည့် ဗိုင်းရပ်စ်ရောဂါတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် တစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်ပြီး အသက်ရှင်ကျန်ရစ်သူများတွင် တစ်သက်တာ အမာရွတ်များ (သို့မဟုတ်) ရုပ်ပျက်ဆင်းပျက်ဖြစ်မှုများကို ကျန်ရစ်စေနိုင်ပါသည်။ ၎င်းရောဂါသည် ပြင်းထန်သော်လည်း ကာကွယ်ဆေးထိုးနှံခြင်း အစီအစဉ်များ၏ ထိရောက်မှုကြောင့် ၁၉၈၀ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း၌ ကျောက်ရောဂါ ပပျောက်သွားပြီဖြစ်ကြောင်း ကြေညာနိုင်ခဲ့ပါသည်။ နောက်ဆုံး သဘာဝအလျောက် ဖြစ်ပွားမှုဖြစ်စဉ်ကို ၁၉၇၇ ခုနှစ်တွင် မှတ်တမ်းတင်နိုင်ခဲ့ပြီး ထိုအချိန်မှစ၍ အဆိုပါဗိုင်းရပ်စ်သည် သဘာဝပတ်ဝန်းကျင်တွင် ဆက်လက်တည်ရှိနေခြင်း မရှိတော့ပါ။

သို့သော် သုတေသနပြုလုပ်ရန်အတွက် ကျောက်ရောဂါဗိုင်းရပ်စ် နမူနာများကို သိမ်းဆည်းထားရှိခြင်းကြောင့် ၎င်းကို ဓာတ်ခွဲခန်းများတွင် ဖန်တီးကာ ဇီဝလက်နက်အဖြစ် အသုံးပြုလာနိုင်ခြေနှင့်ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်စေပါသည်။ သိပ္ပံနည်းကျ တိုးတက်မှုများက ကျောက်ရောဂါကို ဓာတ်ခွဲခန်းအတွင်း ပေါင်းစပ်ထုတ်လုပ်နိုင်ရန် ဖြစ်နိုင်ခြေရှိလာစေသဖြင့် ၎င်းကို ဇီဝစစ်ပွဲတွင် အသုံးပြုလာနိုင်သည့် အန္တရာယ်ရှိနေပါသည်။

ယနေ့ခေတ်တွင် သဘာဝအလျောက် ရောဂါဖြစ်ပွားမှုများ မရှိတော့သောကြောင့် အများပြည်သူအတွက် ကျောက်ရောဂါ ကာကွယ်ဆေးကို ပုံမှန်ထိုးနှံရန် အကြံပြုထားခြင်း မရှိတော့ပါ။ သို့သော်လည်း ကာကွယ်ဆေးများ ရှိနေခြင်းနှင့် ဗိုင်းရပ်စ်သတ်ဆေးအသစ်များ တီထွင်လာနိုင်ခြင်းတို့ကြောင့် အကယ်၍ ဗိုင်းရပ်စ်ပြန်လည်ထွက်ပေါ်လာပါက ကြိုတင်ကာကွယ်ရေးနှင့် ကုသရေးနည်းလမ်းများ အသင့်ရှိနေကြောင်း သေချာစေပါသည်။

ရောဂါလက္ခဏာများ

ကျောက်ရောဂါ၏ လက္ခဏာများသည် ယေဘုယျအားဖြင့် ဗိုင်းရပ်စ်နှင့် ထိတွေ့ပြီးနောက် ၁၂ ရက်မှ ၁၄ ရက်အတွင်း ပေါ်လာတတ်သော်လည်း ရောဂါလက္ခဏာများ မပြမီ ၇ ရက်မှ ၁၉ ရက်အထိ ခန္ဓာကိုယ်ထဲတွင် ဗိုင်းရပ်စ်ရှိနေနိုင်ပါသည်။ ဤကာလကို ရောဂါပျိုးချိန် (incubation period) ဟု ခေါ်ပါသည်။

  • ကနဦး လက္ခဏာများ။ ရောဂါပျိုးချိန် ကုန်ဆုံးပြီးနောက် တုပ်ကွေးကဲ့သို့သော လက္ခဏာများ ရုတ်တရက် ဖြစ်ပေါ်လာပါသည်-
    • ဖျားခြင်း
    • ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
    • ခေါင်းကိုက်ခြင်း
    • ပြင်းထန်စွာ မောပန်းနွမ်းနယ်ခြင်း
    • ပြင်းထန်စွာ ခါးနာခြင်း
    • တစ်ခါတစ်ရံ အန်ခြင်း
  • ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း။ ကနဦး လက္ခဏာများပြပြီး ရက်အနည်းငယ်အကြာတွင် ပြားချပ်သော အနီစက်များ ထွက်လာပါသည်။ ယင်းအနီစက်များသည် အရေပြားဆီသို့ မပြန့်နှံ့မီ ပါးစပ်နှင့် လျှာပေါ်တွင် စတင်လေ့ရှိပြီး မျက်နှာ၊ လက်မောင်းနှင့် ခြေထောက်များကို ဦးစွာထိခိုက်စေကာ ထိုမှတစ်ဆင့် ကိုယ်လုံး၊ လက်နှင့် ခြေဖဝါးများဆီသို့ ပြန့်နှံ့သွားပါသည်။
  • ရောဂါရင့်လာသော အဆင့်များ။ အနီစက်များ ထွက်လာပြီး တစ်ရက် (သို့မဟုတ်) နှစ်ရက်အတွင်း ၎င်းတို့သည် ကြည်လင်သောအရည်များ ပြည့်နေသည့် အရည်ကြည်ဖုငယ်များအဖြစ်သို့ ပြောင်းလဲသွားကာ နောက်ပိုင်းတွင် ပြည်တည်ဖုများ ဖြစ်လာပါသည်။ ၎င်းတို့ဖြစ်ပေါ်ပြီး ၈ ရက်မှ ၉ ရက်အကြာတွင် အဆိုပါ ပြည်တည်ဖုများပေါ်၌ အနာဖေးများ စတင်ဖြစ်ပေါ်လာပါသည်။ အနာဖေးများ အဆုံးတွင် ကွာကျသွားပြီး နက်ရှိုင်းသော အချိုင့်အမာရွတ်များကို မကြာခဏ ကျန်ရစ်စေပါသည်။
  • ရောဂါကူးစက်ခြင်း။ ကျောက်ရောဂါသည် အနီစက်များ စတင်ထွက်ပေါ်ချိန်မှစ၍ အနာဖေးများ ကွာကျသွားချိန်အထိ ကူးစက်နိုင်စွမ်းရှိပြီး ဤကာလအတွင်း ရောဂါသည် တစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားနိုင်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

Variola ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကျောက်ရောဂါသည် အဓိကအားဖြင့် variola major နှင့် variola alastrim ဟုလည်းသိကြသော variola minor ဟူ၍ ပုံစံနှစ်မျိုးဖြင့် ဖြစ်ပွားပါသည်။ Variola major သည် ကျောက်ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှု အများစုအတွက် အဓိကအကြောင်းရင်းဖြစ်ပြီး သေဆုံးနှုန်းမှာ ၃၀% ထက် ကျော်လွန်ပါသည်။ ဆန့်ကျင်ဘက်အားဖြင့် variola minor သည် ဆင်တူသော်လည်း ပိုမိုပျော့ပျောင်းသော လက္ခဏာများကို ဖြစ်ပေါ်စေပြီး ရောဂါဖြစ်ပွားသူများ၏ ၁% ခန့်သာ သေဆုံးစေပါသည်။

ဤရောဂါသည် အောက်ပါနည်းလမ်းများဖြင့် ကူးစက်နိုင်ပါသည်-

  • တိုက်ရိုက်ထိတွေ့ခြင်း (တစ်ဦးမှ တစ်ဦးသို့)။ ကျောက်ရောဂါဗိုင်းရပ်စ်သည် ရောဂါကူးစက်ခံထားရသူနှင့် ထိတွေ့ခြင်းမှတစ်ဆင့် ပြန့်ပွားနိုင်ပါသည်။ ရောဂါကူးစက်ခံထားရသူ ချောင်းဆိုးခြင်း၊ နှာချေခြင်း (သို့မဟုတ်) စကားပြောသောအခါ ဗိုင်းရပ်စ်ပိုးများ ပြန့်နှံ့နိုင်ပါသည်။ အရေပြားပေါ်ရှိ အနာများနှင့် ထိတွေ့ခြင်းကြောင့်လည်း ကျောက်ရောဂါ ကူးစက်နိုင်ပါသည်။
  • သွယ်ဝိုက်သောနည်းဖြင့် ထိတွေ့ခြင်း။ ရှားပါးသောဖြစ်စဉ်များတွင်၊ ကျောက်ရောဂါသည် အဆောက်အအုံများအတွင်း လေထဲမှတစ်ဆင့် ပျံ့နှံ့နိုင်ပြီး ပတ်ဝန်းကျင်နေရာများ (သို့မဟုတ်) အထပ်များရှိ အခြားသူများကို ကူးစက်စေနိုင်ပါသည်။
  • ညစ်ညမ်းနေသော အရာများကို ထိတွေ့ခြင်း။ ရောဂါပိုးကပ်ငြိနေသော အိပ်ရာခင်းများ၊ အဝတ်အထည်များနှင့် ထိတွေ့ခြင်းသည် ကျောက်ရောဂါကို ပြန့်ပွားစေနိုင်ခြေရှိပါသည်။ သို့သော် ဤနည်းလမ်းသည် ကျောက်ရောဂါကူးစက်မှုအတွက် အဖြစ်နည်းသော ပုံစံဖြစ်ပါသည်။
  • ဇီဝလက်နက် (ဖြစ်နိုင်ခြေနည်းပါသည်)။ ကျောက်ရောဂါကို လက်နက်အဖြစ် အသုံးပြုရန် ဖြစ်နိုင်ခြေနည်းပါသည်။ သို့ရာတွင် ဤဗိုင်းရပ်စ်ကို လွှတ်တင်လိုက်ပါက ရောဂါ လျင်မြန်စွာ ပြန့်ပွားသွားနိုင်သည့် အလားအလာအတွက် နိုင်ငံအသီးသီးက ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ယနေ့ခေတ်တွင် ကျောက်ရောဂါ ကူးစက်ပြန့်ပွားမှုဖြစ်ပေါ်လာပါက၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ အများစုသည် ရောဂါကနဦးအဆင့်များတွင် ဗိုင်းရပ်စ်ကို သိရှိနိုင်မည်မဟုတ်ဘဲ ရောဂါပိုမိုကျယ်ပြန့်စွာ ကူးစက်သွားစေနိုင်ခြေရှိပါသည်။ ဤရောဂါ၏ ပြင်းထန်မှုကြောင့် ကျောက်ရောဂါ တစ်ဦးတည်း ဖြစ်ပွားမှုသည်ပင်လျှင် အများပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်လာစေမည်ဖြစ်ပါသည်။ ရောဂါအတည်ပြုရန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) သည် တစ်ဦးတစ်ယောက်တွင် ကျောက်ရောဂါဗိုင်းရပ်စ် ကူးစက်ခံရခြင်း ရှိ၊ မရှိကို တိကျသေချာစွာ ဆုံးဖြတ်ပေးနိုင်သော ဗိုင်းရပ်စ်ရှိနေမှုကို စစ်ဆေးရန် အထူးပြုဓာတ်ခွဲခန်းများကို အသုံးပြု၍ တစ်ရှူးနမူနာများကို စမ်းသပ်စစ်ဆေးမည်ဖြစ်ပါသည်။

ကုသခြင်း (Treatment)

ကျောက်ရောဂါကူးစက်ခံရသည့် အခြေအနေတွင် ဗိုင်းရပ်စ်သတ်ဆေးအသစ်များကို ညွှန်းဆိုနိုင်ပါသည်-

  • Tecovirimat (TPOXX)။ ၂၀၁၈ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ဤဆေးကိုအသုံးပြုရန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ခွင့်ပြုချက်ပေးခဲ့ပါသည်။ သုတေသနများအရ ဓာတ်ခွဲခန်းစမ်းသပ်မှုများနှင့် တိရစ္ဆာန်များတွင် ထိရောက်မှုရှိကြောင်း သက်သေပြနိုင်ခဲ့ပါသည်။ သို့ရာတွင် ယင်းဆေးကို ကျောက်ရောဂါလူနာများတွင် စမ်းသပ်ခဲ့ခြင်းမရှိပါ။ ထို့ကြောင့် အခြားရွေးချယ်စရာဆေးဝါးတစ်ရပ်အနေဖြင့် ၎င်း၏ထိရောက်မှုကို မသိရသေးပါ။ ကျန်းမာသောသူများတွင် စမ်းသပ်ခဲ့ပြီး ဘေးကင်းကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။
  • Brincidofovir။ ၂၀၂၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ ဤဆေးကိုအသုံးပြုရန် FDA မှ ခွင့်ပြုချက်ပေးခဲ့ပါသည်။ tecovirimat ကဲ့သို့ပင် brincidofovir ကို ဓာတ်ခွဲခန်းများနှင့် တိရစ္ဆာန်များတွင် သုတေသီများက အကဲဖြတ်စမ်းသပ်ခဲ့ပါသည်။ ၎င်းကို ကျောက်ရောဂါလူနာများတွင် စမ်းသပ်ခဲ့ခြင်းမရှိပါ။ ကျန်းမာသောသူများနှင့် အခြားဗိုင်းရပ်စ် ကူးစက်ခံထားရသူ နှစ်မျိုးစလုံးသည် မည်သည့်ပြဿနာမျှမရှိဘဲ ဤဆေးကို လက်ခံရရှိခဲ့ပါသည်။

ကျောက်ရောဂါပပျောက်သွားချိန်မှစ၍ ဤကုသမှုများကို ရောဂါခံစားနေရသော လူနာများတွင် စမ်းသပ်ခဲ့ခြင်းမရှိပါ။ သို့သော်လည်း အခြားသော စမ်းသပ်မှုပုံစံများအပေါ် အခြေခံ၍ ဖြစ်လာနိုင်ခြေရှိသော ကူးစက်ရောဂါပျံ့နှံ့မှုအတွင်း ကျောက်ရောဂါကုသရာတွင် ၎င်းတို့သည် ထိရောက်မှုရှိနိုင်ကြောင်း သုတေသီများက ခန့်မှန်းထားကြပါသည်။ ယင်းဆေးများ၏ အသုံးပြုနိုင်စွမ်းကို အကဲဖြတ်ရန် လူသားများတွင် ဘေးကင်းမှုဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

Doctors who treat this condition