အားကစားဆိုင်ရာ ဒဏ်ရာများ
အားကစားဆိုင်ရာ ဒဏ်ရာများ အကြောင်း သိကောင်းစရာ
အားကစားဆိုင်ရာ ဒဏ်ရာများ ဆိုသည်မှာ ဘာလဲ။
အားကစားဆိုင်ရာ ဒဏ်ရာများ (Sports injuries) ဆိုသည်မှာ အားကစား လှုပ်ရှားမှုများကြောင့် ကြွက်သားများ၊ အရိုးများနှင့် ပျော့ပျောင်းသော တစ်ရှူးများတွင် ဖြစ်ပွားတတ်သည့် ကိုယ်ခန္ဓာ ထိခိုက်ဒဏ်ရာရရှိမှုများကို ဆိုလိုသည်။ ၎င်းတို့သည် ချော်လဲခြင်း သို့မဟုတ် တိုက်မိခြင်းကဲ့သို့သော ရုတ်တရက် ဖြစ်ပွားသည့် အခြေအနေများမှသည် ထပ်ခါတလဲလဲ လှုပ်ရှားမှုများကြောင့် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည့် ဝေဒနာများအထိ ကွာခြားနိုင်သည်။
အားကစားဆိုင်ရာ ဒဏ်ရာ အမျိုးအစားများ
အဖြစ်များသော အားကစားဆိုင်ရာ ဒဏ်ရာ အမျိုးအစားအချို့မှာ အောက်ပါတို့ ဖြစ်ကြသည် –
ကြွက်သား စုတ်ပြဲခြင်း / အကြောပြဲခြင်း (Strains)
ကြွက်သားများကို အလွန်အမင်း ဆွဲဆန့်မိခြင်းကြောင့် ဖြစ်ပွားပြီး ကြွက်သား စုတ်ပြဲခြင်းကို ဖြစ်စေနိုင်သည်။ ၎င်းသည် အပြေးပြိုင်ပွဲအတွင်း ပြေးနေစဉ်ကဲ့သို့ ရုတ်တရက် ဖြစ်ပွားနိုင်သလို၊ အလေးမလေ့ကျင့်ခန်း လုပ်ခြင်းကဲ့သို့ ထပ်ခါတလဲလဲ လှုပ်ရှားမှုများကြောင့် အချိန်ကြာလာသည်နှင့်အမျှလည်း ဖြစ်ပွားနိုင်သည်။
အဆစ်လွဲခြင်း / အရွတ်ပြတ်ခြင်း (Sprains)
အရိုးများကို ချိတ်ဆက်ပေးထားသည့် သန်မာသော တစ်ရှူးမျှင်များဖြစ်သည့် အရွတ် (Ligament) တွင် ဒဏ်ရာရရှိခြင်း ဖြစ်သည်။ အဆစ်လွဲခြင်းသည် များသောအားဖြင့် အရွတ်တစ်ခု အလွန်အမင်း ဆန့်ထွက်သွားခြင်း သို့မဟုတ် ပြတ်တောက်သွားခြင်းတို့ကြောင့် ဖြစ်ပွားလေ့ရှိပြီး ခြေကျင်းဝတ်နှင့် ဒူးဆစ်ကဲ့သို့သော အဆစ်များတွင် အဖြစ်များကာ အထူးသဖြင့် ထိခိုက်ပွတ်တိုက်မှုများသော အားကစားများတွင် တွေ့ရတတ်သည်။
အရိုးကျိုးခြင်း (Bone Fractures)
ရုတ်တရက် ကျရောက်လာသော အား သို့မဟုတ် ထပ်ခါတလဲလဲ သက်ရောက်နေသော ဖိစီးမှုများကြောင့် အရိုးတွင် အက်ကြောင်းထင်ခြင်း သို့မဟုတ် ကျိုးသွားခြင်း ဖြစ်သည်။ ၎င်းတို့သည် ချော်လဲခြင်း၊ တိုက်မိခြင်း သို့မဟုတ် ပြေးခြင်းကဲ့သို့သော လှုပ်ရှားမှုများမှ ရရှိသည့် နာတာရှည် ဖိစီးမှုများကြောင့် ဖြစ်ပွားနိုင်သည်။
ပွန်းပဲ့ညိုမည်းစွဲခြင်း (Contusions)
ယေဘုယျအားဖြင့် အညိုအမည်းစွဲခြင်းဟု လူသိများပြီး အရေပြားအောက်တွင် သွေးယိုစိမ့်မှုကြောင့် ဖြစ်ပွားသည်။ များသောအားဖြင့် မပြင်းထန်တတ်သော်လည်း ကြွက်သား သို့မဟုတ် အရိုးတွင် ပြင်းထန်စွာ ညိုမည်းစွဲခြင်းမျိုးသည် ပိုမိုဆိုးရွားနိုင်သည်။
အဆစ်ပြုတ်ခြင်း (Dislocations)
၎င်းသည် ပုခုံး သို့မဟုတ် တံတောင်ဆစ်ကဲ့သို့သော အဆစ်တစ်ခုအတွင်းရှိ အရိုးသည် ၎င်း၏ ပုံမှန်အနေအထားမှ လွဲချော်သွားသည့်အခါ ဖြစ်ပွားသည်။
အကြောရောင်ခြင်း (Tendinitis)
ကြွက်သားနှင့် အရိုးကို ချိတ်ဆက်ပေးထားသော တစ်ရှူးမျှင်ဖြစ်သည့် အကြော (Tendon) တွင် ဒဏ်ရာရရှိခြင်း ဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ထပ်ခါတလဲလဲ လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာတတ်သည်။
အဆစ်အိတ်ရောင်ခြင်း (Bursitis)
အရိုးများနှင့် အခြားတစ်ရှူးများကို ကြားခံပွတ်တိုက်မှု လျှော့ချပေးသည့် အရည်အိတ်များ (Bursae) တွင် ထပ်ခါတလဲလဲ ဒဏ်ပိခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း ဖြစ်သည်။
ဦးနှောက်တုန်ခြင်း (Concussions)
ရုတ်တရက် ပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဦးနှောက်သည် ဦးခေါင်းခွံအတွင်းပိုင်းနှင့် သွားရောက်ရိုက်မိရာမှ ဖြစ်ပွားတတ်သည့် ဦးနှောက်ဒဏ်ရာ အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းတို့သည် ထိခိုက်ပွတ်တိုက်မှုများသော အားကစားများတွင် ကြုံတွေ့ရနိုင်သည့် အဓိက အန္တရာယ်များ ဖြစ်သည်။
အားကစားဆိုင်ရာ ဒဏ်ရာများအတွက် ရှေးဦးသူနာပြုစုခြင်း
အားကစားဆိုင်ရာ ဒဏ်ရာတစ်ခုအတွက် ရှေးဦးသူနာပြုစုရာတွင် များသောအားဖြင့် P.R.I.C.E နည်းလမ်း ပါဝင်သည် –
- Protect (ကာကွယ်ခြင်း) – ဒဏ်ရာရထားသော နေရာကို နောက်ထပ် ထိခိုက်မှုမရှိစေရန် ကာကွယ်ပါ။
- Rest (အနားယူခြင်း) – ပြုလုပ်နေသော လှုပ်ရှားမှုကို ရပ်တန့်ပြီး ဒဏ်ရာရထားသော ခန္ဓာကိုယ်အစိတ်အပိုင်းကို ချက်ချင်း အနားပေးပါ။
- Ice (ရေခဲကပ်ခြင်း) – နာကျင်မှုနှင့် ရောင်ရမ်းမှုကို လျှော့ချရန်အတွက် ထိုနေရာကို တစ်ကြိမ်လျှင် မိနစ် ၁၀ မှ ၂၀ အထိ ရေခဲဝတ် သို့မဟုတ် ရေခဲအိတ် ကပ်ပေးပါ။
- Compression (စည်းနှောင်ခြင်း) – ရောင်ရမ်းမှုကို ကန့်သတ်ရန် ကူညီပေးသည့်အနေဖြင့် ဒဏ်ရာရထားသော နေရာကို ပတ်တီးဖြင့် အသာအယာ စည်းထားပါ။
- Elevation (မြှင့်တင်ထားခြင်း) – ရောင်ရမ်းမှု လျော့ကျစေရန်အတွက် ဒဏ်ရာရထားသော ခြေလက်ကို နှလုံးအနေအထားထက် မြင့်သောနေရာတွင် မြှင့်တင်ထားပါ။
ရောဂါလက္ခဏာများ
- ကြွက်သားများ သို့မဟုတ် အရိုးများတွင် နာကျင်ခြင်း။
- အရိုး သို့မဟုတ် အဆစ်တစ်ခုသည် ပုံသဏ္ဌာန်ပျက်ယွင်းနေခြင်း သို့မဟုတ် နေရာလွဲနေခြင်း။
- သိသာထင်ရှားသော ညိုမည်းစွဲခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အရေပြားအရောင် ပြောင်းလဲခြင်း။
- ဒဏ်ရာရထားသော ခန္ဓာကိုယ်အစိတ်အပိုင်းကို လှုပ်ရှားရန် သို့မဟုတ် အလေးချိန်ချရန် ခက်ခဲခြင်း။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
- တိုက်ရိုက်ရိုက်ခတ်မိခြင်း – အားကစား အသုံးအဆောင်ပစ္စည်းတစ်ခုခုဖြင့် ရိုက်မိခြင်း သို့မဟုတ် အခြားကစားသမားတစ်ဦးနှင့် တိုက်မိခြင်းတို့ ပါဝင်နိုင်သည်။
- ချော်လဲခြင်း – အားကစားဆိုင်ရာ ဒဏ်ရာအများအပြားသည် လဲကျခြင်းကြောင့် ဖြစ်ပွားရသည်။
- အလွန်အမင်း လေ့ကျင့်ခန်းလုပ်ခြင်း – ခန္ဓာကိုယ်ကို လုံလောက်စွာ အနားမပေးဘဲ ပြင်းပြင်းထန်ထန် သို့မဟုတ် အချိန်အကြာကြီး အလွန်အမင်း တွန်းအားပေး လုပ်ဆောင်ခြင်းသည် ဒဏ်ရာများကို ဖြစ်စေနိုင်သည်။
- မှားယွင်းသော နည်းစနစ်ကို အသုံးပြုခြင်း – ကစားစဉ် သို့မဟုတ် လေ့ကျင့်ခန်းလုပ်စဉ်တွင် မှားယွင်းသော ပုံစံများကို အသုံးပြုခြင်းသည် ကြွက်သားများနှင့် အဆစ်များပေါ်သို့ မလိုအပ်ဘဲ ဝန်ပိစေနိုင်သည်။
- ပြင်ဆင်မှု အားနည်းခြင်း – သွေးပူလေ့ကျင့်ခန်းကို စနစ်တကျ မပြုလုပ်ခြင်း သို့မဟုတ် မိမိခန္ဓာကိုယ် ကျင့်သားမရသေးသည့် ပြင်းအားဖြင့် လှုပ်ရှားမှုများကို စတင်ခြင်းတို့သည် ဒဏ်ရာရနိုင်ခြေကို မြင့်တက်စေသည်။
ကုသခြင်း (Treatment)
- ဆေးဝါးများ – နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေရန် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူရရှိနိုင်သော ဆေးဝါးများ သို့မဟုတ် ဆရာဝန်ညွှန်ကြားသည့် ဆေးဝါးများကို အသုံးပြုနိုင်သည်။
- ကာယကုထုံး (Physical Therapy) – ကာယကုထုံးပညာရှင်သည် ဒဏ်ရာရထားသော နေရာကို ကြံ့ခိုင်မှုနှင့် ပြောင်းလွယ်ပြင်လွယ်ရှိမှု ပြန်လည်ရရှိစေရန် ကူညီပေးမည့် စိတ်ကြိုက်ပုံစံ လေ့ကျင့်ခန်း အစီအစဉ်ကို ရေးဆွဲပေးနိုင်သည်။ ဤသည်မှာ အားကစားဆိုင်ရာ ဒဏ်ရာအများစုအတွက် ပြန်လည်သန်စွမ်းရေး လုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
- ကျောက်ပတ်တီးများ (Splints or Casts) – ၎င်းတို့ကို ဒဏ်ရာရထားသော နေရာကို မလှုပ်ရှားနိုင်စေရန်နှင့် အရိုးများနှင့် တစ်ရှူးများ ပြန်လည်သက်သာလာစေရန် မှန်ကန်သော အနေအထားတွင် ထိန်းထားနိုင်ရန် အသုံးပြုသည်။
- ခွဲစိတ်ကုသခြင်း – အရွတ်လုံးဝပြတ်တောက်သွားခြင်း သို့မဟုတ် ရှုပ်ထွေးသော အရိုးကျိုးခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် အခြေအနေများတွင် ပျက်စီးမှုကို ပြုပြင်ရန် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နိုင်သည်။ ဤခွဲစိတ်မှု အများစုကို ယခုအခါတွင် အပေါက်သေးသေးလေး ဖောက်၍ မှန်ပြောင်းဖြင့် ခွဲစိတ်သည့်နည်းပညာ (Arthroscopically) အသုံးပြုကာ ပြုလုပ်နိုင်ပြီဖြစ်ပြီး ၎င်းသည် ဒဏ်ရာအနည်းဆုံးဖြစ်စေကာ ပြန်လည်သက်သာမှုကို ပိုမိုမြန်ဆန်စေသည်။
- အရိုးနှင့်အဆစ်ကို ပုံမှန်အနေအထားသို့ လက်ဖြင့် ပြန်လည်ပြင်ဆင်ခြင်း (Closed Reduction) – နေရာလွဲသွားသော အဆစ် သို့မဟုတ် ကျိုးသွားသော အရိုးကို မှန်ကန်သော အနေအထားသို့ ရောက်ရှိစေရန် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူက ကိရိယာ သို့မဟုတ် ခွဲစိတ်မှုမပါဘဲ လက်ဖြင့် ပြန်လည်တည့်မတ်ပေးသည့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ကာကွယ်ခြင်း
- မှန်ကန်သော အသုံးအဆောင်ပစ္စည်းများကို အသုံးပြုခြင်း – ဦးထုပ်၊ အကာအကွယ်ပတ်တီးများ သို့မဟုတ် အရည်အသွေးကောင်းမွန်သော လေ့ကျင့်ရေးဖိနပ်များကဲ့သို့သော မှန်ကန်သည့် အကာအကွယ်ပစ္စည်းများကို အမြဲတမ်း အသုံးပြုပါ။
- သွေးပူလေ့ကျင့်ခန်းနှင့် အကြောလျှော့ခြင်း (Warm Up and Cool Down) – လှုပ်ရှားမှု မပြုလုပ်မီ စနစ်တကျ သွေးပူလေ့ကျင့်ခန်း လုပ်ခြင်းနှင့် အကြောလျှော့ခြင်းတို့ဖြင့် ခန္ဓာကိုယ်ကို အဆင်သင့်ဖြစ်အောင် ပြင်ဆင်ပါ။ လှုပ်ရှားမှု ပြုလုပ်ပြီးနောက်တွင်လည်း ခန္ဓာကိုယ် ပြန်လည်လန်းဆန်းလာစေရန် အကြောလျှော့ အနားပေးပါ။
- ဖြည်းဖြည်းချင်း စတင်ခြင်း – သင်၏ လေ့ကျင့်ခန်း ပြင်းအားနှင့် ကြာချိန်ကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးပါ။ မိမိခန္ဓာကိုယ်၏ လက်ရှိခံနိုင်ရည်ထက်ကျော်လွန်၍ အတင်းအကျပ် တွန်းအားမပေးပါနှင့်။
- မှန်ကန်သော နည်းစနစ်ကို လေ့လာခြင်း – အကယ်၍ သင်သည် အားကစားအသစ်တစ်ခုကို စတင်ကစားမည်ဆိုပါက ကြွက်သားသားတင်ခြင်းနှင့် ဒဏ်ရာရရှိခြင်းတို့မှ ရှောင်ကြဉ်ရန် မှန်ကန်သော နည်းစနစ်များကို လေ့လာပြီး လေ့ကျင့်ပါ။
- မိမိခန္ဓာကိုယ်၏ အချက်ပြမှုကို နားထောင်ခြင်း – နာကျင်ခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းတို့ကို သတိပြုပါ။ ပြင်းထန်သော နာကျင်မှုကို အောင့်အည်းကစားခြင်းမျိုး မပြုလုပ်ပါနှင့်၊ အကြောင်းမှာ ဒဏ်ရာကို ပိုမိုဆိုးရွားစေနိုင်သောကြောင့် ဖြစ်သည်။
- လေ့ကျင့်မှုပုံစံကို ပြောင်းလဲပေးခြင်း – အားကစားနှင့် လေ့ကျင့်ခန်း လုပ်ဆောင်မှုပုံစံများကို အလှည့်ကျ ပြောင်းလဲပေးခြင်း (Cross-training) သည် ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုတည်းကို ထပ်ခါတလဲလဲ အလွန်အမင်း အသုံးပြုခြင်းကြောင့် ဖြစ်ရသည့် ဒဏ်ရာများကို ကာကွယ်ပေးနိုင်သည်။
ဆရာဝန်ထံ မည်သည့်အချိန်တွင် သွားရောက်ပြသရမည်နည်း
သင်၏ နာကျင်မှုသည် ပြင်းထန်နေပါက သို့မဟုတ် သက်သာလာခြင်းမရှိပါက၊ သိသိသာသာ ရောင်ရမ်းခြင်း သို့မဟုတ် ညိုမည်းစွဲခြင်းတို့ကို ခံစားရပါက၊ သို့မဟုတ် အရိုးနေရာလွဲနေသကဲ့သို့ ပုံသဏ္ဌာန် သိသိသာသာ ပျက်ယွင်းနေသည်ကို သတိပြုမိပါက ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ ထို့အပြင် ဒဏ်ရာရထားသော အစိတ်အပိုင်းကို မလှုပ်ရှားနိုင် သို့မဟုတ် အသုံးပြု၍မရပါက သို့မဟုတ် နာကျင်မှုသည် အဆက်မပြတ်ဖြစ်နေပြီး သင်၏ နေ့စဉ်လူနေမှုဘဝကို ထိခိုက်လာပါက ကျွမ်းကျင်သူ၏ အကြံဉာဏ်ကို ရယူရမည့်အချိန် ဖြစ်သည်။ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူသည် ဒဏ်ရာကို မှန်ကန်စွာ ရောဂါရှာဖွေပေးနိုင်ပြီး ၎င်းဒဏ်ရာမှတစ်ဆင့် နာတာရှည် ပြဿနာမဖြစ်လာစေရန် သင့်လျော်သော ကုသမှုကို ရရှိစေရန် သေချာစွာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
