H2: ခြုံငုံသုံးသပ်ချက်

ကြွက်သားမျှင်ကင်ဆာသည် ကြွက်သားတစ်သျှူးများတွင် ဖြစ်ပွားတတ်သော ဖြစ်ခဲသည့် ကင်ဆာရောဂါအမျိုးအစားတစ်ခုဖြစ်ပြီး ဆီးအိမ် သို့မဟုတ် သားအိမ်ကဲ့သို့သော အတွင်းခေါင်းပါရှိသည့် အင်္ဂါအစိတ်အပိုင်းများကိုလည်း ထိခိုက်စေနိုင်ပါသည်။ RMS သည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များနှင့် လူငယ်လူရွယ်များတွင် အဖြစ်အများဆုံး ဖြစ်သည်။

(ကြွက်သားမျှင်ကင်ဆာ) တွင် ကြွက်သားဆဲလ်များအဖြစ်သို့ ပြောင်းလဲဖွဲ့စည်းပေးရသော Mesenchymal ဆဲလ်များ (ပင်မဆဲလ်အမျိုးအစားတစ်မျိုး) သည် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာပြီး ထိန်းချုပ်မရအောင် ပွားများလာရာမှတစ်ဆင့် ကင်ဆာကျိတ်များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ကုသမှုအပိုင်းတွင် တိုးတက်မှုများရှိလာခြင်းကြောင့် Rhabdomyosarcoma ရောဂါသက်သာပျောက်ကင်းမှု ရလဒ်များတွင် သိသာထင်ရှားသော တိုးတက်ကောင်းမွန်မှုများ ရှိလာခဲ့ပြီ ဖြစ်သည်။ ကုသမှုပုံစံများတွင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေးသွင်းကုသခြင်း (Chemotherapy) နှင့် ဓာတ်ရောင်ခြည်ပြကုသခြင်း (Radiation therapy) တို့ ပါဝင်ပြီး ကင်ဆာအမျိုးအစား၊ အရွယ်အစား၊ ဖြစ်ပွားသည့်နေရာနှင့် ကင်ဆာပျံ့နှံ့မှု ရှိ၊ မရှိတို့အပေါ် မူတည်၍ ကုသမှုကို ရွေးချယ်ရခြင်း ဖြစ်သည်။

RMS သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ယေဘုယျအားဖြင့် အောက်ပါနေရာများတွင် စတင်ဖြစ်ပွားတတ်ပါသည် –

  • ဦးခေါင်းနှင့် လည်ပင်းပိုင်း: လည်ပင်းရှိ ကျောရိုးအနီး၊ နှာခေါင်းတွင်း ဆိုင်းနပ်စ် (Sinuses) များ သို့မဟုတ် လည်ချောင်းအတွင်း သို့မဟုတ် မျက်လုံးနှင့် နီးကပ်သောနေရာများ
  • ဆီးလမ်းကြောင်းစနစ်: ဆီးအိမ်ကဲ့သို့သော နေရာများ
  • မျိုးပွားအင်္ဂါစနစ်: မိန်းမကိုယ်၊ သားအိမ်နှင့် ဝှေးစေ့ကဲ့သို့သော နေရာများ
  • လက်မောင်းနှင့် ခြေထောက်များ

အမျိုးအစားများ

Rhabdomyosarcoma (ကြွက်သားမျှင်ကင်ဆာ) အမျိုးအစားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • Embryonal rhabdomyosarcoma: အဖြစ်အများဆုံး ကင်ဆာအမျိုးအစားဖြစ်ပြီး ယေဘုယျအားဖြင့် မျိုးပွားအင်္ဂါစနစ်၊ ဆီးလမ်းကြောင်းစနစ် သို့မဟုတ် ဦးခေါင်းနှင့် လည်ပင်းပိုင်းတို့တွင် ဖြစ်ပွားတတ်သည်။
  • Botryoid rhabdomyosarcoma: Embryonal rhabdomyosarcoma ၏ အမျိုးအစားခွဲတစ်ခု ဖြစ်သည်။ ဆီးအိမ်၊ မိန်းမကိုယ်ကဲ့သို့သော အတွင်းခေါင်းပါရှိသည့် အင်္ဂါအစိတ်အပိုင်းများတွင် အဖြစ်အများဆုံး တွေ့ရတတ်သည်။
  • Spindle rhabdomyosarcoma: Embryonal rhabdomyosarcoma ၏ အမျိုးအစားခွဲတစ်ခု ဖြစ်သည်။ များသောအားဖြင့် ယောက်ျားလေးများ၏ ဝှေးစေ့အနီးတစ်ဝိုက်တွင် ဖြစ်ပွားလေ့ရှိသည်။
  • Alveolar rhabdomyosarcoma: ပြင်းထန်ပြီး မြန်မြန်ဆန်ဆန် ပျံ့နှံ့တတ်သော အမျိုးအစားဖြစ်ကာ ပုံမှန်အားဖြင့် လက်မောင်း၊ ခြေထောက် သို့မဟုတ် ကိုယ်ထည်ပိုင်းတို့တွင် တွေ့ရတတ်သည်။
  • Pleomorphic and undifferentiated rhabdomyosarcoma: ဖြစ်ခဲသော ကင်ဆာအမျိုးအစားတစ်ခု ဖြစ်သည်။ ကလေးငယ်များ၏ လက်မောင်း၊ ခြေထောက် သို့မဟုတ် ကိုယ်ထည်ပိုင်းတို့တွင် ဖြစ်ပွားတတ်သည်။

H2: ရောဂါလက္ခဏာများ

Rhabdomyosarcoma (ကြွက်သားမျှင်ကင်ဆာ) ၏ လက္ခဏာများနှင့် အချက်ပြလက္ခဏာများသည် ကင်ဆာကျိတ်ဖြစ်ပွားရာ နေရာအပေါ် မူတည်၍ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။

ဦးခေါင်း သို့မဟုတ် လည်ပင်းပိုင်း ဖြစ်ပွားပါက –

  • ခေါင်းကိုက်ခြင်း
  • မျက်လုံး ရောင်ရမ်းခြင်း
  • နှာခေါင်း၊ လည်ချောင်း သို့မဟုတ် နားထဲမှ သွေးထွက်ခြင်း

ဆီးလမ်းကြောင်း သို့မဟုတ် မျိုးပွားအင်္ဂါစနစ်တွင် ဖြစ်ပွားပါက –

  • ဆီးသွားရခက်ခဲခြင်း သို့မဟုတ် ဆီးထဲသွေးပါခြင်း
  • ဝမ်းသွားရခက်ခဲခြင်း
  • မိန်းမကိုယ်မှ သွေးဆင်းခြင်း သို့မဟုတ် စအိုမှ သွေးထွက်ခြင်း
  • မိန်းမကိုယ် သို့မဟုတ် စအိုအတွင်း အကျိတ်စမ်းမိခြင်း

လက်မောင်း သို့မဟုတ် ခြေထောက်များတွင် ဖြစ်ပွားပါက –

  • လက်မောင်း သို့မဟုတ် ခြေထောက် ရောင်ရမ်းခြင်း
  • လက်မောင်း သို့မဟုတ် ခြေထောက်တွင် အကျိတ်စမ်းမိခြင်း
  • လက်မောင်း သို့မဟုတ် ခြေထောက်တွင် နာကျင်ကိုက်ခဲခြင်း

H2: ဖြစ်ပွားရသည့် အကြောင်းအရင်းများ

ကြွက်သားမျှင်ကင်ဆာ ဖြစ်ပွားရသည့် အခြေခံအကြောင်းရင်းအတိအကျကို စူးစမ်းရှာဖွေဆဲဖြစ်သော်လည်း ရှင်းလင်းစွာ သိရှိထားခြင်းမရှိသေးပါ။ သို့သော် ကျန်းမာသောဆဲလ်များ၏ DNA ထဲတွင် မျိုးဗီဇပြောင်းလဲမှု (Mutation) ဖြစ်ပေါ်ရာမှတစ်ဆင့် ၎င်းဆဲလ်များသည် ထိန်းချုပ်မရဘဲ ပွားများလာပြီး ကင်ဆာကျိတ်ဟု ခေါ်ဆိုသော ဆဲလ်အစုအဝေးတစ်ခု ဖြစ်ပေါ်လာရာမှ ဤကင်ဆာရောဂါ စတင်ခြင်း ဖြစ်သည်ဟု သိရသည်။ ထို့နောက် ဤကင်ဆာကျိတ်သည် ဘေးပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်သျှူးများကို တွန်းဖယ်ဖျက်ဆီးပြီး ခန္ဓာကိုယ်၏ အခြားသော အစိတ်အပိုင်းများဆီသို့ ပျံ့နှံ့သွားခြင်း (Metastasize) လည်း ဖြစ်ပွားနိုင်ပါသည်။

H2: ဖြစ်နိုင်ခြေရှိသော အချက်များ

အောက်ပါအချက်များသည် Rhabdomyosarcoma (ကြွက်သားမျှင်ကင်ဆာ) ဖြစ်ပွားနိုင်ခြေကို မြင့်တက်စေနိုင်သော အကြောင်းရင်းများ ဖြစ်ပါသည် –

အသက်အရွယ်နှင့် ကျား/မ အချိုး: RMS သည် ပုံမှန်အားဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိသော်လည်း လူကြီးများနှင့် ဆယ်ကျော်သက်များတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အမျိုးသားများတွင် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

မိသားစုရာဇဝင်: မိသားစုဝင် (မိဘ သို့မဟုတ် မောင်နှမ) ထဲတွင် Rhabdomyosarcoma ဖြစ်ပွားဖူးသော ရာဇဝင်ရှိသည့် ကလေးငယ်များ (အထူးသဖြင့် ထိုမိသားစုဝင်သည် ငယ်စဉ်ကတည်းက ရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါက) တွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုများပါသည်။ သို့သော်လည်း RMS ဖြစ်ပွားသော ကလေးငယ် အများစုတွင် မိသားစုအတွင်း ကင်ဆာဖြစ်ဖူးသည့် ရာဇဝင် မရှိကြပါ။

မျိုးဗီဇဆိုင်ရာ ရောဂါစုများ (Genetic syndromes): ဖြစ်ခဲသော အခြေအနေအချို့တွင် မိဘမှ သားသမီးထံ လက်ဆင့်ကမ်းလာသော မျိုးဗီဇချို့ယွင်းမှုများသည် Rhabdomyosarcoma ဖြစ်ပွားမှုနှင့် ဆက်စပ်နေတတ်ပါသည် –

  • Neurofibromatosis 1: အာရုံကြောကျိတ် အမြောက်အမြား (အထူးသဖြင့် အရေပြားအာရုံကြောများတွင်) ဖြစ်ပေါ်စေတတ်ပြီး RMS ဖြစ်နိုင်ခြေကိုလည်း မြင့်တက်စေပါသည်။ ၎င်းကို von Recklinghausen ရောဂါ ဟုလည်း ခေါ်ဆိုကြသည်။
  • Noonan syndrome: ဤရောဂါရှိသော ကလေးငယ်များသည် နှလုံးရောဂါ ခံစားရတတ်ခြင်း၊ အရပ်ပုခြင်းနှင့် ဖွံ့ဖြိုးမှု နောက်ကျခြင်းတို့ ရှိတတ်ပြီး RMS ဖြစ်ပွားနိုင်ခြေလည်း ရှိပါသည်။
  • Li-Fraumeni syndrome: ဤအခြေအနေရှိသော မိသားစုဝင်များသည် ဆာကိုးမား (Sarcomas) ကင်ဆာများ (RMS အပါအဝင်)၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနှင့် အခြားသော ကင်ဆာအချို့ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားသည်။
  • Beckwith-Wiedemann syndrome: ဤရောဂါစုရှိသော ကလေးငယ်များသည် RMS နှင့် အခြားသော ကလေးသူငယ် ကင်ဆာရောဂါအချို့ ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
  • Costello syndrome: ဤရောဂါစုရှိသော ကလေးငယ်များသည် အရပ်ပုခြင်း၊ မွေးရာပါ ကိုယ်အလေးချိန် စံချိန်ထက်များခြင်းနှင့် ပုံမှန်အားဖြင့် ဦးခေါင်းကြီးခြင်းတို့ ရှိတတ်သည်။ ၎င်းတို့သည် RMS နှင့် အခြားသော ကင်ဆာဆိုး အမျိုးအစားအချို့ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။

H2: ရောဂါရှာဖွေခြင်း

လူနာခံစားနေရသော လက္ခဏာရပ်များကို စစ်ဆေးရန်အတွက် Rhabdomyosarcoma (ကြွက်သားမျှင်ကင်ဆာ) ကို ရှာဖွေအတည်ပြုရာတွင် ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုများ (Physical examinations) ကို ပြုလုပ်ကြပါသည်။ ကာယပိုင်းဆိုင်ရာ စစ်ဆေးမှုရလဒ်အပေါ် မူတည်၍ နောက်ထပ် လိုအပ်သော စစ်ဆေးမှုများနှင့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်ရန် ညွှန်ကြားပါလိမ့်မည်။

ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests): လူနာ၏ လက္ခဏာများကို စစ်ဆေးရန်၊ ကင်ဆာဟုတ်၊ မဟုတ် ခွဲခြားရန်နှင့် ကင်ဆာပျံ့နှံ့မှု အခြေအနေများကို စစ်ဆေးရန်အတွက် ဆရာဝန်က အောက်ပါ ပုံရိပ်ဖော်စစ်ဆေးမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်ရန် အကြံပြုနိုင်ပါသည် –

  • X-ray (ဓာတ်မှန်): ဓာတ်မှန်များကို ကင်ဆာကျိတ်များ ရှိ၊ မရှိ ရှာဖွေရန် တစ်ခါတစ်ရံ အသုံးပြုတတ်သော်လည်း အရိုးများကို စစ်ဆေးကြည့်ရှုရာတွင် အထိရောက်ဆုံး ဖြစ်သည်။
  • Computerized tomography (CT scan): ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အသေးစိတ် ကန့်လန့်ဖြတ် ပုံရိပ်များကို ရရှိရန်အတွက် CT scan သည် ဓာတ်မှန်ပုံရိပ် အမြောက်အမြားကို ပေါင်းစပ်အသုံးပြုခြင်း ဖြစ်သည်။ စစ်ဆေးမှုပြုလုပ်စဉ် အသေးစိတ်အချက်အလက်များကို ပိုမိုចာလင်စွာ မြင်တွေ့နိုင်ရန်အတွက် စစ်ဆေးမှုမတိုင်မီ သွေးပြန်ကြောအတွင်းသို့ ဆိုးဆေး (Contrast agent) တစ်မျိုးကို ထိုးသွင်းနိုင်ပါသည်။ CT scan သည် ကင်ဆာကျိတ်၏ အရွယ်အစားနှင့် ၎င်း၏ ပတ်ဝန်းကျင်ရှိ တစ်သျှူးများ၏ ပုံရိပ်ကို ရှင်းလင်းစွာ ပြသနိုင်သည့်အပြင် ဘေးပတ်ဝန်းကျင်ရှိ ပြန်ရည်ကျိတ်များ၊ အဆုတ် သို့မဟုတ် ကင်ဆာပျံ့နှံ့သွားနိုင်သည့် အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စစ်ဆေးရန်လည်း အသုံးပြုနိုင်သည်။
  • Magnetic resonance imaging (MRI): MRI စစ်ဆေးမှုသည် ဓာတ်မှန် (X-rays) ကို အသုံးပြုမည့်အစား ရေဒီယိုလှိုင်းများနှင့် အားပြင်းသော သံလိုက်များကို အသုံးပြု၍ အသေးစိတ် ပုံရိပ်များကို ဖော်ထုတ်ခြင်း ဖြစ်သည်။ စစ်ဆေးမှုပြုလုပ်စဉ် အသေးစိတ်ကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန်အတွက် Gadolinium (ဆိုးဆေး) ကို သွေးပြန်ကြောအတွင်းသို့ ကြိုတင်ထိုးသွင်းနိုင်ပါသည်။ ကင်ဆာကျိတ်သည် ဦးခေါင်းနှင့် လည်ပင်း၊ လက်မောင်း သို့မဟုတ် ခြေထောက်၊ သို့မဟုတ် တင်ပါးဆုံကွင်း (Pelvis) ကဲ့သို့သော ခန္ဓာကိုယ်၏ သတ်မှတ်ထားသည့် နေရာတစ်ခုခုတွင် ရှိနေပါက MRI ကို အသုံးပြုနိုင်ပြီး ၎င်းသည် ကင်ဆာကျိတ်၏ တိကျသော အရွယ်အစားကိုလည်း ပြသပေးနိုင်သည်။
  • Positron emission tomography (PET scan): PET scan ပြုလုပ်ရန်အတွက် ရေဒီယိုသတ္တိကြွပစ္စည်း (Radioactive material) ကို သွေးထဲသို့ ထိုးသွင်းရပါသည်။ ထို့နောက် အထူးကင်မရာကို အသုံးပြု၍ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရေဒီယိုသတ္တိကြွမှု ရှိနေသည့် နေရာများကို ရုပ်ရှင်ဖလင်ပြားပေါ်တွင် ပုံရိပ်ဖမ်းယူခြင်း ဖြစ်သည်။
  • Bone scan (အရိုးဓာတ်မှန်): အရိုးဓာတ်မှန်သည် တစ်ကိုယ်လုံးရှိ အရိုးစုတစ်ခုလုံး၏ အသေးစိတ် ပုံရိပ်ကို ပေးစွမ်းနိုင်သောကြောင့် ကင်ဆာရောဂါသည် အရိုးများဆီသို့ ပျံ့နှံ့သွားခြင်း (Metastasize) ရှိ၊ မရှိကို ဆုံးဖြတ်ပေးနိုင်သည်။

အသားစယူ စစ်ဆေးခြင်း (Biopsy): အသားစယူ စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် သံသယဖြစ်ဖွယ် ဆဲလ်နမူနာကို ရယူပြီး ဓာတ်ခွဲခန်း၌ စစ်ဆေးခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုများသည် ကင်ဆာအမျိုးအစားကို ခွဲခြားနိုင်ပြီး ဆဲလ်များသည် ကင်ဆာဆဲလ်များ ဟုတ်၊ မဟုတ်ကို ဖော်ပြပေးနိုင်သည်။ Rhabdomyosarcoma ကို ရောဂါရှာဖွေရန်အတွက် အောက်ပါ အသားစယူနည်းစနစ်များကို အသုံးပြုကြသည် –

  • အပ်ဖြင့် အသားစယူခြင်း (Needle biopsy): ဆရာဝန်က လူနာ၏ အရေပြားမှတစ်ဆင့် ကင်ဆာကျိတ်အတွင်းသို့ သေးငယ်သော အပ်တစ်ချောင်းကို ထိုးသွင်းပြီး ထိုအပ်ဖြင့် ကင်ဆာကျိတ်မှ တစ်သျှူးနမူနာကို စုပ်ယူခြင်း ဖြစ်သည်။
  • ခွဲစိတ်၍ အသားစယူခြင်း (Surgical biopsy): ဆရာဝန်က အရေပြားကို ခွဲစိတ်ကာ ကင်ဆာကျိတ်တစ်ခုလုံးကို ထုတ်ယူခြင်း (Excisional biopsy) သို့မဟုတ် ကင်ဆာကျိတ်၏ အစိတ်အပိုင်းအချို့ကို ဖြတ်တောက်ထုတ်ယူခြင်း (Incisional biopsy) တို့ကို ပြုလုပ်ခြင်း ဖြစ်သည်။
  • ရိုးတွင်းခြင်ဆီ စုပ်ထုတ်ခြင်းနှင့် အသားစယူခြင်း (Bone marrow aspiration and biopsy): ရိုးတွင်းခြင်ဆီ အသားစယူစဉ်အတွင်း ပုံမှန်အားဖြင့် တင်ပါးဆုံရိုးတစ်ခု သို့မဟုတ် နှစ်ခုလုံးမှ အရိုး၊ သွေးနှင့် ရိုးတွင်းခြင်ဆီ နမူနာတို့ကို ရယူခြင်း ဖြစ်သည်။ ဤစစ်ဆေးမှုများကို RMS ရောဂါအမည် သတ်မှတ်ပြီးနောက် ကင်ဆာသည် ရိုးတွင်းခြင်ဆီသို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ သိရှိနိုင်ရန် မကြာခဏ ပြုလုပ်လေ့ရှိသည်။
  • ခါးရိုးဆစ်အတွင်းမှ အရည်ထုတ်ယူ စစ်ဆေးခြင်း (Lumbar puncture): ဤလုပ်ငန်းစဉ်သည် ခါးရိုးဆစ်အတွင်းသို့ အပ်တစ်ချောင်းထိုးသွင်း၍ အာရုံကြောအရည်ကို ထုတ်ယူခြင်း ဖြစ်သည်။ RMS ရောဂါအတွက် ဤစစ်ဆေးမှုကို မကြာခဏ ပြုလုပ်လေ့မရှိသော်လည်း ကင်ဆာကျိတ်သည် ဦးနှောက်မြှေး (Meninges) နှင့် နီးကပ်စွာ ရှိနေပါက ဤစစ်ဆေးမှုကို ပြုလုပ်နိုင်ပါသည်။ ဦးနှောက်နှင့် အာရုံကြောမကြီးကို ဝန်းရံထားသော အာရုံကြောအရည် (Cerebrospinal fluid – CSF) ထဲတွင် ကင်ဆာဆဲလ်များ ရှိ၊ မရှိကို စစ်ဆေးခြင်း ဖြစ်သည်။

H2: ကုသခြင်း

ကြွက်သားမျှင်ကင်ဆာ ကို ကုသရာတွင် ကီမိုဆေးသွင်းကုသခြင်း၊ ခွဲစိတ်ကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပြကုသခြင်းတို့ကို မကြာခဏ အသုံးပြုလေ့ရှိပါသည်။ ကုသမှုအစီအစဉ်သည် ကင်ဆာဖြစ်ပွားသည့်နေရာ၊ ကင်ဆာကျိတ်၏ အရွယ်အစားနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများဆီသို့ ကင်ဆာပျံ့နှံ့သွားခြင်း ရှိ၊ မရှိတို့အပေါ် မူတည်ပါသည်။

  • ခွဲစိတ်ကုသခြင်း: ခွဲစိတ်ကုသရခြင်း၏ ရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားရှင်းလင်းရန် ဖြစ်သည်။ သို့သော်လည်း Rhabdomyosarcoma သည် အသက်အန္တရာယ်နှင့် သက်ဆိုင်သော အရေးကြီးအင်္ဂါအစိတ်အပိုင်းများ သို့မဟုတ် အခြားသော အရေးပါသည့် တည်ဆောက်ပုံများ၏ အနီးတစ်ဝိုက် သို့မဟုတ် ပတ်ပတ်လည်တွင် ပျံ့နှံ့နေပါက ကင်ဆာအားလုံးကို ဖယ်ရှားပစ်ရန် အမြဲတမ်း မဖြစ်နိုင်ပါ။ ခွဲစိတ်မှုဖြင့် ကင်ဆာကို လုံးဝဥဿုံ မဖယ်ရှားနိုင်သည့်အခါ ဆရာဝန်များသည် ဖယ်ရှားနိုင်သမျှ အများဆုံး ဖယ်ရှားပေးနိုင်ပြီး ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ရှင်းလင်းရန် ကီမိုဆေးသွင်းကုသခြင်းနှင့် ဓာတ်ရောင်ခြည်ပြကုသခြင်းကဲ့သို့သော အခြားကုသမှုနည်းလမ်းများကို ဆက်လက်အသုံးပြုနိုင်ပါသည်။
  • ကီမိုဆေးသွင်းကုသခြင်း: ကီမိုဆေးသွင်းကုသခြင်းသည် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သေစေသည့် နည်းလမ်းဖြစ်သည်။ ကုသမှု၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆေးဝါးများကို ပုံမှန်အားဖြင့် သွေးပြန်ကြောမှတစ်ဆင့် ပေါင်းစပ်အသုံးပြု လေ့ရှိပါသည်။ ပေးရမည့် ဆေးဝါးအမျိုးအစားနှင့် အကြိမ်ရေသည် လူနာ၏ အခြေအနေအပေါ် မူတည်ပါသည်။ ခွဲစိတ်ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ပြကုသခြင်း ပြုလုပ်ပြီးနောက် ကျန်ရှိနေနိုင်သော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ကီမိုဆေးသွင်းကုသခြင်းကို မကြာခဏ အသုံးပြုလေ့ရှိသည်။ ထို့ပြင် ခွဲစိတ်ကုသခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ပြကုသခြင်း၏ ထိရောက်မှုကို မြှင့်တင်ရန်အတွက် အခြားကုသမှုများ မစတင်မီ ကင်ဆာကျိတ်ကို သေးငယ်သွားအောင် ပြုလုပ်ရာတွင်လည်း ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။
  • ဓာတ်ရောင်ခြည်ပြကုသခြင်း: ဓာတ်ရောင်ခြည်ပြကုသခြင်းတွင် ကင်ဆာဆဲလ်များကို သေစေရန်အတွက် X-rays နှင့် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအင်မြင့်ရောင်ခြည်တန်းများကို အသုံးပြုပါသည်။ ဓာတ်ရောင်ခြည်ကို စက်ပစ္စည်းတစ်ခု အသုံးပြု၍ ခန္ဓာကိုယ်၏ သတ်မှတ်ထားသော နေရာများသို့ တိုက်ရိုက်ချိန်ရွယ် ပစ်လွှတ်လေ့ရှိသည်။ ခွဲစိတ်မှုပြုလုပ်ပြီးနောက် ကျန်ရစ်သော ကင်ဆာဆဲလ်များကို ဖယ်ရှားရှင်းလင်းရန် ဓာတ်ရောင်ခြည်ပြကုသမှုကို အကြံပြုနိုင်ပါသည်။ ထို့ပြင် Rhabdomyosarcoma သည် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းများ သို့မဟုတ် အခြားတည်ဆောက်ပုံများနှင့် နီးကပ်လွန်း၍ ခွဲစိတ်ရန် မဖြစ်နိုင်သော နေရာများတွင် တည်ရှိနေပါက ခွဲစိတ်ကုသမှုအစား ဓာတ်ရောင်ခြည်ပြကုသမှုကို အသုံးပြုနိုင်ပါသည်။

Doctors who treat this condition