ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း ရောဂါ အကြောင်း သိကောင်းစရာ
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း (Swollen lymph nodes) သည် များသောအားဖြင့် ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပွားလေ့ရှိသော်လည်း ရံဖန်ရံခါတွင် ကင်ဆာရောဂါ၏ လက္ခဏာလည်း ဖြစ်နိုင်သည်။ ပြန်ရည်ကျိတ် (သို့မဟုတ်) ပြန်ရည်ဂလင်းများသည် သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် ခုခံကာကွယ်မှု ယန္တရားအတွက် အလွန်အရေးကြီးပါသည်။ ၎င်းတို့သည် ဇကာကဲ့သို့ လုပ်ဆောင်ပေးပြီး ဗိုင်းရပ်စ်များ၊ ဗက်တီးရီးယားများနှင့် အခြားသော ရောဂါပိုးမွှားများကို ဖမ်းယူဖျက်ဆီးပေးခြင်းဖြင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ရောဂါပြန့်ပွားမသွားစေရန် တားဆီးပေးသည်။
သင့်ခန္ဓာကိုယ်အနှံ့တွင် မေးရိုး၊ ရင်ဘတ်၊ လက်မောင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်စသည့် နေရာများအပါအဝင် ပြန်ရည်ကျိတ်ပေါင်း ၆၀၀ ခန့် ဖြန့်ကျက်တည်ရှိနေပြီး (ဤအရေအတွက်သည် တစ်ဦးနှင့်တစ်ဦး ကွဲပြားနိုင်သည်) ၎င်းတို့ထဲမှ အများစုကို သင်ကိုယ်တိုင် သတိပြုမိနိုင်မည် မဟုတ်ပါ။
ပြန်ရည်ကျိတ်များ ရောင်ရမ်းပါက တစ်ခါတစ်ရံတွင် အချိန်ပေးရန်နှင့် သက်သာစေရန် ရေနွေးဝတ် ကပ်ပေးရုံမျှသာ လိုအပ်ပါသည်။ အကယ်၍ ရောင်ရမ်းခြင်းက ကူးစက်ရောဂါပိုးကြောင့် ဖြစ်ပါက ကုသမှုသည် ဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းအပေါ် မူတည်၍ ကွဲပြားခြားနားမည် ဖြစ်သည်။
ရောဂါလက္ခဏာများ
ပြန်ရည်စနစ် (Lymphatic system) ဆိုသည်မှာ ခန္ဓာကိုယ်အနှံ့ ဖြန့်ကျက်ထားသော ကိုယ်အင်္ဂါများ၊ သွေးကြောများနှင့် ပြန်ရည်ကျိတ်များ ပါဝင်သည့် ကွန်ရက်တစ်ခု ဖြစ်သည်။ ပြန်ရည်ကျိတ်အများစုကို ဦးခေါင်းနှင့် လည်ပင်းတစ်ဝိုက်၊ ချိုင်းကြားနှင့် ပေါင်ခြံဧရိယာတို့တွင် တွေ့ရတတ်သည်။ ဤပြန်ရည်ကျိတ်များသည် ခန္ဓာကိုယ်၏ တစ်နေရာရာတွင် အရင်းခံပြဿနာတစ်ခုခု ရှိနေကြောင်း ပြသသည့် လက္ခဏာတစ်ခုအနေဖြင့် ရောင်ရမ်းလာတတ်သည်။
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၏ ကနဦးလက္ခဏာများတွင် အောက်ပါတို့ ပါဝင်သည်–
- ထိလိုက်လျှင် နာကျင်ခြင်းနှင့် ကိုင်ကြည့်က သက်တောင့်သက်သာမရှိခြင်း
- ရောင်ရမ်းခြင်း (၎င်း၏ အရွယ်အစားသည် ပဲစေ့ခန့်မှသည် ကတ်သီးပဲစေ့ အရွယ်အစားအထိ သို့မဟုတ် ထို့ထက် ပိုမိုကြီးထွားနိုင်သည်)
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အကြောင်းရင်းများကြောင့် အောက်ပါ နောက်ထပ်လက္ခဏာများကိုလည်း ထကြွစေနိုင်သည်–
- နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ဖျားခြင်းနှင့် အထက်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းဆိုင်ရာ အခြားလက္ခဏာများ
- ခန္ဓာကိုယ်အနှံ့ရှိ ပြန်ရည်ကျိတ်များ အများအပြား ရောင်ရမ်းခြင်း (၎င်းသည် အိတ်ချ်အိုင်ဗီ (HIV) ပိုးဝင်ခြင်း၊ မိုနိုနျူကလီယိုးဆစ် (mononucleosis) ရောဂါ ကဲ့သို့သော ကူးစက်ရောဂါများ သို့မဟုတ် လူပတ်စ် (lupus) နှင့် ဂေါက်ဆစ်ရောင်ရမ်းနာ (rheumatoid arthritis) ကဲ့သို့သော ကိုယ်ခံအားစနစ် ချို့ယွင်းသည့် ရောဂါများကို ညွှန်ပြနေနိုင်သည်)
- မာကျောပြီး၊ ရွှေ့ရခက်ကာ၊ လျင်မြန်စွာ ကြီးထွားလာသော ပြန်ရည်ကျိတ်များ (၎င်းသည် ကင်ဆာ သို့မဟုတ် ပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ကို ညွှန်ပြနေနိုင်သည်)
- ဖျားခြင်း
- ညဘက်တွင် ချွေးစေးများထွက်ခြင်း
အချို့သောအခြေအနေများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုထားသည်။ အကယ်၍ ပြန်ရည်ကျိတ်များသည် ခိုင်လုံသောအကြောင်းရင်းမရှိဘဲ ရောင်ရမ်းလာပါက၊ ဆက်လက်ကြီးထွားနေပါက သို့မဟုတ် ရက်သတ္တပတ် နှစ်ပတ်မှ လေးပတ်အထိ ကြာရှည်နေပါက၊ ကိုင်ကြည့်လျှင် မာကျောခြင်း သို့မဟုတ် ရာဘာကဲ့သို့ ဖြစ်နေပါက၊ သို့မဟုတ် ရွှေ့ရခက်နေပါက ဆေးဘက်ဆိုင်ရာ အကြံဉာဏ်ရယူရန် သင့်တော်သည်။ ချက်ချင်း ဆေးကုသမှုခံယူရန် လိုအပ်သော အခြားလက္ခဏာများတွင် စွဲမြဲစွာဖျားနေခြင်း၊ ညဘက်ချွေးစေးထွက်ခြင်း၊ အကြောင်းရင်းရှာမရဘဲ ဝိတ်ကျသွားခြင်း သို့မဟုတ် အစာမျိုရခက်ခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ပါဝင်သည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
လူ့ခန္ဓာကိုယ်တွင် မေးရိုး၊ ရင်ဘတ်၊ လက်မောင်း၊ ဝမ်းဗိုက်နှင့် ခြေထောက်စသည့် နေရာများတွင် စုစုပေါင်း ပြန်ရည်ကျိတ် ၆၀၀ ခန့် ရှိသည်။ ဤပြန်ရည်ကျိတ်များသည် အစုအဖွဲ့များ (clusters) အဖြစ် တည်ရှိနေကြပြီး အစုအဖွဲ့တစ်ခုစီသည် သတ်မှတ်ထားသော ခန္ဓာကိုယ်ဧရိယာတစ်ခုစီမှ အရည်များကို စစ်ထုတ်ပေးရန် တာဝန်ယူထားကြသည်။
လည်ပင်း၊ မေးစေ့အောက်၊ ချိုင်းကြားနှင့် ပေါင်ခြံကဲ့သို့သော သတ်မှတ်ထားသော နေရာများတွင် ရောင်ရမ်းခြင်းသည် ပိုမိုသိသာထင်ရှားလေ့ရှိသည်။ ရောင်ရမ်းနေသော ပြန်ရည်ကျိတ်များကို ပုံမှန်အားဖြင့် ပိုးဝင်သည့်နေရာနှင့် နီးစပ်ရာတွင် တွေ့ရတတ်သည်။ အထက်ပိုင်း အသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းသည် လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အဓိကအကြောင်းရင်း ဖြစ်သည်။ သို့သော်လည်း ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းအတွက် ပုံမှန်အားဖြင့် သာမန်အအေးမိခြင်းကဲ့သို့သော ဗိုင်းရပ်စ်ပိုး ကူးစက်မှုများက အဓိက တာဝန်ရှိသည်။
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကို အောက်ပါ အချက်အမျိုးမျိုးကြောင့် ဖြစ်ပွားစေနိုင်သည်–
- အဖြစ်များသော ကူးစက်ရောဂါများ– ၎င်းတွင် HIV ကဲ့သို့သော ပြင်းထန်သည့် ကူးစက်ရောဂါများ ပါဝင်သလို၊ လည်ချောင်းနာခြင်း (strep throat)၊ ထိပ်ကပ်နာ (sinus infection)၊ အရေပြားဒဏ်ရာများ၊ ဝက်သက်ရောဂါ၊ နားပိုးဝင်ခြင်းနှင့် မိုနိုနျူကလီယိုးဆစ် (mononucleosis) ကဲ့သို့သော သာမန်ကူးစက်ရောဂါများလည်း ပါဝင်သည်။
- အဖြစ်နည်းသော ကူးစက်ရောဂါများ– ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ဖြစ်စေသည့် အဖြစ်နည်းသော ကူးစက်ရောဂါများတွင် ရောဂါပိုးရှိသော ကြောင်မစင် သို့မဟုတ် မကျက်တကျက်ချက်ထားသော အသားများကို ကိုင်တွယ်မိခြင်းမှတစ်ဆင့် ကူးစက်တတ်သော ‘တိုဆိုပလက်စမိုးဆစ်’ (toxoplasmosis) ရောဂါ၊ ကြောင်ကုတ်ခြင်း သို့မဟုတ် ကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သော ဗက်တီးရီးယားပိုးဖြစ်သည့် ကြောင်ကုတ်ရာမှဖြစ်သော အဖျားရောဂါ (cat scratch fever)၊ တီဘီရောဂါ (tuberculosis) နှင့် ဆစ်ဖလစ်ကဲ့သို့သော အချို့သော လိင်မှတစ်ဆင့်ကူးစက်တတ်သည့် ရောဂါများ ပါဝင်သည်။
- ကိုယ်ခံအားစနစ် ချို့ယွင်းသည့် ရောဂါများ– ၎င်းတွင် ဂေါက်ဆစ်ရောင်ရမ်းနာ (rheumatoid arthritis) နှင့် လူပတ်စ် (lupus) ရောဂါတို့ ပါဝင်သည်။
- ကင်ဆာရောဂါများ– ကင်ဆာရောဂါသည် ပြန်ရည်ကျိတ်များကို ရောင်ရမ်းစေနိုင်ပြီး ၎င်းတွင် ပြန်ရည်စနစ်မှ စတင်ဖြစ်ပွားသော ပြန်ရည်ကျိတ်ကင်ဆာ (lymphoma)၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကျိတ်များကဲ့သို့သော သွေးထုတ်လုပ်သည့် တစ်ရှူးများကို ထိခိုက်စေသည့် သွေးကင်ဆာ (leukemia) နှင့် ခန္ဓာကိုယ်၏ အခြားနေရာများမှ ကင်ဆာဆဲလ်များ ပျံ့နှံ့လာပြီးနောက် ပြန်ရည်ကျိတ်များသို့ ရောက်ရှိလာသည့် အခြားသော ကင်ဆာအမျိုးအစားများ ပါဝင်သည်။
- အခြားသော အကြောင်းရင်းများ– ငှက်ဖျားကာကွယ်ဆေးများနှင့် အတက်ကျဆေးတစ်မျိုးဖြစ်သော ‘ဖီနီတွိုင်း’ (phenytoin) ကဲ့သို့သော အချို့သော ဆေးဝါးများသည် ဖြစ်နိုင်ခြေရှိသော်လည်း အဖြစ်နည်းသည့် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများ ဖြစ်ကြသည်။
Risk factors (အန္တရာယ်ရှိစေသော အချက်များ)
အချို့သောအချက်များသည် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေနိုင်သည်၊ ၎င်းတို့မှာ–
- အသက်အရွယ်– လူတစ်ဦး အသက်ကြီးလာသည်နှင့်အမျှ ကင်ဆာရောဂါ၊ ကိုယ်ခံအားစနစ်ဆိုင်ရာ ပြဿနာများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားလာသည်။
- ကိုယ်ခံအားစနစ် အားနည်းခြင်း– ကိုယ်ခံအားစနစ် အားနည်းနေသူများတွင် ပိုးဝင်နိုင်ခြေ အန္တရာယ် ပိုမိုမြင့်မားသည်။ ၎င်းသည် ကိုယ်ခံအားကို ဖိနှိပ်ထားသော ဆေးဝါးများ သောက်သုံးခြင်း သို့မဟုတ် ကူးစက်ရောဂါပိုး တစ်ခုခုကြောင့် ဖြစ်နိုင်သည်။
- ဖြစ်နိုင်ခြေအန္တရာယ်ကို မြင့်တက်စေသော အပြုအမူများ– အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းနှင့် ဆေးဝါးများ အကြောတွင်း ထိုးသွင်းခြင်းတို့ ပြုလုပ်သည့် အခြေအနေမျိုးတွင် HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ ဖြစ်ပွားရန် ဖြစ်နိုင်ခြေ ပိုမိုများပြားသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ရောဂါရှာဖွေအတည်ပြုရာတွင် အထောက်အကူဖြစ်စေရန် အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင်နိုင်သည်–
- ကာယပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Physical examination)– ပြန်ရည်ကျိတ်ရောင်ရမ်းခြင်းကို ရှာဖွေဖော်ထုတ်ရာတွင် လူနာ၏ ဆေးဘက်ဆိုင်ရာရာဇဝင်၊ ရောင်ရမ်းခြင်းက မည်သည့်အချိန်နှင့် မည်သို့စတင်ဖြစ်ပွားခဲ့ပုံ အပါအဝင် ဒွန်တွဲခံစားရသော ရောဂါလက္ခဏာများကို မေးမြန်းစုံစမ်းခြင်းတို့ ပါဝင်သည်။ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုဖြစ်ပွားသည့် နေရာပေါ်မူတည်၍ သတ်မှတ်ထားသော ရောဂါများနှင့် ဆက်စပ်နေနိုင်သောကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ရောင်ရမ်းနေသော ပြန်ရည်ကျိတ်များ၏ အရွယ်အစား၊ နာကျင်မှုရှိ၊ မရှိ၊ မာကျောမှုအခြေအနေ၊ အကျိတ်များ စုပြုံကပ်ညှိနေမှုနှင့် တည်ရှိရာနေရာတို့ကို ဆန်းစစ်ရန် ကာယပိုင်းဆိုင်ရာ စစ်ဆေးမှု ပြုလုပ်နိုင်သည်။
- သွေးစစ်ခြင်း (Blood tests)– ဤစစ်ဆေးမှုသည် ယေဘုယျကျန်းမာရေးအခြေအနေကို ဆန်းစစ်ပေးပြီး သွေးကင်ဆာ (leukemia) နှင့် ကူးစက်ရောဂါများကဲ့သို့သော ဝေဒနာအမျိုးမျိုးကို ရှာဖွေဖော်ထုတ်ပေးနိုင်သည်၊ သို့မဟုတ် နောက်ကွယ်တွင် ရှိနေနိုင်သော အခြားကျန်းမာရေးပြဿနာများကို ဖယ်ထုတ်ပေးနိုင်သည်။ သံသယရှိရသည့် အကြောင်းရင်းပေါ်မူတည်၍ မတူညီသော စစ်ဆေးမှုများ လိုအပ်နိုင်သော်လည်း ‘သွေးအပြည့်အစုံစစ်ဆေးခြင်း’ (complete blood count – CBC) သည် ၎င်းတို့ထဲမှ တစ်ခု ဖြစ်လာရန် သေချာသလောက် ရှိပါသည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests)– ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေရှိသော ရင်းမြစ်များကို ဖော်ထုတ်ရန် သို့မဟုတ် အကျိတ်များကို ရှာဖွေရန်အတွက် ရောဂါဒဏ်ခံရသော ဧရိယာကို ကွန်ပျူတာဓာတ်မှန် (CT scan) ရိုက်ခြင်း သို့မဟုတ် ရင်ဘတ်ဓာတ်မှန် (chest X-ray) ရိုက်ခြင်းတို့သည် အထောက်အကူပြုနိုင်ပါသည်။
- ပြန်ရည်ကျိတ် အသားစယူ စစ်ဆေးခြင်း (Lymph node biopsy)– ဤလုပ်ထုံးလုပ်နည်းတွင် ဓာတ်ခွဲခန်း၌ ဆန်းစစ်လေ့လာရန်အတွက် ပြန်ရည်ကျိတ်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို အသားစအဖြစ် ထုတ်ယူခြင်း ပါဝင်သည်။ ရောဂါရှိကြောင်း အတည်ပြုရန် ဤစစ်ဆေးမှုကို များသောအားဖြင့် လိုအပ်လေ့ရှိသည်။
ကုသခြင်း (Treatment)
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းအတွက် ကုသမှုသည် ပုံမှန်အားဖြင့် ဖြစ်ပွားရသည့် အရင်းခံအကြောင်းရင်းပေါ် မူတည်၍ ကွဲပြားခြားနားလေ့ရှိသည်။ ယေဘုယျအားဖြင့် ဗိုင်းရပ်စ်ပိုး ကူးစက်မှုနှင့် ဆက်စပ်နေသော ရောင်ရမ်းမှုများသည် ၎င်း၏ ရောဂါသက်တမ်းကုန်ဆုံးသွားသည်နှင့်အမျှ တိကျသော ကုသမှုမလိုဘဲ သူ့အလိုလို ပြန်လည်သက်သာသွားတတ်ပြီး ပြန်ရည်ကျိတ်များသည်လည်း ၎င်းတို့၏ ပုံမှန်အရွယ်အစားသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိသွားတတ်သည်။ သို့သော်လည်း အချို့သော ကူးစက်ရောဂါများအတွက် ပြန်လည်ကောင်းမွန်လာမှုကို မြန်ဆန်ချောမွေ့စေရန် ဆေးဝါးများ သောက်သုံးဖို့ ညွှန်ကြားနိုင်ပါသည်။
ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းကြောင့် (အထူးသဖြင့် ချိုင်းကြားကဲ့သို့သော နေရာများတွင်) ဖြစ်ပေါ်တတ်သော နာကျင်ကိုက်ခဲမှုနှင့် ထိခိုက်လွယ်မှုများကို သက်သာစေရန် သဘာဝကုထုံးများသည် အကျိုးရှိနိုင်ပါသည်။ ရေနွေးဝတ် ကပ်ပေးခြင်းက ဝေဒနာကို သက်သာစေနိုင်ပြီး ဆရာဝန်ညွှန်ကြားချက်မလိုဘဲ အလွယ်တကူဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ ဖြစ်ကြသည့် ‘အိုင်ဗျူပရိုဖန်’ (ibuprofen) နှင့် ‘ပါရာစီတမော’ (acetaminophen) တို့သည်လည်း မသက်သာမှုများကို စီမံခန့်ခွဲရန် ကူညီပေးနိုင်သည်။
မတူကွဲပြားသော အကြောင်းရင်းများအပေါ် မူတည်၍ ကုသမှုဆိုင်ရာ ရွေးချယ်စရာများမှာ အောက်ပါအတိုင်း ဖြစ်သည်–
- ကူးစက်ရောဂါပိုးဝင်ခြင်း (Infection)– HIV ပိုးဝင်ခြင်းကြောင့် ပြန်ရည်ကျိတ်ရောင်ရမ်းခြင်း ဖြစ်ပါက HIV အတွက် သီးသန့်ကုသမှုများကို ပေးသွားမည် ဖြစ်သည်။ အကယ်၍ ၎င်းတို့သည် ဗက်တီးရီးယားပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါက ပုံမှန်အားဖြင့် ပဋိဇီဝဆေးများကို ညွှန်ကြားလေ့ရှိသည်။
- ကိုယ်ခံအားစနစ် ချို့ယွင်းသည့် ရောဂါ (Immune system disorder)– အကယ်၍ ရောင်ရမ်းခြင်းက လူပတ်စ် (lupus) သို့မဟုတ် ဂေါက်ဆစ်ရောင်ရမ်းနာ (rheumatoid arthritis) ကဲ့သို့သော ကိုယ်ခံအားစနစ်ဆိုင်ရာ ရောဂါတစ်ခုခုနှင့် ဆက်စပ်နေပါက နောက်ကွယ်ရှိ အရင်းခံအကြောင်းရင်းများအတွက် ကုသမှု ခံယူရန် လိုအပ်ပါသည်။
- ကင်ဆာရောဂါ (Cancer)– ကင်ဆာရောဂါကြောင့် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း ဖြစ်ပွားရသည့် အခြေအနေမျိုးတွင် ကင်ဆာအမျိုးအစားပေါ် မူတည်၍ ခွဲစိတ်ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း သို့မဟုတ် ဓာတုကုထုံးဖြင့် ကုသခြင်းတို့ကို ခံယူရန် အကြံပြုနိုင်ပါသည်။
