အရေပြားကင်ဆာ အမျိုးအစား
အရေပြားကင်ဆာ အမျိုးအစား အကြောင်း သိကောင်းစရာ
ဆဲလ်ပြားကင်ဆာ (Squamous cell carcinoma) ဆိုသည်မှာ အရေပြား၏ အပြင်ဘက်ဆုံးအလွှာဖြစ်သော အပီဒါမစ် (epidermis) ရှိ ဆဲလ်ပြားများတွင် စတင်ဖြစ်ပွားသည့် အရေပြားကင်ဆာ အမျိုးအစားတစ်ခု ဖြစ်သည်။ ၎င်းသည် များသောအားဖြင့် ခေါင်း၊ လက်မောင်းနှင့် ခြေထောက်များကဲ့သို့ နေရောင်ခြည်နှင့် အများဆုံးထိတွေ့ရသည့် အရေပြားနေရာများတွင် ဖြစ်ပွားလေ့ရှိသည်။ ၎င်းသည် ဒုတိယမြောက် အဖြစ်အများဆုံး အရေပြားကင်ဆာပုံစံ ဖြစ်သည်။
ဆဲလ်ပြားများကို ခန္ဓာကိုယ်အနှံ့အပြားတွင် တွေ့ရှိနိုင်ပြီး ဆဲလ်ပြားကင်ဆာသည် ဆဲလ်ပြားများရှိသည့် မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်သည်။ ကင်ဆာသည် ခန္ဓာကိုယ်၏ အင်္ဂါအစိတ်အပိုင်းများနှင့် ခန္ဓာကိုယ်တွင်းအခေါင်းပွများ၏ အတွင်းဘက်နံရံများဖြစ်သော အကျိအမြှေးပါး (mucous membranes) ရှိသည့်နေရာများ (ဥပမာ – ပါးစပ်၊ အဆုတ်နှင့် စုထုံ/စအို) တွင်လည်း ဖြစ်ပွားနိုင်သည်။
ကင်ဆာဖြစ်ပွားသည့်နေရာနှင့် ခန္ဓာကိုယ်အတွင်း ကင်ဆာရှိနေသည့် ပမာဏအပေါ် မူတည်၍ ဆဲလ်ပြားကင်ဆာ ပုံစံနှစ်မျိုး ရှိသည်။
- အရေပြားတွင်ဖြစ်သော ကင်ဆာ (Cutaneous): အရေပြား၏ အပေါ်ယံအလွှာကိုသာ ထိခိုက်စေသည့် ကင်ဆာ (မူလနေရာတွင်ပဲရှိနေသောကင်ဆာ) သို့မဟုတ် အရေပြားအပေါ်ယံအလွှာထက် ကျော်လွန်၍ တိုးပွားလာသော ကင်ဆာဖြစ်သည်။
- ပျံ့နှံ့သွားသော ကင်ဆာ (Metastatic): အရေပြားထက် ကျော်လွန်၍ ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားသော ကင်ဆာဖြစ်သည်။
အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာသည် p53 မျိုးရိုးဗီဇ (gene) ပြောင်းလဲခြင်း (mutation) ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ အဆိုပါ ဗီဇပြောင်းလဲခြင်းသည် နေရောင်ခြည် သို့မဟုတ် အသားညို စက်များ သို့မဟုတ် မီးချောင်းများမှလာသော ခရမ်းလွန်ရောင်ခြည် (UV) နှင့် ရေရှည်ထိတွေ့မှုကြောင့် ဖြစ်ပွားသည်။
အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာသည် အသက်အန္တရာယ်စိုးရိမ်ရခဲသော်လည်း ပြင်းထန်နိုင်သည်။ အကယ်၍ ကုသမှုမခံယူဘဲ ထားပါက ၎င်းသည် ကြီးထွားလာပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ ကုသမှုပုံစံများတွင် ယေဘုယျအားဖြင့် ခွဲစိတ်ကုသခြင်း၊ အထူးလုပ်ထုံးလုပ်နည်းများဖြင့် ကုသခြင်းနှင့် ဆေးဝါးများဖြင့် ကုသခြင်းတို့ ပါဝင်သည်။
ရောဂါလက္ခဏာများ
အရေပြားပြောင်းလဲမှုများသည် ပါးစပ်အတွင်းပိုင်း၊ ခြေဖဝါးအောက်နှင့် မျိုးပွားအင်္ဂါများအပါအဝင် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်သည်။ အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာသည် ဦးရေပြား၊ လက်ဖမိုး၊ နားရွက် သို့မဟုတ် နှုတ်ခမ်းများတွင် အဖြစ်အများဆုံး ဖြစ်သည်။ အဆိုပါနေရာများသည် နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့နေရသဖြင့် အန္တရာယ်ဖြစ်နိုင်ခြေ မြင့်မားသော နေရာများဖြစ်သည်။
ဆဲလ်ပြားကင်ဆာ၏ လက္ခဏာများတွင် အောက်ပါကဲ့သို့သော အရေပြားပြောင်းလဲမှုများ ပါဝင်သည်။
- မာကျောပြီး နီမြန်းနေသော အကျိတ်ငယ်တစ်ခု ဖြစ်ခြင်း။
- အပေါ်ယံတွင် အနာဖေးကဲ့သို့ ကွဲအက်ပြီး သွေးထွက်နိုင်သည့် ကြမ်းတမ်းသော အဖု သို့မဟုတ် အသားပို ဖြစ်ခြင်း။
- ဘေးပတ်ဝန်းကျင် အရေပြားထက် မြင့်နေသော်လည်း အလယ်ဗဟိုတွင် ချိုင့်ခွက်နေသော အသားပို ဖြစ်ခြင်း။
- မပျောက်ကင်းနိုင်သော ဒဏ်ရာ သို့မဟုတ် အနာဖြစ်ခြင်း၊ သို့မဟုတ် ပျောက်ကင်းသွားပြီးမှ ပြန်ဖြစ်လာသော အနာဖြစ်ခြင်း။
- ပြားချပ်၍ အကြေးခွံကဲ့သို့ ဖြစ်နေသော နီမြန်းသည့် အရေပြားဧရိယာသည် ခန့်မှန်းခြေ တစ်လက်မခန့်အထိ ပိုမိုကြီးမားလာခြင်း။
- နှုတ်ခမ်းပေါ်တွင် ကြမ်းတမ်းပြီး အကြေးခွံကဲ့သို့ ဖြစ်နေသော အကွက်တစ်ခုဖြစ်ပေါ်ကာ ယင်းမှတစ်ဆင့် အနာပွင့် ဖြစ်သွားခြင်း။
- ပါးစပ်အတွင်းပိုင်းတွင် နီမြန်းခြင်း၊ နာကျင်ခြင်း သို့မဟုတ် ကြမ်းတမ်းသောအကွက် ဖြစ်ခြင်း။
- စအို သို့မဟုတ် မျိုးပွားအင်္ဂါတဝိုက်တွင် ကြွက်နို့နှင့်တူသော အနာ သို့မဟုတ် ဖောင်းကြွပြီး နီမြန်းသောအကွက် ဖြစ်ခြင်း။
အကယ်၍ သင့်တွင် နှစ်လထက်ကျော်လွန်၍ မပျောက်ကင်းသော အနာ သို့မဟုတ် အနာဖေး ရှိနေပါက သို့မဟုတ် အကြေးခွံကဲ့သို့ အရေပြားအကွက် ပြားပြားတစ်ခု စွဲမြဲနေပါက ဆရာဝန်နှင့် ပြသရန် အကြံပြုအပ်သည်။ ထို့အပြင် သင့်အရေပြားပေါ်တွင် အဖုအကျိတ်အသစ်၊ မှဲ့အသစ်များ တွေ့ရှိရပါက သို့မဟုတ် ရှိရင်းစွဲမှဲ့ သို့မဟုတ် အကွက်များ ပြောင်းလဲလာပါက ဆေးဝါးကုသမှု ခံယူရန် အရေးကြီးသည်။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဆဲလ်ပြားကင်ဆာသည် p53 မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ p53 မျိုးရိုးဗီဇ ပြောင်းလဲခြင်းကို ဖြစ်စေသည့် အဖြစ်အများဆုံး အကြောင်းရင်းမှာ နေရောင်ခြည် သို့မဟုတ် အိမ်တွင်း အသားညိုစက်များမှ ခရမ်းလွန်ရောင်ခြည် (UV) ထိတွေ့မှုကြောင့် ဖြစ်သည်။ ဆဲလ်တစ်ခု၏ DNA တွင် ထိုဆဲလ်ကို ဘာလုပ်ရမည်နည်းဟူသော ညွှန်ကြားချက်များ ပါဝင်သည်။ p53 မျိုးရိုးဗီဇသည် သက်တမ်းကုန်ဆုံးသွားသော ဆဲလ်များနေရာတွင် အစားထိုးရန်အတွက် ဆဲလ်များကို ပွားများရန်နှင့် ပြန်လည်ထုတ်လုပ်ရန် ညွှန်ကြားပေးသည်။
p53 မျိုးရိုးဗီဇ ပြောင်းလဲသွားခြင်း (ဗီဇပျက်စီးခြင်း) ဆိုသည်မှာ ဆဲလ်များ စနစ်တကျ အလုပ်လုပ်ရန် လိုအပ်သော ညွှန်ကြားချက်များ ကင်းမဲ့သွားခြင်းကို ဆိုလိုသည်။ ရလဒ်အနေဖြင့် ဆဲလ်ပြားများသည် အလွန်အကျွံ မကြာခဏ ပွားများပြီး ပြန်လည်ထုတ်လုပ်လာကာ ခန္ဓာကိုယ်အတွင်းနှင့် အပြင်ဘက်တို့တွင် အဖုအကျိတ်များ၊ အသားပိုများ သို့မဟုတ် အနာအဆာများကဲ့သို့သော တူမော (tumors) များ ဖြစ်ပေါ်လာစေသည်။ အရေပြား၏ အလယ်လွှာနှင့် အပြင်လွှာရှိ ပြားချပ်၍ ပါးလွှာသော ဆဲလ်ပြားများ၏ DNA ပြောင်းလဲခြင်း သို့မဟုတ် ဗီဇပြောင်းလဲခြင်း ဖြစ်ပေါ်သည့်အခါ အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာ ဖွံ့ဖြိုးလာသည်။
သို့သော်လည်း နေရောင်ခြည်နှင့် ပုံမှန်မထိတွေ့သော အရေပြားပေါ်တွင် စတင်ဖြစ်ပွားသည့် အရေပြားကင်ဆာများကိုမူ နေရောင်ခြည်ထိတွေ့မှုတစ်ခုတည်းဖြင့် ရှင်းပြ၍မရပါ။ ယင်းက အခြားသော အကြောင်းအချက်များသည်လည်း အရေပြားကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ကြောင်း ညွှန်ပြနေသည်။
Risk factors (အန္တရာယ်ရှိစေသော အချက်များ)
အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်မားစေသည့် အကြောင်းရင်းများစွာ ရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- အသားအရေ ဖြူဖွေးခြင်း: အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာသည် မည်သည့်အရေပြားအရောင်ရှိသူတွင်မဆို ဖြစ်ပွားနိုင်သည်။ သို့သော်လည်း အရေပြားတွင် မယ်လနင် (melanin) ဓာတ် နည်းပါးသူများသည် အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်ဒဏ်ကို သဘာဝအတိုင်း ကာကွယ်နိုင်စွမ်း နည်းပါးသဖြင့် ပိုမို၍ အန္တရာယ်ရှိသည်။ ဆံပင်ရွှေဝါရောင် သို့မဟုတ် ဆံပင်နီရောင်ရှိသူများ၊ မျက်လုံးအရောင် ဖျော့သူများနှင့် တင်းတိပ်ရှိသူများသည် အသားညိုသူများနှင့် နှိုင်းယှဉ်ပါက ဆဲလ်ပြားကင်ဆာ ဖြစ်ပွားရန် ပိုမိုလွယ်ကူသည်။
- နေရောင်ခြည်နှင့် ရေရှည်ထိတွေ့ခြင်း: အသက်ငယ်ရွယ်စဉ်အချိန်၌ နေရောင်ခြည်နှင့် ရေရှည်ထိတွေ့ရခြင်း၊ နေလောင်ဒဏ် ခံရခြင်း သို့မဟုတ် ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်းတို့သည် ဆဲလ်ပြားကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။
- အသားညိုစက်များ အသုံးပြုခြင်း: အိမ်တွင်း အသားညိုစက်များကို အသုံးပြုသူများတွင် ဆဲလ်ပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- နေလောင်ဖူးသည့် ရာဇဝင်ရှိခြင်း: နေလောင်လွယ်သူများသည် ဆဲလ်ပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများပြီး အထူးသဖြင့် ကလေးဘဝ သို့မဟုတ် ဆယ်ကျော်သက်အရွယ်တွင် နေလောင်ဒဏ် ခံခဲ့ရဖူးပါက ပို၍ ဖြစ်နိုင်သည်။
- ကင်ဆာမပြောင်းမီ အရေပြားအနာအဆာ ရာဇဝင်ရှိခြင်း: အက်တီးနစ် ကီရာတိုးဆစ် (actinic keratosis) သို့မဟုတ် ဗိုဝမ်ရောဂါ (Bowen’s disease) ကဲ့သို့သော ကင်ဆာမဖြစ်မီ အရေပြားအနာအဆာ ရှိဖူးသူများတွင် အရေပြား၌ ဆဲလ်ပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများသည်။
- အရေပြားကင်ဆာ ဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း: အရေပြားတွင် ဆဲလ်ပြားကင်ဆာ ဖြစ်ဖူးသူများ၌ ၎င်းကင်ဆာ ပြန်လည်ဖြစ်ပွားနိုင်သည်။
- ကိုယ်ခံအားစနစ် အားနည်းခြင်း: အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု ခံယူထားသူများ၊ သွေးကင်ဆာ (leukemia) သို့မဟုတ် လင်ဖိုးမား (lymphoma) ကင်ဆာရှိသူများကဲ့သို့ ကိုယ်ခံအားကျဆင်းနေသူများသည် အရေပြားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသည်။
- ရှားပါးသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိခြင်း: ဇီရိုဒါးမား ပစ်ဂ်မန်တိုဆမ် (xeroderma pigmentosum) ဟုခေါ်သော နေရောင်ခြည်ကို အလွန်အမင်း ထိခိုက်လွယ်စေသည့် အခြေအနေသည်လည်း အရေပြားကင်ဆာ ဖြစ်ပွားခြင်းကို ကြုံတွေ့ရစေနိုင်သည်။
ရောဂါရှာဖွေခြင်း (Diagnosis)
အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာကို ရောဂါရှာဖွေရန်အတွက် ဆရာဝန်သည် ခံစားနေရသော လက္ခဏာများကို မေးမြန်းနိုင်ပါသည်။ စစ်ဆေးမှုနှင့် လုပ်ထုံးလုပ်နည်းများတွင် အောက်ပါတို့ ပါဝင်နိုင်သည်။
- ကိုယ်ခန္ဓာအား စစ်ဆေးခြင်း (Physical examination): ဆရာဝန်သည် လူနာ၏ ဆေးဘက်ဆိုင်ရာ ရာဇဝင်ကို မေးမြန်းခြင်းနှင့်အတူ ရောဂါလက္ခဏာများ ရှိ၊ မရှိ သိရှိနိုင်ရန် အရေပြားကို သေချာစွာ စစ်ဆေးကြည့်ရှုနိုင်ပါသည်။
- အသားစယူ စစ်ဆေးခြင်း (Biopsy): အရေပြားအသားစယူခြင်း ဆိုသည်မှာ အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးရန် အရေပြားတစ်ရှူး နမူနာအနည်းငယ်ကို ဖယ်ထုတ်ခြင်း ဖြစ်သည်။ အရေပြားအသားစယူသည့် ပုံစံသည် လူနာ၏ သတ်မှတ်ထားသောအခြေအနေပေါ် မူတည်သည်။ ဆရာဝန်သည် အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာ ရောဂါရှာဖွေမှုကို အတည်ပြုရန်အတွက် သံသယဖြစ်ဖွယ် အရေပြားအနာအဆာအချို့ သို့မဟုတ် အားလုံးကို ဖယ်ရှားရန် ကိရိယာတစ်ခုကို အသုံးပြုလိမ့်မည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်းများ (Imaging tests): ပုံရိပ်ဖော်စစ်ဆေးခြင်းကို အရေပြားအောက်ရှိ ကင်ဆာကျိတ်၏ အရွယ်အစားနှင့် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ (အထူးသဖြင့် ပြန်ရည်ကျိတ်များ) သို့ ပျံ့နှံ့သွားခြင်း ရှိ၊ မရှိ ဆုံးဖြတ်ရန် အသုံးပြုလိမ့်မည်။ ၎င်းကို များသောအားဖြင့် စီတီစကန် (CT scan) သို့မဟုတ် အမ်အာရ်အိုင် (MRI) တို့ဖြင့် ပြုလုပ်လေ့ရှိသည်။
ကုသခြင်း (Treatment)
အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာအတွက် သီးခြားကုသမှုပုံစံကို အဖုအကျိတ်၏ အရွယ်အစား၊ တည်နေရာနှင့် ပြင်းထန်မှုအဆင့်၊ ထို့ပြင် လူနာ၏ ကိုယ်ပိုင်ရွေးချယ်မှုတို့အပေါ် မူတည်၍ ဆုံးဖြတ်သည်။ ကုသမှုသည် ခန္ဓာကိုယ်တစ်ရှူးများမှ ကင်ဆာကို လုံးဝဖယ်ရှားပစ်ရန် အဓိကထားသည်။ အရေပြားတွင်ဖြစ်သော ဆဲလ်ပြားကင်ဆာအများစုကို ရိုးရှင်းသော ခွဲစိတ်မှုဖြင့်လည်းကောင်း၊ သို့မဟုတ် ရှားပါးသောအခြေအနေများတွင် လိမ်းဆေးဖြင့်လည်းကောင်း ဖယ်ရှားနိုင်သည်။
- အလွန်သေးငယ်သော အရေပြားကင်ဆာများအတွက် ကုသမှုများ
အန္တရာယ်နည်းပါးပြီး သေးငယ်သော အရေပြားကင်ဆာများအတွက် ခန္ဓာကိုယ်တွင်း ထိုးဖောက်ဝင်ရောက်မှုနည်းသော အောက်ပါကုသမှုများကို ရရှိနိုင်ပါသည်။
- ခြစ်ထုတ်ခြင်းနှင့် လျှပ်စစ်ဖြင့် အနာဖျက်ခြင်း (Curettage and electrodessication – C and E): ဤကုသမှုကို သေးငယ်သော သို့မဟုတ် အရေပြားအပေါ်ယံတွင်သာရှိသော ဆဲလ်ပြားအရေပြားကင်ဆာကျိတ်များအတွက် မကြာခဏ အသုံးပြုသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ဇွန်းကဲ့သို့သော ကိရိယာ (သို့မဟုတ်) ခြစ်တံ (curette) ဖြင့် ကင်ဆာအကျိတ်ကို ခြစ်ထုတ်ပြီးနောက် ၎င်းနေရာကို လျှပ်စစ်အပ်ဖြင့် မီးရှို့ဖျက်ဆီးသည်။
- လေဆာဖြင့် ကုသခြင်း (Laser therapy): ဤနည်းလမ်းသည် များသောအားဖြင့် ဘေးပတ်ဝန်းကျင်ရှိ တစ်ရှူးများကို ထိခိုက်ဒဏ်ရာရမှု အနည်းဆုံးဖြစ်စေပြီး သွေးထွက်ခြင်း၊ ရောင်ရမ်းခြင်းနှင့် အမာရွတ်ထင်ခြင်းတို့ ဖြစ်နိုင်ခြေကို လျော့နည်းစေသောကြောင့် အရေပြားအပေါ်ယံတွင်သာရှိသော အနာအဆာများအတွက် အလွန်သင့်လျော်သည်။ ဤလုပ်ထုံးလုပ်နည်းသည် အသားပိုများကို အငွေ့ပျံစေသည့် ပြင်းအားကောင်းသော အလင်းတန်းကို အသုံးပြုသည်။
- အအေးလှိုင်းဖြင့် ခွဲစိတ်ကုသခြင်း (Cryosurgery): ဤသည်မှာ ပုံမှန်မဟုတ်သော ဆဲလ်များကို အေးခဲစေပြီး သေဆုံးသွားစေရန် အလွန်ပြင်းထန်သော အအေးဓာတ်ကို အသုံးပြုသည့် ကုသမှုဖြစ်သည်။ ဤလုပ်ထုံးလုပ်နည်းတွင် ယင်းကဲ့သို့ ပြင်းထန်သောအအေးဓာတ်ရရှိရန် အရည်ပျော်နိုက်ထရိုဂျင် (liquid nitrogen) ကဲ့သို့သော ဒြပ်ပစ္စည်းများကို အသုံးပြုလေ့ရှိသည်။ C and E လုပ်ထုံးလုပ်နည်းပြီးနောက် အအေးလှိုင်းဖြင့် ကုသခြင်းကို ပြုလုပ်နိုင်သည်။ ၎င်းကို အရေပြားအပေါ်ယံ အနာအဆာများကို ကုသရန် မကြာခဏ အသုံးပြုသည်။ လူအများစုသည် ဤလုပ်ထုံးလုပ်နည်းမှ မြန်မြန်ဆန်ဆန်နှင့် နာကျင်မှုအနည်းငယ်ဖြင့် ပြန်လည်သက်သာလာကြသည်။
- အလင်းရောင်သုံး ကုသခြင်း (Photodynamic therapy): ဤကုသမှုသည် အလင်းဒဏ်ခံနိုင်ရည်ရှိစေသော ဆေးဝါးများနှင့် အလင်းရောင်တို့ကို ပေါင်းစပ်အသုံးပြု၍ အရေပြားအပေါ်ယံကင်ဆာများကို ကုသသည့် နည်းလမ်းဖြစ်သည်။ ဤကုသမှုကို ကင်ဆာဆဲလ်များ အလင်းရောင်ခံနိုင်ရည်ရှိစေရန် အရေပြားပေါ်တွင် အရည်ပုံစံဆေးဝါးတစ်မျိုး လိမ်းပေးခြင်းဖြင့် စတင်သည်။ ထို့နောက် ကုသထားသော ဧရိယာပေါ်သို့ ကင်ဆာဆဲလ်များကို ဖျက်ဆီးရန်အတွက် သီးခြားအလင်းရောင် အမျိုးအစားတစ်ခုကို ပစ်လွှတ်ပေးသည်။
- ပိုမိုကြီးမားသော အရေပြားကင်ဆာများအတွက် ကုသမှုများ: ပိုမိုကြီးမားသော ဆဲလ်ပြားကင်ဆာများနှင့် အရေပြားအတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ပျံ့နှံ့သွားသော ကင်ဆာများသည် အောက်ပါကဲ့သို့သော ခန္ဓာကိုယ်တွင်း ပိုမိုထိုးဖောက်ဝင်ရောက်ရသည့် ကုသမှုများ လိုအပ်နိုင်ပါသည်။
- ရိုးရှင်းစွာ ဖြတ်ထုတ်ခြင်း (Simple excision): အချို့သောအခြေအနေများတွင် ဆရာဝန်သည် ကျယ်ကျယ်ပြန့်ပြန့် ဖြတ်ထုတ်ရန် အကြံပြုနိုင်သည်။ ယင်းတွင် အဖုအကျိတ်ပတ်ပတ်လည်ရှိ ပုံမှန်အရေပြားကိုပါ ထပ်တိုးဖယ်ရှားခြင်း ပါဝင်သည်။ ရိုးရှင်းစွာ ဖြတ်ထုတ်ခြင်းတွင် ဆရာဝန်သည် များသောအားဖြင့် ကင်ဆာတစ်ရှူးနှင့်အတူ ၎င်း၏ပတ်ပတ်လည်ရှိ ကောင်းမွန်သော အရေပြားအနားသတ်ကိုပါ ဖယ်ရှားလေ့ရှိသည်။ အမာရွတ်ထင်ကျန်မှုကို လျှော့ချရန်အတွက် အရေပြားပြန်လည်ပြုပြင်ခြင်း (Skin reconstruction) ကို ပြုလုပ်နိုင်သည်။
- မို့စ် ခွဲစိတ်မှု (Mohs surgery): ဤသည်မှာ ကျန်းမာသောတစ်ရှူးများကို ထိန်းသိမ်းထားစဉ် အန္တရာယ်မြင့်မားသော အရေပြားကင်ဆာကို ဖယ်ရှားရန်အတွက် ဆေးရုံတက်ရန်မလိုဘဲ ပြုလုပ်နိုင်သော တိကျသေချာသည့် ခွဲစိတ်မှုလုပ်ထုံးလုပ်နည်း ဖြစ်သည်။ ၎င်းသည် ပတ်ဝန်းကျင်ရှိ ကျန်းမာသောအရေပြားကို အလွန်အကျွံဖယ်ရှားခြင်းမှ ကာကွယ်ပေးပြီး အဖုအကျိတ်တစ်ခုလုံးကို ဖယ်ရှားပြီးဖြစ်ကြောင်း သေချာစေသည်။ ၎င်းကို တစ်လွှာချင်းစီ ဖြတ်ထုတ်ခြင်းဖြင့် ပြုလုပ်ပြီး ပုံမှန်မဟုတ်သော ဆဲလ်များ လုံးဝမကျန်တော့သည့်တိုင်အောင် အလွှာတစ်ခုစီကို အဏုကြည့်မှန်ပြောင်းအောက်တွင် စစ်ဆေးသည်။
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ဤလုပ်ထုံးလုပ်နည်းကို များသောအားဖြင့် ခွဲစိတ်မှု မခံယူနိုင်သူများ သို့မဟုတ် ကင်ဆာပြန်ဖြစ်နိုင်ခြေ မြင့်မားသူများအတွက် အကြံပြုထားသည်။ ကင်ဆာဆဲလ်များကို သတ်ရန်အတွက် ဓာတ်ရောင်ခြည်ကုထုံးသည် အိပ်စရေး (X-rays) နှင့် ပရိုတွန် (protons) ကဲ့သို့သော စွမ်းအင်မြင့် အလင်းတန်းများကို အသုံးပြုသည်။
- အရေပြားထက် ကျော်လွန်၍ ပျံ့နှံ့သွားသော အရေပြားကင်ဆာများအတွက် ကုသမှုများ: ဆဲလ်ပြားကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားသောအခါ အောက်ပါဆေးဝါးကုသမှုများကို မကြာခဏ ညွှန်ကြားလေ့ရှိသည်။
- ဓာတ်ကုထုံး/ဆေးသွင်းကုသခြင်း (Chemotherapy): အကယ်၍ ဆဲလ်ပြားကင်ဆာသည် ပြန်ရည်ကျိတ်များ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားနေရာများသို့ ပျံ့နှံ့သွားပါက ဆေးသွင်းကုသမှုကို ပေးနိုင်ပါသည်။ ဆေးသွင်းကုသခြင်းသည် ကျယ်ပြန့်စွာအသုံးပြုသော ကင်ဆာကုသမှုတစ်ခု ဖြစ်သည်။ ၎င်းသည် ကင်ဆာဆဲလ်များကို သတ်ရန်နှင့် အဖုအကျိတ်ကြီးထွားမှုကို တားဆီးရန် ဆေးဝါးများကို အသုံးပြုသည်။ ၎င်းကို ပစ်မှတ်ထားကုထုံး (targeted drug therapy) နှင့် ဓာတ်ရောင်ခြည်ကုထုံး အပါအဝင် အခြားကင်ဆာကုသမှုများနှင့် ပေါင်းစပ်နိုင်သည်။ ဆေးသွင်းကုသခြင်းကို ပုံမှန်အားဖြင့် သွေးကြောအတွင်းသို့ ဆေးသွင်းခြင်း (intravenously) ဖြင့် ပေးလေ့ရှိသည်။
- ပစ်မှတ်ထား ကုထုံး (Targeted drug therapy): ပစ်မှတ်ထားသော ဆေးဝါးကုထုံးကို ဆေးသွင်းကုသခြင်းနှင့် ပေါင်းစပ်၍ မကြာခဏ အသုံးပြုသည်။ ၎င်းသည် ကင်ဆာဆဲလ်များတွင် တွေ့ရသော သတ်မှတ်ထားသည့် အားနည်းချက်များကို ပစ်မှတ်ထားသည်။ အဆိုပါ အားနည်းချက်များကို ပိတ်ဆို့တားဆီးခြင်းဖြင့် ကင်ဆာဆဲလ်များကို သေစေနိုင်သည်။
- ကိုယ်ခံအားမြှင့် ကုထုံး (Immunotherapy): ကိုယ်ခံအားကုထုံးကို ရင့်ကျက်ဆိုးရွားသော အရေပြားဆဲလ်ပြားကင်ဆာအတွက် သို့မဟုတ် အခြားကုထုံးများ မသင့်လျော်သည့်အခါတွင် အသုံးပြုနိုင်သည်။ ကင်ဆာဆဲလ်များသည် ကိုယ်ခံအားစနစ်ဆဲလ်များကို ကန်းစေသော ပရိုတင်းများကို ထုတ်လွှတ်သောကြောင့် ခန္ဓာကိုယ်၏ ရောဂါကိုတိုက်ဖျက်ပေးသည့် ကိုယ်ခံအားစနစ်သည် ကင်ဆာကို တိုက်ဖျက်ရန် ပျက်ကွက်နိုင်သည်။ ကိုယ်ခံအားကုထုံးသည် ထိုဖြစ်စဉ်ကို နှောင့်ယှက်ခြင်းဖြင့် အလုပ်လုပ်သည်။ ကိုယ်ခံအားကုထုံးသည် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးသည့် ကင်ဆာတိုက်ဖျက်ရေး ဆေးဝါးတစ်ခုဖြစ်သည်။
