ရေယုန် ရောဂါအကြောင်း သိကောင်းစရာ
ရေယုန် (Shingles) သည် ဗာရီဆဲလ်လာ-ဇိုစတာ ဗိုင်းရပ်စ် (varicella-zoster virus) ကြောင့် ဖြစ်ပွားခြင်းဖြစ်ပြီး၊ ဤဗိုင်းရပ်စ်သည် ရေကျောက် (chickenpox) ကိုလည်း ဖြစ်စေပါသည်။ ရေကျောက်ဖြစ်ဖူးပြီးနောက် အဆိုပါဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်း၌ နှစ်ပေါင်းများစွာ ခိုအောင်းနေတတ်ပြီး နောက်ပိုင်းတွင် ရေယုန်အဖြစ် ဖွံ့ဖြိုးလာနိုင်ပါသည်။
ရေယုန်သည် ပြင်းထန်သော နာကျင်မှုကို ဖြစ်စေနိုင်သော်လည်း အန္တရာယ်မရှိပါ၊ ထို့ပြင် ရောဂါဖြစ်ပွားနိုင်ခြေကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန်အတွက် ကာကွယ်ဆေးလည်း ရရှိနိုင်ပါသည်။ အကယ်၍ စောစီးစွာ ကုသမှုခံယူပါက ပိုးဝင်ခြင်းနှင့် နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေမည် ဖြစ်သည်။
ရေယုန်အုပ်စုနောက်ဆက်တွဲ အာရုံကြောနာကျင်ခြင်း (Postherpetic neuralgia) သည် ရေယုန်၏ အဖြစ်အများဆုံး နောက်ဆက်တွဲပြဿနာဖြစ်ပြီး၊ ၎င်းသည် အရည်ကြည်ဖုများ ပျောက်ကင်းသွားပြီးသည့်တိုင်အောင် ကာလရှည်ကြာစွာ နာကျင်မှုကို ဖြစ်စေပါသည်။
ရောဂါလက္ခဏာများ
ရေယုန်၏ လက္ခဏာများနှင့် လက္ခဏာရပ်များသည် ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းရှိ အစိတ်အပိုင်းအနည်းငယ်တွင်သာ ပေါ်လာတတ်ပြီး အောက်ပါတို့ ပါဝင်နိုင်ပါသည် –
- ထိတွေ့မှုကို အာရုံခံစားလွယ်ခြင်း။
- အရေပြားဧရိယာတစ်ခုတွင် ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ကာ နာကျင်ခြင်း။
- ရက်အနည်းငယ်ခန့် နာကျင်ပြီးနောက် အနီရောင်အင်ပြင်များ စတင်ပေါ်လာခြင်း။
- အတွင်း၌ အရည်များပါရှိသော အရည်ကြည်ဖုများပေါက်ကာ ယင်းတို့ ပေါက်ထွက်ပြီး အနာဖေးတက်ခြင်း။
- ယားယံခြင်း။
အချို့သောအခြေအနေများတွင် အောက်ပါလက္ခဏာများလည်း ဖြစ်ပေါ်နိုင်ပါသည် –
- ခေါင်းကိုက်ခြင်း
- ဖျားခြင်း
- အလင်းရောင်မခံနိုင်ခြင်း
- နုန်းခွေခြင်း
ရေယုန်စတင်ဖြစ်ပွားချိန်တွင် နာကျင်သောဝေဒနာများကို ခံစားရလေ့ရှိပြီး ၎င်းကို နှလုံး၊ အဆုတ် သို့မဟုတ် ကျောက်ကပ်ရောဂါဟု မှားယွင်းယူဆမိတတ်ကြပါသည်။ အချို့သောအခြေအနေများတွင် မည်သည့်အင်ပြင်မျှ မပြဘဲ နာကျင်မှုကိုသာ ခံစားရခြင်းမျိုးလည်း ရှိနိုင်ပါသည်။
ရေယုန်ကြောင့်ထွက်သော အင်ပြင်များသည် များသောအားဖြင့် ဝမ်းဗိုက်ပိုင်း (ညာဘက် သို့မဟုတ် ဘယ်ဘက်ခြမ်း) တွင်လည်းကောင်း၊ သို့မဟုတ် မျက်လုံး၊ မျက်နှာ သို့မဟုတ် လည်ပင်းတို့၏ တစ်ဖက်ခြမ်းတွင်လည်းကောင်း အစင်းကြောင်းပုံစံ အရည်ကြည်ဖုများအဖြစ် ပေါ်လာတတ်ပါသည်။
သင့်တွင် ရေယုန်လက္ခဏာများနှင့် လက္ခဏာရပ်များ ခံစားရပါက သင့်ဆရာဝန်နှင့် ပြသဆွေးနွေးပါ၊ အထူးသဖြင့် အောက်ပါလက္ခဏာများ ရှိနေပါက ပို၍ပြသရပါမည် –
- မျက်လုံးနာကျင်ခြင်းနှင့် မျက်လုံးအနီးတဝိုက်တွင် အင်ပြင်ထွက်ခြင်း (ကုသမှုမခံယူဘဲ ထားပါက တစ်သက်တာ မျက်စိပျက်စီးမှုကို ဖြစ်စေနိုင်ပါသည်)။
- အသက်ကြီးပိုင်းဖြစ်ခြင်း (အသက် ၅၀ နှစ် သို့မဟုတ် ယင်းထက်ကျော်လွန်ခြင်း)။
- ကင်ဆာ၊ နာတာရှည်ရောဂါ သို့မဟုတ် ဆေးဝါးများကြောင့် ကိုယ်ခံအားစနစ် အားနည်းနေခြင်း။
- အလွန်အမင်း နာကျင်ပြီး အကြီးအကျယ် ပျံ့နှံ့သွားသောအင်ပြင် ဖြစ်ခြင်း။
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ရေယုန်သည် ရေကျောက်ကိုလည်း ဖြစ်စေသော ဗာရီဆဲလ်လာ-ဇိုစတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ရေကျောက်ဖြစ်ပွားပြီးနောက် အဆိုပါဗိုင်းရပ်စ်သည် ခန္ဓာကိုယ်အတွင်း၌ နှစ်ပေါင်းများစွာ ငြိမ်သက်စွာ ခိုအောင်းနေပြီး၊ နောက်ပိုင်းတွင် ပြန်လည်အသက်ဝင်လာကာ အရေပြားသို့သွားသော အာရုံကြောများမှတစ်ဆင့် ဖြတ်သန်း၍ ရေယုန်အဖြစ် ဖွံ့ဖြိုးလာသည်။ ရေယုန်ဖွံ့ဖြိုးလာစေသည့် အကြောင်းရင်းကိုမူ အသေအချာမသိရသေးပါ။ ၎င်းသည် အသက်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် အားနည်းလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ ၎င်းသည် သက်ကြီးရွယ်အိုများနှင့် ကိုယ်ခံအားကျဆင်းနေသူများတွင် အများဆုံး ဖြစ်ပွားလေ့ရှိသည်။
ဗာရီဆဲလ်လာ-ဇိုစတာသည် မျိုးပွားအင်္ဂါရေယုန် (genital herpes) နှင့် နှုတ်ခမ်းရေယုန် (cold sores) တို့ကို ဖြစ်စေသည့် ဟာပီးစ်ဗိုင်းရပ်စ် (herpes virus) အုပ်စုဝင် ဗိုင်းရပ်စ်အမျိုးအစားတစ်ခု ဖြစ်သည်။ ဤသည်မှာ ရေယုန်ကို ဟာပီးစ်ဇိုစတာ (herpes zoster) ဟုလည်း ခေါ်ဝေါ်ရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ရေကျောက်နှင့် ရေယုန်ကို ဖြစ်စေသော ဗိုင်းရပ်စ်သည် နှုတ်ခမ်းရေယုန် သို့မဟုတ် မျိုးပွားအင်္ဂါရေယုန် (လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ) တို့ကို ဖြစ်စေသော ဗိုင်းရပ်စ်များနှင့်မူ တူညီမှုမရှိပါ။
ရေကျောက်ရောဂါအတွက် ကိုယ်ခံစွမ်းအားမရှိသူ မည်သူမဆို ရေယုန်အင်ပြင်၏ ပွင့်နေသောအနာများကို တိုက်ရိုက်ထိတွေ့မိခြင်းဖြင့် ရေယုန်ရောဂါရှိသူထံမှ ဗာရီဆဲလ်လာ-ဇိုစတာ ဗိုင်းရပ်စ်ကို ကူးစက်ခံရနိုင်ပါသည်။ သို့သော်လည်း ရောဂါပိုးရှိသူနှင့် ထိတွေ့မိသူတွင် ရေယုန်အစား ရေကျောက်ရောဂါသာ ဖြစ်ပွားလိမ့်မည်။
ရေယုန်သည် အချို့သောသူများအတွက် အန္တရာယ်ရှိနိုင်သဖြင့် ရေကျောက်ကာကွယ်ဆေး မထိုးရသေးသူများ သို့မဟုတ် ယခင်က ရေကျောက်မဖြစ်ဖူးသူများ၊ မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ သို့မဟုတ် ကိုယ်ခံအားကျဆင်းနေသူများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှ ဝေးဝေးနေခြင်းက ပိုမိုကောင်းမွန်ပါသည်။ သင့်တွင်ရှိသော ရေယုန်အရည်ကြည်ဖုများ အနာဖေးမတက်သေးသရွေ့ သင်သည် အခြားသူများသို့ ရောဂါပိုးကူးစက်စေနိုင်ဆဲ ဖြစ်သည်။
Risk factors (အန္တရာယ်ရှိစေသော အချက်များ)
သင့်တွင် ရေကျောက်ဖြစ်ဖူးသည့် ရာဇဝင်ရှိပါက ရေယုန်ဖြစ်ပွားနိုင်ပါသည်။ ရေယုန်ဖွံ့ဖြိုးလာစေရန် အကြောင်းပြုနိုင်သည့် အန္တရာယ်အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –
- အသက်အရွယ်: များသောအားဖြင့် အသက် ၅၀ နှစ်ထက်ကြီးသောသူများကို ထိခိုက်စေသည်။ ထို့ပြင် အသက် ၆၀ နှစ်ထက်ကျော်လွန်သူများတွင် ပိုမိုအန္တရာယ်ရှိသော နောက်ဆက်တွဲပြဿနာများ ဖွံ့ဖြိုးလာနိုင်ပါသည်။
- ဆေးဝါးများ: စတီးရွိုက်ဆေးများကို ရေရှည်အသုံးပြုခြင်းနှင့် အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှုတွင် ခန္ဓာကိုယ်မှ ငြင်းပယ်ခြင်းကို ကာကွယ်ရန် ဆေးဝါးများ သောက်သုံးနေရခြင်း။
- အချို့သော ရောဂါဝေဒနာများ: ခုခံအားကျဆင်းမှု ကူးစက်ရောဂါဗိုင်းရပ်စ် (HIV) သို့မဟုတ် ခုခံအားကျဆင်းမှု ကူးစက်ရောဂါစု (AIDS) သို့မဟုတ် ကင်ဆာရောဂါရှိခြင်းတို့ကြောင့် ကိုယ်ခံအားစနစ် ကျဆင်းနေခြင်း။
- ကင်ဆာကုထုံးများ: ကိုယ်ခံအားစနစ်ကို အားနည်းစေသည့် ဓာတ်ရောင်ခြည်ကုထုံး သို့မဟုတ် ဓာတ်ကုထုံး (ဆေးသွင်းကုသခြင်း) တို့ကို ခံယူနေရခြင်း။
ရောဂါရှာဖွေခြင်း (Diagnosis)
သင့်ဆရာဝန်သည် ရေယုန်ရောဂါကို အောက်ပါနည်းလမ်းများဖြင့် ရောဂါရှာဖွေနိုင်ပါသည် –
- ခန္ဓာကိုယ်၏ တစ်ဖက်ခြမ်းတွင် အစင်းကြောင်းပုံစံ အင်ပြင်များနှင့် အရည်ကြည်ဖုများနှင့်အတူ နာကျင်မှု ခံစားရသည့် ရာဇဝင်ကို ရယူခြင်း။
- ဓာတ်ခွဲခန်း၌ ခွဲခြမ်းစိတ်ဖြာ စစ်ဆေးရန်အတွက် အရည်ကြည်ဖုများမှ တစ်ရှူးနမူနာ သို့မဟုတ် ပိုးမွေးမြူရန် နမူနာကို ရယူခြင်း။
ကုသခြင်း (Treatment)
ရေယုန်ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသ၍မရသော်လည်း အစောပိုင်းကာလတွင် ဗိုင်းရပ်စ်သေဆေးများကို သောက်သုံးခြင်းက သင့်ကို ပိုမိုမြန်ဆန်စွာ သက်သာစေနိုင်ပြီး နောက်ဆက်တွဲပြဿနာများ ဖြစ်ပွားမှုကို လျော့နည်းစေနိုင်ပါသည်။ ဗိုင်းရပ်စ်သေဆေးများတွင် အောက်ပါတို့ ပါဝင်သည် –
- Acyclovir
- Famciclovir
- Valacyclovir
ရေယုန်ကြောင့်ဖြစ်သော ပြင်းထန်သည့် နာကျင်မှုကို ကုသရန်အတွက် အောက်ပါဆေးဝါးများကိုလည်း ညွှန်ကြားနိုင်ပါသည် –
- Lidocaine စပရေး၊ ခရင်မ်၊ ဂျယ်လ် သို့မဟုတ် အရေပြားကပ်ခွာများ လိမ်းပေးခြင်းကဲ့သို့သော ထုံဆေးဖြင့် ဒေသန္တရကုသခြင်း။
- Capsaicin အကိုက်အခဲပျောက် အရေပြားကပ်ခွာ။
- Acetaminophen သို့မဟုတ် Ibuprofen ကဲ့သို့သော အကိုက်အခဲပျောက်ဆေးများ။
- အတက်ကျဆေးများ (ဥပမာ – gabapentin)။
- စိတ်ကျရောဂါကုသဆေးအချို့ (ဥပမာ – amitriptyline)။
- စတီးရွိုက်ဆေး (corticosteroid) သို့မဟုတ် ဒေသန္တရထုံဆေး (local anesthesia) ထိုးခြင်း။
ရေယုန်ဝေဒနာ ကြာရှည်မှုမှာ ၂ ပတ်မှ ၆ ပတ်အထိ ရှိနိုင်ပါသည်။ သင့်တစ်သက်တာတွင် ရေယုန်ရောဂါကို တစ်ကြိမ်သာမကဘဲ တစ်ကြိမ်ထက်မကလည်း ခံစားရနိုင်ပါသည်။
