စထရက်လည်ချောင်းပိုးဝင်ခြင်း

စထရက်လည်ချောင်းပိုးဝင်ခြင်း ရောဂါအကြောင်း သိကောင်းစရာ

အုပ်စု အေ စထရက်ပတိုကောကပ်စ် (group A Streptococcus) ဗက်တီးရီးယားကြောင့် ဖြစ်ပွားသော ကူးစက်ရောဂါတစ်ခုဖြစ်သည့် စထရက်လည်ချောင်းပိုးဝင်ခြင်း (Strep throat) သည် လည်ချောင်းအတွင်း ပြင်းထန်စွာရောင်ရမ်းခြင်းနှင့် လည်ချောင်းနာခြင်း (pharyngitis) တို့ကို ဖြစ်စေနိုင်သည်။ စထရက်လည်ချောင်းပိုးဝင်ခြင်းသည် မည်သည့်အသက်အရွယ်မဆို ဖြစ်ပွားနိုင်ပြီး ကလေးသူငယ်များတွင် ပိုမိုဖြစ်ပွားလွယ်ပါသည်။

အကယ်၍ စထရက်လည်ချောင်းပိုးဝင်ခြင်းကို ကုသမှုမပြုဘဲ ထားရှိပါက ကျောက်ကပ်ရောင်ခြင်း သို့မဟုတ် လေးဖက်နာအဖျားရောဂါ (rheumatic fever) ကဲ့သို့သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်ပြီး၊ ၎င်းမှတစ်ဆင့် အဆစ်အမြစ်များ နာကျင်ကိုက်ခဲကာ ရောင်ရမ်းခြင်း၊ ထူးခြားသော အင်ပြင်များထွက်ခြင်း သို့မဟုတ် နှလုံးအဆို့ရှင်များ ပျက်စီးခြင်းတို့အထိ ဖြစ်ပွားနိုင်ပါသည်။

မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုများရရှိရန်အတွက် ဆေးဝါးကုသမှုကို အချိန်မီခံယူရန် အလွန်အရေးကြီးသည်။ သင့်တော်သော စောင့်ရှောက်မှုဖြင့် စထရက်လည်ချောင်းပိုးဝင်ခြင်းသည် များသောအားဖြင့် ၇ ရက်မှ ၁၀ ရက်အတွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါသည်။

ရောဂါလက္ခဏာများ

စထရက်လည်ချောင်းပိုးဝင်ခြင်းသည် ပုံမှန်အားဖြင့် လည်ချောင်းနာခြင်းနှင့်အတူ ရုတ်တရက် အဖျားတက်လာခြင်းဖြင့် စတင်လေ့ရှိပြီး ဒုတိယမြောက်နေ့တွင် အဖျားအမြင့်ဆုံးသို့ ရောက်ရှိတတ်သည်။ အခြားအဖြစ်များသော လက္ခဏာများနှင့် လက္ခဏာရပ်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အာသီးများ နီမြန်းရောင်ရမ်းခြင်း (ရံဖန်ရံခါတွင် ပြည်များ သို့မဟုတ် အဖြူကွက်များ တွေ့ရတတ်သည်)။
  • အာခေါင်ပျော့ သို့မဟုတ် အာခေါင်မာပေါ်တွင် သေးငယ်သောအနီစက်များ ပေါ်လာခြင်း။
  • အစာမျိုရခက်ခဲခြင်း သို့မဟုတ် မျိုချရမသက်မသာဖြစ်ခြင်း။
  • လည်ပင်းရှိ ပြန်ရည်ကျိတ်များ နာကျင်၍ ရောင်ရမ်းခြင်း။
  • ကိုယ်လက်ကိုက်ခဲခြင်း။
  • အင်ပြင်ထွက်ခြင်း။
  • ခေါင်းကိုက်ခြင်း။
  • ပျို့အန်ခြင်း။
  • အစာစားချင်စိတ် လျော့နည်းခြင်း။
  • ဗိုက်နာခြင်း။

အချို့သောအခြေအနေများတွင် လူနာများသည် မည်သည့်လက္ခဏာမျှ မပြဘဲလည်း စထရက်လည်ချောင်းပိုးဝင်ခြင်း ခံစားနေရနိုင်ပါသည်။

စထရက်လည်ချောင်းပိုးဝင်ခြင်းသည် ပုံမှန်အားဖြင့် ချောင်းဆိုးခြင်းကို မဖြစ်စေပါ။ အကယ်၍ လူတစ်ဦးတွင် အခြားအအေးမိလက္ခဏာများနှင့်အတူ ချောင်းဆိုးခြင်းပါ တွဲဖက်ရှိနေပါက ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ကူးစက်မှု (viral infection) ဖြစ်နိုင်ခြေ ပိုများပါသည်။

လည်ချောင်းနာခြင်းကဲ့သို့သော လက္ခဏာများ ရှိနေခြင်းသည် စထရက်လည်ချောင်းပိုးဝင်ခြင်းကိုသာ အမြဲဆိုလိုခြင်းမဟုတ်ပါ။ ၎င်းသည် ဗိုင်းရပ်စ် သို့မဟုတ် အခြားသော ရောဂါဝေဒနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါသည်။ အချို့သောအခြေအနေများတွင် လူတစ်ဦးသည် မိမိကိုယ်တိုင် မည်သည့်လက္ခဏာမျှ ပြသခြင်းမရှိသူထံမှလည်း စထရက်ပိုး ကူးစက်ခံရနိုင်ပါသည်။

ကလေးသူငယ်များအပါအဝင် မည်သူမဆို လည်ချောင်းနာခြင်းနှင့်အတူ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းသည် ၄၈ နာရီထက်ကျော်လွန်၍ ကြာရှည်နေပါကလည်းကောင်း၊ ၎င်းနှင့်အတူ ဖျားခြင်း၊ အင်ပြင်ထွက်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းနှင့် အစာမျိုရခက်ခဲခြင်းစသည့် လက္ခဏာများ တွဲဖက်ပါရှိနေပါကလည်းကောင်း အရေးပေါ် ဆေးဝါးကုသမှု ခံယူရန် လိုအပ်ပါသည်။ ထို့ပြင် စထရက်လည်ချောင်းပိုးဝင်ကြောင်း ရောဂါအမည်သတ်မှတ်ခံရပြီးနောက် ပဋိဇီဝဆေး (antibiotic) စတင်သောက်သုံးပြီး ၄၈ နာရီအတွင်း တစ်စုံတစ်ရာ သက်သာတိုးတက်မှုမရှိပါက ဆရာဝန်ထံမှ ဆေးဘက်ဆိုင်ရာ အကြံဉာဏ် ထပ်မံရယူရန် အရေးကြီးပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

စထရက်လည်ချောင်းပိုးဝင်ခြင်းသည် အုပ်စု အေ စထရက်ပတိုကောကပ်စ် (group A Streptococcus) သို့မဟုတ် စထရက်ပတိုကောကပ်စ် ပိုင်အိုဂျန်းစ် (Streptococcus pyogenes) ဟုခေါ်သော ဗက်တီးရီးယားပိုးကြောင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤဗက်တီးရီးယားပိုး ကူးစက်မှုသည် အလွန်ကူးစက်လွယ်ပြီး ရောဂါလက္ခဏာမပြသူများထံမှလည်း ကူးစက်ပျံ့နှံ့နိုင်ပါသည်။ သို့သော်လည်း လက္ခဏာများပြသနေသူ သို့မဟုတ် နေမကောင်းဖြစ်နေပုံရသူများသည် အခြားသူများသို့ ရောဂါပိုး ပိုမိုပျံ့နှံ့စေနိုင်ပါသည်။ ၎င်းသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အစက်အပြောက်များနှင့် တိုက်ရိုက်ထိတွေ့ခြင်းတို့မှတစ်ဆင့် ကူးစက်တတ်ပါသည်။

Risk factors (အန္တရာယ်ရှိစေသော အချက်များ)

စထရက်လည်ချောင်းပိုးဝင်ခြင်း ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်များတွင် အောက်ပါတို့ ပါဝင်သည် –

  • အသက်အရွယ်: စထရက်လည်ချောင်းပိုးဝင်ခြင်းကို အသက် ၅ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ်များတွင် အများဆုံးတွေ့ရတတ်သော်လည်း ပိုးကူးစက်ခံထားရသော ကလေးများနှင့် ထိတွေ့ရသည့် မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် ပြုစုစောင့်ရှောက်သူများကိုလည်း ထိခိုက်နိုင်ပါသည်။
  • ရာသီဥတု: ၎င်းသည် တစ်နှစ်ပတ်လုံး မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း များသောအားဖြင့် ဆောင်းရာသီနှင့် နွေဦးအစောပိုင်းကာလများတွင် ပျံ့နှံ့လေ့ရှိသည်။
  • လူစုလူဝေးရှိသော ပတ်ဝန်းကျင်: အိမ်ထောင်စုများ၊ ကလေးထိန်းကျောင်းများ၊ ကောလိပ်ကျောင်းများအပါအဝင် စာသင်ကျောင်းများနှင့် စစ်တန်းလျားများကဲ့သို့သော လူစုလူဝေးရှိသည့် ပတ်ဝန်းကျင်များတွင် စထရက်လည်ချောင်းပိုး ကူးစက်ပျံ့နှံ့နိုင်ခြေ ပိုမိုမြင့်မားပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

စထရက်လည်ချောင်းပိုးဝင်ခြင်းကို ရောဂါရှာဖွေရာတွင် လူနာ၏ လက္ခဏာများကို မေးမြန်းခြင်း၊ ကိုယ်ခန္ဓာစစ်ဆေးမှု ပြုလုပ်ခြင်းနှင့် စစ်ဆေးမှုအချို့ ပြုလုပ်ခြင်းတို့ ပါဝင်သည်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်သော ရောဂါများသည်လည်း စထရက်လည်ချောင်းပိုးဝင်ခြင်း၏ လက္ခဏာများနှင့် ဆင်တူနိုင်သောကြောင့် လည်ချောင်းအတွင်း အုပ်စု အေ စထရက်ပတိုကောကပ်စ် ဗက်တီးရီးယားပိုး ရှိ၊ မရှိ အတည်ပြုရန် အလွန်အရေးကြီးပါသည်။

ညွှန်ကြားနိုင်သည့် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်သည် –

  • အမြန်စထရက်စစ်ဆေးခြင်း (Rapid strep test): များသောအားဖြင့် မိနစ် ၂၀ ခန့်သာ ကြာမြင့်တတ်သော ဤစစ်ဆေးမှုသည် စထရက်ဗက်တီးရီးယားပိုးကို ရှာဖွေဖော်ထုတ်ပေးနိုင်သည်။ အကယ်၍ စထရက်ပတိုကောကပ်စ် ဗက်တီးရီးယားပိုးအတွက် အဖြေအပြုသဘော (Positive) ပြပါက ထိုသူတွင် စထရက်လည်ချောင်းပိုးဝင်ခြင်း ရှိနိုင်ခြေများပါသည်။ အဖြေအနုတ်သဘော (Negative) ပြပါက ရလဒ်ကို အတည်ပြုရန်အတွက် လည်ချောင်းပိုးမွေးမြူခြင်း (throat culture) ဖြင့် ထပ်မံစစ်ဆေးနိုင်ပါသည်။ စထရက်စစ်ဆေးခြင်း ပြုလုပ်ရာတွင် အထူးပြုလုပ်ထားသော ဂွမ်းတံဖြင့် လည်ချောင်းနောက်ဘက်ကို တို့ယူစစ်ဆေးခြင်း ဖြစ်သည်။
  • မော်လီကျူးစစ်ဆေးခြင်း (Molecular test): ဤစစ်ဆေးမှုအတွက် လည်ချောင်းမှ တို့ယူရရှိသော နမူနာကို အသုံးပြုသည်။ ၎င်းကို Polymerase chain reaction သို့မဟုတ် PCR စစ်ဆေးခြင်းဟုလည်း ခေါ်ဝေါ်ကြသည်။
  • လည်ချောင်းပိုးမွေးမြူခြင်း (Throat culture): ဤလုပ်ငန်းစဉ်သည် ရလဒ်ထွက်ရှိရန် ၁ ရက်မှ ၂ ရက်အထိ ကြာမြင့်တတ်သည်။ လည်ပင်းပိုးမွေးမြူခြင်းသည် အမြန်စထရက်စစ်ဆေးခြင်းထက် ပိုမိုတိကျသေချာပြီး အမြန်စစ်ဆေးမှုတွင် လွတ်သွားနိုင်သည့် ဗက်တီးရီးယားပိုးများကို ရှာဖွေဖော်ထုတ်ပေးနိုင်သည်။ ၎င်းကို စစ်ဆေးစဉ်အတွင်း လည်ချောင်းနောက်ဘက်နှင့် အာသီးများမှ ထွက်သော အရည်နမူနာကို ဂွမ်းတံဖြင့် တို့ယူစုဆောင်းပြီး၊ စထရက်ပတိုကောကပ်စ် ဗက်တီးရီးယားပိုး ကြီးထွားမှု ရှိ၊ မရှိ စစ်ဆေးရန် ဓာတ်ခွဲခန်းပန်းကန်ပြားတွင် ပိုးမွေးမြူစစ်ဆေးခြင်း ဖြစ်သည်။

ကုသခြင်း (Treatment)

စထရက်လည်ချောင်းပိုးဝင်ခြင်းကို ပျောက်ကင်းစေရန်၊ ၎င်း၏လက္ခဏာများကို သက်သာစေရန်နှင့် နောက်ဆက်တွဲပြဿနာများနှင့် ရောဂါကူးစက်နိုင်ခြေကို လျှော့ချရန်အတွက် ဆေးဝါးများကို အသုံးပြုပါသည်။ သင့်တော်သော ဆေးဝါးများဖြင့် ကုသပါက ပုံမှန်အားဖြင့် ၁ ရက် သို့မဟုတ် ၂ ရက်အတွင်း စတင်သက်သာလာလေ့ရှိသည်။

ကုသမှုပုံစံများတွင် အောက်ပါတို့ ပါဝင်သည် –

  • ပဋိဇီဝဆေးများ (Antibiotics): စထရက်လည်ချောင်းပိုးဝင်ခြင်းအတွက် ပင်နီဆီလင် (penicillin) သို့မဟုတ် အမောက်ဆီဆီလင် (amoxicillin) ကဲ့သို့သော အသုံးများသည့် ပဋိဇီဝဆေးများကို ပုံမှန်အားဖြင့် ညွှန်ကြားလေ့ရှိသည်။ အကယ်၍ ပင်နီဆီလင်နှင့် မတည့်ပါက အခြားအစားထိုးဆေးဝါးများ ရရှိနိုင်ပါသည်။ ပဋိဇီဝဆေးများကို ထိုးဆေးအဖြစ်သော်လည်းကောင်း၊ သို့မဟုတ် သောက်ဆေးပြား/ဆေးရည်ပုံစံဖြင့်သော်လည်းကောင်း ပေးနိုင်ပြီး ပုံမှန်အားဖြင့် ၁၀ ရက်ကြာ သောက်သုံးရပါသည်။ လက္ခဏာများ စတင်ဖြစ်ပွားချိန်မှ ၄၈ နာရီအတွင်း ဤဆေးကို သောက်သုံးပါက ရောဂါလက္ခဏာများ၏ ပြင်းထန်မှု၊ ကြာမြင့်ချိန်နှင့် နောက်ဆက်တွဲပြဿနာများကို လျှော့ချပေးနိုင်သည့်အပြင် ပိုးကူးစက်ပျံ့နှံ့မှုကိုလည်း သက်သာစေပါသည်။

ပဋိဇီဝဆေးများ သောက်သုံးနေပြီး အဖျားကျကာ နေထိုင်ကောင်းလာသော ကလေးငယ်များသည် ပုံမှန်အားဖြင့် ၂ ၄ နာရီအကြာတွင် ကျောင်း သို့မဟုတ် ကလေးထိန်းကျောင်းများသို့ ပြန်လည်တက်ရောက်နိုင်သော်လည်း ရောဂါပြန်လည်ဖြစ်ပွားခြင်းနှင့် လေးဖက်နာအဖျားရောဂါ သို့မဟုတ် ကျောက်ကပ်ရောင်ခြင်းကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန်အတွက် ဆေးပတ်လည်အောင် သောက်သုံးရန် အလွန်အရေးကြီးပါသည်။

  • လက္ခဏာသက်သာစေသော ဆေးဝါးများ: အိုင်ဗျူပရိုဖန် (Ibuprofen) နှင့် အစီတာမီနိုဖန် (Acetaminophen) တို့သည် ဆရာဝန်ညွှန်ကြားချက်မလိုဘဲ ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများဖြစ်ပြီး လည်ချောင်းနာခြင်းကို သက်သာစေရန်နှင့် အဖျားချရန် ကူညီပေးနိုင်သည်။ အသက် ၃ နှစ်ထက်ကြီးသော ကလေးများအတွက် ဤဆေးများကို အသုံးပြုနိုင်သော်လည်း ရေကျောက် သို့မဟုတ် တုပ်ကွေးကဲ့သို့သော လက္ခဏာများမှ ပြန်လည်သက်သာလာစ ကလေးသူငယ်များသည် အက်စပရင် (aspirin) ဆေးကို မည်သည့်အခါမျှ မသောက်သုံးသင့်ပါ၊ အကြောင်းမှာ ၎င်းသည် ရိုင်းစ်ရောဂါစု (Reye’s syndrome) ကဲ့သို့သော ပြင်းထန်သည့် နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

Doctors who treat this condition