နှလုံးဆီသို့ အဆုတ်သွေးပြန်ကြော အားလုံး ပုံမှန်မဟုတ်ဘဲ စီးဝင်ခြင်း
နှလုံးဆီသို့ အဆုတ်သွေးပြန်ကြော အားလုံး ပုံမှန်မဟုတ်ဘဲ စီးဝင်ခြင်း အကြောင်း သိကောင်းစရာ
နှလုံးဆီသို့ အဆုတ်သွေးပြန်ကြော အားလုံး ပုံမှန်မဟုတ်ဘဲ စီးဝင်ခြင်း (Total anomalous pulmonary venous return – TAPVR) ဆိုသည်မှာ အဖြစ်နည်းသော မွေးရာပါ နှလုံးချို့ယွင်းချက် (Congenital heart defect) တစ်မျိုး ဖြစ်သည်။ ၎င်းကို တိုတိုဖြင့် TAPVC (Total abnormal pulmonary venous connection) ဟုလည်း ခေါ်ဆိုလေ့ရှိပြီး၊ အဆုတ်မှ သွေးပြန်ကြောများသည် နှလုံး၏ ပုံမှန်မဟုတ်သော နေရာလွဲမှားသည့် နေရာသို့ လာရောက်ချိတ်ဆက်မိနေခြင်း ဖြစ်သည်။
ပုံမှန်အားဖြင့် အောက်ဆီဂျင်ပြည့်ဝသော သွေးများသည် အဆုတ်မှတစ်ဆင့် နှလုံး၏ ဘယ်ဘက်အပေါ်ခန်း (Left atrium) သို့ စီးဝင်ပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဆက်လက်စီးဆင်းရမည် ဖြစ်သည်။ သို့သော် TAPVR ဝေဒနာတွင်မူ ပုံမှန်မဟုတ်သော သွေးပြန်ကြောချိတ်ဆက်မှုကြောင့် အဆိုပါသွေးများသည် နှလုံး၏ ညာဘက်အပေါ်ခန်း (Right atrium) သို့ လမ်းကြောင်းလွဲ၍ စီးဝင်သွားပြီး အောက်ဆီဂျင်နည်းသော သွေးများနှင့် သွားရောက်ရောနှောသွားသည်။ ရလဒ်အနေဖြင့် ခန္ဓာကိုယ်သို့ ဆက်လက်စီးဆင်းမည့် သွေးများတွင် လုံလောက်သော အောက်ဆီဂျင်ပမာဏ မပါရှိတော့ပေ။
TAPVR အမျိုးအစား ကွဲပြားမှုများသည် သွေးပြန်ကြောများ မည်သည့်နေရာတွင် လာရောက်ဆုံဆည်းကြသလဲ ဆိုသည့်အချက်ပေါ်တွင် မူတည်သည်။ TAPVR ဝေဒနာ ခံစားရသော မွေးကင်းစကလေးငယ် အများစုတွင် မိသားစုမျိုးရိုး၌ မွေးရာပါ နှလုံးရောဂါရာဇဝင် မရှိကြသည်ကို တွေ့ရသည်။
ရောဂါလက္ခဏာများ
ကလေးမွေးဖွားပြီးပြီးချင်းတွင် ဆရာဝန်သည် TAPVR ၏ ရောဂါလက္ခဏာများကို ခွဲခြားသိရှိနိုင်ပါသည်။ သို့သော်လည်း အချို့သော ကလေးငယ်များတွင်မူ အတော်အတန် ကြာမြင့်မှသာ လက္ခဏာများ စတင်ပြသလေ့ ရှိသည်။
TAPVR ရှိသော ကလေးငယ်တစ်ဦးသည် ခန္ဓာကိုယ်သို့ စီးဆင်းမည့် သွေးများထဲတွင် အောက်ဆီဂျင်ပမာဏ နည်းပါးခြင်းကြောင့် သော်လည်းကောင်း၊ အဆုတ်သွေးပြန်ကြောများတစ်လျှောက် သွေးစီးဆင်းမှု လျော့နည်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းကြောင့် သော်လည်းကောင်း အသက်ရှူရ ခက်ခဲခြင်းနှင့် အသားအရေ ပြာနှမ်းခြင်း (Cyanotic) တို့ကို ကြုံတွေ့ရနိုင်ပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
သင့်ကလေး၏ ဆရာဝန်သည် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပေးမည်ဖြစ်ပြီး နှလုံးခုန်သံ ပုံမှန်မဟုတ်ဘဲ မြည်ခြင်း (Heart murmur) ရှိ/မရှိ သိရှိနိုင်ရန် နားကြပ် (Stethoscope) ကို အသုံးပြု၍ နှလုံးခုန်သံကို နားထောင်ပါလိမ့်မည်။
နှလုံးပုံရိပ်ဖော် အာထရာဆောင်း (Echocardiogram): ဤစစ်ဆေးမှုသည် နှလုံးဆီသို့ အဆုတ်သွေးပြန်ကြော အားလုံး ပုံမှန်မဟုတ်ဘဲ စီးဝင်ခြင်း (TAPVR) ကို ရောဂါရှာဖွေရန်အတွက် အသုံးပြုပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် သံစဉ်လှိုင်း (Sound waves) များကို အသုံးပြု၍ သင့်ကလေး၏ လှုပ်ရှားနေသော နှလုံးပုံရိပ်များကို ဖန်တီးပေးသည်။ နှလုံးအခန်းများ၏ အရွယ်အစား၊ နှလုံးတွင် အပေါက်ပါရှိခြင်းနှင့် အဆုတ်သွေးပြန်ကြောများ၏ အခြေအနေအားလုံးကို Echocardiogram တွင် မြင်တွေ့နိုင်ပါသည်။
အကယ်၍ ပိုမိုတိကျသော အချက်အလက်များ လိုအပ်ပါက အောက်ပါအချက်များ အပါအဝင် ထပ်တိုးစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်-နှလုံးလျှပ်စစ်ဂရပ်ဖ် (Electrocardiogram – ECG သို့မဟုတ် EKG), ရင်ဘတ် ဓာတ်မှန် (Chest X-ray), ကွန်ပျူတာဓာတ်မှန် (Computerized Tomography – CT scan)
ကုသခြင်း (Treatment)
ကလေးငယ်သည် မွေးကင်းစ သို့မဟုတ် နို့စို့ကလေးအရွယ်တွင် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပြီး၊ မည်သည့်အချိန်တွင် ခွဲစိတ်ရန် လိုအပ်မည်ဆိုသည်ကို သွေးကြောပိတ်ဆို့မှု ရှိ/မရှိ ပေါ်မူတည်၍ ဆုံးဖြတ်ပါလိမ့်မည်။ ခွဲစိတ်ဆရာဝန်များသည် ဤမွေးရာပါ နှလုံးချို့ယွင်းချက်ကို ကုသရန်အတွက် အဆုတ်သွေးပြန်ကြောများကို နှလုံး၏ ဘယ်ဘက်အပေါ်ခန်း (Left atrium) သို့ ပြန်လည်ချိတ်ဆက်ပေးပြီး နှလုံးအပေါ်ခန်းနှစ်ခုကြားရှိ ပုံမှန်မဟုတ်သောအပေါက်ကို ပိတ်ဆို့ပေးပါမည်။
TAPVR ဝေဒနာ ခံစားရသော လူနာများသည် ပိုးဝင်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်း သို့မဟုတ် နှလုံးခုန်နှုန်းမမှန်သည့် ပြဿနာများ ရှိ/မရှိ စစ်ဆေးနိုင်ရန်အတွက် မွေးရာပါ နှလုံးရောဂါဆိုင်ရာ အထူးကု ဆရာဝန်ကြီးများ (Cardiologists) နှင့် ပုံမှန်ပြသ၍ ဆေးစစ်မှုများ ခံယူရန် လိုအပ်ပါလိမ့်မည်။
