ပရိုလက်တင်ဟော်မုန်းထုတ်သောအကျိတ်

အကျဉ်းချုပ်အကြောင်းအရာ

ပရိုလက်တင် ဟော်မုန်း ထုတ်သော အကျိတ်သည် နို့ရည်ထွက်ရှိခြင်းနှင့် နို့ဂလင်းများဖွံ့ဖြိုးမှုကို အဓိကလုပ်ဆောင်သော ဟော်မုန်းတစ်မျိုးကို အလွန်အကျွံထုတ်လုပ်ပေးသည့် အန္တရာယ်မရှိသော အကျိတ်တစ်ခုဖြစ်ပါသည်၊၊ ဤဟော်မုန်းပမာဏ အလွန်အကျွံများပြားလာခြင်းသည် အမျိုးသမီးဟော်မုန်းနှင့် အမျိုးသားဟော်မုန်းပမာဏကို လျော့ကျစေပြီး အမြင်အာရုံချို့ယွင်းခြင်း၊ ကလေးမရနိုင်ခြင်းနှင့် အခြားကျန်းမာရေးပြဿနာများကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊ ထိုသို့သောအခက်အခဲများရှိသော်လည်း ဤအကျိတ်အမျိုးအစားသည် ဟော်မုန်းထုတ်လွှတ်သော ဦးနှောက်အောက်ခြေဂလင်းအကျိတ်များထဲတွင် အဖြစ်အများဆုံးဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့်အဆင့်တွင် မရှိပါ၊၊

ဤဟော်မုန်းသည် နို့တိုက်ခြင်းအပြင် ကိုယ်ခံအားစနစ်၊ ဗဟိုအာရုံကြောစနစ်နှင့် မျိုးပွားမှုကျန်းမာရေးတို့အတွက်လည်း မရှိမဖြစ်လိုအပ်ပါသည်၊၊ ၎င်းကို ဦးနှောက်အောက်ခြေဂလင်းတွင် ပုံမှန်ထုတ်လုပ်သော်လည်း ဗဟိုအာရုံကြောစနစ်၊ သားအိမ်နှင့် နို့ဂလင်းများကဲ့သို့သော ခန္ဓာကိုယ်၏အခြားအစိတ်အပိုင်းများကလည်း ထုတ်လုပ်နိုင်ပါသည်၊၊ ကိုယ်ဝန်မရှိသူ၊ နို့မတိုက်သူနှင့် အမျိုးသားများတွင် ဤဟော်မုန်းပမာဏမှာ နည်းပါးလေ့ရှိပြီး ကိုယ်ဝန်ဆောင်ချိန်နှင့် နို့တိုက်ချိန်များတွင်မူ သဘာဝအတိုင်း မြင့်တက်လာလေ့ရှိပါသည်၊၊

ဤအကျိတ်ကို ကုသရာတွင် ပုံမှန်အားဖြင့် ဟော်မုန်းပမာဏကို ထိန်းညှိရန်နှင့် အကျိတ်အရွယ်အစားကို လျှော့ချရန်အတွက် ဆေးဝါးများကို အသုံးပြုပါသည်၊၊ ဆေးဝါးများဖြင့် မထိရောက်သောအခါတွင် အကျိတ်ကို ဖယ်ထုတ်ရန် ခွဲစိတ်မှုကို စဉ်းစားနိုင်ပါသည်၊၊ ဟော်မုန်းပမာဏကို ထိန်းညှိရန်မှာ အလွန်အရေးကြီးပါသည်၊၊ အဘယ်ကြောင့်ဆိုသော် ဤဟော်မုန်းပမာဏ ရေရှည်မြင့်တက်နေခြင်းသည် ကလေးမရနိုင်ခြင်းအပါအဝင် ပြင်းထန်သော ကျန်းမာရေးနောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်၊၊

ရောဂါလက္ခဏာများ

ဟော်မုန်းပမာဏ အလွန်အကျွံများပြားခြင်းသည် မျိုးပွားမှုစနစ်ကို အနှောင့်အယှက်ဖြစ်စေသောကြောင့် ဤအကျိတ်သည် အမျိုးသား သို့မဟုတ် အမျိုးသမီးအပေါ် မူတည်၍ သီးခြားလက္ခဏာများ ရှိနိုင်ပါသည်၊၊ ရောဂါလက္ခဏာများသည် အကျိတ်၏အရွယ်အစား၊ တည်နေရာနှင့် ထုတ်လုပ်သည့် ဟော်မုန်းပမာဏအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်၊၊

  • အမျိုးသမီးများတွင် –
  • ကိုယ်ဝန်မရှိဘဲ သို့မဟုတ် နို့မတိုက်ဘဲ နို့အုံမှ နို့ရည်ကဲ့သို့သော အရည်များ ထွက်ခြင်း၊၊
  • မျက်နှာနှင့် ခန္ဓာကိုယ်တွင် အမွှေးအမျှင်များ အလွန်အကျွံထွက်ခြင်းနှင့် ဝက်ခြံထွက်ခြင်း၊၊
  • ရာသီမလာခြင်း သို့မဟုတ် ရာသီမမှန်ခြင်း၊၊
  • မိန်းမကိုယ် ခြောက်သွေ့မှုကြောင့် လိင်ဆက်ဆံစဉ် နာကျင်ခြင်း၊၊
  • အမျိုးသားများတွင် –
  • မျက်နှာနှင့် ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များ လျော့နည်းလာခြင်း၊၊
  • ရင်သား ကြီးလာခြင်း၊၊
  • ပန်းသေပန်းညှိုးဖြစ်ခြင်း သို့မဟုတ် လိင်တံမတောင်ခြင်း၊၊
  • ကြွက်သားများ သေးသိမ်လာခြင်း၊၊
  • အမျိုးသားနှင့် အမျိုးသမီး နှစ်ဦးစလုံးတွင် –
  • ဦးနှောက်အောက်ခြေဂလင်းမှ အခြားဟော်မုန်းများ ထုတ်လုပ်မှု လျော့နည်းခြင်း၊၊
  • ခေါင်းကိုက်ခြင်း၊၊
  • ကလေးမရနိုင်ခြင်း၊၊
  • လိင်စိတ် လျော့နည်းခြင်း၊၊
  • ပျို့အန်ခြင်း၊၊
  • အရိုးပွခြင်း သို့မဟုတ် အရိုးများအားနည်း၍ ကျိုးလွယ်ခြင်း၊၊
  • အမြင်အာရုံ ချို့ယွင်းခြင်း၊၊

သွေးမဆုံးသေးသော အမျိုးသမီးများသည် အကျိတ်ငယ်စဉ်မှာပင် ရာသီမမှန်ခြင်း သို့မဟုတ် ရာသီထိန်ခြင်းတို့ကြောင့် လက္ခဏာများကို စောစီးစွာ သတိပြုမိလေ့ရှိပါသည်၊၊ သွေးဆုံးပြီး အမျိုးသမီးများသည် အကျိတ်ကြီးလာပြီး လက္ခဏာများ ပိုမိုသိသာလာသည့် နောက်ပိုင်းအဆင့်ရောက်မှသာ ခေါင်းကိုက်ခြင်းနှင့် အမြင်အာရုံပြဿနာများကို ခံစားရတတ်ပါသည်၊၊ ထို့အတူ အမျိုးသားများသည်လည်း ရောဂါလက္ခဏာများကို နောက်ကျမှသာ သိရှိတတ်ကြပါသည်၊၊

အကယ်၍ ဤအကျိတ်ရှိနိုင်သည့် လက္ခဏာများကို သတိပြုမိပါက အခြေခံအကြောင်းရင်းကို ရှာဖွေရန် ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ပါ၊၊ အကယ်၍ သင်သည် ကလေးယူရန် အစီအစဉ်ရှိပါက သို့မဟုတ် ဤအကျိတ်ရှိနေစဉ် ကိုယ်ဝန်ဆောင်ထားရပါက ကုသမှုနှင့် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် ဆရာဝန်နှင့် သေချာစွာ ဆွေးနွေးရန် လိုအပ်ပါသည်၊၊

ဖြစ်ပွားရသောအကြောင်းရင်းများ

ဤအကျိတ် ဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရှိရသေးပါ၊၊ ၎င်းသည် ဦးနှောက်အောက်ခြေဂလင်းတွင် ဖြစ်ပေါ်သောအကျိတ်ဖြစ်ပြီး ၎င်းရှိနေပါက ဟော်မုန်းပမာဏကို အလွန်အကျွံ ထုတ်လုပ်စေပါသည်၊၊ ထိုအခါ အမျိုးသားဟော်မုန်းနှင့် အမျိုးသမီးဟော်မုန်းကဲ့သို့သော မျိုးပွားမှုဆိုင်ရာ ဟော်မုန်းပမာဏများကို လျော့ကျစေပါသည်၊၊

ဤဟော်မုန်းပမာဏ အလွန်အကျွံ ထွက်ရှိခြင်းမှာ ဤအကျိတ်ကြောင့်သာမက အခြားသော အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ပါသည် –

  • ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် နို့တိုက်ခြင်း၊၊
  • လည်ပင်းကြီးဂလင်း လုပ်ဆောင်ချက် လျော့နည်းခြင်း၊၊
  • ကျောက်ကပ်ရောဂါ၊၊
  • အချို့သော ဆေးဝါးများ၊၊
  • အခြားသော ဦးနှောက်အောက်ခြေဂလင်း အကျိတ်အမျိုးအစားများ၊၊

ဖြစ်နိုင်ခြေရှိသောအချက်များ

ဤအကျိတ် ဖြစ်ပွားနိုင်ခြေရှိသော အချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ကျား၊ မ: အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအဖြစ်များပါသည်၊၊ ကလေးငယ်များနှင့် လူငယ်များတွင် ဖြစ်ပွားမှု ရှားပါးပါသည်၊၊
  • အသက်အရွယ်: များသောအားဖြင့် အသက် ၄၀ အောက် လူများတွင် ဖြစ်ပွားတတ်ပါသည်၊၊
  • အခြားရောဂါများ: မျိုးရိုးလိုက်တတ်သော ဟော်မုန်းဂလင်းဆိုင်ရာ ရောဂါအချို့ရှိပါက ဤအကျိတ်ဖြစ်နိုင်ခြေ ပိုမိုမြင့်မားနိုင်ပါသည်၊၊ အလွန်ရှားပါးသော အခြေအနေဖြစ်ပါသည်၊၊

ရောဂါရှာဖွေခြင်း

သင့်တွင် ဤအကျိတ်ရှိနိုင်သည့် လက္ခဏာများရှိပါက ကျန်းမာရေးစောင့်ရှောက်သူက အောက်ပါစစ်ဆေးမှုများကို အကြံပြုနိုင်ပါသည် –

  • သွေးစစ်ခြင်း။ ဤစစ်ဆေးမှုသည် ဟော်မုန်းပမာဏ မြင့်တက်နေခြင်း ရှိ၊ မရှိနှင့် အခြားသော ဦးနှောက်အောက်ခြေဂလင်းရှိ ဟော်မုန်းများကို စစ်ဆေးပါသည်၊၊ ကလေးမွေးဖွားနိုင်သောအရွယ် အမျိုးသမီးများတွင် ကိုယ်ဝန်ရှိ၊ မရှိကိုပါ စစ်ဆေးနိုင်ပါသည်၊၊
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း။ ၎င်းသည် ဤအကျိတ်ကို ရောဂါရှာဖွေရန် အဓိကနည်းလမ်းဖြစ်ပြီး ဦးနှောက်၏ အသေးစိတ်ပုံရိပ်များကို ဖော်ထုတ်ပေးပါသည်၊၊
  • ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။ နှလုံးခုန်နှုန်းထိန်းစက်ကဲ့သို့သော သတ္တုပစ္စည်းများ ခန္ဓာကိုယ်အတွင်း ထည့်သွင်းထားသဖြင့် သံလိုက်ဓာတ်မှန်ရိုက်ရန် မသင့်တော်သူများတွင် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်၊၊
  • အမျိုးသားဟော်မုန်းစစ်ဆေးခြင်း။ ရောဂါလက္ခဏာခံစားနေရသော အမျိုးသားများတွင် ဟော်မုန်းပမာဏ လျော့နည်းနေခြင်း ရှိ၊ မရှိ စစ်ဆေးခြင်းဖြင့် အကျိတ်ရှိကြောင်း အတည်ပြုနိုင်ပါသည်၊၊
  • အမြင်အာရုံစစ်ဆေးခြင်း။ အကျိတ်အရွယ်အစား ကြီးမားပါက အမြင်အာရုံအပေါ် ထိခိုက်မှု ရှိ၊ မရှိ သိနိုင်ရန် စစ်ဆေးခြင်း ဖြစ်ပါသည်၊၊

ထို့ပြင် ပိုမိုအသေးစိတ် စစ်ဆေးကုသနိုင်ရန် ဟော်မုန်းဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသရန် လိုအပ်နိုင်ပါသည်၊၊

ကုသခြင်း

ဤရောဂါကို ကုသရာတွင် ဟော်မုန်းထုတ်လုပ်မှု ပမာဏကို ပုံမှန်အဆင့်သို့ ပြန်ရောက်စေရန်၊ အကျိတ်အရွယ်အစားကို လျှော့ချရန်နှင့် ဦးနှောက်အောက်ခြေဂလင်း၏ လုပ်ဆောင်ချက်များကို ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်စေရန် အဓိက ရည်ရွယ်ပါသည်၊၊

ကုသမှုခံယူခြင်းဖြင့် ရာသီမမှန်ခြင်း၊ ကလေးမရနိုင်ခြင်းနှင့် လိင်စိတ်လျော့နည်းခြင်းကဲ့သို့သော ဟော်မုန်းမြင့်တက်မှုနှင့် ဆက်စပ်သည့် ပြဿနာများကို ကူညီပေးနိုင်ပါသည်၊၊ ထို့ပြင် အကျိတ်၏ဖိအားကြောင့် ဖြစ်ပေါ်သော ခေါင်းကိုက်ခြင်း သို့မဟုတ် အမြင်အာရုံဝေဝါးခြင်းတို့ကိုလည်း သက်သာစေနိုင်ပါသည်၊၊

ကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • ဆေးဝါးများ။ ဤအကျိတ်ကို များသောအားဖြင့် သောက်ဆေးများဖြင့် ကုသလေ့ရှိပါသည်၊၊ ဤဆေးများသည် ဟော်မုန်းထုတ်လုပ်မှုကို ထိန်းညှိပေးသော သဘာဝဓာတ်များကဲ့သို့ လုပ်ဆောင်ပေးသဖြင့် ဟော်မုန်းပမာဏကို ကျဆင်းစေပြီး အကျိတ်အရွယ်အစားကို သေးငယ်သွားစေပါသည်၊၊ ဝေဒနာရှင်အများစုတွင် ဆေးဝါးများဖြင့် လက္ခဏာများကို ထိရောက်စွာ သက်သာစေနိုင်သော်လည်း ရေရှည်သောက်သုံးရန် လိုအပ်ပါသည်၊၊ ဤဆေးများသည် နှလုံးအဆို့ရှင်ကို ထိခိုက်စေခြင်း ရှားပါးသော်လည်း အခြားသောရောဂါများအတွက် ဆေးပမာဏ အလွန်အကျွံ သောက်ရသူများတွင်မူ ဖြစ်ပွားနိုင်ပါသည်၊၊ အချို့သူများတွင် ဆေးဝါးကြောင့် လောင်းကစားခြင်းကဲ့သို့သော စိတ်လိုက်မာန်ပါ ပြုမူသည့် ပြဿနာများ ဖြစ်နိုင်ပါသည်၊၊ အကယ်၍ ဆေးကြောင့် အကျိတ်သိသိသာသာ သေးသွားပြီး နှစ်နှစ်ခန့်အထိ ဟော်မုန်းပမာဏ ပုံမှန်ဖြစ်နေပါက ဆေးဖြတ်နိုင်ခြေ ရှိသော်လည်း ဆရာဝန်၏ ညွှန်ကြားချက်အတိုင်းသာ ပြုလုပ်ရပါမည်၊၊ ဆေးဖြတ်လိုက်ပါက ဟော်မုန်းပမာဏ ပြန်တက်လာတတ်သဖြင့် ဆရာဝန်က ပြန်သောက်ရန် ညွှန်ကြားနိုင်ပါသည်၊၊ ဆေး၏ ဘေးထွက်ဆိုးကျိုး နည်းစေရန် အလွန်နည်းသော ပမာဏမှ စတင်ပေးလေ့ရှိပြီး အစားစားချိန် သို့မဟုတ် အိပ်ရာဝင်ချိန်တွင် သောက်သုံးခြင်းက ပိုမိုအဆင်ပြေစေနိုင်ပါသည်၊၊
  • ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆေးဝါး။ ကိုယ်ဝန်ယူရန် အစီအစဉ်ရှိပါက ဆရာဝန်နှင့် ကြိုတင်တိုင်ပင်ရပါမည်၊၊ ဆေးဝါးတစ်ခုချင်းစီတွင် အားသာချက်နှင့် အားနည်းချက်များ ရှိသဖြင့် သင့်အတွက် အသင့်တော်ဆုံးကို ရွေးချယ်နိုင်ပါသည်၊၊ ကိုယ်ဝန်ရှိကြောင်း အတည်ပြုပြီးပါက ပုံမှန်အားဖြင့် ဆေးဖြတ်ရန် အကြံပြုလေ့ရှိပါသည်၊၊ ကိုယ်ဝန်ဆောင်စဉ် ဆေးမသောက်ဘဲ နေခြင်းက အကောင်းဆုံးဖြစ်သော်လည်း အကျိတ်ကြီးသူများ သို့မဟုတ် အမြင်အာရုံ ထိခိုက်လာသူများတွင်မူ အကျိတ်ပိုမကြီးစေရန် ဆေးပြန်သောက်ရန် လိုအပ်နိုင်ပါသည်၊၊
  • ခွဲစိတ်ကုသခြင်း။ ဆေးဝါးဖြင့် မသက်သာသူများ သို့မဟုတ် ဆေးနှင့် မတည့်သူများတွင် အကျိတ်ကို ဖယ်ထုတ်ရန် ခွဲစိတ်မှုကို ရွေးချယ်နိုင်ပါသည်၊၊ အထူးသဖြင့် အမြင်အာရုံကြောများအပေါ် ဖိအားသက်ရောက်နေပါက ခွဲစိတ်ရန် လိုအပ်ပါသည်၊၊
    • နှာခေါင်းမှတစ်ဆင့် ခွဲစိတ်ခြင်း။ ၎င်းသည် အဖြစ်အများဆုံး နည်းလမ်းဖြစ်ပါသည်၊၊ အထက်နှုတ်ခမ်းအောက် သို့မဟုတ် နှာခေါင်းအတွင်းပိုင်းမှတစ်ဆင့် အပေါက်ငယ်ဖောက်၍ အကျိတ်ကို ဖယ်ထုတ်ခြင်း ဖြစ်ပါသည်၊၊ ဦးနှောက်၏ အခြားအစိတ်အပိုင်းများကို မထိခိုက်သဖြင့် ဘေးထွက်ဆိုးကျိုး နည်းပါးပြီး ထင်ရှားသော အမာရွတ်လည်း မကျန်ရှိပါ၊၊
    • ဦးခေါင်းခွံကို ဖွင့်၍ ခွဲစိတ်ခြင်း။ အကျိတ်သည် အလွန်ကြီးမားနေပါက သို့မဟုတ် အနီးနားရှိ ဦးနှောက်တစ်ရှူးများသို့ ပြန့်နှံ့နေပါက ဦးခေါင်းအပေါ်ပိုင်းမှတစ်ဆင့် ခွဲစိတ်ရန် လိုအပ်နိုင်ပါသည်၊၊အကျိတ်သည် အရေးကြီးသော နေရာများသို့ ပြန့်နှံ့နေပါက အကျိတ်တစ်ခုလုံးကို ဖယ်ထုတ်ရန် အန္တရာယ်ရှိနိုင်သဖြင့် အစိတ်အပိုင်းအချို့ကိုသာ ဖယ်ထုတ်နိုင်ပါလိမ့်မည်၊၊ အကျိတ်အသေးစားများမှာ ခွဲစိတ်ပြီးနောက် ပုံမှန်ပြန်ဖြစ်တတ်သော်လည်း အကျိတ်ကြီးသူများမှာမူ ခွဲစိတ်ပြီးနောက် ဆေးဝါးများ ဆက်လက်သောက်သုံးရန် လိုအပ်နိုင်ပါသည်၊၊
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း။ ဆေးဝါးနှင့် ခွဲစိတ်မှုတို့ဖြင့် ဟော်မုန်းပမာဏ မကျဆင်းပါက ဓာတ်ရောင်ခြည်ဖြင့် ကုသမှုကို တတိယနည်းလမ်းအဖြစ် အသုံးပြုပါသည်၊၊ ပြင်းအားမြင့်သော ရောင်ခြည်များ အသုံးပြု၍ အကျိတ်ဆဲလ်များကို ဖျက်ဆီးခြင်း ဖြစ်ပါသည်၊၊ အကျိတ်၏ အရွယ်အစားနှင့် တည်နေရာပေါ် မူတည်၍ တစ်ကြိမ် သို့မဟုတ် အကြိမ်ပေါင်းများစွာ ခံယူရန် လိုအပ်နိုင်ပါသည်၊၊

Doctors who treat this condition