အာရုံကြောကြောင့်ဖြစ်သောစိတ်ခံစားမှုထိန်းချုပ်မရသည့်ဝေဒနာ
အကျဉ်းချုပ်အကြောင်းအရာ
ဦးနှောက်အာရုံကြောကြောင့်ဖြစ်သော စိတ်ခံစားမှုထိန်းချုပ်မရသည့် ဝေဒနာ သည် ထိန်းချုပ်မရဘဲ ရုတ်တရက် ရယ်မောခြင်း သို့မဟုတ် ငိုကြွေးခြင်းမှာ စိတ်ခံစားမှုဆိုင်ရာ မူမမှန်ခြင်း ဖြစ်ပြီး မလျော်ကန်သော အချိန်များတွင် ဖြစ်ပေါ်တတ်ပါသည်၊၊ ဤဝေဒနာသည် များသောအားဖြင့် အာရုံကြောဆိုင်ရာ ရောဂါရှိသူများ သို့မဟုတ် ဦးနှောက်ထိခိုက်ဒဏ်ရာရသူများတွင် ဖြစ်ပွားလေ့ရှိပြီး စိတ်ခံစားမှုကို ထိန်းညှိပေးသော ဦးနှောက်၏ စွမ်းဆောင်ရည်ကို ပြောင်းလဲစေပါသည်၊၊ စိတ်ခံစားမှုကို ပုံမှန်အတိုင်း ခံစားရသော်လည်း ဖော်ပြမှုမှာမူ လွန်ကဲခြင်း သို့မဟုတ် နေရာလွဲမှားခြင်းတို့ ဖြစ်ပေါ်ကာ နေ့စဉ်လူမှုဘဝတွင် အရှက်ရခြင်းနှင့် အနှောင့်အယှက်ဖြစ်ခြင်းတို့ကို ဖြစ်စေပါသည်၊၊ ဤဝေဒနာကို စိတ်မူမမှန်သည့်ရောဂါဟု မှားယွင်းစွာ ယူဆတတ်ကြသော်လည်း တိကျစွာ ရောဂါရှာဖွေနိုင်ပါက ဆေးဝါးများဖြင့် ထိန်းချုပ်နိုင်ပါသည်၊၊ ဤရောဂါကို အောက်ပါအမည်များဖြင့်လည်း ခေါ်ဆိုနိုင်ပါသည်-
- စိတ်ခံစားမှု မတည်ငြိမ်ခြင်း၊၊
- စိတ်ခံစားမှုကို မထိန်းချုပ်နိုင်ခြင်း၊၊
- အလိုအလျောက် စိတ်ခံစားမှု ဖော်ပြခြင်းဆိုင်ရာ ချို့ယွင်းမှု၊၊
- ရောဂါအခြေအနေအရ ရယ်ခြင်းနှင့် ငိုခြင်း၊၊
- အတင်းအကျပ်ဖြစ်သော ရယ်မောခြင်း သို့မဟုတ် ငိုကြွေးခြင်း၊၊
ရောဂါလက္ခဏာများ
ဤဝေဒနာ၏ အဓိကလက္ခဏာမှာ မိမိ၏ အစစ်အမှန် စိတ်ခံစားမှုနှင့် မသက်ဆိုင်ဘဲ သို့မဟုတ် အချိုးမကျဘဲ ရုတ်တရက် အလိုအလျောက် ထိန်းချုပ်မရဘဲ ငိုခြင်း သို့မဟုတ် ရယ်ခြင်းတို့ ဖြစ်ပါသည်၊၊ တစ်ခါတစ်ရံတွင် ရယ်မောခြင်းမှာ မျှော်လင့်မထားဘဲ ငိုကြွေးခြင်းသို့ ပြောင်းလဲသွားတတ်ပါသည်၊၊ ဤအခြေအနေများ ဖြစ်ပေါ်ခြင်းမရှိချိန်တွင် လူနာ၏ စိတ်နေစိတ်ထားမှာ ပုံမှန်အတိုင်းပင် ဖြစ်တတ်ပြီး ၎င်းတို့မှာ မည်သည့်အချိန်တွင်မဆို ဖြစ်ပွားနိုင်ပါသည်၊၊ ရယ်မောခြင်းထက် ငိုကြွေးခြင်းမှာ ပိုမိုအဖြစ်များပါသည်၊၊
ဤဝေဒနာရှိသူများ၏ စိတ်ခံစားမှု ဖော်ပြချက်မှာ အလွန်ပြင်းထန်ပြီး ငိုခြင်း သို့မဟုတ် ရယ်ခြင်းမှာ မိနစ်အတော်ကြာအောင် ကြာမြင့်နိုင်ပါသည်၊၊ ဥပမာအားဖြင့် အနည်းငယ်မျှသာ ရယ်စရာကောင်းသော စကားတစ်ခွန်းကို အလွန်အမင်း ရယ်မောနေခြင်း သို့မဟုတ် အခြားသူများက ရယ်စရာ သို့မဟုတ် ဝမ်းနည်းစရာဟု မယူဆသော အခြေအနေများတွင် ရယ်ခြင်း သို့မဟုတ် ငိုခြင်းတို့ ဖြစ်ပါသည်၊၊ ဤအပြုအမူမှာ ၎င်းတို့၏ ယခင်က စိတ်ခံစားမှု ဖော်ပြပုံများနှင့် သိသိသာသာ ကွဲပြားသွားလေ့ ရှိပါသည်၊၊
ငိုကြွေးခြင်း လက္ခဏာကြောင့် ဤဝေဒနာကို စိတ်ဓာတ်ကျခြင်းနှင့် မှားယွင်းတတ်ကြပါသည်၊၊ သို့သော် ဤဝေဒနာမှာ ခေတ္တခဏသာ ဖြစ်ပွားခြင်း ဖြစ်သော်လည်း စိတ်ဓာတ်ကျခြင်းမှာ စဉ်ဆက်မပြတ် ဝမ်းနည်းနေခြင်း ဖြစ်ပါသည်၊၊ ထို့ပြင် ဤဝေဒနာရှင်များတွင် အိပ်စက်ရခက်ခဲခြင်း သို့မဟုတ် အစားအသောက်ပျက်ခြင်းကဲ့သို့သော စိတ်ဓာတ်ကျခြင်း၏ အခြားလက္ခဏာများ မရှိတတ်ပါ၊၊ သို့သော် ဤဝေဒနာရှင်များတွင် စိတ်ဓာတ်ကျခြင်းပါ တွဲဖက်ခံစားရခြင်းမှာလည်း မထူးဆန်းသော ကိစ္စဖြစ်ပါသည်၊၊
ကျန်းမာရေးစောင့်ရှောက်သူနှင့် ပြသရန်အချိန်
အကယ်၍ မိမိတွင် ဤဝေဒနာရှိသည်ဟု သံယရှိပါက ကျန်းမာရေးစောင့်ရှောက်သူနှင့် တိုင်ပင်ရန် အရေးကြီးပါသည်၊၊ အာရုံကြောရောဂါရှိသူများမှာ ဤဝေဒနာကို ရောဂါရှာဖွေပေးနိုင်သော ဆရာဝန်များနှင့် ကုသမှုခံယူနေပြီးသား ဖြစ်နိုင်ပါသည်၊၊ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်များထံမှလည်း အကူအညီ ရယူနိုင်ပါသည်၊၊
ဖြစ်ပွားရသောအကြောင်းရင်းများ
ဤဝေဒနာ ဖြစ်ပွားရသည့် အတိအကျ အကြောင်းရင်းကို မသိရသေးပါ၊၊ ၎င်းကို အောက်ပါ အာရုံကြောဆိုင်ရာ ရောဂါ သို့မဟုတ် ထိခိုက်မှုရှိသူများတွင် မကြာခဏ တွေ့ရတတ်ပါသည်-
- အသက်ကြီး၍ သတိမေ့သောရောဂါ၊၊
- ကြွက်သားအားနည်းပြီး ပိန်လှီသောရောဂါ၊၊
- ဦးနှောက်အကျိတ်များ၊၊
- အတက်ရောဂါ၊၊
- အာရုံကြောအလွှာများ ပျက်စီးသောရောဂါ၊၊
- တုန်တုန်ယင်ယင်ဖြစ်သော အာရုံကြောရောဂါ၊၊
- လေဖြတ်ခြင်း၊၊
- ဦးနှောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခြင်း၊၊
- ခန္ဓာကိုယ်အတွင်း ကြေးနီဓာတ် စုပုံသောရောဂါ၊၊
သုတေသနများ ထပ်မံပြုလုပ်ရန် လိုအပ်နေသေးသော်လည်း စိတ်ခံစားမှု ဖော်ပြပုံကို ထိန်းချုပ်သည့် အာရုံကြောလမ်းကြောင်းများ ထိခိုက်ခြင်းမှာ ဤဝေဒနာ၏ အဓိက အကြောင်းရင်း ဖြစ်နိုင်သည်ဟု ယူဆကြပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
ဤဝေဒနာသည် လူကြီးရော ကလေးပါ ဖြစ်ပွားနိုင်သော အာရုံကြောဆိုင်ရာ ရောဂါတစ်ခု ဖြစ်ပါသည်၊၊ လေ့လာမှုများအရ-
- ကြွက်သားအားနည်းပြီး ပိန်လှီသောရောဂါရှိသူများ၏ ၅၀ ရာခိုင်နှုန်းခန့်၊၊
- ဦးနှောက် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသူများ၏ ၄၈ ရာခိုင်နှုန်းခန့်နှင့်၊၊
- အာရုံကြောအလွှာများ ပျက်စီးသောရောဂါရှိသူများ၏ ၄၆ ရာခိုင်နှုန်းခန့်တွင် ဤဝေဒနာ ခံစားရနိုင်ခြေ ရှိပါသည်၊၊
ရောဂါရှာဖွေခြင်း
ဤဝေဒနာကို ရောဂါရှာဖွေဖော်ထုတ်ရန် ကျန်းမာရေးကျွမ်းကျင်သူများအတွက် အလွန်ခက်ခဲပါသည်၊၊ အဘယ်ကြောင့်ဆိုသော် တိကျသောစမ်းသပ်မှုမရှိဘဲ ၎င်း၏လက္ခဏာများသည် စိတ်ဓာတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ကွဲခြင်း သို့မဟုတ် အတက်ရောဂါစသည့် စိတ်ပိုင်းဆိုင်ရာဝေဒနာများနှင့် ဆင်တူနေသောကြောင့် ဖြစ်ပါသည်၊၊ ရောဂါရှာဖွေရာတွင် လူနာ၏ရောဂါလက္ခဏာများ၊ ဆေးဘက်ဆိုင်ရာနှင့် စိတ်ကျန်းမာရေးရာဇဝင်များ၊ ခန္ဓာကိုယ်စစ်ဆေးတွေ့ရှိချက်များအပါအဝင် အာရုံကြောဆိုင်ရာ ဘက်စုံစစ်ဆေးမှုအပေါ် အခြေခံပါသည်၊၊ ဤဝေဒနာကို အထွေထွေရောဂါကုဆရာဝန်၊ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာအထူးကုများ၊ အာရုံကြောအထူးကုများနှင့် စိတ်ကျန်းမာရေးအထူးကုများက ရောဂါရှာဖွေဖော်ထုတ်နိုင်ပါသည်၊၊ လူနာများသည် မိမိတို့၏ စိတ်ခံစားမှုရုတ်တရက်ဖြစ်ပေါ်ပုံများကို အသေးစိတ်ပြောပြခြင်းဖြင့် ဆရာဝန်က အခြားသောဝေဒနာများနှင့် ခွဲခြားနိုင်ရန် အဓိကကျသောကဏ္ဍမှ ကူညီပေးနိုင်ပါသည်၊၊
ကုသခြင်း
စိတ်ခံစားမှုရုတ်တရက်ဖြစ်ပေါ်မှုများ၏ ပြင်းထန်မှုနှင့် အကြိမ်ရေကို လျှော့ချရန်မှာ ဤဝေဒနာကုသမှု၏ အဓိကရည်ရွယ်ချက်ဖြစ်ပါသည်၊၊ ဆေးဝါးများဖြင့် ကုသနိုင်သောနည်းလမ်းများမှာ-
- စိတ်ကျရောဂါကုဆေးများ။ စိတ်ကျရောဂါကုဆေးအမျိုးအစားအချို့သည် ဤဝေဒနာဖြစ်ပွားမှုအကြိမ်ရေနှင့် ပြင်းထန်မှုကို လျော့နည်းစေရန် ကူညီပေးနိုင်ပါသည်၊၊ များသောအားဖြင့် ဤဝေဒနာအတွက် ဆေးပမာဏကို စိတ်ဓာတ်ကျခြင်းအတွက်သုံးသော ပမာဏထက် လျှော့၍ပေးလေ့ရှိပါသည်၊၊
- အတည်ပြုထားသောဆေးဝါးများ။ Dextromethorphan hydrobromide and quinidine sulfate ဤဆေးဝါးသည် ဤဝေဒနာကိုကုသရန်အတွက်သာ သီးသန့်ထုတ်လုပ်ထားပြီး အစိုးရမှတရားဝင်ခွင့်ပြုထားသော တစ်ခုတည်းသောဆေးဖြစ်ပါသည်၊၊ အာရုံကြောဆိုင်ရာရောဂါရှင်များကို စမ်းသပ်လေ့လာမှုအရ ဤဆေးကိုသောက်သုံးသူများတွင် ရယ်ခြင်းနှင့် ငိုခြင်းဖြစ်စဉ်များမှာ သိသိသာသာ ထက်ဝက်ခန့် လျော့နည်းသွားကြောင်း တွေ့ရှိရပါသည်၊၊
သင်၏ကျန်းမာရေးစောင့်ရှောက်သူသည် ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများနှင့် သင့်တွင်ရှိနေနိုင်သော အခြားကျန်းမာရေးအခြေအနေများကို ထည့်သွင်းစဉ်းစားပြီး အကောင်းဆုံးကုသမှုနည်းလမ်းကို သင်နှင့်အတူတိုင်ပင်၍ ဆုံးဖြတ်ပါလိမ့်မည်၊၊
ထို့ပြင် ဤဝေဒနာရှိသော်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နိုင်မည့် နည်းလမ်းများရှာဖွေရန် လုပ်ငန်းခွင်ကုထုံးပညာရှင်နှင့်လည်း တွဲဖက်လုပ်ဆောင်နိုင်ပါသည်၊၊
