နှလုံးကြွက်သားထူခြင်း
ခြုံငုံသုံးသပ်ချက် (Overview)
နှလုံးကြွက်သားထူခြင်း (Hypertrophic cardiomyopathy – HCM) သည် နှလုံးကြွက်သားများကို ထိခိုက်စေသည့် ရှုပ်ထွေးသော နှလုံးရောဂါတစ်မျိုး ဖြစ်သည်။ ၎င်းသည် နှလုံးကြွက်သားများ ပုံမှန်ထက် ထူလာခြင်း၊ ဘယ်ဘက်နှလုံးအောက်ခန်း တောင့်တင်းလာခြင်း၊ နှလုံးအဆို့ရှင် (mitral valve) ပြောင်းလဲခြင်းနှင့် ဆဲလ်များ ပြောင်းလဲခြင်းတို့ကို ဖြစ်စေနိုင်သည်။ ဤသို့ ကြွက်သားများ ထူလာခြင်းကြောင့် နှလုံးသည် သွေးညှစ်ထုတ်ရန် ပိုမိုအားစိုက်လုပ်ဆောင်ရပါသည်။
HCM ရှိသူအများစုသည် ပုံမှန်အတိုင်း နေထိုင်နိုင်သော်လည်း အချို့သူများအတွက် ပြင်းထန်နိုင်ပါသည်။ ထူထဲနေသော နှလုံးကြွက်သားကြောင့် အသက်ရှူမဝခြင်း၊ ရင်ဘတ်အောင့်ခြင်း သို့မဟုတ် နှလုံး၏ လျှပ်စစ်စနစ် ပြောင်းလဲသွားကာ အသက်အန္တရာယ်ရှိသော နှလုံးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် နှလုံးရုတ်တရက်ရပ်၍ သေဆုံးခြင်းတို့ ဖြစ်နိုင်ပါသည်။ ယေဘုယျအားဖြင့် HCM ရှိသူအများစုတွင် ရုတ်တရက်သေဆုံးနိုင်ခြေ နည်းပါးသော်လည်း မိမိသည် အန္တရာယ်ရှိနိုင်ခြေ မြင့်မားသောအုပ်စုတွင် ပါဝင်ခြင်း ရှိမရှိ သိရှိရန် အရေးကြီးပါသည်။
ရောဂါလက္ခဏာများ (Symptoms)
HCM ခံစားနေရသူများသည် လက္ခဏာအမျိုးမျိုး ခံစားရနိုင်သလို မည်သည့်လက္ခဏာမျှ မပြခြင်းလည်း ရှိနိုင်ပါသည်။ တွေ့ရလေ့ရှိသော လက္ခဏာများမှာ –
- ရင်ဘတ်အောင့်ခြင်း – လေ့ကျင့်ခန်းလုပ်ပြီးနောက် သို့မဟုတ် ကိုယ်လက်လှုပ်ရှားပြီးနောက်တွင် အဖြစ်များဆုံးဖြစ်သော်လည်း နားနေချိန် သို့မဟုတ် အစာစားပြီးချိန်တွင်လည်း ဖြစ်နိုင်ပါသည်။
- သတိလစ်ခြင်း (Syncope) – ပြင်းထန်သော လှုပ်ရှားမှု ပြုလုပ်ပြီးပြီးချင်းတွင် ဖြစ်တတ်ပါသည်။ ၎င်းသည် နှလုံးခုန်နှုန်းမမှန်ခြင်း သို့မဟုတ် လေ့ကျင့်ခန်းလုပ်စဉ် သွေးကြောများ၏ တုံ့ပြန်မှု ပုံမှန်မဟုတ်ခြင်းကြောင့် ဖြစ်နိုင်ပါသည်။
- နှလုံးမှ ပုံမှန်မဟုတ်သော အသံထွက်ခြင်း (Cardiac murmur) – ဆရာဝန်က နားကြပ်ဖြင့် စစ်ဆေးစဉ်တွင် တွေ့ရှိနိုင်ပါသည်။
- ရင်တုန်ခြင်း – ရင်ဘတ်ထဲတွင် နှလုံးခုန်မြန်ခြင်း သို့မဟုတ် တလှပ်လှပ်ဖြစ်ခြင်း။ ၎င်းသည် Atrial fibrillation ကဲ့သို့သော နှလုံးခုန်နှုန်းမမှန်သည့် ဝေဒနာများကြောင့် ဖြစ်နိုင်ပါသည်။
- အသက်ရှူရခက်ခဲခြင်းနှင့် မောပန်းခြင်း – အထူးသဖြင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ချိန်တွင် ဖြစ်တတ်ပါသည်။ ၎င်းသည် ဘယ်ဘက်နှလုံးအပေါ်ခန်းနှင့် အဆုတ်အတွင်း ဖိအားများလာခြင်းကြောင့် ဖြစ်သည်။
- ရောင်ရမ်းခြင်း – ခန္ဓာကိုယ်အောက်ပိုင်း သို့မဟုတ် လည်ပင်းရှိ သွေးပြန်ကြောများ ရောင်ရမ်းခြင်း။
မိသားစုဝင်ထဲတွင် HCM ရှိသူများ သို့မဟုတ် အထက်ပါလက္ခဏာရှိသူများအနေဖြင့် ဆရာဝန်နှင့် ပြသသင့်ပါသည်။ အကယ်၍ ရင်ဘတ်အလွန်အမင်းအောင့်ခြင်း၊ အသက်ရှူရခက်ခြင်းနှင့် နှလုံးခုန်အလွန်မြန်ခြင်းတို့ ဖြစ်ပေါ်ပါက အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက်ပါ။
ဖြစ်ပွားရခြင်းအကြောင်းအရင်းများ (Causes)
HCM သည် မျိုးရိုးဗီဇ၊ သွေးတိုးရောဂါနှင့် အသက်အရွယ်ကြီးရင့်ခြင်းတို့ကြောင့် ဖြစ်နိုင်သလို အချို့အခြေအနေများတွင် အကြောင်းရင်းကို မသိရှိနိုင်ပါ။
- မျိုးရိုးဗီဇ – မိဘထံမှ သားသမီးထံသို့ လက်ဆင့်ကမ်းနိုင်ပါသည်။ နှလုံးကြွက်သားကို ထူစေသည့် မျိုးရိုးဗီဇ ပြောင်းလဲမှု (gene mutations) ကြောင့် အဖြစ်များပါသည်။
- နှလုံးနံရံထူခြင်း – နှလုံး၏ ဘယ်နှင့်ညာကို ပိုင်းခြားထားသော အလယ်နံရံ (septum) ထူလာခြင်းကြောင့် ပြဿနာများ ဖြစ်လာတတ်ပါသည်။
- ပိတ်ဆို့မှုရှိသော HCM (HOCM) – နှလုံးအလယ်နံရံ ကျဉ်းမြောင်းသွားခြင်းကြောင့် ဘယ်ဘက်နှလုံးအောက်ခန်းမှ သွေးလွှတ်တော်ကြီး (aorta) ထဲသို့ သွေးစီးဆင်းမှုကို ပိတ်ဆို့ခြင်း သို့မဟုတ် ကန့်သတ်ခြင်းတို့ ဖြစ်စေသည်။ ထိုအခါ နှလုံးသည် သွေးညှစ်ထုတ်ရန် ပိုမိုအားစိုက်ရပြီး နှလုံးသည် ကောင်းစွာမနားနိုင်တော့ဘဲ ခန္ဓာကိုယ်သို့ ပို့ပေးမည့် သွေးပမာဏကို နည်းပါးစေပါသည်။
ထို့အပြင် နှလုံးကြွက်သားဆဲလ်များ စီစဉ်ပုံ ပျက်ယွင်းသွားခြင်းကြောင့်လည်း အချို့သူများတွင် နှလုံးခုန်နှုန်းမမှန်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။
ဖြစ်နိုင်ခြေရှိသောအချက်များ (Risk factors)
HCM သည် ပုံမှန်အားဖြင့် ဆယ်ကျော်သက်အရွယ်တွင် စတင်သိသာလေ့ရှိသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။ ဤရောဂါရာဇဝင်ရှိသော မိသားစုဝင်များတွင် ဖြစ်နိုင်ခြေ ပိုများပါသည်။ မိဘတစ်ဦးဦးတွင် HCM ရှိပါက ကလေးတွင် မျိုးရိုးဗီဇပြောင်းလဲမှု ပါလာနိုင်ခြေ ၅၀ ရာခိုင်နှုန်း ရှိပါသည်။ ထို့ကြောင့် စောစီးစွာ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုလိုပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
နှလုံးကြွက်သားထူခြင်း (HCM) ကို ရောဂါရှာဖွေရာတွင် ခံစားနေရသော လက္ခဏာများ၊ တစ်ကိုယ်ရေနှင့် မိသားစု၏ ဆေးရာဇဝင်တို့ကို မေးမြန်းဆွေးနွေးခြင်းများ ပါဝင်သည်။ နှလုံးနှင့် အဆုတ်ကို ကိုယ်ကာယစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ပြီး ပိတ်ဆို့မှုရှိသော HCM (HOCM) ရှိသူများတွင် နှလုံးမှ ပုံမှန်မဟုတ်သော အသံထွက်ခြင်း (cardiac murmur) ကို ကြားနိုင်ပါသည်။
ရောဂါအတည်ပြုရန်နှင့် HCM နှင့် လက္ခဏာဆင်တူသော အခြားရောဂါများကို ခွဲခြားနိုင်ရန် အောက်ပါစမ်းသပ်မှုများ လိုအပ်နိုင်ပါသည် –
- Echocardiogram – နှလုံးအခန်းများနှင့် အဆို့ရှင်များမှ သွေးညှစ်ထုတ်ပုံ မည်မျှထိရောက်သည်ကို ပြသပေးသည်။ အသံလှိုင်းများကို အသုံးပြု၍ နှလုံးကြွက်သား ပုံမှန်ထက် ထူနေခြင်း ရှိမရှိ စစ်ဆေးပြီး HCM ကို ရောဂါရှာဖွေရန် ဤစစ်ဆေးမှုကို အများဆုံး ပြုလုပ်လေ့ရှိသည်။
- Heart MRI – နှလုံး၏ အစိတ်အပိုင်းများ (အခန်းများ၊ အဆို့ရှင်များ၊ ကြွက်သားများ) ၏ လုပ်ဆောင်ချက်နှင့် သွေးစီးဆင်းပုံကို ၂ ဖက်မြင် (2D) နှင့် ၃ ဖက်မြင် (3D) ပုံရိပ်များဖြင့် အသေးစိတ် ဖော်ပြပေးနိုင်ပါသည်။
- Electrocardiogram (ECG သို့မဟုတ် EKG) – နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုများကို တိုင်းတာခြင်းဖြင့် နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် နှလုံးကြွက်သားထူနေသော လက္ခဏာများကို ရှာဖွေပေးနိုင်ပါသည်။
- Holter monitor – ပိုက်ဆံအိတ်ထဲ ထည့်ထားနိုင်သော သို့မဟုတ် ခါးပတ်တွင် ချိတ်ထားနိုင်သော သယ်ဆောင်ရလွယ်သည့် ECG ကိရိယာဖြစ်ပြီး တစ်ရက် သို့မဟုတ် ထို့ထက်ပို၍ နှလုံး၏လှုပ်ရှားမှုများကို အဆက်မပြတ် မှတ်တမ်းတင်ပေးပါသည်။
- Stress test – စက်ဘီးစီးခြင်း သို့မဟုတ် စက်ပေါ်တွင် လမ်းလျှောက်ခြင်းကဲ့သို့သော လှုပ်ရှားမှုများ ပြုလုပ်နေစဉ်အတွင်း နှလုံး၏ တုံ့ပြန်ပုံကို စောင့်ကြည့်စစ်ဆေးခြင်း ဖြစ်သည်။
- Cardiac catheterization – လက်မောင်း သို့မဟုတ် ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် ပိုက်ငယ် (catheter) တစ်ခုထည့်သွင်း၍ နှလုံး၏ လုပ်ဆောင်ချက်ကို စစ်ဆေးသည့် နည်းလမ်းဖြစ်သည်။
ကုသခြင်း (Treatment)
HCM ကုသမှုသည် လူနာ၏လက္ခဏာများ၊ အသက်၊ လှုပ်ရှားမှုအဆင့်၊ နှလုံးခုန်နှုန်းမမှန်သည့် အခြေအနေနှင့် နှလုံး၏ လုပ်ဆောင်နိုင်စွမ်းတို့အပေါ် မူတည်ပါသည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ရောဂါလက္ခဏာများကို လျှော့ချရန်နှင့် နှလုံးပျက်စီးခြင်း၊ ရုတ်တရက်သေဆုံးခြင်း အန္တရာယ်များကို ကာကွယ်ရန် ဖြစ်သည်။
ဆေးဝါးများ (Medications)
ဆေးဝါးများသည် နှလုံးညှစ်အားနှင့် နှလုံးခုန်နှုန်းကို ထိန်းညှိပေးခြင်းဖြင့် နှလုံးကို ပိုမိုထိရောက်စွာ သွေးညှစ်ထုတ်နိုင်ရန် ကူညီပေးပါသည်။
- Beta blockers နှင့် Calcium channel blockers – နှလုံးကြွက်သားကို ပြေလျော့စေပြီး နှလုံးအတွင်း သွေးဖြည့်တင်းမှုနှင့် ညှစ်ထုတ်မှုကို ပိုမိုကောင်းမွန်စေသည်။
- နှလုံးခုန်နှုန်း ထိန်းညှိဆေးများ – နှလုံးခုန်နှုန်းကို ထိန်းချုပ်ရန်နှင့် နှလုံးခုန်နှုန်းမမှန်ခြင်းကို လျှော့ချရန် အသုံးပြုသည်။
- သွေးကျဲဆေးများ – နှလုံးခန်းတုန်ခြင်း (atrial fibrillation) ကြောင့်ဖြစ်သော သွေးခဲခြင်းနှင့် ၎င်းမှတစ်ဆင့် ဖြစ်လာနိုင်သော အန္တရာယ်များကို လျှော့ချရန် ညွှန်ကြားနိုင်ပါသည်။
ခွဲစိတ်မှုနှင့် အခြားလုပ်ထုံးလုပ်နည်းများ (Surgeries or other procedures)
- Septal myectomy – ဆေးဝါးဖြင့် မသက်သာပါက ထူနေသော နှလုံးအလယ်နံရံ တစ်ရှူးအနည်းငယ်ကို ခွဲစိတ်ဖယ်ရှားခြင်းဖြင့် သွေးစီးဆင်းရာလမ်းကြောင်းကို ကျယ်စေသော နည်းလမ်းဖြစ်သည်။
- Septal ablation – ခွဲစိတ်မှု မပြုလုပ်နိုင်သော လူနာများအတွက် ထူနေသော နှလုံးနံရံရှိ ဆဲလ်များကို အယ်လ်ကိုဟော (alcohol) ထိုးသွင်း၍ ဖျက်ဆီးကာ နံရံကို ပြန်လည်ပါးလွှာသွားစေသည့် နည်းလမ်းဖြစ်သည်။
- Implantable cardioverter-defibrillator (ICD) – အသက်အန္တရာယ်ရှိသော နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်နိုင်ခြေရှိသူများတွင် အရေပြားအောက်၌ စက်ငယ်တစ်ခု ထည့်သွင်းထားခြင်း ဖြစ်သည်။ ၎င်းသည် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို သိရှိပါက လျှပ်စစ်ရှော့ခ်ပေး၍ နှလုံးခုန်နှုန်းကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးပါသည်။
ကိုယ်ဝန်ဆောင်ခြင်းနှင့် HCM
HCM ရှိသော အမျိုးသမီးအများစုသည် ပုံမှန်အတိုင်း ကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးမွေးဖွားနိုင်သော်လည်း အထူးကုသမှုနှင့် ဂရုတစိုက် စောင့်ကြည့်စစ်ဆေးမှုများ လိုအပ်ပါသည်။ ကိုယ်ဝန်ဆောင်ရန် စီစဉ်နေပါက အန္တရာယ်ရှိနိုင်ခြေ မြင့်မားသော ကိုယ်ဝန်ဆောင်များကို ဂရုစိုက်ပေးသည့် အထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါသည်။
