ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောပုံမှန်မဟုတ်ခြင်း

ခြုံငုံသုံးသပ်ချက် (Overview)

ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောပုံမှန်မဟုတ်ခြင်း (Central nervous system vascular malformations) ဆိုသည်မှာ ဦးနှောက် သို့မဟုတ် ကျောရိုးနှင့် ၎င်းတို့ကို ဖုံးအုပ်ထားသော အမြှေးပါးများရှိ သွေးကြောများတွင် ဖြစ်ပွားတတ်သော ရှားပါးသည့် ပြဿနာများဖြစ်သည်။

ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောပုံမှန်မဟုတ်ခြင်း အမျိုးမျိုးရှိပြီး ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် –

  • Arteriovenous Malformations (AVMs) – သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများအကြား တိုက်ရိုက်ဆက်သွယ်နေသော ပုံမှန်မဟုတ်သည့် သွေးကြောအစုအဝေးများ ဖြစ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပေါ်နိုင်သော်လည်း ဦးနှောက် သို့မဟုတ် ကျောရိုးအနီးတစ်ဝိုက်တွင် အဖြစ်များဆုံးဖြစ်သည်။ ၎င်းတို့သည် ဦးနှောက်အတွင်း သွေးယိုစီးခြင်းနှင့် အခြားပြင်းထန်သော နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည့် အန္တရာယ်ရှိပါသည်။
  • Capillary telangiectasias – ၎င်းတို့သည် ပုံမှန်ထက် ကျယ်နေသော သွေးကဲပိလာရီ (capillaries) ခေါ် အလွန်သေးငယ်သည့် သွေးကြောမျှင်လေးများ ဖြစ်ကြသည်။
  • Cavernous malformations – ဦးနှောက် သို့မဟုတ် ကျောရိုးအတွင်း ပုံမှန်မဟုတ်ဘဲ ဖွံ့ဖြိုးလာသည့် သွေးကြောများဖြစ်သည်။ ၎င်းတို့၏ ပုံသဏ္ဌာန်မှာ ပြောင်းဖူးပေါက်ပေါက် သို့မဟုတ် သစ်သီးအစုအဝေး (mulberry) နှင့် ဆင်တူပါသည်။
  • Dural arteriovenous fistulas – သွေးလွှတ်ကြော၊ သွေးပြန်ကြောနှင့် ဦးနှောက် သို့မဟုတ် ကျောရိုးကို ဖုံးအုပ်ထားသော ထူထဲသည့် အမြှေးပါး (dura) တို့အကြား ပုံမှန်မဟုတ်သော ဆက်သွယ်မှုများ ဖြစ်သည်။
  • Venous malformations – ဦးနှောက် သို့မဟုတ် ကျောရိုးအတွင်းရှိ အထူးတလည် ကြီးမားနေသော သွေးပြန်ကြောများ ဖြစ်သည်။ ၎င်းတို့ကို ဖွံ့ဖြိုးမှုဆိုင်ရာ သွေးပြန်ကြောပုံမှန်မဟုတ်ခြင်း (developmental venous anomalies) ဟုလည်း ခေါ်ဆိုကြသည်။

ရောဂါလက္ခဏာများ (Symptoms)

ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောပုံမှန်မဟုတ်ခြင်း၏ လက္ခဏာများသည် ၎င်းတို့ဖြစ်ပွားသည့် အမျိုးအစားနှင့် တည်နေရာအပေါ် မူတည်ပါသည်။ အချို့သော ဝေဒနာရှင်များသည် နှစ်ပေါင်းများစွာ မည်သည့်လက္ခဏာမျှ မပြဘဲ နေနိုင်ကြပြီး အခြားအကြောင်းကိစ္စတစ်ခုခုအတွက် ပုံရိပ်ဖော်စစ်ဆေးမှု (MRI, CT scan) ပြုလုပ်မှသာ ရောဂါရှိနေသည်ကို မတော်တဆ သိရှိတတ်ကြသည်။

အချို့သော သွေးကြောပုံမှန်မဟုတ်ခြင်းများသည် အောက်ပါလက္ခဏာများကို ဖြစ်စေနိုင်ပါသည် –

  • ခေါင်းကိုက်ခြင်း
  • အတက်ရောဂါ ဖြစ်ခြင်း
  • သွေးယိုစီးခြင်း
  • အာရုံကြောဆိုင်ရာ ချို့ယွင်းချက်များ (Neurological impairments) – ၎င်းသည် အာရုံကြောစနစ်နှင့် ဦးနှောက်ဆိုင်ရာ ပြဿနာများဖြစ်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်သည်။ စကားပြောခြင်း၊ အမြင်အာရုံ၊ ဟန်ချက်ညီမှု၊ မှတ်ဉာဏ်နှင့် အခြားသော လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်ပါသည်။

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ (Causes)

ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောများ ပုံမှန်မဟုတ်ဘဲ ဖြစ်ပေါ်လာရသည့် အတိအကျကို မသိရှိရသေးပါ။ အချို့မှာ မွေးရာပါ (congenital) ပါလာတတ်ပြီး အချို့မှာမူ နောက်ပိုင်းမှ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အချို့သော မျိုးရိုးလိုက်ရောဂါများ ရှိသူများတွင် သွေးကြောပုံမှန်မဟုတ်ခြင်းများ ဖြစ်ပေါ်ရန် အခွင့်အလမ်း ပိုများပါသည်။ ထို့အပြင် ဗဟိုအာရုံကြောစနစ် ထိခိုက်ဒဏ်ရာရရှိခြင်းသည်လည်း ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ဗဟိုအာရုံကြောစနစ်ရှိ သွေးကြောပုံမှန်မဟုတ်ခြင်းကို ရောဂါရှာဖွေရန် ဆရာဝန်သည် မိသားစုအတွင်း လေဖြတ်ခြင်း၊ အတက်ရောဂါ သို့မဟုတ် ဆက်စပ်ဝေဒနာများ ရှိမရှိကို ဦးစွာမေးမြန်းပါမည်။ အချို့သော သွေးကြောပုံမှန်မဟုတ်မှုများသည် သွေးစီးဆင်းမှု အလွန်မြန်ခြင်းကြောင့် “Bruit” ဟုခေါ်သော ဝူးဝူးဝါးဝါး အသံတစ်မျိုး ထွက်ပေါ်တတ်ပြီး ဆရာဝန်က နားကြပ်ဖြင့် နားထောင်စစ်ဆေးရာတွင် ကြားနိုင်ပါသည်။
ပုံရိပ်ဖော် စစ်ဆေးမှုများ (Imaging tests)

• Angiogram – သွေးကြောအတွင်း ဆေးရောင် (contrast dye) ထိုးသွင်း၍ စစ်ဆေးခြင်း ဖြစ်သည်။ ၎င်းသည် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများအတွင်း သွေးစီးဆင်းပုံကို ပုံရိပ်တွင် ထင်ရှားစွာ မြင်တွေ့စေပါသည်။
• MRA သို့မဟုတ် CTA – သံလိုက်စက်ကွင်း သို့မဟုတ် ကွန်ပျူတာဓာတ်မှန်ကို အသုံးပြု၍ သွေးကြောပုံမှန်မဟုတ်ခြင်းကို ပိုမိုတိကျစွာ ရှာဖွေနိုင်ပြီး အကောင်းဆုံးသော ကုသမှုနည်းလမ်းကို ရွေးချယ်ရန် ကူညီပေးပါသည်။
• MRI သို့မဟုတ် CT scan – ပုံမှန်ရိုက်ကူးသော MRI သို့မဟုတ် CT scan များသည် Cavernous malformations ကဲ့သို့သော သွေးကြောပုံမှန်မဟုတ်မှုအချို့ကို ရှာဖွေဖော်ထုတ်ပေးနိုင်ပါသည်။

ကုသခြင်း (Treatment)

ကုသမှုနည်းလမ်းသည် သွေးကြောပုံမှန်မဟုတ်ခြင်း အမျိုးအစား၊ တည်နေရာ၊ ရောဂါလက္ခဏာနှင့် သွေးယိုစီးနိုင်ခြေတို့အပေါ် မူတည်ပါသည်။ အချို့သောအခြေအနေများတွင် ပြောင်းလဲမှုရှိမရှိနှင့် သွေးယိုစီးခြင်း ရှိမရှိကို စောင့်ကြည့်ရန်သာ လိုအပ်ပါသည်။
ဆေးဝါးများ
အတက်ရောဂါအတွက် အတက်ကျဆေးများနှင့် ခေါင်းကိုက်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးများကဲ့သို့သော လက္ခဏာများကို သက်သာစေသည့် ဆေးဝါးများကို အသုံးပြုနိုင်ပါသည်။
ခွဲစိတ်ကုသမှု သို့မဟုတ် အခြားလုပ်ထုံးလုပ်နည်းများ

• ခွဲစိတ်ခြင်း (Surgery) – သွေးကြောပုံမှန်မဟုတ်မှုကို ဖယ်ရှားရန် ဦးနှောက် သို့မဟုတ် ကျောရိုးကို ခွဲစိတ်ခြင်း ဖြစ်သည်။ ၎င်းကို သွားရောက်ရလွယ်ကူသောနေရာတွင်ရှိသည့် သွေးကြောအစုအဝေး (AVM) သေးသေးလေးများအတွက် အများဆုံး အသုံးပြုပါသည်။ ခွဲစိတ်မှုတွင် သွေးထွက်ခြင်း၊ ပိုးဝင်ခြင်းနှင့် အနီးနားရှိ တစ်ရှူးကောင်းများကို ထိခိုက်နိုင်ခြင်းစသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
• Stereotactic radiosurgery – သွေးကြောပုံမှန်မဟုတ်သော နေရာကို ရေဒီယိုသတ္တိကြွ ရောင်ခြည်တန်းများဖြင့် တိကျစွာ ပစ်မှတ်ထား ကုသခြင်း ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ရောင်ခြည်ကြောင့် သွေးကြောနံရံများ ပျက်စီးကာ ပုံမှန်မဟုတ်သော သွေးကြောများ ပျောက်ကွယ်သွားမည်ဖြစ်သည်။ ၎င်းသည် ခွဲစိတ်စရာမလိုသဖြင့် အန္တရာယ်နည်းသော်လည်း ကျန်းမာသော တစ်ရှူးများကို ရောင်ခြည်သင့်စေနိုင်သည့် အခွင့်အလမ်း ရှိပါသည်။
• Endovascular embolization – ပေါင်ခြံရှိ သွေးကြောမှတစ်ဆင့် ပိုက်ငယ် (catheter) ကို ဦးနှောက်ဆီသို့ လမ်းညွှန်ထည့်သွင်းခြင်း ဖြစ်သည်။ ထို့နောက် သွေးစီးဆင်းမှုကို ပိတ်ဆို့ရန် ကွိုင် (coils) သို့မဟုတ် ကော်ကဲ့သို့သော ပစ္စည်းတစ်ခုကို အသုံးပြု၍ သွေးကြောကို ပိတ်လိုက်ခြင်း ဖြစ်သည်။ ၎င်းကို အခြားခွဲစိတ်မှုနည်းလမ်းများနှင့် တွဲဖက်၍လည်း အသုံးပြုလေ့ရှိပါသည်။

Doctors who treat this condition