Neofect ဆန်းသစ်တီထွင်မှုနှင့် အယ်လ်ဇိုင်းမားရောဂါကို နှေးကွေးစေသည့် ဆေးဝါးများဖြင့် မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ခြင်း
ကျန်းမာရေးဆိုင်ရာ စာစောင်များ
အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) သည် “အသက်အရွယ်ကြောင့် ဖြစ်တတ်သော မေ့လျော့ခြင်း” ထက် ပိုမိုပြင်းထန်ပါသည်။ ၎င်းသည် ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံလာခြင်းကြောင့် ဦးနှောက်ပျက်စီးခြင်းနှင့် အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေခြင်းတို့ ပါဝင်ပါသည်။ ဤအခြေအနေသည် နေ့စဉ်လူနေမှုဘဝနှင့် မှတ်ဉာဏ်စွမ်းရည်ကို ထိခိုက်စေပါသည်။ ထို့ကြောင့် မှတ်ဉာဏ်များ သိသိသာသာ လျော့နည်းမလာမီ စောစီးစွာ စစ်ဆေးအကဲဖြတ်ရန် အရေးကြီးပါသည်၊ အကြောင်းမှာ ရောဂါလက္ခဏာများ ပိုမိုဆိုးရွားမလာမီ ဦးနှောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် ကုသမှုများကို စတင်နိုင်သောကြောင့် ဖြစ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ (Alzheimer’s disease) ဆိုသည်မှာ အဘယ်နည်း?
အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်၊ အတွေးအခေါ်၊ သင်ယူမှုစွမ်းရည်နှင့် နေ့စဉ်လူနေမှုဘဝကို စနစ်တကျစီမံနိုင်စွမ်းတို့ကို တဖြည်းဖြည်းချင်း ထိခိုက်စေသည့် ဦးနှောက်ရောဂါတစ်ခု ဖြစ်ပါသည်။ ၎င်းသည် ဦးနှောက်အတွင်း ဘီတာ-အမ်မလွိုက် (beta-amyloid) နှင့် တော (tau) ဟုခေါ်သော ပရိုတင်းများ ပုံမှန်မဟုတ်ဘဲ စုပုံလာခြင်းကြောင့် ဖြစ်ပွားရခြင်း ဖြစ်ပါသည်။
အဆိုပါ ပရိုတင်းများသည် ဦးနှောက်၏ တည်ဆောက်ပုံကို ပျက်စီးစေပြီး အာရုံကြောဆဲလ်များ၏ လုပ်ဆောင်ချက်များကို အနှောင့်အယှက်ဖြစ်စေပါသည်။ ရောဂါအခြေအနေ ပိုမိုဆိုးရွားလာသည်နှင့်အမျှ မှတ်ဉာဏ်၊ ပိုင်းခြားစိတ်ဖြာတွေးခေါ်နိုင်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့သည် သိသိသာသာ လျော့နည်းလာကာ နေ့စဉ်လူနေမှုဘဝကို တဖြည်းဖြည်းချင်း အနှောင့်အယှက်ဖြစ်စေပါသည်။
အယ်လ်ဇိုင်းမားရောဂါ နှင့် သတိမေ့ရောဂါ (Dementia) တို့၏ ကွာခြားပုံ
သတိမေ့ရောဂါ (Dementia) ဆိုသည်မှာ အတွေးအခေါ်၊ မှတ်ဉာဏ်နှင့် ဆင်ခြင်တုံတရားတို့ကို အနှောင့်အယှက်ဖြစ်စေသည့် အမျိုးမျိုးသော အခြေအနေများကို စုပေါင်းခေါ်ဆိုခြင်း ဖြစ်ပါသည်။ ၎င်းသည် လေဖြတ်ခြင်း၊ ပိုးဝင်ခြင်း၊ ဗီတာမင်ဓာတ် ချို့တဲ့ခြင်း သို့မဟုတ် ပါကင်ဆန်ရောဂါ (Parkinson’s disease) ကဲ့သို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါသည်။ အယ်လ်ဇိုင်းမားရောဂါသည် မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေသည့် အကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပြီး အဖြစ်အများဆုံး အမျိုးအစားလည်း ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါ ရှိသူတိုင်းသည် မှတ်ဉာဏ်ချို့ယွင်းမှု ဝေဒနာကို ခံစားရသော်လည်း မှတ်ဉာဏ်ချို့ယွင်းမှု ဝေဒနာရှင်တိုင်းသည် အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်ခြင်းမဟုတ်ပါ။
MCI – အယ်လ်ဇိုင်းမား အဆင့်မတိုင်မီ သတိပေးအဆင့် (အပျော့စား သိမှုစွမ်းရည် ချို့ယွင်းခြင်း)
Mild Cognitive Impairment (MCI) သည် အသက်အရွယ်အရ ဖြစ်တတ်သော ပုံမှန်မေ့လျော့ခြင်းနှင့် သတိမေ့ရောဂါ (Dementia) အဆင့်တို့ကြားရှိ အကူးအပြောင်းကာလဟု သတ်မှတ်နိုင်ပါသည်။ အဖြစ်များသော လက္ခဏာများမှာ-
စတင်မှတ်ဉာဏ်ချို့ယွင်းလာခြင်း: လတ်တလောဖြစ်ရပ်များကို မေ့လျော့ခြင်း၊ ပစ္စည်းများထားမိသည့်နေရာ ပျောက်ဆုံးခြင်း သို့မဟုတ် မေးခွန်းများကို ထပ်ခါတလဲလဲ မေးမြန်းခြင်း။
အာရုံစူးစိုက်မှုနှင့် ပြဿနာဖြေရှင်းနိုင်စွမ်း လျော့နည်းလာခြင်း: ရိုးရှင်းသော ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း၊ နေ့စဉ်လုပ်ငန်းဆောင်တာများကို စီမံခန့်ခွဲရန် ခက်ခဲခြင်း သို့မဟုတ် ယခင်ကကဲ့သို့ ဆက်သွယ်ပြောဆိုရန် အခက်အခဲရှိခြင်း။
စိတ်ခံစားမှုနှင့် အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုများ: စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်အားထက်သန်မှုမရှိခြင်း သို့မဟုတ် အခြေအမြစ်မရှိသော သံသယစိတ်များ ဖြစ်ပေါ်ခြင်း။
ဦးနှောက်၏ လုပ်ဆောင်ချက်များ အချိန်နှင့်အမျှ ကျဆင်းလာသည်နှင့်အမျှ အဆိုပါလက္ခဏာများသည် ပိုမိုဆိုးရွားလာတတ်ပါသည်။ စောစီးစွာနှင့် သင့်တော်သော ပြုစုစောင့်ရှောက်မှု မရှိပါက MCI အဆင့်မှ သတိမေ့ရောဂါ (Dementia) အဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။ ထို့ကြောင့် စောစီးစွာ စစ်ဆေးအကဲဖြတ်မှု ခံယူရန် အထူးအကြံပြုအပ်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေကို မည်သို့ စစ်ဆေးအကဲဖြတ်သနည်း
ယနေ့ခေတ်တွင် လူတစ်ဦး၌ အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေ ရှိ၊ မရှိကို အောက်ပါနည်းလမ်းများအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် စစ်ဆေးသိရှိနိုင်ပါသည် –
အထူးကုဆရာဝန်ကြီးနှင့်တိုင်ပင်၍ ရောဂါရာဇဝင်နှင့် မိသားစုဝင်များ၏ ကျန်းမာရေးရာဇဝင်ကို အသေးစိတ် ပြန်လည်ဆန်းစစ်ခြင်း။
ဦးနှောက်၏ လုပ်ဆောင်ရည်နှင့် ရောဂါပြင်းထန်မှုကို အကဲဖြတ်ရန် TMSE (Thai Mental State Examination) သို့မဟုတ် MoCA (Montreal Cognitive Assessment) ကဲ့သို့သော သိမှုစွမ်းရည်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း။
အာရုံကြောစနစ်နှင့် မသက်ဆိုင်ဘဲ သိမှုစွမ်းရည် ပြောင်းလဲစေနိုင်သော အခြားအကြောင်းရင်းများကို သိရှိနိုင်ရန် သွေးစစ်ဆေးခြင်း။
CSF (Cerebrospinal fluid) ခေါ် ခါးဆစ်ထဲမှ ဦးနှောက်နှင့် အာရုံကြောမကြီး အရည်ကို ထုတ်ယူကာ အမ်မလွိုက် (Amyloid) နှင့် တော (Tau) ပရိုတင်းများကို တိုင်းတာစစ်ဆေးခြင်း။
PET scans သို့မဟုတ် အခြားသော ပုံရိပ်ဖော်စစ်ဆေးမှုများဖြင့် ဦးနှောက်အတွင်းရှိ ပုံမှန်မဟုတ်သော ပရိုတင်းပုံစံများကို ရှာဖွေခြင်း။ ဤနည်းလမ်းသည် ရောဂါလက္ခဏာများ မပေါ်ပေါက်မီကပင် ရောဂါရှိနေခြင်းကို စောစီးစွာ ဖော်ထုတ်နိုင်ပါသည်။
အထူးသဖြင့် MCI အဆင့်တွင် ရောဂါကို စောစီးစွာ ဖော်ထုတ်နိုင်ခြင်းက လူနာများအတွက် အချိန်မီ ဦးနှောက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် တိကျသော ကုသမှုများ ခံယူခြင်းတို့မှ အကျိုးကျေးဇူးများစွာ ရရှိစေပါသည်။ ၎င်းက ရေရှည်တွင် လူနေမှုဘဝ အရည်အသွေးကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။
Neofect နည်းပညာဖြင့် ဦးနှောက်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ပေးခြင်း
Neofect သည် မှတ်ဉာဏ်ချို့ယွင်းမှု အစောပိုင်းအဆင့် သို့မဟုတ် အယ်လ်ဇိုင်းမားဝေဒနာ ခံစားနေရသူများ၏ ဦးနှောက်လုပ်ဆောင်ချက်နှင့် လှုပ်ရှားမှုဆိုင်ရာ ကျွမ်းကျင်မှုများကို အထောက်အကူပြုရန် ဒီဇိုင်းထုတ်ထားသော အထူးပြု ပြန်လည်သန်စွမ်းရေး စနစ်တစ်ခု ဖြစ်ပါသည်။ ၎င်း၏ အဓိက အစိတ်အပိုင်းတစ်ခုမှာ Neofect Cognition ဖြစ်ပြီး ကွန်ပျူတာအခြေပြု ပရိုဂရမ်တစ်ခုအနေဖြင့် အောက်ပါတို့ကို စစ်ဆေးအကဲဖြတ်ခြင်းနှင့် လေ့ကျင့်ပေးခြင်းများ ပြုလုပ်နိုင်ပါသည် –
ရေတိုမှတ်ဉာဏ်နှင့် လက်ရှိလုပ်ဆောင်ဆဲ မှတ်ဉာဏ်များ (Short-term and working memory)
အာရုံစူးစိုက်မှုနှင့် အာရုံစိုက်နိုင်စွမ်း (Attention and focus)
စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် စီမံကိန်းချခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Executive functions)
မျက်စိနှင့် လက် အပြန်အလှန် ချိတ်ဆက်လှုပ်ရှားမှုကဲ့သို့သော အာရုံခံစားမှုဆိုင်ရာ လှုပ်ရှားမှု ကျွမ်းကျင်မှုများ (Perceptual-motor skills)
လေ့ကျင့်ခန်းများကို အပြန်အလှန် တုံ့ပြန်နိုင်သော “ကုထုံးဆိုင်ရာ ဂိမ်းများ (Therapy Games)” အဖြစ် တင်ဆက်ထားသောကြောင့် စိတ်ဝင်စားစရာကောင်းပြီး ပျော်ရွှင်စရာကောင်းသဖြင့် သက်ကြီးရွယ်အိုများအနေဖြင့် စဉ်ဆက်မပြတ် ပါဝင်လုပ်ဆောင်လိုစိတ် ပိုမိုရှိလာစေပါသည်။
Neofect ၏ အကျိုးကျေးဇူးများတွင် အောက်ပါတို့ ပါဝင်ပါသည် –
လေ့ကျင့်မှု မပြုလုပ်မီနှင့် ပြုလုပ်ပြီးနောက် တိုးတက်မှုအခြေအနေကို တိကျသော ကိန်းဂဏန်းအချက်အလက်များဖြင့် ခြေရာခံနိုင်ခြင်း
လူတစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်၍ ခက်ခဲမှုအဆင့်ကို လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိနိုင်ခြင်း
ဦးနှောက်၏ လုပ်ဆောင်ရည်နှင့် နေ့စဉ်စွမ်းဆောင်နိုင်ရည်တို့ကို ဘက်စုံရှုထောင့်မှ သိရှိနိုင်ရန် ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးအကဲဖြတ်မှု၊ ကုထုံးများနှင့် ပေါင်းစပ်လုပ်ဆောင်နိုင်ခြင်း
အချိန်နှင့်အမျှ သိသာထင်ရှားသော တိုးတက်မှုများကို ကိုယ်တိုင်မြင်တွေ့နိုင်သဖြင့် လေ့ကျင့်လိုစိတ် ပိုမိုထက်သန်လာစေခြင်း
Lecanemab (Leqembi): အယ်လ်ဇိုင်းမားရောဂါကို နှေးကွေးစေနိုင်သည့် ဆေးဝါး
Lecanemab (Leqembi) သည် အစောပိုင်း အယ်လ်ဇိုင်းမားရောဂါ လက္ခဏာခံစားနေရသူများ (အယ်လ်ဇိုင်းမားကြောင့်ဖြစ်သော MCI အဆင့်အပါအဝင်) တွင် သိမှုစွမ်းရည်ကျဆင်းမှုကို နှေးကွေးစေရန် ထုတ်ဖော်ထားသော Anti-amyloid Monoclonal Antibody အမျိုးအစား ဆေးဝါးဖြစ်ပါသည်။ ၎င်းသည် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းဖြစ်သော ဦးနှောက်အတွင်း ဘီတာ-အမ်မလွိုက် (Beta-amyloid) စုပုံမှုကို လျှော့ချပေးခြင်းဖြင့် လုပ်ဆောင်ပါသည်။ ဆေးဘက်ဆိုင်ရာ လေ့လာမှုများအရ ၁၈ လကြာ ပုံမှန်ကုသမှုခံယူခြင်းသည် အစောပိုင်းလက္ခဏာရှိသော လူနာများတွင် အတွေးအခေါ်နှင့် မှတ်ဉာဏ်စွမ်းရည် ကျဆင်းမှုကို နှေးကွေးစေရန် ကူညီပေးနိုင်ကြောင်း သိရှိရပါသည်။
ဆေးပေးခြင်းနှင့် စောင့်ကြည့်စစ်ဆေးခြင်း
နှစ်ပတ်လျှင်တစ်ကြိမ် အကြောဆေး (IV Infusion) အဖြစ် ပေးဝေပါသည်။
ဆရာဝန်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကုသမှုကို စီမံခန့်ခွဲပါသည်။
ကုသမှုမစတင်မီနှင့် ကုသမှုခံယူနေစဉ်အတွင်း အခါအားလျော်စွာ ဦးနှောက် MRI ရိုက်ကူးစစ်ဆေးရန် လိုအပ်ပါသည်။
ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည့် APOE ε 4 မျိုးရိုးဗီဇကဲ့သို့သော အချက်များကို သိရှိနိုင်ရန် သွေးစစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။
ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများ
ခေါင်းကိုက်ခြင်း သို့မဟုတ် မူးဝေခြင်း
အမြင်အာရုံပြဿနာများ သို့မဟုတ် စိတ်ရှုပ်ထွေးခြင်း
ဦးနှောက်ရောင်ခြင်း သို့မဟုတ် သွေးယိုစိမ့်ခြင်းကဲ့သို့ ပြင်းထန်သော်လည်း ဖြစ်တောင့်ဖြစ်ခဲရှိသော ဆိုးကျိုးများ
အလွန်ရှားပါးသော ဖြစ်ရပ်များတွင် အတက်ရောဂါဖြစ်ခြင်း သို့မဟုတ် အသက်ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်ပါသည်။
Lecanemab နှင့် မသင့်တော်သူများ
ရောဂါလက္ခဏာ လုံးဝမရှိသူများ
အသင့်အတင့်မှ ပြင်းထန်သော အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူများ
ဦးနှောက်အတွင်း သွေးယိုစိမ့်ဖူးသည့် ရာဇဝင်ရှိသူများ
အချို့သော သွေးကျဲဆေးများ သောက်သုံးနေရသူများ
ကျန်းမာရေးအခြေအနေ အလွန်စိုးရိမ်ရသူများ သို့မဟုတ် APOE ε4 မျိုးရိုးဗီဇအရ ဘေးထွက်ဆိုးကျိုးဖြစ်နိုင်ခြေ မြင့်မားသူများ
အယ်လ်ဇိုင်းမားရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း၊ စောစီးပြီး တိကျသော ရောဂါရှာဖွေမှု၊ သင့်တော်သော စစ်ဆေးအကဲဖြတ်မှု၊ ပြန်လည်သန်စွမ်းရေး နည်းပညာများနှင့် လူနာနှင့်ကိုက်ညီသော ကုသမှုများမှတစ်ဆင့် လူနာများအနေဖြင့် အဓိပ္ပာယ်ရှိသော မှတ်ဉာဏ်စွမ်းရည်များကို ပိုမိုကြာရှည်စွာ ထိန်းသိမ်းထားနိုင်ကာ မိမိကိုယ်မိမိ အားကိုးနိုင်သည့် အခြေအနေကို တတ်နိုင်သမျှ အချိန်ကြာမြင့်စွာ ရရှိစေမည် ဖြစ်ပါသည်။
အကယ်၍ လူကြီးမင်းတို့၌ ရောဂါလက္ခဏာတစ်စုံတစ်ရာ ခံစားရပါက ဝေ့ဌာနီနိုင်ငံတကာအထူးကုဆေးရုံကြီးရှိ အထူးကုဆရာဝန်ကြီးများနှင့် ရက်ချိန်းယူ၍ တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
အမေးများသောမေးခွန်းများ (FAQs)
အယ်လ်ဇိုင်းမားရောဂါနှင့် မှတ်ဉာဏ်ချို့ယွင်းမှု ( Dementia) တို့ မည်သို့ကွာခြားသနည်း?
မှတ်ဉာဏ်ချို့ယွင်းမှု ( Dementia) ဆိုသည်မှာ ဦးနှောက်လုပ်ဆောင်ချက်များ တဖြည်းဖြည်းကျဆင်းလာပြီး မှတ်ဉာဏ်နှင့် နေ့စဉ်လူနေမှုဘဝတွင် အခက်အခဲဖြစ်စေသည့် အခြေအနေတစ်ခု ဖြစ်ပါသည်။ ၎င်းသည် လေဖြတ်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် ပါကင်ဆန်ရောဂါကဲ့သို့သော အကြောင်းရင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါသည်။ အယ်လ်ဇိုင်းမားရောဂါ သည် မှတ်ဉာဏ်ချို့ယွင်းမှုကို ဖြစ်စေသော အကြောင်းရင်းများအနက် တစ်ခုဖြစ်ပြီး အဖြစ်အများဆုံး အမျိုးအစားလည်း ဖြစ်ပါသည်။ အယ်လ်ဇိုင်းမားရောဂါရှိသူတိုင်းသည် မှတ်ဉာဏ်ချို့ယွင်းမှုဝေဒနာ ခံစားရသော်လည်း မှတ်ဉာဏ်ချို့ယွင်းမှုရှိသူတိုင်းသည် အယ်လ်ဇိုင်းမားရောဂါကြောင့် ဖြစ်ခြင်းမဟုတ်ပါ။
MCI အဆင့်ဆိုသည်မှာ အဘယ်နည်း၊ ၎င်းသည် အယ်လ်ဇိုင်းမားရောဂါ၏ သတိပေးလက္ခဏာလော?
MCI (Mild Cognitive Impairment) ဆိုသည်မှာ သိမှုစွမ်းရည် အနည်းငယ်ကျဆင်းလာသည့် အခြေအနေဖြစ်ပြီး အသက်အရွယ်အရ ပုံမှန်မေ့လျော့ခြင်း နှင့် အယ်လ်ဇိုင်းမားကြောင့်ဖြစ်သော မှတ်ဉာဏ်ချို့ယွင်းမှု အဆင့်တို့ကြားတွင် ရှိနေပါသည်။ MCI ခံစားနေရသူများသည် မှတ်ဉာဏ်၊ အတွေးအခေါ်၊ အာရုံစူးစိုက်မှုနှင့် ဆုံးဖြတ်ချက်ချနိုင်စွမ်းတို့တွင် အခက်အခဲများ ကြုံတွေ့ရတတ်ပါသည်။ ဥပမာအားဖြင့် လတ်တလောဖြစ်ရပ်များကို မေ့လျော့ခြင်း၊ ရိုးရှင်းသော ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း သို့မဟုတ် စိတ်ခံစားမှု သိသိသာသာ ပြောင်းလဲခြင်းတို့ ဖြစ်တတ်ပါသည်။ စောစီးစွာ စစ်ဆေးမှုနှင့် သင့်လျော်သော စောင့်ကြည့်မှုများ မရှိပါက MCI အဆင့်မှ မှတ်ဉာဏ်ချို့ယွင်းမှု (Dementia) အဆင့်သို့ ကူးပြောင်းသွားနိုင်ပါသည်။
အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ခြေရှိမရှိ မည်သို့သိနိုင်သနည်း?
အယ်လ်ဇိုင်းမားရောဂါကို အောက်ပါနည်းလမ်းအမျိုးမျိုးဖြင့် စစ်ဆေးအကဲဖြတ်နိုင်ပါသည် –
လူနာ၏ ရောဂါရာဇဝင်ကို ပြန်လည်ဆန်းစစ်ခြင်းနှင့် မှတ်ဉာဏ် သို့မဟုတ် အမူအကျင့်ဆိုင်ရာ ပြောင်းလဲမှုများကို သိရှိနိုင်ရန် မိသားစုဝင်များနှင့် စကားပြောဆိုခြင်း။
ဦးနှောက်လုပ်ဆောင်ချက်ကို အကဲဖြတ်ရန်TMSE သို့မဟုတ် MoCA ကဲ့သို့သော သိမှုစွမ်းရည်ဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ခြင်း။
သိမှုစွမ်းရည် ကျဆင်းစေသည့် အခြားသော အကြောင်းရင်းများကို ဖယ်ထုတ်နိုင်ရန် သွေးစစ်ဆေးခြင်း။
အမ်မလွိုက် (Amyloid) နှင့် တော (Tau) ပရိုတင်းပမာဏကို တိုင်းတာရန် ခါးဆစ်အရည် (CSF) ကို စစ်ဆေးခြင်း။
ဦးနှောက်အတွင်း ပုံမှန်မဟုတ်သော ပရိုတင်းများ စုပုံမှုကို ရှာဖွေရန် PET scans ကဲ့သို့သော ပုံရိပ်ဖော်စစ်ဆေးမှုများ အသုံးပြုခြင်း။
အယ်လ်ဇိုင်းမားရောဂါကို MCI ကဲ့သို့သော စောစီးသည့် အဆင့်တွင် ဖော်ထုတ်နိုင်ပါက Neofect နည်းပညာ ဖြင့် ဦးနှောက်ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ပေးခြင်း သို့မဟုတ် Lecanemab ကဲ့သို့သော ဆေးဝါးများဖြင့် ကုသခြင်းတို့ကို အချိန်မီ စတင်စီစဉ်နိုင်မည် ဖြစ်ပါသည်။
ထပ်မံသိရှိလိုသော အချက်အလက်များအတွက် ဆက်သွယ်ရန် – ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန , ဝေ့ဌာနီ နိုင်ငံတကာအထူးကုဆေးရုံကြီး ဖုန်း – (+66)2-734-0000 (လိုင်းခွဲ 5400) မြန်မာဘာသာ Hotline – (+66)63-853-2447
Medically Reviewed by
DR. DUANGKAMOL SINGWICHA
Neurology
Medical Neurology - Behavioral and Cognitive
Readers’ Rating
5.0 out of 5 stars (based on 4 reviews)