အကျဉ်းချုပ်အကြောင်းအရာ
နှင်းဆီရောင်အရေပြားရောဂါဆိုသည်မှာ အရေပြားပေါ်တွင် အဖုအပိမ့်များနှင့် အကြေးခွံကဲ့သို့ အကွက်များဖြစ်ပေါ်တတ်သည့် အဖြစ်များသော အရေပြားအခြေအနေတစ်ခု ဖြစ်ပါသည်၊၊ ဤအရေပြားနာသည် များသောအားဖြင့် မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက် သို့မဟုတ် ကျောပြင်တို့တွင် ဘဲဥပုံစံ အကွက်ကြီးတစ်ခု စတင်ပေါ်ပေါက်လာခြင်းမှ စတင်လေ့ရှိပြီး ၎င်းအကွက်မှာ ၄ လက်မ (၁၀ စင်တီမီတာ) ခန့်အထိ ကျယ်ပြန့်နိုင်ပါသည်၊၊ ထို့နောက်တွင် ခန္ဓာကိုယ်ဗဟိုမှ အပြင်ဘက်သို့ ထင်းရှူးပင်အကိုင်းအခက်များ ဖြာထွက်နေသည့် ပုံစံမျိုးဖြင့် အကွက်ငယ်လေးများ ထပ်မံထွက်ပေါ်လာတတ်ပါသည်၊၊ အဖုအပိမ့်များနှင့်အတူ ယားယံခြင်းလည်း ဖြစ်နိုင်ပါသည်၊၊
ဤအရေပြားနာသည် ပုံမှန်အားဖြင့် ရက်သတ္တပတ်အနည်းငယ်ကြာပြီးနောက် အမာရွတ်မကျန်ဘဲ အလိုအလျောက် ပြန်လည်ပျောက်ကင်းသွားတတ်ပါသည်၊၊ ကုသမှုခံယူရန် များသောအားဖြင့် မလိုအပ်ပါ၊၊ ဆေးဝါးပါဝင်သော လိမ်းဆေးများသည် ယားယံခြင်းကို သက်သာစေပြီး အဖုအပိမ့်များ မြန်မြန်ပျောက်ကင်းစေရန် ကူညီပေးနိုင်ပါသည်၊၊ ဤရောဂါသည် တစ်ခါဖြစ်ဖူးပါက ပြန်ဖြစ်ခဲပြီး အခြားသူထံသို့လည်း ကူးစက်ခြင်း မရှိပါ၊၊
ဤရောဂါကို “ခရစ္စမတ်သစ်ပင်ပုံစံ အရေပြားနာ” ဟုလည်း ခေါ်ဆိုကြပါသည်၊၊
ရောဂါလက္ခဏာများ
ပုံမှန်အားဖြင့် ဤရောဂါသည် မျက်နှာ၊ ကျော၊ ရင်ဘတ် သို့မဟုတ် ဝမ်းဗိုက်တို့တွင် ဘဲဥပုံစံ၊ အနည်းငယ်ကြွတက်နေသော အကြေးခွံပါသည့် အကွက်ကြီးတစ်ခု ဦးစွာပေါ်လာခြင်းဖြင့် စတင်ပါသည်၊၊ ရောဂါလက္ခဏာများသည် တဖြည်းဖြူးချင်း ပေါ်ပေါက်လာတတ်ပါသည်-
- အစပိုင်းတွင် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း သို့မဟုတ် အထက်ပိုင်းအသက်ရှူလမ်းကြောင်း ပိုးဝင်ခြင်းတို့ ဖြစ်နိုင်ပါသည်၊၊
- ထို့နောက် အရောင်ပြောင်းနေသည့် အဝိုင်း သို့မဟုတ် ဘဲဥပုံစံ အကွက်တစ်ခု ဖြစ်ပေါ်လာတတ်ပြီး ၎င်းသည် ၁ မှ ၆ စင်တီမီတာအထိ ရှိနိုင်ပါသည်၊၊ ဤအကွက်ကို “အမိ အကွက်” ဟု ခေါ်ဆိုပါသည်၊၊
- ရက်သတ္တပတ် တစ်ပတ်မှ နှစ်ပတ်ခန့်အကြာတွင် အမိအကွက်၏အနီး၌ အရောင်ပြောင်းနေသော အဝိုင်း သို့မဟုတ် ဘဲဥပုံစံ အကွက်ငယ်လေးများ အုပ်စုလိုက် စတင်ထွက်ပေါ်လာပါသည်၊၊ ၁ မှ ၂ စင်တီမီတာခန့်သာရှိသော ဤအကွက်ငယ်များကို “အပြင်အကွက်များ” ဟု ခေါ်ဆိုပြီး ၎င်းတို့သည် အမိအကွက်ထက် သေးငယ်ပါသည်၊၊ ၎င်းတို့ ပြန့်ကားထွက်လာပုံမှာ ခရစ္စမတ်သစ်ပင်၏ အကိုင်းအခက်များ တွဲလောင်းကျနေသည့် ပုံစံနှင့် ဆင်တူပါသည်၊၊
- ဤရောဂါရှိသူများ၏ ထက်ဝက်ခန့်တွင် ယားယံခြင်းကို ခံစားရတတ်ပါသည်၊၊
- အသားအရောင် ညိုသူ သို့မဟုတ် မည်းသူများတွင် အကွက်များမှာ ပိုမိုကြွတက်နေနိုင်ပြီး အကွက်၏အလယ်ဗဟိုတွင် ဆဲလ်သေများရှိနေနိုင်ပါသည်၊၊
- ဤအရေပြားနာသည် နာကျင်ခြင်းမရှိပါ၊၊ သို့သော် အကွက်များကို ကုတ်ဖဲ့မိပါက အရေပြားပေါက်ပြဲပြီး ပိုးဝင်ခြင်းကို ဖြစ်စေနိုင်ပါသည်၊၊
- အကယ်၍ အရေပြားနာသည် သုံးလကြာသည်အထိ မပျောက်ကင်းပါက သို့မဟုတ် ပိုမိုဆိုးရွားလာပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြသပါ၊၊
- ကိုယ်ဝန်ဆောင်စဉ်အတွင်း ဤရောဂါလက္ခဏာများ ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူထံ ချက်ချင်းအကြောင်းကြားပါ၊၊ သုတေသနပြုချက်များအရ ကိုယ်ဝန်ဆောင်စဉ် ဤရောဂါဖြစ်ပွားပါက ကိုယ်ဝန်ပျက်ကျခြင်း သို့မဟုတ် မွေးကင်းစကလေးငယ်တွင် ကြွက်သားများ အားနည်းခြင်းကဲ့သို့သော မွေးဖွားမှုဆိုင်ရာ နောက်ဆက်တွဲပြဿနာများကို ဖြစ်စေနိုင်သည်ဟု သိရပါသည်၊၊
ဖြစ်ပွားရသောအကြောင်းရင်းများ
ဤရောဂါဖြစ်ပွားရသည့် အတိအကျအကြောင်းရင်းကို မသိရှိရသေးသော်လည်း ဗိုင်းရပ်စ်ပိုးဝင်ခြင်း (အထူးသဖြင့် ဟားပီးဗိုင်းရပ်စ် အမျိုးအစားအချို့) နှင့် ဆက်စပ်နိုင်သည်ဟု ယူဆကြပါသည်၊၊ သို့သော် ဤရောဂါသည် နှုတ်ခမ်းတစ်ဝိုက်တွင် အနာဖြစ်စေသော ဟားပီးဗိုင်းရပ်စ်နှင့်မူ သက်ဆိုင်ခြင်းမရှိကြောင်း သိထားရန် အရေးကြီးပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၁၀ နှစ်မှ ၃၅ နှစ်အတွင်းရှိသူများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်၊၊ အသက် ၆၀ ကျော်သူများတွင် ဖြစ်ပွားလေ့မရှိသော်လည်း အကယ်၍ ဖြစ်ပွားခဲ့ပါက ရောဂါလက္ခဏာများ ပျောက်ကင်းရန် အချိန်ပိုမိုကြာမြင့်နိုင်ပါသည်၊၊
ရောဂါရှာဖွေခြင်း
ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် အရေပြားပေါ်ရှိ အဖုအပိမ့်များကို ကြည့်ရုံဖြင့် ဤရောဂါကို ရှာဖွေဖော်ထုတ်လေ့ရှိပါသည်၊၊ သို့သော် အချို့သောအခြေအနေများတွင် အသားစယူစစ်ဆေးရန် လိုအပ်နိုင်ပါသည်၊၊ အသားစယူစစ်ဆေးရာတွင် အရေပြားအကွက်မှ နမူနာအနည်းငယ်ကိုရယူ၍ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်းဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုသည် ဤရောဂါနှင့် ဆင်တူသောအခြားအရေပြားနာများမှ ခွဲခြားသိရှိနိုင်ရန် ကူညီပေးပါသည်၊၊
ကုသခြင်း
ကုသမှုမခံယူပါက ဤရောဂါသည် ပုံမှန်အားဖြင့် လေးပတ်မှ ဆယ်ပတ်အတွင်း အလိုအလျောက် ပျောက်ကင်းသွားတတ်ပါသည်၊၊ ဤရောဂါသည် များသောအားဖြင့် အမာရွတ်မကျန်ဘဲ ပျောက်ကင်းသွားတတ်ပြီး ပြန်လည်ဖြစ်ပွားလေ့မရှိပါ၊၊ အကယ်၍ ယားယံခြင်းက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေပါက သို့မဟုတ် သတ်မှတ်ထားသောအချိန်အတွင်း အရေပြားနာ ပျောက်ကင်းမသွားပါက ကုသမှုခံယူရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ပြသပါ၊၊
- ဆေးဝါးများ။ အိမ်တွင်းကုထုံးများဖြင့် လက္ခဏာများမသက်သာပါက သို့မဟုတ် ရောဂါကြာရှည်နေပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ဆေးဝါးများဖြင့် ကုသရန် အကြံပြုနိုင်ပါသည်၊၊ ရောင်ရမ်းမှုကျဆေးများနှင့် ယားယံမှုပျောက်ဆေးများကို ဤရောဂါအတွက် အသုံးများပါသည်၊၊ ဥပမာအားဖြင့် သောက်ဆေးအဖြစ် အသုံးပြုသော ရောင်ရမ်းမှုကျဆေး တစ်မျိုးသည် အရေပြားအပါအဝင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ရောင်ရမ်းမှုများကို လျော့ကျစေပါသည်၊၊ ထို့ပြင် ခန္ဓာကိုယ်အတွင်းရှိ အန္တရာယ်ရှိသော ဗိုင်းရပ်စ်များကို တိုက်ဖျက်ရန် ကူညီပေးသော ဗိုင်းရပ်စ်သတ်ဆေးများကိုလည်း အသုံးပြုနိုင်ပါသည်၊၊
- အလင်းဖြင့်ကုသခြင်း။ ဤကုထုံးသည် အထူးပြုလုပ်ထားသော မီးချောင်းများမှ ထွက်ရှိသည့် ခရမ်းလွန်ရောင်ခြည် (ဘီ) ကို အသုံးပြု၍ ကုသခြင်းဖြစ်ပါသည်၊၊ နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်သည်လည်း ဤအရေပြားရောဂါကို ကုသရာတွင် ကူညီပေးနိုင်ပါသည်၊၊ သို့သော် အသားအရောင်ညိုသူ သို့မဟုတ် မည်းသူများသည် ဤကုသမှုကို မခံယူမီ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်သင့်ပါသည်၊၊ အဘယ်ကြောင့်ဆိုသော် ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားနာပျောက်ကင်းသွားသည့်တိုင် အသားအရောင်ရင့်သူများတွင် အမည်းစက်များ အမြဲတမ်းကျန်ရစ်စေနိုင်သောကြောင့် ဖြစ်ပါသည်၊၊
