လိင်ဆက်ဆံစဉ် နာကျင်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
လိင်ဆက်ဆံစဉ် နာကျင်ခြင်း ဆိုသည်မှာ လိင်မဆက်ဆံမီ၊ ဆက်ဆံစဉ် သို့မဟုတ် ဆက်ဆံပြီးနောက်တွင် မိန်းမကိုယ်တစ်ဝိုက်၌ အစဉ်တစိုက် သို့မဟုတ် ထပ်ခါတလဲလဲ မသက်မသာဖြစ်ပြီး နာကျင်ခြင်းကို ခံစားရခြင်းဖြစ်ပါသည်။ ၎င်းသည် စိတ်ပိုင်းဆိုင်ရာနှင့် ခံစားချက်ပိုင်းဆိုင်ရာအပေါ် ဆိုးကျိုးများသက်ရောက်စေနိုင်ပြီး အိမ်ထောင်ရေးအဆင်မပြေခြင်းနှင့် ရင်းနှီးမှုလျော့နည်းခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့် အဖြစ်များသော အခြေအနေတစ်ခုဖြစ်ပါသည်။
နာကျင်သည့်နေရာကိုကြည့်၍ လိင်ဆက်ဆံစဉ်နာကျင်ခြင်း အမျိုးအစားကို ခွဲခြားနိုင်ပါသည်။
- အစပြုချိန်တွင် နာကျင်ခြင်း။ ။ လိင်ဆက်ဆံမှု စတင်ချိန်တွင် မိန်းမကိုယ်ဝ၌ ခံစားရသော နာကျင်မှုဖြစ်ပြီး ချောဆီထွက်ရှိမှု နည်းပါးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း သို့မဟုတ် ပိုးဝင်ခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။
- အထဲအထိ နာကျင်ခြင်း။ ။ လိင်တံ အထဲအထိ နက်ရှိုင်းစွာဝင်ရောက်ချိန်တွင် မသက်မသာဖြစ်ခြင်းကို ခံစားရခြင်းဖြစ်ပြီး အချို့သော ဆက်ဆံမှုပုံစံများတွင် ပို၍နာကျင်နိုင်ပါသည်။ ဤနာကျင်မှုသည် သားအိမ်ခေါင်း သို့မဟုတ် ဝမ်းဗိုက်အောက်ပိုင်းတွင် ဖြစ်လေ့ရှိပြီး များသောအားဖြင့် ရောဂါအခံတစ်ခုခု သို့မဟုတ် ခွဲစိတ်မှုတစ်ခုခုနှင့် ဆက်စပ်နေလေ့ရှိပါသည်။
သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် လက္ခဏာများကို စစ်ဆေးပြီး နာကျင်ရခြင်း၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ခြင်းဖြင့် သင့်လျော်သော ကုသမှုကို အကြံပြုပေးနိုင်ပါသည်။
ရောဂါလက္ခဏာများ
လိင်ဆက်ဆံစဉ် နာကျင်မှုရှိပါက အောက်ပါတို့ကို သတိပြုမိနိုင်ပါသည်။
- လိင်ဆက်ဆံမှု စတင်ဝင်ရောက်ချိန်တွင်သာ နာကျင်ခြင်း။
- တမ်ပွန် (Tampon) သုံးခြင်းကဲ့သို့သော မည်သည့်ပစ္စည်းမျိုးမဆို မိန်းမကိုယ်အတွင်း ထည့်သွင်းချိန်တွင် မသက်မသာဖြစ်ခြင်း။
- အထဲသို့ နက်ရှိုင်းစွာ ထိုးသွင်းစဉ် နာကျင်ခြင်း။
- ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် ကိုက်ခဲခြင်း။
- ကြွက်သားများ တောင့်တင်းခြင်း သို့မဟုတ် ကြွက်တက်ခြင်း။
- လိင်ဆက်ဆံပြီးနောက် နာကျင်ကိုက်ခဲမှုသည် နာရီပေါင်းများစွာကြာသည်အထိ ကျန်ရှိနေခြင်း။
အကယ်၍ လိင်ဆက်ဆံစဉ် နာကျင်မှုကို မကြာခဏ ခံစားနေရပါက ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ရန် အကြံပြုပါသည်။ ဤပြဿနာကို ဖြေရှင်းခြင်းဖြင့် သင်၏ လိင်မှုဆိုင်ရာကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ရင်းနှီးမှုနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုတို့အပေါ် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
လိင်ဆက်ဆံစဉ် နာကျင်ရခြင်း၏ အကြောင်းရင်းများသည် အစပြုချိန်တွင် နာကျင်ခြင်း သို့မဟုတ် အထဲအထိ နက်ရှိုင်းစွာဝင်ရောက်ချိန်တွင် နာကျင်ခြင်းအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ အချက်အလက်များသည်လည်း နာကျင်မှုအမျိုးမျိုးနှင့် ဆက်စပ်နေနိုင်ပါသည်။
အစပြုချိန်တွင် နာကျင်ခြင်း
အစပြုချိန်တွင် နာကျင်ရခြင်းအတွက် ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းများစွာ ရှိပါသည်။
- ထိခိုက်ဒဏ်ရာ သို့မဟုတ် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း။ ။ မတော်တဆမှုများ၊ တင်ပါးဆုံတွင်းခွဲစိတ်မှု၊ အမျိုးသမီးအင်္ဂါ ဖြတ်တောက်မှု သို့မဟုတ် ကလေးမွေးဖွားစဉ် လမ်းကြောင်းချဲ့ရန် ညှပ်ဖြင့်ညှပ်ခြင်း (Episiotomy) တို့ကြောင့် ဖြစ်ပေါ်သော ဒဏ်ရာများ သို့မဟုတ် အနီစက်များ ပါဝင်ပါသည်။
- ချောဆီထွက်ရှိမှု မလုံလောက်ခြင်း။ ။ လိင်ဆက်ဆံခြင်းမပြုမီ ကြိုတင်နှိုးဆွမှု အားနည်းခြင်းကြောင့် ဖြစ်နိုင်သကဲ့သို့ သွေးဆုံးပြီးနောက်၊ ကလေးမွေးပြီးနောက် သို့မဟုတ် မိခင်နို့တိုက်ကျွေးနေစဉ်အတွင်း အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏ ကျဆင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ ထို့အပြင် စိတ်ကျရောဂါကုဆေးများ၊ သွေးတိုးကျဆေးများ၊ စိတ်ငြိမ်ဆေးများ၊ အလာဂျီဆေးများနှင့် အချို့သော သန္ဓေတားဆေးများသည် လိင်စိတ်ဆန္ဒနှင့် နှိုးဆွမှုကို သက်ရောက်မှုရှိစေကာ ချောဆီထွက်ရှိမှု နည်းပါးစေပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။
- မွေးရာပါ ချို့ယွင်းချက်။ ။ မိန်းမကိုယ် လုံးဝမပါလာခြင်း သို့မဟုတ် မိန်းမကိုယ်ဝကို ပိတ်နေသော အမြှေးပါးရှိနေခြင်း (အပျိုမှေးပိတ်နေခြင်း) တို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။
- ရောင်ရမ်းခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် အရေပြားရောဂါ။ ။ အင်္ဂါစပ်တွင် ပိုးဝင်ခြင်း သို့မဟုတ် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့သည် လိင်ဆက်ဆံမှုအပေါ် သက်ရောက်နိုင်ပါသည်။ မိန်းမကိုယ်တစ်ဝိုက်တွင် နှင်းခူ (Eczema) သို့မဟုတ် အခြားအရေပြားရောဂါများ ရှိနေခြင်းသည်လည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။
- မိန်းမကိုယ်ကြွက်သားများ အလိုအလျောက် ကျုံ့ခြင်း။ ။ မိန်းမကိုယ်နံရံရှိ ကြွက်သားများ အလိုအလျောက် ကျုံ့သွားခြင်းကြောင့် အထဲသို့ ထည့်သွင်းရန် ခက်ခဲပြီး နာကျင်စေနိုင်ပါသည်။
အထဲအထိ နက်ရှိုင်းစွာ နာကျင်ခြင်း
ဤနာကျင်မှုသည် လိင်ဆက်ဆံစဉ် နက်ရှိုင်းစွာ ထိုးသွင်းမှုနှင့်အတူ ဖြစ်ပေါ်လေ့ရှိပြီး အချို့သော ပုံစံများတွင် ပိုမိုပြင်းထန်နိုင်ပါသည်။ အကြောင်းရင်းများမှာ-
- ရောဂါအခံများ။ ။ သားအိမ်အတွင်းမြှေး အပြင်ရောက်ခြင်း (Endometriosis)၊ တင်ပါးဆုံတွင်း အင်္ဂါများ ရောင်ရမ်းခြင်း၊ သားအိမ်နောက်လှန်ခြင်း၊ သားအိမ်ကျခြင်း၊ သားအိမ်အကျိတ်များ၊ ဆီးအိမ်ရောင်ခြင်း၊ အူလမ်းကြောင်း မူမမှန်ခြင်း၊ တင်ပါးဆုံတွင်း ကြွက်သားများ အားနည်းခြင်း၊ သားအိမ်နံရံထူခြင်း၊ လိပ်ခေါင်းရောဂါနှင့် မျိုးဥအိမ်တွင် အရည်အိတ်တည်ခြင်း စသည်တို့ ပါဝင်ပါသည်။
- ခွဲစိတ်မှု သို့မဟုတ် ဆေးဝါးကုသမှုများ။ ။ သားအိမ်ထုတ်ခြင်း သို့မဟုတ် အခြားတင်ပါးဆုံတွင်း ခွဲစိတ်မှုများကြောင့် ဖြစ်ပေါ်လာသော အမာရွတ်များသည် လိင်ဆက်ဆံရာတွင် မသက်မသာဖြစ်စေနိုင်ပါသည်။ ကင်ဆာအတွက် ဓာတ်ရောင်ခြည်ပေးခြင်းနှင့် ကီမိုဆေးသွင်းခြင်းတို့သည်လည်း ခန္ဓာကိုယ်ကို ပြောင်းလဲစေကာ လိင်ဆက်ဆံရန် ခက်ခဲစေနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ အချက်အလက်များ
ခံစားချက်များသည် လိင်မှုဆိုင်ရာ အပြုအမူများနှင့် နီးကပ်စွာ ဆက်စပ်နေသောကြောင့် နာကျင်မှုတွင် ပါဝင်ပတ်သက်နေနိုင်ပါသည်။
- လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံရဖူးသော ရာဇဝင်ရှိခြင်း။ လူတိုင်းတွင်မဖြစ်ခဲ့ဖူးသော်လည်း ဖြစ်ခဲ့ဖူးပါက ရောဂါနှင့်သက်ဆိုင်နိုင်သည်။
- စိတ်ပိုင်းဆိုင်ရာ ပြဿနာများ။ ။ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မိမိခန္ဓာကိုယ်အပေါ် မယုံကြည်ခြင်း၊ ရင်းနှီးမှုအပေါ် ကြောက်ရွံ့ခြင်း သို့မဟုတ် အိမ်ထောင်ရေးပြဿနာများသည် နှိုးဆွမှုအဆင့်ကို လျော့နည်းစေပြီး နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။
- စိတ်ဖိစီးမှု။ ။ ဘဝတွင် စိတ်ဖိစီးမှုများရှိလာပါက တင်ပါးဆုံတွင်း ကြွက်သားများ တောင့်တင်းလာတတ်ပြီး လိင်ဆက်ဆံစဉ် နာကျင်မှုကို ဖြစ်စေနိုင်ပါသည်။
စိတ်ပိုင်းဆိုင်ရာ အချက်အလက်များကြောင့် နာကျင်ရခြင်း ဟုတ်မဟုတ် ဆုံးဖြတ်ရန် ခက်ခဲနိုင်ပါသည်။ အစောပိုင်းတွင် နာကျင်မှု ခံစားရခြင်းကြောင့် နောက်တစ်ကြိမ် နာကျင်မည်ကို ကြောက်ရွံ့လာခြင်းသည် စိတ်ကို လျှော့ချရန် ခက်ခဲစေပြီး နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်ပါသည်။ လိင်ဆက်ဆံခြင်းသည် နာကျင်မှုတစ်ခုဟု စတင်သတ်မှတ်မိပါက ဆက်ဆံမှုကို ရှောင်ကြဉ်လာနိုင်ပါသည်။
ရောဂါရှာဖွေခြင်း
လိင်ဆက်ဆံစဉ် နာကျင်ခြင်းအတွက် ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုများတွင် အောက်ပါအဆင့်များ ပါဝင်လေ့ရှိပါသည်။
- အသေးစိတ် ရောဂါရာဇဝင် မေးမြန်းခြင်း။ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင်၏ ကျန်းမာရေးရာဇဝင်ကို အသေးစိတ် ပြန်လည်သုံးသပ်ပါလိမ့်မည်။ နာကျင်မှုသည် မည်သည့်အချိန်တွင် စတင်ခဲ့သလဲ၊ မည်သည့်နေရာတွင် ဖြစ်သလဲ၊ နာကျင်မှုသဘာဝ မည်သို့ရှိသလဲနှင့် မတူညီသော လိင်ဆက်ဆံဖော် သို့မဟုတ် မတူညီသော ဆက်ဆံမှုပုံစံများတွင် ဖြစ်ပွားခြင်း ရှိမရှိတို့ကို မေးမြန်းပါလိမ့်မည်။ သင်၏ လိင်မှုဆိုင်ရာရာဇဝင်၊ ခွဲစိတ်မှုရာဇဝင်နှင့် ကလေးမွေးဖွားခဲ့သည့် အတွေ့အကြုံများကိုလည်း မေးမြန်းနိုင်ပါသည်။ ဤအသေးစိတ်အချက်အလက်များသည် နာကျင်မှုကို ဖြစ်စေသော အရင်းအမြစ်အတွက် အရေးကြီးသော သဲလွန်စများဖြစ်သောကြောင့် မှန်မှန်ကန်ကန် ဖြေကြားရန် လိုအပ်ပါသည်။
- တင်ပါးဆုံတွင်း စစ်ဆေးခြင်း။ အရေပြား စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း၊ ပိုးဝင်ခြင်း သို့မဟုတ် မွေးရာပါ အင်္ဂါအစိတ်အပိုင်း မူမမှန်ခြင်းဆိုင်ရာ လက္ခဏာများကို သိရှိနိုင်ရန် တင်ပါးဆုံတွင်း စစ်ဆေးမှု ပြုလုပ်ပါလိမ့်မည်။ မသက်မသာဖြစ်ရသည့် နေရာကို အတိအကျ သိရှိနိုင်ရန် သင်၏ မျိုးပွားအင်္ဂါနှင့် တင်ပါးဆုံတွင်း ကြွက်သားများကို ဆရာဝန်က အသာအယာ ဖိကြည့်၍ စမ်းသပ်နိုင်ပါသည်။ အချို့သော အခြေအနေများတွင် မိန်းမကိုယ်နံရံများကို ခွဲကြည့်ရန်အတွက် ကိရိယာ (Speculum) ကို အသုံးပြု၍ မိန်းမကိုယ်အတွင်းပိုင်းကို ကြည့်ရှုစစ်ဆေးနိုင်ပါသည်။ အကယ်၍ ဤသို့စစ်ဆေးခြင်းသည် လိင်ဆက်ဆံစဉ် ခံစားရသော နာကျင်မှုမျိုးကို ဖြစ်ပေါ်စေပါက စစ်ဆေးမှုကို ရပ်တန့်ရန် တောင်းဆိုနိုင်ပါသည်။
- အာထရာဆောင်း ရိုက်ခြင်း။ အမျိုးသမီး မျိုးပွားအင်္ဂါအဖွဲ့အစည်းကို ပိုမိုအသေးစိတ် မြင်တွေ့နိုင်ရန်အတွက် မိန်းမကိုယ်မှတစ်ဆင့် အာထရာဆောင်း (Transvaginal ultrasound) ရိုက်ခြင်းကို ပြုလုပ်နိုင်ပါသည်။
- မှန်ပြောင်းကြည့်၍ စစ်ဆေးခြင်း (Laparoscopy)။ အခြားသော စစ်ဆေးမှုများဖြင့် အဖြေတိကျစွာ မထွက်ရှိသည့် ထူးခြားသော အခြေအနေမျိုးတွင်မှသာ ဝမ်းဗိုက်ကို အပေါက်ငယ်ဖောက်၍ မှန်ပြောင်းကြည့်ကာ စစ်ဆေးမှုကို ပြုလုပ်ရန် အကြံပြုပါလိမ့်မည်။
ကုသခြင်း
မသက်မသာဖြစ်ရခြင်း၏ အကြောင်းရင်းပေါ်မူတည်၍ ကုသမှုနည်းလမ်း အမျိုးမျိုး ရှိပါသည်။
ဆေးဝါးဖြင့် ကုသခြင်း
ပိုးဝင်ခြင်း သို့မဟုတ် အခြားသော ရောဂါအခံများကို ကုသခြင်းဖြင့် နာကျင်မှုကို ပျောက်ကင်းစေနိုင်ပါသည်။ ချောဆီထွက်ရှိမှုကို အဟန့်အတားဖြစ်စေသည့် ဆေးဝါးများကို ပြောင်းလဲအသုံးပြုခြင်းဖြင့်လည်း လက္ခဏာများကို သက်သာစေနိုင်ပါသည်။
သွေးဆုံးပြီး အမျိုးသမီးများတွင် အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏ လျော့နည်းခြင်းကြောင့် ဖြစ်ပွားသော လိင်ဆက်ဆံစဉ် နာကျင်ခြင်းအတွက် မိန်းမကိုယ်တွင် တိုက်ရိုက်လိမ်းရသော ဟော်မုန်းခရင်မ်များကို အသုံးပြုနိုင်ပါသည်။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) သည် အလယ်အလတ်မှ ပြင်းထန်သော လိင်ဆက်ဆံစဉ် နာကျင်ခြင်းကို ကုသရန်အတွက် အိုစပီမီဖင်း (Ospemifene) ဆေးကို ခွင့်ပြုထားပါသည်။ ၎င်းဆေးသည် မိန်းမကိုယ်နံရံများအပေါ် အီစထရိုဂျင်၏ အာနိသင်အတိုင်း လုပ်ဆောင်ပေးသော်လည်း ရုတ်တရက် အပူလျှပ်ခြင်း၊ လေဖြတ်ခြင်း၊ သွေးခဲခြင်းနှင့် သားအိမ်အတွင်းမြှေးကင်ဆာ ဖြစ်နိုင်ခြေရှိခြင်း စသည့် ဘေးထွက်ဆိုးကျိုးများ ရှိနိုင်ပါသည်။
အခြားရွေးချယ်စရာတစ်ခုမှာ ပရာစတီရုန်း (Prasterone) ဖြစ်ပြီး ၎င်းသည် နေ့စဉ် မိန်းမကိုယ်အတွင်း ထည့်သွင်းရသော ဆေးတောင့်ဖြစ်ပါသည်။
အခြားသော ကုသမှုများ
ဆေးဝါးမဟုတ်သော အခြားကုသမှုများသည်လည်း အကျိုးရှိနိုင်ပါသည်။
- နာကျင်မှု ယဉ်ပါးလျှော့ချရေး ကုထုံး။ ဤနည်းလမ်းတွင် မိန်းမကိုယ်ကြွက်သားများကို လျှော့ချပေးနိုင်သည့် လေ့ကျင့်ခန်းများကို သင်ယူရပြီး လိင်ဆက်ဆံစဉ် နာကျင်မှုကို လျော့နည်းစေပါသည်။
- အကြံပေးဆွေးနွေးခြင်း သို့မဟုတ် လိင်မှုဆိုင်ရာကုထုံး။ လိင်ဆက်ဆံစဉ် နာကျင်မှုသည် အချိန်ကြာမြင့်စွာ ဖြစ်ပေါ်နေပါက လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများအပေါ် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် ဤနာကျင်မှုကြောင့် ရင်းနှီးမှုကို ရှောင်ကြဉ်ခဲ့ကြသော မောင်နှံများအနေဖြင့် အပြန်အလှန် နားလည်မှုရှိစေရန်နှင့် လိင်မှုဆိုင်ရာ ဆက်နွှယ်မှုကို ပြန်လည်ရရှိရန် အကူအညီ လိုအပ်နိုင်ပါသည်။ အကြံပေးပုဂ္ဂိုလ် သို့မဟုတ် လိင်မှုဆိုင်ရာ ကုထုံးပညာရှင်ထံမှ လမ်းညွှန်မှုခံယူခြင်းသည် အကျိုးရှိနိုင်ပါသည်။ ထို့အပြင် အပြုအမူဆိုင်ရာ ကုထုံးသည် နာကျင်မှုနှင့် ဆက်စပ်နေသော ဆိုးဝါးသည့် အတွေးအခေါ်များနှင့် အပြုအမူများကို ပြောင်းလဲရာတွင် ထိရောက်မှု ရှိစေနိုင်ပါသည်။
