မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း အကျိတ်
အကျဉ်းချုပ်အကြောင်းအရာ
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း အကျိတ် (အိုက်လက်ဆဲလ် ကျိတ်ဟုလည်း ခေါ်သည်) ဆိုသည်မှာ မုန့်ချိုအိတ် တစ်ရှူးများတွင် ဖြစ်ပေါပြီး ဟော်မုန်းထုတ်လုပ်ပေးသော ရှားပါးသည့် အကျိတ်အမျိုးအစားဖြစ်ပါသည်၊၊ မုန့်ချိုအိတ်သည် ကျောရိုး၏အရှေ့နှင့် အစာအိမ်၏နောက်ဘက်တွင် တည်ရှိသော ဂလင်းတစ်ခုဖြစ်ပါသည်၊၊ ၎င်းသည် အစာများကို ချေဖျက်ရန် အင်ဇိုင်းများ ထုတ်လုပ်ပေးခြင်းနှင့် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးခြင်းဖြင့် အစာခြေစနစ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်၊၊
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်သည် ကင်ဆာမဟုတ်သော အကျိတ် (Benign) သို့မဟုတ် ကင်ဆာကျိတ် (Malignant) ဖြစ်နိုင်ပါသည်၊၊ အမျိုးအစား နှစ်ခုလုံးသည် ကြီးမားသော ကျန်းမာရေး ပြဿနာများကို ဖြစ်စေနိုင်ပါသည်၊၊ မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်သည် ကင်ဆာဖြစ်ပါက ၎င်းကို မုန့်ချိုအိတ် အင်းဒိုခရိုင်း ကင်ဆာ (Islet cell carcinoma) ဟု ခေါ်ဆိုပါသည်၊၊
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များအတွက် ကုသမှု နည်းလမ်းများမှာ ခွဲစိတ်ခြင်း၊ ပက်တိုက် ရီဆက်ပတာ ရေဒီယိုနျူကလစ် ကုထုံး (Peptide receptor radionuclide therapy)၊ ပစ်မှတ်ထား ကုထုံး (Targeted therapy)၊ ရေဒီယိုကြိမ်နှုန်းဖြင့် အကျိတ်ဖျက်ဆီးခြင်း (Radiofrequency ablation) နှင့် ကီမိုဆေးသွင်း ကုသခြင်းတို့ ဖြစ်ပါသည်၊၊
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များကို အမျိုးအစားခွဲခြားခြင်း
- ဟော်မုန်းမထုတ်သော မုန့်ချိုအိတ် အကျိတ် (Non-functional pancreatic NET)။ ။ဟော်မုန်းများ ပိုလျှံစွာ ထုတ်လုပ်ခြင်းမရှိသော အကျိတ်ဖြစ်ပြီး ပုံမှန်အားဖြင့် အကျိတ်အရွယ်အစား ကြီးမားလာပြီး အနီးနားရှိ တစ်ရှူးများကို ဖိမိသည့်အချိန်မှသာ ရောဂါလက္ခဏာများ ပြလေ့ရှိပါသည်၊၊
- ဟော်မုန်းထုတ်သော မုန့်ချိုအိတ် အကျိတ် (Functional pancreatic NET)။ ။ဟော်မုန်းများကို ပမာဏအလွန်အမင်း ထုတ်လုပ်ပေးသော အကျိတ်ဖြစ်ပါသည်၊၊ ရောဂါလက္ခဏာများသည် ၎င်းထုတ်လုပ်လိုက်သော ဟော်မုန်းအမျိုးအစားပေါ်တွင် မူတည်ပါသည်၊၊ ဟော်မုန်းထုတ်သော အကျိတ်များတွင် အောက်ပါတို့ ပါဝင်ပါသည်၊၊
- ဂတ်စထရင်နိုးမား (Gastrinoma)။ ။ အစာခြေရာတွင် အသုံးပြုသော ဂတ်စထရင် (Gastrin) ဟော်မုန်း ထုတ်လုပ်သည့် ဆဲလ်များတွင် ဖြစ်ပေါ်သည့် အကျိတ်ဖြစ်ပါသည်၊၊
- အင်ဆူလင်နိုးမား (Insulinoma)။ ။ အင်ဆူလင် ဟော်မုန်းများကို အလွန်အမင်း ထုတ်လုပ်သော အကျိတ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ် နည်းပါးခြင်း (Hypoglycemia) ကို ဖြစ်စေပါသည်၊၊
- ဂလူကာဂွန်နိုးမား (Glucagonoma)။ ။ ဂလူကာဂွန် (Glucagon) ဟော်မုန်းများကို အလွန်အမင်း ထုတ်လုပ်သော အကျိတ်ဖြစ်ပြီး သွေးတွင်းသကြားဓာတ် မြင့်မားခြင်း (Hyperglycemia) ကို ဖြစ်စေပါသည်၊၊ ဂလူကာဂွန်သည် သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိရန် အင်ဆူလင်နှင့်အတူ လုပ်ဆောင်ပေးသော ဟော်မုန်းဖြစ်ပါသည်၊၊
ရောဂါလက္ခဏာများ
ဟော်မုန်းမထုတ်သော မုန့်ချိုအိတ် အကျိတ်
ဤအမျိုးအစားနှင့် ဆက်စပ်နေသော လက္ခဏာများသည် အကျိတ်၏ အရွယ်အစားပေါ်တွင်သာ လုံးဝမူတည်ပါသည်၊၊ ခံစားရနိုင်သော လက္ခဏာများမှာ-
- မျက်လုံးနှင့် အရေပြားများ ဝါခြင်း (အသားဝါခြင်း)
- ဗိုက်နာခြင်း
- ဝမ်းလျှောခြင်း
- ပျို့အန်ခြင်း
- အစာစားချင်စိတ် လျော့နည်းခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
ဟော်မုန်းထုတ်သော မုန့်ချိုအိတ် အကျိတ်
လက္ခဏာများသည် ၎င်းတို့ ထုတ်လုပ်သော ဟော်မုန်းအပေါ် မူတည်ပါသည်၊၊ ခံစားရနိုင်သော လက္ခဏာများမှာ-
- ဂတ်စထရင်နိုးမား (Gastrinoma)
- ဗိုက်နာခြင်း
- ရင်ပူခြင်း
- ဝမ်းလျှောခြင်း
- အင်ဆူလင်နိုးမား (Insulinoma)
- သွေးတွင်းသကြားဓာတ် နည်းပါးခြင်း
- အားနည်းခြင်းနှင့် နုံးချိခြင်း
- နှလုံးခုန် မြန်လာခြင်း
- စိတ်ရှုပ်ထွေးခြင်း
- သတိလစ်ခြင်း
- အမြင်အာရုံ ဝေဝါးခြင်း
- ဂလူကာဂွန်နိုးမား (Glucagonoma)
- အရေပြားပေါ်တွင် အနီဖုများ ထွက်ခြင်း
- အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် ကျဆင်းခြင်း
- ပါးစပ်တစ်ဝိုက် နာကျင်ခြင်း
- ဆီးခဏခဏ သွားခြင်း
- ဝမ်းလျှောခြင်း
ဖြစ်ပွားရသောအကြောင်းရင်းများ
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ် (NETs) အများစု ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို မသိရှိရသေးသော်လည်း သုတေသီများက ဤအခြေအနေ ဖြစ်ပွားနိုင်ခြေကို မြင့်မားစေသည့် အချက်အလက်များစွာကို ဖော်ထုတ်နိုင်ခဲ့ပါသည်၊၊
မုန့်ချိုအိတ်အတွင်းရှိ ဟော်မုန်းထုတ်ပေးသော အိုက်လက်ဆဲလ်များ၏ ဒီအန်အေ (DNA) တွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည့်အခါ မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များ ဖြစ်လာပါသည်၊၊ ဤသို့ ဒီအန်အေ ညွှန်ကြားချက်များ ပြောင်းလဲသွားခြင်းကြောင့် မျိုးဗီဇဗီဇပြောင်းလဲမှုများ (Genetic mutations) ဖြစ်ပေါ်လာပါသည်၊၊ ထိုဆဲလ်များသည် ထိန်းချုပ်မရဘဲ စတင်ပွားများလာပြီး နောက်ဆုံးတွင် ကင်ဆာဆဲလ်များ စုစည်းနေသော အကျိတ်တစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသောအချက်များ
အောက်ပါ အချက်အလက်များသည် မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များ ဖြစ်ပွားနိုင်ခြေ မြင့်မားခြင်းနှင့် ဆက်စပ်နေပါသည်၊၊
- လိင် – အမျိုးသမီးများထက် အမျိုးသားများတွင် ဤအကျိတ်များ ဖြစ်ပွားမှု သိသိသာသာ ပိုမိုများပြားပါသည်၊၊
- မိသားစု ရာဇဝင် – မိသားစုဝင် တစ်ဦးဦးတွင် မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ် ဖြစ်ဖူးပါက ဖြစ်နိုင်ခြေ မြင့်မားပါသည်၊၊
- မျိုးရိုးလိုက်သော မျိုးဗီဇဆိုင်ရာ ရောဂါစုများ – အချို့သော မုန့်ချိုအိတ် အကျိတ်များသည် အောက်ပါ မျိုးရိုးလိုက် ရောဂါစုများနှင့် ဆက်စပ်နေနိုင်ပါသည်၊၊
- ပထမအမျိုးအစား ဟော်မုန်းအကျိတ်အများအပြားဖြစ်ပွားသောရောဂါ။ ။၎င်းသည် ရှားပါးသော မျိုးဗီဇရောဂါဖြစ်ပြီး MEN1 မျိုးဗီဇ ပြောင်းလဲမှုကြောင့် အဖြစ်များပါသည်၊၊ ဤရောဂါစုသည် ပါရာသိုင်းရွိုက်၊ ပီကျူထရီဂလင်းနှင့် မုန့်ချိုအိတ်ရှိ အိုက်လက်ဆဲလ်များကို ထိခိုက်စေနိုင်ပါသည်၊၊ ဤအကျိတ်များသည် များသောအားဖြင့် ငယ်ရွယ်စဉ်တွင် ဖြစ်ပေါ်လေ့ရှိပြီး များသောအားဖြင့် ဟော်မုန်းမထုတ်သော အမျိုးအစားများ ဖြစ်ကြပါသည်၊၊
- ဗွန်ဟစ်ပယ်လင်ဒေါ ရောဂါ (Von Hippel-Lindau disease)။ ။ VHL မျိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ပွားပြီး မုန့်ချိုအိတ် အကျိတ် အနည်းငယ်သည် ငယ်ရွယ်စဉ် (အသက် ၂၀ ခန့်) တွင်ပင် ဖြစ်ပေါ်နိုင်ပါသည်၊၊ ဤအကျိတ်များသည် များသောအားဖြင့် ကြီးထွားမှု နှေးကွေးပြီး ဟော်မုန်းထုတ်လွှတ်ခြင်း မရှိကြပါ၊၊
- ပထမအမျိုးအစား အာရုံကြောအကျိတ်ဖြစ်ပွားသောရောဂါ။ ။ ဗွန်ရက်ကလင်ဟောင်စန် (Von Recklinghausen’s disease) ဟုလည်း ခေါ်ဆိုပြီး NF1 မျိုးဗီဇ ပြောင်းလဲမှုကြောင့် ဖြစ်ပွားသော မျိုးဗီဇရောဂါ ဖြစ်ပါသည်၊၊ ဤရောဂါစုရှိသူများသည် မုန့်ချိုအိတ် အကျိတ် ဖြစ်ပွားနိုင်ခြေ ပိုများပါသည်၊၊
ရောဂါရှာဖွေခြင်း
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များကို ရောဂါရှာဖွေရန် အသုံးပြုသော စစ်ဆေးမှုများနှင့် လုပ်ဆောင်ချက်များတွင် အောက်ပါတို့ ပါဝင်ပါသည်၊၊
- သွေးစစ်ခြင်း၊၊ သီးခြားမုန့်ချိုအိတ်ဟော်မုန်း ပမာဏများကို တိုင်းတာခြင်းဖြင့် မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များကို မကြာခဏ ရောဂါရှာဖွေနိုင်ပါသည်၊၊
- ဆီးစစ်ခြင်း၊၊ ဤနည်းလမ်းကို ခန္ဓာကိုယ်အတွင်းရှိ ဟော်မုန်းများ ချေဖျက်ရာမှ ထွက်လာသော ဘေးထွက်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ရန် အသုံးပြုပါသည်၊၊
- ပုံရိပ်ဖော် စစ်ဆေးမှုများ၊၊
- ကွန်ပျူတာဓာတ်မှန် (CT Scan)၊၊ ကိုယ်တွင်းအင်္ဂါများ၏ အသေးစိတ်ပုံရိပ်များကို ဖော်ထုတ်ပေးပါသည်၊၊ ဤစစ်ဆေးမှုတွင် မုန့်ချိုအိတ်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပြီး အကျိတ်သည် အနီးနားရှိ ပြန်ရည်ကျိတ်များ သို့မဟုတ် အသည်းအပါအဝင် အခြားအင်္ဂါများသို့ ပြန့်နှံ့ခြင်း ရှိမရှိကိုလည်း ဆုံးဖြတ်ပေးပါသည်၊၊ ထို့အပြင် အကျိတ်တည်နေရာ ရှာဖွေရခက်ခဲသည့်အခါ အသားစယူရန်အတွက် လမ်းညွှန်ချက်အဖြစ်လည်း အသုံးပြုနိုင်ပါသည်၊၊
- သံလိုက်ဓာတ်မှန် (MRI)၊၊ ခန္ဓာကိုယ်၏ နုညက်သော တစ်ရှူးများကို အလွန်အသေးစိတ် မြင်တွေ့နိုင်ပါသည်၊၊ သံလိုက်ဓာတ်မှန်သည် ဓာတ်မှန်ရောင်ခြည် (X-rays) အစား ရေဒီယိုလှိုင်းများနှင့် အားကောင်းသော သံလိုက်များကို အသုံးပြုပါသည်၊၊ ပုံရိပ်များကို ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ရန် စစ်ဆေးမှုမပြုလုပ်မီ သွေးပြန်ကြောအတွင်းသို့ ဆိုးဆေးများ ထိုးသွင်းနိုင်ပါသည်၊၊ တစ်ခါတစ်ရံတွင် သံလိုက်ဓာတ်မှန်သည် ကင်ဆာ အသည်းသို့ ပြန့်နှံ့မှုကို ကွန်ပျူတာဓာတ်မှန်ထက် ပိုမိုတိကျစွာ ရှာဖွေနိုင်ပါသည်၊၊
- မှန်ပြောင်းကြည့် အာထရာဆောင်း (Endoscopic Ultrasound)၊၊ ထိပ်တွင် သေးငယ်သော အာထရာဆောင်း ကိရိယာပါသည့် မှန်ပြောင်းကို အသုံးပြု၍ စစ်ဆေးခြင်းဖြစ်ပါသည်၊၊ အထူးပြုလုပ်ထားသော အာထရာဆောင်းဖြင့် သင်၏ မုန့်ချိုအိတ်ကို စစ်ဆေးပါသည်၊၊ အကျိတ်မှ အသားစနမူနာရရှိရန် သေးငယ်သော အပ်ချောင်းကို မှန်ပြောင်းမှတစ်ဆင့် ထည့်သွင်းနိုင်ပါသည်၊၊
- ခွဲစိတ်၍ အသားစစစ်ဆေးခြင်း (Surgical biopsy)၊၊ အချို့သော အခြေအနေများတွင် စမ်းသပ်စစ်ဆေးရန် အသားစနမူနာရယူရန်အတွက် အနည်းငယ်သာ ခွဲစိတ်ရသော နည်းလမ်းကို အသုံးပြုရန် အထူးကုဆရာဝန်များက အကြံပြုနိုင်ပါသည်၊၊ ဆရာဝန်သည် သင်၏ ဝမ်းဗိုက်တွင် သေးငယ်သော အပေါက်များဖောက်၍ သေးငယ်သော ကင်မရာနှင့် အထူးကိရိယာများကို ထည့်သွင်းကာ စစ်ဆေးခြင်းဖြစ်ပါသည်၊၊
ကုသခြင်း
မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်အတွက် ကုသမှုသည် ကျိတ်အတွင်း ပါဝင်သော ဆဲလ်အမျိုးအစား၊ အရွယ်အစားနှင့် အခြားသော လက္ခဏာရပ်များအပေါ် မူတည်ပါသည်၊၊
ခွဲစိတ်ကုသခြင်း
ခွဲစိတ်ကုသခြင်းသည် များသောအားဖြင့် သီးခြားနေရာတစ်ခုတည်း၌သာ ရှိနေသော မုန့်ချိုအိတ် အကျိတ်အတွက် အဓိကကုသမှုဖြစ်ပါသည်၊၊
- မုန့်ချိုအိတ် အမြီးပိုင်းနှင့် ကိုယ်ထည်ပိုင်းကို ဖြတ်ထုတ်ခြင်း (Distal pancreatectomy)၊၊ မုန့်ချိုအိတ်၏ ကိုယ်ထည်နှင့် အမြီးပိုင်းကို ဖယ်ရှားသော ခွဲစိတ်မှုဖြစ်ပါသည်၊၊ ဤလုပ်ဆောင်ချက်ကို များသောအားဖြင့် မုန့်ချိုအိတ်၏ အမြီးပိုင်းတွင် ကင်ဆာဖြစ်ပွားသည့် အခြေအနေများတွင် ပြုလုပ်ပါသည်၊၊
- ဝှစ်ပယ်လ် ခွဲစိတ်မှု (Whipple procedure)၊၊ ဤခွဲစိတ်မှုတွင် မုန့်ချိုအိတ်၏ ဦးခေါင်းပိုင်း၊ ဒူးအိုဒီနမ် (အူသိမ်ဦးပိုင်း)၊ သည်းခြေအိတ်နှင့် သည်းခြေပြွန် အစိတ်အပိုင်းအချို့ကို ဖယ်ရှားပါလိမ့်မည်၊၊ အစာခြေစနစ် လမ်းကြောင်းကို ပြန်လည်ဆက်သွယ်ပေးပါလိမ့်မည်၊၊ ဤနည်းလမ်းကို များသောအားဖြင့် မုန့်ချိုအိတ်၏ ဦးခေါင်းပိုင်းတွင် ဖြစ်ပေါ်သော အကျိတ်များအတွက် အသုံးပြုပါသည်၊၊
ပက်တိုက် ရီဆက်ပတာ ရေဒီယိုနျူကလစ် ကုထုံး (PRRT)
၎င်းသည် ကင်ဆာဆဲလ်များကို သေစေသော ဆေးဝါးနှင့်အတူ ရေဒီယိုသတ္တိကြွ ပစ္စည်းကို သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းသော နည်းလမ်းဖြစ်ပါသည်၊၊ ဆေးသည် ခန္ဓာကိုယ်အတွင်းရှိ မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်ဆဲလ်များနှင့် ပေါင်းစပ်သွားပါသည်၊၊ ၎င်းဆေးသည် ရက်သတ္တပတ်များစွာအတွင်း ကင်ဆာဆဲလ်များသို့ ရေဒီယိုသတ္တိကြွလှိုင်းများကို တိုက်ရိုက်ပို့လွှတ်ပြီး အကျိတ်ကို သေစေပါသည်၊၊
ပစ်မှတ်ထား ကုထုံး (Targeted therapy)
ဤကုထုံးသည် ကင်ဆာဆဲလ်များကို သီးသန့်ပစ်မှတ်ထား တိုက်ခိုက်သော ဆေးဝါးများကို အသုံးပြုပါသည်၊၊ ပိုမိုပြင်းထန်သော သို့မဟုတ် ပြန်လည်ဖြစ်ပွားသော မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်အချို့ကို ဤနည်းလမ်းဖြင့် ကုသပါသည်၊၊
ရေဒီယိုကြိမ်နှုန်းဖြင့် အကျိတ်ဖျက်ဆီးခြင်း
ဤနည်းလမ်းသည် အပူစွမ်းအင်လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို အပူပေးကာ သေစေခြင်းဖြစ်ပါသည်၊၊
အသည်းသို့ ပြန့်နှံ့သွားသော ကင်ဆာအတွက် ကုသမှုများ
အသည်းသို့ ပြန့်နှံ့သွားသော မုန့်ချိုအိတ် နူရိုအင်းဒိုခရိုင်း ကျိတ်များအတွက် ကုသမှုများစွာ ရှိပါသည်၊၊ အသည်းသွေးလွှတ်ကြွန်ကို ပိတ်ခြင်း၊ ကီမိုဆေးသွင်း၍ သွေးကြောပိတ်ခြင်း၊ ရေဒီယိုသတ္တိကြွ ပစ္စည်းသွင်း၍ သွေးကြောပိတ်ခြင်းနှင့် အသည်းအစားထိုးခြင်းတို့ ပါဝင်ပါသည်၊၊ အခြားရွေးချယ်စရာများတွင် အကျိတ်များဆီသို့ သွေးစီးဆင်းမှုကို ရပ်တန့်စေသော ကုသမှုများလည်း ပါဝင်ပါသည်၊၊
ကီမိုဆေးသွင်း ကုသခြင်း
ဤနည်းလမ်းသည် ကင်ဆာဆဲလ်များကို တိုက်ခိုက်ဖျက်ဆီးရန် ဆေးဝါးများတွင် ဓာတုပစ္စည်းများကို ပေါင်းစပ်အသုံးပြုခြင်းဖြစ်ပါသည်၊၊ ၎င်းကို ခွဲစိတ်ကုသမှုနှင့်အတူ တွဲဖက်အသုံးပြုနိုင်ပါသည်၊၊
