မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း ဆိုသည်မှာ မွေးဖွားပြီးနောက်တွင်လည်း ပွင့်နေဆဲဖြစ်သော နှလုံးရှိ အပေါက်ငယ်တစ်ခုကို ဆိုလိုပါသည်။ ထိုအပေါက်သည် အေထရီယမ် ဟုခေါ်သော အပေါ်နှလုံး သွေးဝင်ခန်းနှစ်ခုကြားတွင် တည်ရှိပြီး သေးငယ်သောအဖွင့်အပိတ် အပြားလေးသဏ္ဌာန် ရှိပါသည်။
မိခင်ဝမ်းဗိုက်အတွင်း သန္ဓေသား ကြီးထွားဖွံ့ဖြိုးစဉ်ကာလတွင် အပေါ်နှလုံးအခန်းနှစ်ခုကြား၌ ဖိုရေးမန်း အိုဗေးလ် (Foramen ovale) ဟုခေါ်သော သဘာဝအပေါက်တစ်ခု ရှိနေပါသည်။ ပုံမှန်အားဖြင့် ဤအပေါက်သည် မွေးဖွားပြီးနောက် မကြာမီတွင် ပိတ်သွားလေ့ရှိပါသည်။ သို့သော် ဖိုရေးမန်း အိုဗေးလ် အပေါက်သည် ပိတ်မသွားဘဲ ကျန်ရှိနေသည့်အခါ မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း (PFO) ဖြစ်ပေါ်လာပါသည်။
ဤနှလုံးအပေါက်ရှိနေသူ အများစုသည် မည်သည့်ရောဂါလက္ခဏာမျှ မပြတတ်သကဲ့သို့ ကုသမှုခံယူရန်လည်း မလိုအပ်ပါ။ သို့သော် အလွန်ရှားပါးသော အခြေအနေများတွင် ဤနှလုံးအပေါက်ရှိနေခြင်းကြောင့် လေဖြတ်ခြင်း (Stroke) သို့မဟုတ် လေဖြတ်ချင်သလိုဖြစ်ခြင်း (Mini-stroke) ကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားနိုင်ပါသည်။
ရောဂါလက္ခဏာများ
မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း (PFO) ရှိသူအများစုသည် မည်သည့်လက္ခဏာ သို့မဟုတ် လက္ခဏာရပ်များကိုမျှ ခံစားရခြင်း မရှိနိုင်ပါ။ ဤအခြေအနေကို အခြားကျန်းမာရေးပြဿနာများအတွက် စစ်ဆေးမှုများ ပြုလုပ်သည့်အခါမှသာ တွေ့ရှိရလေ့ရှိပါသည်။ လူလေးဦးတွင် တစ်ဦးနှုန်းမှာ ဤအခြေအနေရှိနေနိုင်သည်ဟု ခန့်မှန်းရပါသည်။
ဖြစ်နိုင်ခြေရှိသော လက္ခဏာများမှာ-
- လေဖြတ်ခြင်း။
- ဦးနှောက်၊ အူသိမ်၊ အူမကြီး သို့မဟုတ် ကျောက်ကပ်ကဲ့သို့သော အရေးကြီးအင်္ဂါများကို ထိခိုက်စေပြီး လက်ခြေများ လှုပ်ရှားနိုင်စွမ်းကို အဟန့်အတားဖြစ်စေသည့် လေဖြတ်ချင်သလိုဖြစ်ခြင်း (Transient ischemic attack – TIA) သို့မဟုတ် လေဖြတ်ခြင်း အသေးစား။
အလွန်ရှားပါးသော အခြေအနေများတွင် လူနာများသည် နှလုံးအောင့်ခြင်း (Heart attack)၊ သွေးတွင်းအောက်ဆီဂျင် နည်းပါးခြင်း (Hypoxemia) နှင့် ပလက်တီနီယား အော်သိုဒီအောက်ဆီယား (Platypnea-orthodeoxia) ရောဂါစု (မတ်တတ်ရပ်နေစဉ် အသက်ရှူရခက်ခဲပြီး သွေးတွင်းအောက်ဆီဂျင်ကျကာ လဲလျောင်းနေချိန်တွင် သက်သာသွားခြင်း) တို့ကိုလည်း ခံစားရနိုင်ပါသည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
အချို့သောသူများတွင် ဤနှလုံးအပေါက်က ဘာကြောင့် ဆက်ပွင့်နေရသလဲဆိုသည့် တိကျသော အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါ။ သို့သော် မျိုးရိုးဗီဇသည် ပါဝင်ပတ်သက်နေသော အချက်တစ်ခု ဖြစ်နိုင်ပါသည်။
- မမွေးဖွားမီ နှလုံးအခြေအနေ။ ။ ကလေးမမွေးဖွားမီတွင် ကလေး၏အဆုတ်များသည် အလုပ်မလုပ်သေးသောကြောင့် နှလုံးသည် အဆုတ်များဆီသို့ သွေးများညှစ်ထုတ်ပေးရန် မလိုအပ်သေးပါ။ ယင်းအစား ကလေး၏ ခန္ဓာကိုယ်အတွက် လိုအပ်သော အောက်ဆီဂျင်ကြွယ်ဝသည့် သွေးများကို မိခင်ထံမှတစ်ဆင့် အချင်းနှင့် ချက်ကြိုးတို့မှ ရရှိပါသည်။ ကလေး၏ ခန္ဓာကိုယ်ရှိ သွေးကြောများသည် ချက်ကြိုးနှင့် ဆက်သွယ်နေပြီး သွေးပြန်ကြောမကြီး (Inferior vena cava) သည် အောက်ဆီဂျင်ကြွယ်ဝသော သွေးများကို နှလုံး၏ ညာဘက်အပေါ်ခန်းသို့ ပို့ဆောင်ပေးပါသည်။ ထိုသွေးများသည် ဖိုရေးမန်း အိုဗေးလ် အပေါက်မှတစ်ဆင့် ဘယ်ဘက်အပေါ်ခန်းသို့ စီးဝင်ပြီးနောက် ဘယ်ဘက်အောက်ခန်းသို့ ရောက်ရှိကာ ထိုမှတစ်ဆင့် ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးများကို ညှစ်ထုတ်ပေးပါသည်။
- မွေးကင်းစကလေး၏ နှလုံးအခြေအနေ။ ။ ကလေးတစ်ဦး၏ အဆုတ်များ စတင်အလုပ်လုပ်သည့်အခါ နှလုံးအတွင်း သွေးစီးဆင်းမှုပုံစံ ပြောင်းလဲသွားပါသည်။ အောက်ဆီဂျင်ကြွယ်ဝသော သွေးများသည် ယခုအခါ အဆုတ်များမှတစ်ဆင့် နှလုံး၏ ဘယ်ဘက်အပေါ်ခန်းသို့ စတင်စီးဝင်ပါသည်။ နှလုံးမှတစ်ဆင့် သွေးများ ညှစ်ထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားသည် ဖိုရေးမန်း အိုဗေးလ်၏ အပြားသဏ္ဌာန်အပေါက်ကို ပိတ်သွားစေပါသည်။ ဤသို့ ပိတ်သွားခြင်းသည် များသောအားဖြင့် လူအများစုတွင် ကလေးဘဝ (နို့စို့အရွယ်) အတွင်းမှာပင် ဖြစ်ပေါ်လေ့ရှိပါသည်။
ရောဂါရှာဖွေခြင်း
မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း (PFO) ကို အခြားကျန်းမာရေးပြဿနာများအတွက် စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း တိုက်ဆိုင်စွာဖြင့် တွေ့ရှိရလေ့ရှိပါသည်။ အကယ်၍ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက နှလုံးအပေါက်ရှိနေသည်ဟု သံသယရှိပါက နှလုံးကို စစ်ဆေးရန် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုနိုင်ပါသည်။ အကယ်၍ သင်သည် လေဖြတ်ခြင်းကို ခံစားခဲ့ရပြီး မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း ရှိနေသည်ဟု ရောဂါရှာဖွေတွေ့ရှိပါက ဆရာဝန်သည် သင့်အား ဦးနှောက်နှင့် အာရုံကြောစနစ်ဆိုင်ရာ ရောဂါကုသမှုတွင် အထူးပြုသော အာရုံကြောအထူးကုဆရာဝန်ထံသို့ လွှဲပြောင်းပေးနိုင်ပါသည်။
- ပုံရိပ်ဖော် စစ်ဆေးမှုများ။
- နှလုံးပုံရိပ်ဖော် အာထရာဆောင်း (Echocardiogram)။ ၎င်းသည် နှလုံး၏ လုပ်ဆောင်ချက်များကို ပုံရိပ်ဖော်ပြပေးသော စစ်ဆေးမှုဖြစ်ပြီး ဆရာဝန်အား နှလုံး၏ သွေးညှစ်ထုတ်နိုင်စွမ်းကို အကဲဖြတ်နိုင်စေပါသည်။ ဤစစ်ဆေးမှုပြုလုပ်စဉ်အတွင်း ရင်ဘတ်ပေါ်တွင် လက်ကိုင်ကိရိယာလေးတစ်ခုကို တင်၍ အသံလှိုင်းများကို အသုံးပြုကာ နှလုံးအဆို့ရှင်များနှင့် နှလုံးအခန်းများ၏ ဓာတ်ပုံများကို ရိုက်ကူးပါသည်။ ဤနည်းလမ်းကို မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်းအား ရှာဖွေရန် အသုံးအများဆုံး ဖြစ်ပါသည်။
- ရင်ဘတ်ပေါ်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (Transthoracic echocardiogram – TTE)။ ၎င်းသည် နှလုံး၏ ပုံရိပ်များကို ဖော်ထုတ်ရန် အာထရာဆောင်းကို အသုံးပြုသော စစ်ဆေးမှုဖြစ်ပါသည်။ ၎င်းသည် နှလုံး၏ လုပ်ဆောင်ချက် မည်မျှကောင်းမွန်သည်နှင့် ရောဂါလက္ခဏာများ၏ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ရာတွင် ကူညီပေးပါသည်။ စစ်ဆေးမှုပြုလုပ်စဉ်အတွင်း အသံလှိုင်းထုတ်လွှတ်သည့် ကိရိယာ (Transducer) ကို နှလုံးတစ်ဝိုက်ရှိ အရေပြားပေါ်တွင် တင်၍ နှလုံးအသံလှိုင်းများ၏ ပဲ့တင်သံကို မှတ်တမ်းတင်ပါသည်။ ဤနည်းလမ်းသည် ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်မှု မရှိသောကြောင့် လူနာများသည် ပုံမှန်နေ့စဉ် လုပ်ငန်းဆောင်တာများကို လျင်မြန်စွာ ပြန်လည်လုပ်ဆောင်နိုင်ပါသည်။
- ရင်ဘတ်ပေါ်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း (TTE) တွင် နှလုံးကို မြင်တွေ့နိုင်ရန် အောက်ပါ ပုံရိပ်ဖော်နည်းစနစ်များကို အသုံးပြုနိုင်ပါသည်။
- ကာလာဒေါ့ပလာ (Color-Doppler)။ နှလုံးအတွင်း လှုပ်ရှားနေသော သွေးဆဲလ်များမှ ပြန်ကန်ထွက်လာသော အသံလှိုင်းများ၏ ပြောင်းလဲမှုကို တိုင်းတာခြင်းဖြစ်ပါသည်။ ဤအချက်အလက်များကို နှလုံးအာထရာဆောင်းတွင် မတူညီသော အရောင်များဖြင့် ပြသပေးသောကြောင့် နှလုံးအတွင်း သွေးစီးဆင်းမှုနှုန်းနှင့် လားရာတို့ကို မြင်တွေ့နိုင်စေပါသည်။ မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်းရှိသူများတွင် ဤနည်းစနစ်သည် အပေါ်နှလုံးအခန်းများကြားတွင် သွေးများ စီးဆင်းလှုပ်ရှားနေမှုကို ဖော်ပြပေးပါသည်။
- ပူဖောင်းလေးများဖြင့် စစ်ဆေးခြင်း (Bubble study)။ ပုံမှန်နှလုံးအာထရာဆောင်း ရိုက်နေစဉ်အတွင်း သေးငယ်သော ပူဖောင်းလေးများ ပါဝင်သည့် ပိုးသတ်ထားသော ဆားရည်ကို သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းပါသည်။ ထိုပူဖောင်းလေးများသည် နှလုံး၏ ညာဘက်ခြမ်းသို့ ရောက်ရှိသွားပြီး အာထရာဆောင်းတွင် မြင်တွေ့နိုင်ပါသည်။ အကယ်၍ အပေါ်နှလုံးအခန်းများကြားတွင် အပေါက်မရှိပါက အဆုတ်များက ထိုပူဖောင်းလေးများကို စစ်ထုတ်ပစ်ပါလိမ့်မည်။ သို့သော် မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း ရှိနေပါက ထိုပူဖောင်းလေးအချို့သည် နှလုံး၏ ဘယ်ဘက်ခြမ်းတွင် ပေါ်လာသည်ကို မြင်တွေ့ရပါလိမ့်မည်။
- အစာရေမျိုပြွန်မှတစ်ဆင့် နှလုံးအာထရာဆောင်းရိုက်ခြင်း။ အကယ်၍ ပုံမှန်နှလုံးအာထရာဆောင်းဖြင့် မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်းရှိမရှိကို အတည်မပြုနိုင်ပါက ဆရာဝန်သည် ဤနည်းလမ်းကို အကြံပြုနိုင်ပါသည်။ ၎င်းသည် ဤရောဂါကို ရှာဖွေရန် အတိကျဆုံးသော နည်းလမ်းဖြစ်ပါသည်။ ဤစစ်ဆေးမှုတွင် အာထရာဆောင်းကိရိယာ ပါရှိသော ပျော့ပြောင်းသည့် ပြွန်ချောင်းလေးကို လည်ချောင်းမှတစ်ဆင့် အစာရေမျိုပြွန်အတွင်းသို့ ထည့်သွင်းကာ ခန္ဓာကိုယ်အတွင်းပိုင်းမှနေ၍ နှလုံး၏ ပုံရိပ်များကို ရိုက်ကူးခြင်းဖြစ်ပါသည်။
ကုသခြင်း
မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်း အခြေအနေ အများစုသည် ကုသမှုခံယူရန် မလိုအပ်ပါ။ အကယ်၍ အခြားအကြောင်းရင်းတစ်ခုခုကြောင့် နှလုံးအာထရာဆောင်းရိုက်စဉ် ဤအပေါက်ကို တိုက်ဆိုင်စွာ တွေ့ရှိရခြင်းဖြစ်ပါက ပုံမှန်အားဖြင့် အပေါက်ပိတ်ရန် ခွဲစိတ်ခြင်းကို ရှောင်ကြဉ်လေ့ရှိပါသည်။ သို့သော် လေဖြတ်ဖူးသော ရာဇဝင်ရှိသူများ သို့မဟုတ် သွေးခဲနိုင်ခြေ မြင့်မားသူများသည် ကုသမှုခံယူရန် လိုအပ်နိုင်ပါသည်။ လတ်တလော လေ့လာမှုများအရ အကြောင်းရင်းမရှိဘဲ လေဖြတ်ဖူးသူများတွင် ဤနှလုံးအပေါက်ကို ပိတ်ပေးခြင်းသည် နောင်တွင် လေထပ်မံမဖြတ်စေရန် ကူညီပေးနိုင်သည်ဟု သိရပါသည်။ ကုသမှု နည်းလမ်းများတွင် ဆေးဝါးဖြင့် ကုသခြင်း၊ ကိရိယာဖြင့် ပိတ်ခြင်း သို့မဟုတ် ခွဲစိတ်၍ ပိတ်ခြင်းတို့ ပါဝင်ပါသည်။
- ဆေးဝါးဖြင့် ကုသခြင်း။ လေဖြတ်ဖူးပြီး မွေးရာပါ နှလုံးအပေါက် မပိတ်ခြင်းရှိသူများအတွက် သွေးကျဲဆေးများသည် အသုံးဝင်သော ကုသမှုရွေးချယ်စရာတစ်ခု ဖြစ်နိုင်ပါသည်။ သွေးခဲခြင်းကို ကာကွယ်ရန်အတွက် အက်စပရင် (Aspirin) သို့မဟုတ် ဝါဖရင် (Warfarin) ကဲ့သို့သော ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်။
- ခွဲစိတ်ခြင်း သို့မဟုတ် အခြားသော လုပ်ဆောင်ချက်များ။ လေထပ်မံမဖြတ်စေရန်အတွက် ဤနှလုံးအပေါက်ကို ပိတ်ရန် ဆုံးဖြတ်ခြင်းကို ကျွမ်းကျင်သူများ၏ အကြံပြုချက်နှင့် လူနာတစ်ဦးချင်းစီ၏ အခြေအနေပေါ်မူတည်၍ ပြုလုပ်ပါသည်။ သွေးတွင်းအောက်ဆီဂျင် ပမာဏနည်းပါးသူများ သို့မဟုတ် အကြောင်းရင်းမသိဘဲ လေဖြတ်ဖူးသူများတွင် အပေါက်ကို ပိတ်ရန် လိုအပ်နိုင်ပါသည်။ ယေဘုယျအားဖြင့် ဤနှလုံးအပေါက်ကို ပိတ်ခြင်းကို အခြေခံကုထုံးအဖြစ် အကြံပြုလေ့မရှိပါ။
ကုသမှု ရွေးချယ်စရာများတွင် အောက်ပါတို့ ပါဝင်ပါသည်။
- ပိုက်ထည့်၍ ကုသခြင်း (Catheterization)။ အသက် ၆၀ အောက် လူနာများတွင် ဤနည်းလမ်းသည် ခွဲစိတ်ကုသခြင်းထက် ပိုမိုထိရောက်ကြောင်း လေ့လာမှုများက ဆိုပါသည်။ အလွန်ရှားပါးသော်လည်း နှလုံး သို့မဟုတ် သွေးကြောများ ပေါက်ပြဲခြင်း၊ ထည့်ထားသော ကိရိယာ ရွေ့လျားခြင်း သို့မဟုတ် နှလုံးခုန်မမှန်ခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေ ရှိပါသည်။ဤလုပ်ဆောင်ချက်သည် အပေါက်ကို ပိတ်ရန် ရှည်လျားပြီး သေးသွယ်သော ပိုက်ချောင်း (Catheter) ကို အသုံးပြုပါသည်။ ထိုပိုက်ချောင်းကို ပေါင်ခြံရှိ သွေးပြန်ကြောကြီးမှတစ်ဆင့် ထည့်သွင်းပြီး နှလုံးဆီသို့ ပို့ဆောင်ပါသည်။ ပိုက်ချောင်း၏ ထိပ်ဖျားတွင် နှလုံးအပေါက်ကို ပိတ်ပေးမည့် ယန္တရားလေး ပါရှိပါသည်။
- နှလုံးခွဲစိတ်ခြင်း။ အကယ်၍ ပိုက်ထည့်ကုသသည့်နည်းလမ်းဖြင့် အဆင်မပြေပါက ရင်ဘတ်ဖွင့်၍ ခွဲစိတ်ခြင်း သို့မဟုတ် စက်ရုပ်လက်တံ အကူအညီဖြင့် အနည်းငယ်သာ ခွဲစိတ်ရသော နည်းလမ်းများကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အခြားအကြောင်းရင်းတစ်ခုခုကြောင့် နှလုံးခွဲစိတ်မှု ပြုလုပ်ရန်ရှိပါက ဆရာဝန်သည် ဤနှလုံးအပေါက်ကိုပါ တစ်ပါတည်း ကုသရန် အကြံပြုနိုင်ပါသည်။ ဤခွဲစိတ်မှုအတွင်း ဆရာဝန်သည် ရင်ဘတ်အလယ်ကို ခွဲစိတ်၍ အပေါက်ကို ချုပ်ကာ ပိတ်ပေးပါလိမ့်မည်။
