အကျဉ်းချုပ်အကြောင်းအရာ

လက်မအဆစ်ရောင်ခြင်းသည် အသက်အရွယ်ကြီးရင့်လာသည်နှင့်အမျှ အဖြစ်များသော ဝေဒနာတစ်ခုဖြစ်သည်။ လက်မအရင်းပိုင်းရှိ အရိုးအဆစ် ထိပ်ဖျားရှိ အရိုးနုများ ပွန်းစားပျက်စီးလာရာမှ ဤရောဂါဖြစ်ပွားရခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် လူတို့သည် နေ့စဉ်လုပ်ငန်းဆောင်တာ ရာပေါင်းများစွာကို လက်မဖြင့် ညှစ်ခြင်း၊ လှည့်ခြင်းနှင့် လှုပ်ရှားခြင်းများ ပြုလုပ်ကြရသည်။ လက်မအဆစ်ရောင်ဝေဒနာ ခံစားနေရပါက တံခါးလက်ကိုင်လှည့်ခြင်း သို့မဟုတ် ပုလင်းအဖုံးဖွင့်ခြင်းကဲ့သို့ ရိုးရှင်းသော အလုပ်များကို လုပ်ဆောင်ရာတွင်ပင် ပြင်းထန်စွာ နာကျင်ခြင်း၊ ရောင်ရမ်းခြင်း၊ အားနည်းခြင်းနှင့် လှုပ်ရှားနိုင်စွမ်း လျော့နည်းခြင်းတို့ကို ခံစားရနိုင်ပါသည်။ များသောအားဖြင့် အဆစ်ထိန်းကိရိယာများ နှင့် ဆေးဝါးများကို တွဲဖက်၍ ကုသလေ့ရှိပြီး ပြင်းထန်သောအဆင့်တွင်မူ ခွဲစိတ်ကုသရန် လိုအပ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

လက်မအဆစ်ရောင်ခြင်း၏ အဓိကနှင့် အဖြစ်အများဆုံး လက္ခဏာမှာ နာကျင်ခြင်းဖြစ်သည်။ တစ်ခုခုကို ကိုင်တွယ်ခြင်း၊ ညှစ်ခြင်း သို့မဟုတ် လက်မကို အသုံးပြု၍ အားစိုက်ထုတ်ခြင်းများ ပြုလုပ်သည့်အခါ လက်မ၏ခြေရင်းပိုင်းတွင် နာကျင်မှု ခံစားရနိုင်ပါသည်။

အခြားသော ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်နိုင်သည် –

  • လက်မခြေရင်းပိုင်းတွင် နာကျင်ခြင်း၊ တောင့်တင်းခြင်းနှင့် ရောင်ရမ်းခြင်း
  • လက်ဖြင့် ဆုပ်ကိုင်နိုင်သည့်အား လျော့နည်းလာခြင်း
  • လှုပ်ရှားနိုင်စွမ်း အတိုင်းအတာ လျော့နည်းလာခြင်း
  • လက်မခြေရင်းရှိ အဆစ်သည် ကြီးလာခြင်း သို့မဟုတ် အရိုးထွက်နေသကဲ့သို့ ပုံသဏ္ဌာန်ဖြစ်နေခြင်း

အကယ်၍ လက်မခြေရင်းတွင် ရောင်ရမ်းခြင်း၊ တောင့်တင်းခြင်း သို့မဟုတ် နာကျင်ခြင်းတို့သည် ဆက်တိုက်ဖြစ်နေပြီး မသက်သာပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

အကြောင်းရင်းများ

လက်မအဆစ်ရှိ အရိုးထိပ်ဖျားများကို အရိုးနုများဖြင့် ဖုံးအုပ်ထားပြီး ၎င်းတို့သည် အရိုးအချင်းချင်း ပွတ်တိုက်မိသည့်အခါ ချောမွေ့စွာ လှုပ်ရှားနိုင်ရန်နှင့် ဒဏ်ခံအပြားသဖွယ် အလုပ်လုပ်ပေးရန် ကူညီပေးသည်။ အဆစ်ရောင်ရောဂါ ဖြစ်လာသည့်အခါ ထိုအရိုးနုမျက်နှာပြင်များသည် ကြမ်းတမ်းလာပြီး အရိုးအချင်းချင်း ပွတ်တိုက်မိရာမှ ပွတ်တိုက်မှုနှင့် အဆစ်ထိခိုက်ပျက်စီးမှုများကို ဖြစ်စေသည်။

အသက်ကြီးလာသည်နှင့်အမျှ လက်မအဆစ်ရောင်ခြင်းမှာ အဖြစ်များလာသလို ယခင်က လက်မအဆစ်တွင် ထိခိုက်ဒဏ်ရာရဖူးခြင်းကြောင့်လည်း ဖြစ်ပွားနိုင်ပါသည်။ အဆစ်များ ပျက်စီးလာသည့်အခါ အရိုး၏အနားသတ်များတစ်လျှောက် အရိုးအတက် များ ထွက်လာတတ်သဖြင့် လက်မအဆစ်သည် သိသိသာသာ အဖုအကျိတ်ထွက်နေသကဲ့သို့ ဖြစ်နေနိုင်ပါသည်။

ဖြစ်နိုင်ခြေ ပိုများစေသော အချက်များ

အောက်ပါအချက်များက လက်မအဆစ်ရောင်ခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည် –

  • အသက်အရွယ်၊ အသက် ၄၀ ကျော်သူများတွင် အဖြစ်များသည်။
  • လိင်၊ အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုအဖြစ်များသည်။
  • ကိုယ်အလေးချိန်၊ အဝလွန်ခြင်းသည် လက်မအဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
  • မျိုးရိုးဗီဇ၊ အဆစ်အရွတ်များ အလွန်အမင်း ပျော့ပျောင်းလွန်းခြင်း သို့မဟုတ် အဆစ်ပုံသဏ္ဌာန် မမှန်ခြင်းတို့သည်လည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါသည်။
  • ထိခိုက်ဒဏ်ရာ ရာဇဝင်၊ လက်မအဆစ်ကို ထိခိုက်စေသည့် အဆစ်လွဲခြင်းနှင့် အရိုးကျိုးခြင်းများ။
  • အခြားရောဂါများ၊ အရိုးအဆစ်ရောင်ရမ်းခြင်း (Osteoarthritis) သည် လက်မအဆစ်ရောင်ခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ ထို့အပြင် လေးဖက်နာအဆစ်ရောင်ရောဂါ (Rheumatoid arthritis) ကဲ့သို့သော ဝေဒနာများသည်လည်း အရိုးနု၏ တည်ဆောက်ပုံနှင့် လုပ်ဆောင်ချက်များကို ပြောင်းလဲစေနိုင်ပါသည်။ ပြင်းထန်မှု အနည်းငယ် ကွာခြားနိုင်သော်လည်း လေးဖက်နာသည်လည်း လက်မအရင်းအဆစ်ကို ထိခိုက်စေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

ကျန်းမာရေးစောင့်ရှောက်သူသည် လက်မအဆစ်ရောင်ခြင်းကို ရောဂါရှာဖွေရန်အတွက် အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါသည်။

  • ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်သူသည် လက်ရှိခံစားနေရသော လက္ခဏာများကို မေးမြန်းမည်ဖြစ်ပြီး အဆစ်များတွင် ရောင်ရမ်းခြင်း သို့မဟုတ် အဖုအကျိတ်များ ရှိ၊ မရှိ စစ်ဆေးပါမည်။ ဆရာဝန်သည် သင်၏လက်မကို လှုပ်ရှားစေပြီး လက်ကောက်ဝတ်အရိုးနှင့် ဖိကပ်ထားစဉ် သင်၏အဆစ်ကို ကိုင်တွယ်ကာ ဖိအားပေးစမ်းသပ်နိုင်ပါသည်။ ထိုသို့လှုပ်ရှားစဉ် တဂျပ်ဂျပ်အသံမြည်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် ပွတ်တိုက်မိသည့် ခံစားချက်မျိုး ဖြစ်ပေါ်ပါက အရိုးနုများ ပွန်းစားသွားပြီး အရိုးအချင်းချင်း ပွတ်တိုက်နေခြင်း ဖြစ်နိုင်ပါသည်။
  • ပုံရိပ်ဖော်စမ်းသပ်ခြင်း၊ အရိုးအတက်များ ရှိ၊ မရှိ၊ အဆစ်ကြားနေရာလွတ်များ ပျောက်ဆုံးနေခြင်း ရှိ၊ မရှိနှင့် ပွန်းစားနေသော အရိုးနုအခြေအနေကို ဆန်းစစ်ရန်အတွက် အိတ်စရေးရိုက်ရန် ဆရာဝန်က အကြံပြုပါလိမ့်မည်။

ကုသခြင်း

လက်မအဆစ်ရောင်ခြင်းကို အမြစ်ပြတ်ပျောက်ကင်းစေမည့် နည်းလမ်းမရှိသေးသော်လည်း ရိုးရှင်းသော ကုသမှုများဖြင့် ဝေဒနာသက်သာအောင် ပြုလုပ်နိုင်ပါသည်။ ရောဂါအစောပိုင်းအဆင့်တွင် ခွဲစိတ်ရန်မလိုသော ကုသမှုများကိုသာ အသုံးပြုလေ့ရှိပြီး ရောဂါပြင်းထန်မှသာ ခွဲစိတ်ကုသရန် လိုအပ်ပါသည်။

  • လက်မ လေ့ကျင့်ခန်း ပြုလုပ်ခြင်း၊ အဆစ်လှုပ်ရှားနိုင်စွမ်းနှင့် ရောဂါလက္ခဏာများ ကောင်းမွန်လာစေရန် လက်လေ့ကျင့်ခန်းများ ပြုလုပ်ရန် ဆရာဝန်က ညွှန်ကြားပါလိမ့်မည်။ လွယ်ကူသော လေ့ကျင့်ခန်းတစ်ခုမှာ လက်မကို ဆန့်ထုတ်ပြီး လက်မထိပ်ဖြင့် လက်သန်းခြေရင်းအောက်နားကို ထိရန် ကြိုးစားသည့် လေ့ကျင့်ခန်းဖြစ်သည်။ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုမှာ လက်မ၏ အပေါ်ဘက်အဆစ်ကလေးကိုသာ ကွေးရန် ကြိုးစားခြင်းဖြစ်ပြီး ကျန်ရှိသော လက်မအစိတ်အပိုင်းကို အခြားတစ်ဖက်ဖြင့် ငြိမ်အောင် ကိုင်ထားရပါမည်။ လက်ချောင်းထိပ်လေးများဖြင့် လက်မထိပ်ကို ထိပေးခြင်းသည်လည်း ထိရောက်သော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါသည်။
  • ဆေးဝါးဖြင့် ကုသခြင်း၊ နာကျင်မှုကို သက်သာစေရန် အောက်ပါတို့ကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်။
    • လိမ်းဆေးများ၊ နာကျင်မှုသက်သာစေရန် အဆစ်ပေါ်ရှိ အရေပြားတွင် တိုက်ရိုက်လိမ်းရသော ဆေးများဖြစ်သည်။
    • အလွယ်တကူ ဝယ်ယူရရှိနိုင်သော ဆေးများ၊ ဆရာဝန်လက်မှတ်မလိုဘဲ ဆေးဆိုင်များတွင် ဝယ်ယူနိုင်သည့် သောက်ဆေးများ ဖြစ်သည်။
    • ညွှန်ကြားချက်ဖြင့် ဝယ်ယူရသော ဆေးများ၊ အကိုက်အခဲပျောက်ဆေး အချို့ကိုမူ အထူးကုဆရာဝန်၏ ညွှန်ကြားချက်ရှိမှသာ ဝယ်ယူနိုင်ပါသည်။ ဥပမာ – celecoxib နှင့် tramadol

ဤဆေးများကို ပမာဏအလွန်အမင်း သောက်သုံးပါက

  • နားထဲတွင် အသံမြည်ခြင်း၊
  • နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများ၊
  • ကျောက်ကပ်နှင့် အသည်း ပြဿနာများ၊
  • အစာအိမ်နှင့် အူလမ်းကြောင်း သွေးထွက်ခြင်း

စသည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပါသည်။ ထို့ကြောင့် ဤဆေးများသောက်နေစဉ် သွေးစစ်ဆေးမှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

  • အဆစ်ထိန်းကိရိယာ အသုံးပြုခြင်း၊ လက်မနှင့် လက်ကောက်ဝတ် လှုပ်ရှားမှုကို ကန့်သတ်ပေးနိုင်ရန် အဆစ်ထိန်းကိရိယာကို အသုံးပြုနိုင်ပါသည်။ ၎င်းကို နေ့ရောညပါ ဝတ်ဆင်နိုင်ပြီး နာကျင်မှုကို လျော့နည်းစေခြင်း၊ အဆစ်ကို မှန်ကန်သော အနေအထားတွင် ရှိနေစေခြင်းနှင့် အဆစ်ကို အနားပေးခြင်းတို့အတွက် အထောက်အကူပြုပါသည်။
  • ဆေးထိုး၍ ကုသခြင်း၊ အကိုက်အခဲပျောက်ဆေးနှင့် အဆစ်ထိန်းကိရိယာများဖြင့် မသက်သာပါက လက်မအဆစ်အတွင်းသို့ အာနိသင်ကြာရှည်သော ရောင်ရမ်းမှုကျဆေး တစ်မျိုးကို ထိုးထည့်ရန် ဆရာဝန်က အကြံပြုနိုင်ပါသည်။ ၎င်းသည် ရောင်ရမ်းမှုကို လျော့ကျစေပြီး နာကျင်မှုကို ခေတ္တသက်သာစေပါသည်။
  • ခွဲစိတ်ကုသခြင်း၊ အခြားကုသမှုများဖြင့် မသက်သာပါက သို့မဟုတ် လက်မကို ကွေးခြင်း၊ လှည့်ခြင်းများ လုံးဝ မပြုလုပ်နိုင်တော့ပါက ခွဲစိတ်ရန် ဆရာဝန်က အကြံပြုပါလိမ့်မည်။
    • အဆစ်ကို ပေါင်းစပ်ခြင်း၊ ပျက်စီးနေသော အဆစ်ရှိ အရိုးများကို တစ်ခုတည်းဖြစ်သွားအောင် အမြဲတမ်း ပေါင်းစပ်လိုက်ခြင်းဖြစ်သည်။ ၎င်းသည် နာကျင်မှုမရှိဘဲ အားစိုက်နိုင်စေသော်လည်း အဆစ်မှာ ကွေး၍မရတော့ဘဲ တောင့်တင်းသွားပါမည်။
    • အရိုးဖယ်ထုတ်ခြင်း၊ လက်မအဆစ်ကို ထောက်ကူထားသော လက်ကောက်ဝတ်အရိုးကို ဖယ်ထုတ်လိုက်ခြင်းဖြစ်သည်။
    • အရိုးပုံစံ ပြုပြင်ခြင်း၊ ထိခိုက်နေသော အဆစ်ရှိ အရိုးများကို ပုံမှန်အနေအထား ပြန်ဖြစ်အောင် ပြုပြင်ခြင်း သို့မဟုတ် ပိုထွက်နေသော အရိုးများကို ဖြတ်ထုတ်ခြင်း ဖြစ်သည်။
    • အဆစ်အစားထိုးခြင်း၊ ပျက်စီးနေသော အဆစ်တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းတစ်ခုကို မိမိ၏ အရွတ်တစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ အခြားပစ္စည်းဖြင့်ဖြစ်စေ အစားထိုးကုသခြင်း ဖြစ်သည်။

ခွဲစိတ်ပြီးနောက် ခြောက်အပတ်ခန့်အထိ လက်မနှင့် လက်ကောက်ဝတ်တွင် ကျောက်ပတ်တီး သို့မဟုတ် အဆစ်ထိန်းကိရိယာ ဝတ်ဆင်ထားရပါမည်။ ကျောက်ပတ်တီး ဖြုတ်ပြီးနောက်တွင် လက်၏ ခွန်အားနှင့် လှုပ်ရှားမှု ပြန်လည်ကောင်းမွန်လာစေရန် ကာယကုထုံး ဆက်လက်ခံယူရနိုင်ပါသည်။

Doctors who treat this condition