သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များ

အကျဉ်းချုပ်အကြောင်းအရာ

ဗဟိုအာရုံကြောစနစ်၏ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များသည် အလွန်ဆိုးရွားသည့် ကင်ဆာကျိတ်များဖြစ်ပါသည်၊၊ ထိုအကျိတ်များသည် သန္ဓေသားဘဝဦးနှောက် ဖွံ့ဖြိုးမှုကာလမှ ကျန်ရှိနေခဲ့သော သန္ဓေလောင်းဆဲလ်များမှ စတင်ဖြစ်ပွားခြင်းဖြစ်ပါသည်၊၊ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် အဖြစ်အများဆုံးဖြစ်ပါသည်၊၊

သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်အမျိုးမျိုးထဲမှ တစ်ခုမှာ ဦးနှောက်နောက်ဘက် အောက်ပိုင်းရှိ ဦးနှောက်ငယ်တွင် အခြေခံစတင်တတ်သော မက်ဒူလိုဘလတ်စတိုးမား အကျိတ်ဖြစ်ပါသည်၊၊ ယင်းမှာ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များထဲတွင် အဖြစ်အများဆုံး အမျိုးအစားဖြစ်ပါသည်၊၊

တစ်ရှူးဗေဒအရ စစ်ဆေးချက်များနှင့် မော်လီကျူးဆိုင်ရာ စစ်ဆေးချက်များအပေါ် အခြေခံ၍ ဦးနှောက်အကျိတ်အားလုံးကို အမျိုးအစားအမျိုးမျိုး ခွဲခြားထားပါသည်၊၊ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်အမျိုးအစားအချို့မှာ အောက်ပါအတိုင်းဖြစ်ပါသည် –

  • မက်ဒူလိုဘလတ်စတိုးမား အကျိတ်များ၊၊ ဤအကျိတ်များသည် ဦးနှောက်နောက်ဘက် အောက်ပိုင်းရှိ ကြွက်သားများ ဟန်ချက်ညီစေရန်နှင့် လှုပ်ရှားမှုများကို ထိန်းညှိပေးသော ဦးနှောက်ငယ်တွင် အဓိကဖြစ်ပွားသည့် သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များဖြစ်ပါသည်၊၊ ဤအကျိတ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့လေ့မရှိသော်လည်း ဦးနှောက်နှင့် ခါးဆစ်ရိုးအတွင်းရှိ အရည်များမှတစ်ဆင့် ဦးနှောက်နှင့် ခါးဆစ်ရိုးမကြီး တစ်ဝိုက်ရှိ အခြားနေရာများသို့ ပျံ့နှံ့သွားတတ်ပါသည်၊၊
  • အလွှာပေါင်းစုံပါဝင်သော သန္ဓေလောင်းဆဲလ် အကျိတ်များ၊၊ ဤအကျိတ်များသည် မွေးကင်းစကလေးများနှင့် ကလေးငယ်များတွင် အဓိကဖြစ်ပွားတတ်သော ရှားပါးပြီး အလွန်ဆိုးရွားသည့် အကျိတ်များဖြစ်ပါသည်၊၊ ဤပြင်းထန်သောအကျိတ်များသည် ဦးနှောက်ကြီးတွင် အများဆုံးဖြစ်ပွားလေ့ရှိပါသည်၊၊ ဦးနှောက်၏ အခြားနေရာများတွင်လည်း ဖြစ်ပွားနိုင်သော်လည်း ဤအကျိတ်များကို သီးခြားမျိုးဗီဇ ပြောင်းလဲမှုတစ်ခုဖြင့် ခွဲခြားသိရှိနိုင်ပါသည်၊၊
  • မက်ဒူလိုအပီသီလီယိုးမား အကျိတ်များ၊၊ ဤအကျိတ်များသည် များသောအားဖြင့် လျင်မြန်စွာ ကြီးထွားတတ်ပြီး မွေးကင်းစကလေးများနှင့် ကလေးငယ်များ၏ ဦးနှောက် သို့မဟုတ် ခါးဆစ်ရိုးမကြီးတွင် တွေ့ရှိရတတ်သော ရှားပါးပြီး ဆိုးရွားသည့် အကျိတ်များဖြစ်ပါသည်၊၊
  • ပုံမှန်မဟုတ်သော အကျိတ်များ၊၊ ဤအကျိတ်များသည် အသက် သုံးနှစ်အောက် မွေးကင်းစကလေးများနှင့် ကလေးငယ်များ၏ ဦးနှောက်ငယ်တွင် တွေ့ရလေ့ရှိသော ရှားပါးပြီး ဆိုးရွားသည့် အကျိတ်များဖြစ်ပါသည်၊၊
  • အခြားသော သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များ၊၊ ဤအုပ်စုတွင် ဦးနှောက်နှင့် ခါးဆစ်ရိုးမကြီး၌ ဖြစ်ပွားတတ်သော မူလအာရုံကြောတစ်ရှူးမှဖြစ်သည့် အကျိတ်များအဖြစ် ယခင်က သတ်မှတ်ခဲ့သော ဆိုးရွားသည့် အကျိတ်အများစု ပါဝင်ပါသည်၊၊

ရောဂါလက္ခဏာများ

သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များ၏ လက္ခဏာများသည် အကျိတ်အမျိုးအစား၊ တည်နေရာ၊ ပြင်းထန်မှုနှင့် ဦးနှောက်အတွင်းရှိ ဖိအားများလာခြင်းကဲ့သို့သော အချက်များအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်၊၊ လက္ခဏာများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်၊၊

  • ခေါင်းကိုက်ခြင်း
  • တက်ခြင်း
  • ပျို့ခြင်းနှင့် အန်ခြင်း
  • နုံးချိခြင်း
  • ကြွက်သားများ အားနည်းခြင်း
  • အမြင်နှစ်ထပ်ဖြစ်ခြင်း
  • လမ်းလျှောက်ရာတွင် မတည်မငြိမ်ဖြစ်ခြင်း

အကြောင်းရင်း

သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းကို များသောအားဖြင့် အတိအကျ မသိရှိရပါ၊၊ တာကော့လက္ခဏာစု၊ ရူဘင်စတိုင်းတေဘီလက္ခဏာစု၊ ဂေါ်လင်လက္ခဏာစု၊ လီဖရူမေနီလက္ခဏာစုနှင့် ဖာကိုနီ သွေးအားနည်းရောဂါကဲ့သို့သော အချို့သော မျိုးရိုးလိုက်သည့် ဝေဒနာများသည် ဤကဲ့သို့သော အကျိတ်ဖြစ်နိုင်ခြေကို မြင့်တက်စေပါသည်၊၊

ရောဂါရှာဖွေခြင်း

ရောဂါရှာဖွေသည့် လုပ်ထုံးလုပ်နည်းတွင် လူနာ၏ ကျန်းမာရေးရာဇဝင်ကို လေ့လာခြင်းနှင့် ခံစားနေရသော လက္ခဏာများကို ဆွေးနွေးခြင်းတို့ဖြင့် ပုံမှန်အားဖြင့် စတင်ပါသည်၊၊ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များကို ဖော်ထုတ်ရန်အတွက် အောက်ပါနည်းလမ်းများနှင့် စစ်ဆေးမှုများကို အသုံးပြုသော်လည်း ကင်ဆာပျံ့နှံ့မှုရှိမရှိ သိရှိရန် အခြားသော စစ်ဆေးမှုများလည်း လိုအပ်နိုင်ပါသည်၊၊

  • အာရုံကြောဆိုင်ရာ စစ်ဆေးခြင်း၊၊ ဤစစ်ဆေးမှုတွင် အမြင်အာရုံ၊ အကြားအာရုံ၊ ဟန်ချက်ညီမှု၊ ပေါင်းစပ်လှုပ်ရှားမှုနှင့် တုံ့ပြန်မှုများကို အကဲဖြတ်ပါသည်၊၊ ဤသည်မှာ ဦးနှောက်၏ မည်သည့်နေရာတွင် အကျိတ်၏ သက်ရောက်မှုရှိနေသည်ကို ဆုံးဖြတ်ရန် ကူညီပေးပါသည်၊၊
  • ပုံရိပ်ဖော် စစ်ဆေးမှုများ၊၊ ပုံရိပ်ဖော် စစ်ဆေးမှုများမှတစ်ဆင့် ဦးနှောက်အကျိတ်၏ တည်နေရာနှင့် အရွယ်အစားကို ဖော်ထုတ်နိုင်ပါသည်၊၊ ဤစစ်ဆေးမှုများသည် ဦးနှောက်နှင့် ခါးဆစ်ရိုးအတွင်းရှိ အရည်လမ်းကြောင်းများမှာ ဖိအားခံနေရခြင်း သို့မဟုတ် ပိတ်ဆို့နေခြင်း ရှိမရှိ ဆုံးဖြတ်ရန်အတွက် အလွန်အရေးကြီးပါသည်၊၊ သံလိုက်ဓာတ်မှန် သို့မဟုတ် ကွန်ပျူတာဓာတ်မှန်များကို ချက်ချင်းပြုလုပ်နိုင်ပါသည်၊၊ ဦးနှောက်အကျိတ်များကို ဤနည်းလမ်းများဖြင့် မကြာခဏ ဖော်ထုတ်လေ့ရှိပါသည်၊၊ သံလိုက်ဓာတ်ရောင်ခြည်သုံး အထူးစစ်ဆေးမှုများနှင့် သွေးစီးဆင်းမှုဆိုင်ရာ သံလိုက်ဓာတ်မှန်များကဲ့သို့သော အဆင့်မြင့်နည်းလမ်းများကိုလည်း အသုံးပြုနိုင်ပါသည်၊၊
  • အသားစယူ စစ်ဆေးခြင်း၊၊ အကျိတ်ကို ခွဲစိတ်ဖယ်ရှားစဉ်အတွင်း အသားစယူခြင်းကို ပုံမှန်အားဖြင့် ပြုလုပ်ပါသည်၊၊ အကယ်၍ ပုံရိပ်ဖော်စစ်ဆေးမှု ရလဒ်များသည် သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များနှင့် ကွဲပြားနေပါက ခွဲစိတ်မှုမပြုမီ အသားစယူရန် အကြံပြုနိုင်ပါသည်၊၊ ဓာတ်ခွဲခန်းတွင် သံသယဖြစ်ဖွယ် တစ်ရှူးနမူနာကို စစ်ဆေးပြီး ဆဲလ်အမျိုးအစားများကို ဖော်ထုတ်ပါသည်၊၊
  • ခါးဆစ်ရိုးအတွင်းမှ အရည်ထုတ်ယူ စစ်ဆေးခြင်း၊၊ ဤနည်းလမ်းသည် ခါးဆစ်ရိုးမကြီး တစ်ဝိုက်ရှိ အရည်များကို ထုတ်ယူရန်အတွက် ခါးရိုးဆစ်နှစ်ခုကြားသို့ ဆေးထိုးအပ် ထည့်သွင်းခြင်းဖြစ်ပါသည်၊၊ အကျိတ်ဆဲလ်များ သို့မဟုတ် အခြားသော ပုံမှန်မဟုတ်သည့် အခြေအနေများကို စစ်ဆေးရန် ထိုအရည်ကို စမ်းသပ်စစ်ဆေးပါသည်၊၊ ဦးနှောက်အတွင်းရှိ ဖိအားကို ထိန်းချုပ်ပြီးနောက် သို့မဟုတ် အကျိတ်ကို ဖယ်ရှားပြီးနောက်မှသာ ဤစစ်ဆေးမှုကို ပြုလုပ်ပါသည်၊၊

ကုသမှု

လူနာ၏ အသက်အရွယ်၊ အကျိတ်၏ သဘောသဘာဝနှင့် တည်နေရာ၊ အကျိတ်၏ အဆင့်နှင့် ပျံ့နှံ့မှုအပြင် အခြားသော အချက်များအားလုံးမှာ အကျိတ်ကို မည်သို့ကုသမည်ဆိုသည့်အပေါ် သက်ရောက်မှုရှိပါသည်၊၊ ကုသမှုတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည် –

  • ဦးနှောက်အတွင်း အရည်စုပုံမှုကို လျှော့ချရန် ခွဲစိတ်ခြင်း၊၊ အချို့သော သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်များသည် ဦးနှောက်နှင့် ခါးဆစ်ရိုးအတွင်းရှိ အရည်စီးဆင်းမှုကို ပိတ်ဆို့စေပြီး ဦးနှောက်အတွင်း အရည်များစုပုံကာ ဖိအားများလာခြင်းကို ဖြစ်စေနိုင်ပါသည်၊၊ ထိုအရည်များ ဦးနှောက်အတွင်းမှ ထွက်နိုင်ရန် လမ်းကြောင်းတစ်ခု ဖန်တီးရန် ခွဲစိတ်မှုကို အကြံပြုနိုင်ပါသည်၊၊ ဤလုပ်ငန်းစဉ်ကို အကျိတ်ဖယ်ရှားသည့် ခွဲစိတ်မှုနှင့်အတူ တစ်ခါတစ်ရံ ပြုလုပ်နိုင်ပါသည်၊၊
  • အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း၊၊ အနီးနားရှိ တစ်ရှူးများကို ထိန်းသိမ်းရန်အတွက် ကလေးအာရုံကြောခွဲစိတ်ဆရာဝန်သည် အကျိတ်ကို တတ်နိုင်သမျှ များများဖယ်ရှားရန် ဂရုတစိုက် ဆောင်ရွက်ပါသည်၊၊ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်ရှိသည့် ကလေးအားလုံးသည် ကျန်ရှိနေနိုင်သည့် ကင်ဆာဆဲလ်များကို နှိမ်နင်းရန် ခွဲစိတ်မှုအပြီးတွင် နောက်ဆက်တွဲ ကုသမှုများကို ပုံမှန်ခံယူသင့်ပါသည်၊၊
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊၊ ဓာတ်ရောင်ခြည် ကုထုံးသည် ကင်ဆာဆဲလ်များကို သတ်ရန်အတွက် အိတ်စရေးရောင်ခြည် သို့မဟုတ် ပရိုတွန်ကဲ့သို့သော စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြု၍ ဦးနှောက်နှင့် ခါးဆစ်ရိုးမကြီးသို့ ဓာတ်ရောင်ခြည် ပေးခြင်းဖြစ်ပါသည်၊၊ ပရိုတွန်ရောင်ခြည်ဖြင့် ကုသခြင်းမှာ သာမန်ဓာတ်ရောင်ခြည် ကုထုံးထက် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ပြီး အနီးနားရှိ ကျန်းမာသော တစ်ရှူးများကို ဓာတ်ရောင်ခြည် မထိတွေ့စေဘဲ ဦးနှောက်အကျိတ်ရှိရာသို့ တိကျစွာ ဓာတ်ရောင်ခြည်ပေးနိုင်ပါသည်၊၊
  • ဆေးသွင်းကုသခြင်း၊၊ ဆေးသွင်းကုသရာတွင် အသုံးပြုသော ဆေးဝါးများသည် ကင်ဆာဆဲလ်များကို သတ်ပစ်ပါသည်၊၊ သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်ရှိသည့် ကလေးများအတွက် ဤဆေးများကို ပုံမှန်အားဖြင့် သွေးကြောအတွင်းသို့ ထိုးသွင်းပါသည်၊၊ အချို့သော အခြေအနေများတွင် ဆေးသွင်းကုသမှုကို ဓာတ်ရောင်ခြည်ကုထုံးနှင့်အတူ တွဲဖက်၍ဖြစ်စေ သို့မဟုတ် ခွဲစိတ်မှုနှင့် ဓာတ်ရောင်ခြည်ကုသမှု ပြုလုပ်ပြီးနောက်တွင်ဖြစ်စေ ညွှန်ကြားနိုင်ပါသည်၊၊
  • လက်တွေ့စမ်းသပ် ကုသမှုများ၊၊ လက်တွေ့စမ်းသပ် ကုသမှုများတွင် ကုသမှုအသစ်များကို စမ်းသပ်ခြင်း ပါဝင်ပြီး သင့်ကလေးအတွက် နောက်ဆုံးပေါ် ကုသမှုများကို စမ်းသပ်ရန် အခွင့်အရေး ရရှိစေပါသည်၊၊ ဤကုသမှုများ၏ ဖြစ်နိုင်ခြေရှိသော ဘေးထွက်ဆိုးကျိုးများနှင့် အန္တရာယ်များကို အပြည့်အဝ မသိရှိနိုင်သေးသည်ကို သတိပြုရန် အရေးကြီးပါသည်၊၊ သင့်ကလေးမှာ လက်တွေ့စမ်းသပ် ကုသမှုတွင် ပါဝင်ရန် သင့်တော်ခြင်း ရှိမရှိ သိနိုင်ရန် ကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့ဝင်နှင့် တိုင်ပင်ပါ၊၊

မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုများ ရရှိစေရန်အတွက် သန္ဓေလောင်းဆဲလ်မှဖြစ်သော အကျိတ်ရှိသည့် ကလေးများကို ကလေးဦးနှောက်အကျိတ် ကုသရာတွင် အတွေ့အကြုံနှင့် ကျွမ်းကျင်မှုရှိသော အထူးကုအဖွဲ့များရှိသည့် နေရာနှင့် ကလေးများအတွက် နောက်ဆုံးပေါ် ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ကုသမှုများ ရရှိနိုင်သည့် ဌာနများတွင် စစ်ဆေးမှု ခံယူသင့်ပါသည်၊၊

Doctors who treat this condition