လက်ဖဝါးခြေဖဝါးအရည်ကြည်ဖုနှင်းခူ
အကျဉ်းချုပ်အကြောင်းအရာ
လက်ဖဝါးများ၊ လက်ချောင်းဘေးဘက်များနှင့် တစ်ခါတစ်ရံ ခြေဖဝါးများတွင် အရည်ကြည်ဖုအသေးလေးများ ပေါ်ပေါက်တတ်သည့် အရေပြားရောဂါတစ်မျိုးကို လက်ဖဝါး၊ခြေဖဝါး အရည်ကြည်ဖုနှင်းခူ သို့မဟုတ် အရည်ကြည်ဖုထွက်သည့် အရေပြားရောင်ရမ်းခြင်းဟု ခေါ်ဆိုပါသည်၊၊
ပုံမှန်အားဖြင့် သုံးပတ်ခန့် ကြာရှည်တတ်ပြီး ဤရောဂါကြောင့်ဖြစ်သော အရည်ကြည်ဖုများသည် အလွန်အမင်း ယားယံတတ်ပါသည်၊၊ အရည်ကြည်ဖုများ ခြောက်သွားသည့်အခါ သင့်အရေပြားမှာ အကြေးခွံများကဲ့သို့ ကွဲအက်နေနိုင်ပါသည်၊၊ များသောအားဖြင့် ယခင်ဖြစ်ပွားခဲ့သော အရည်ကြည်ဖုများကြောင့် ပျက်စီးသွားသည့် အရေပြားမှာ အပြည့်အဝ ပြန်လည်မကောင်းမွန်မီမှာပင် အရည်ကြည်ဖုအသစ်များ ပြန်လည်ပေါ်ပေါက်လာတတ်ပါသည်၊၊
ထိခိုက်နေသော နေရာပေါ်တွင် လိမ်းဆေးရည်များ သို့မဟုတ် ဆီလိမ်းဆေးများ လိမ်းပေးခြင်းသည် ဤရောဂါအတွက် အသုံးအများဆုံး ကုသမှုဖြစ်ပါသည်၊၊ အခြေအနေ ပြင်းထန်ပါက ဆရာဝန်က ပါးစပ်မှသောက်ရသော စတီးရွိုက်ဆေးများ သို့မဟုတ် ထိုးဆေးများကို ညွှန်ကြားနိုင်ပါသည်၊၊ ဤရောဂါကို နှင်းခူစို၊ လက်ဖဝါးနှင့် ခြေဖဝါး အရေပြားရောင်ရမ်းခြင်း၊ အရည်ကြည်ဖုထွက်သော အရေပြားရောင်ရမ်းခြင်း စသည်ဖြင့် အခြားအမည်များဖြင့်လည်း ခေါ်ဆိုကြပါသည်၊၊
ရောဂါလက္ခဏာများ
လက်ချောင်းဘေးဘက်များနှင့် လက်ဖဝါးများသည် ဤရောဂါကြောင့်ဖြစ်သော အရည်ကြည်ဖုများ အဖြစ်အများဆုံး နေရာများဖြစ်ပါသည်၊၊ တစ်ခါတစ်ရံတွင် ခြေဖဝါးများကိုလည်း ထိခိုက်နိုင်ပါသည်၊၊ အရည်ကြည်ဖုများသည် ပုံမှန်အားဖြင့် ခဲဆံအကျယ်ခန့်ရှိသော အရွယ်အစားအသေးလေးများ ဖြစ်ကြပါသည်၊၊ ၎င်းတို့သည် သာဂူစေ့လေးများကဲ့သို့ အစုလိုက်အပြုံလိုက် ဖြစ်ပေါ်လေ့ရှိပါသည်၊၊
ပိုမိုပြင်းထန်သော ဖြစ်ရပ်များတွင် အရည်ကြည်ဖုအသေးလေးများမှာ တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး ပိုမိုကြီးမားသော အရည်ကြည်ဖုများ ဖြစ်ပေါ်လာနိုင်ပါသည်၊၊ ဤရောဂါကြောင့် ထိခိုက်နေသော အရေပြားမှာ အလွန်ယားယံခြင်းနှင့် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်၊၊ သုံးပတ်အတွင်း အရည်ကြည်ဖုများမှာ ခြောက်သွားပြီး အရေပြားများ ကွာကျလာပါသည်၊၊ ဤရောဂါသည် လပေါင်းများစွာ သို့မဟုတ် နှစ်ချီ၍ ပုံမှန်ပြန်လည်ဖြစ်ပွားတတ်သော သဘောရှိပါသည်၊၊
အကယ်၍ သင်သည် လက် သို့မဟုတ် ခြေထောက်တွင် အလိုအလျောက် ပျောက်ကင်းမသွားသော အနီစက်များ သို့မဟုတ် အကွက်များ ဖြစ်ပေါ်လာပါက ဆရာဝန်ထံ ဆက်သွယ်ပါ၊၊
အကြောင်းရင်းများ
ဤရောဂါဖြစ်ပွားရသည့် အတိအကျအကြောင်းရင်းကို မသိရှိရသေးပါ၊၊ ယင်းသည် နှင်းခူဟုခေါ်သော အရေပြားရောင်ရမ်းခြင်းနှင့် အခြားသော ဓာတ်မတည့်သည့်ရောဂါများနှင့် ဆက်စပ်နေနိုင်ပါသည်၊၊ နှာခေါင်းပိုင်းဆိုင်ရာ ဓာတ်မတည့်မှုရှိသူများတွင် ရာသီအလိုက် ရောဂါထကြွခြင်းမျိုး ဖြစ်နိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
ဤရောဂါဖြစ်နိုင်ခြေရှိသော အချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –
- အသက် – အသက် နှစ်ဆယ်မှ လေးဆယ်ကြားတွင် ဖြစ်ပွားတတ်ပါသည်၊၊
- လိင် – အမျိုးသားများထက် အမျိုးသမီးများတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုများပါသည်၊၊
- မိသားစုရာဇဝင် – မိသားစုအတွင်း နှင်းခူ သို့မဟုတ် ထိတွေ့မှုကြောင့်ဖြစ်သော အရေပြားရောင်ရမ်းခြင်းရှိခြင်း၊၊
- စိတ်ဖိစီးမှု – စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများသော ကာလများတွင် ဤရောဂါဖြစ်ပွားမှု ပိုမိုများပြားကြောင်း တွေ့ရှိရပါသည်၊၊
- အချို့သော သတ္တုများနှင့် ထိတွေ့ခြင်း – စက်မှုလုပ်ငန်းခွင်များတွင် တွေ့ရတတ်သည့် နစ်ကယ်နှင့် ကိုဗော့ဒြပ်စင်တို့နှင့် ထိတွေ့ခြင်းတို့ ပါဝင်ပါသည်၊၊
- နှင်းခူ – နှင်းခူဝေဒနာ ခံစားနေရသူအချို့တွင် ဤကဲ့သို့သော အရည်ကြည်ဖုထွက်သည့် ရောဂါမျိုး ပေါ်ပေါက်နိုင်ပါသည်၊၊
- ထိခိုက်လွယ်သော အရေပြား – အချို့သော ယားယံစေသည့် ပစ္စည်းများနှင့် ထိတွေ့ပြီးနောက် ယားယံတတ်သူများတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်၊၊
ရောဂါရှာဖွေခြင်း
ဆရာဝန်သည် ပုံမှန်အားဖြင့် ကိုယ်ခန္ဓာကို စစ်ဆေးခြင်းဖြင့် လက်ဖဝါး၊ခြေဖဝါး အရည်ကြည်ဖုနှင်းခူ သို့မဟုတ် အရည်ကြည်ဖုထွက်သည့် အရေပြားရောင်ရမ်းခြင်းကို ဖော်ထုတ်နိုင်ပါသည်၊၊ ဓာတ်ခွဲခန်းစစ်ဆေးမှုတစ်ခုတည်းဖြင့် ဤရောဂါကို အပြတ်အသတ် ရောဂါရှာဖွေ၍မရနိုင်သော်လည်း အလားတူလက္ခဏာများရှိသည့် အခြားသော အရေပြားအခြေအနေများ မဟုတ်ကြောင်း သေချာစေရန် ဆရာဝန်က စစ်ဆေးမှုအချို့ ပြုလုပ်ရန် အကြံပြုနိုင်ပါသည်၊၊
ဥပမာအားဖြင့် အရေပြားကို ခြစ်ယူစစ်ဆေးခြင်းဖြင့် ခြေဆီကိုင်ခြင်းကို ဖြစ်စေသော မှိုအမျိုးအစား ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါသည်၊၊ သင့်အရေပြား၏ အစိတ်အပိုင်းများကို မတူညီသော ဒြပ်ပစ္စည်းများနှင့် ထိတွေ့စေခြင်းဖြင့် သင့်အရေပြားတွင် ရှိနေသော ဓာတ်မတည့်မှုများနှင့် ထိခိုက်လွယ်မှုများကို ဖော်ထုတ်နိုင်ပါသည်၊၊
ကုသမှု
ရောဂါလက္ခဏာများ၏ ပြင်းထန်မှုအပေါ် မူတည်၍ ကုသမှုနည်းလမ်းများမှာ အောက်ပါအတိုင်း ဖြစ်နိုင်ပါသည် –
- စတီးရွိုက်ဆေးများ၊၊ စတီးရွိုက်ပါဝင်မှုနှုန်း မြင့်မားသော လိမ်းဆေးရည်များနှင့် ဆီလိမ်းဆေးများသည် အရည်ကြည်ဖုများ ပျောက်ကင်းမှုကို မြန်ဆန်စေနိုင်ပါသည်၊၊ ဆေးစုပ်ယူမှုကို မြှင့်တင်ရန်အတွက် ဆေးလိမ်းထားသော နေရာကို ပလတ်စတစ်ဖြင့် ပတ်ထားနိုင်ပါသည်၊၊ စတီးရွိုက်ဆေး လိမ်းပြီးနောက် ဆေး၏စုပ်ယူမှု ပိုမိုကောင်းမွန်စေရန် ရေပတ်တိုက်ပေးခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်၊၊
အကယ်၍ ဝေဒနာမှာ ပြင်းထန်ပါက ပရက်ဒနီဆုန်း သို့မဟုတ် အခြားသော စတီးရွိုက်သောက်ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်၊၊ စတီးရွိုက်ဆေးများကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်းသည် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်၊၊
- အလင်းဖြင့် ကုသခြင်း၊၊ ယခင်ကုသမှုများမှာ မအောင်မြင်ပါက ခရမ်းလွန်ရောင်ခြည်နှင့် ထိတွေ့စေသည့် အထူးအလင်းကုထုံးတစ်မျိုးကို ဆရာဝန်က အကြံပြုနိုင်ပါသည်၊၊ ယင်းကုထုံးတွင် အရေပြားကို အလင်းရောင်ခြည်၏ သက်ရောက်မှု ပိုမိုခံနိုင်ရည်ရှိစေရန် ကူညီပေးသည့် ဆေးဝါးများနှင့် တွဲဖက်လုပ်ဆောင်ရပါသည်၊၊
- ကိုယ်ခံအားစနစ်ကို ထိန်းညှိပေးသည့် လိမ်းဆေးများ၊၊ စတီးရွိုက်ဆေးများနှင့် ထိတွေ့မှုကို လျှော့ချလိုသူများအတွက် တက်ခရိုလီးမတ်စ် နှင့် ပိုင်မီခရိုလီးမတ်စ် ကဲ့သို့သော ဆေးဝါးများသည် အကျိုးရှိနိုင်ပါသည်၊၊ အရေပြားပိုးဝင်နိုင်ခြေ မြင့်မားခြင်းမှာ ဤဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်ပါသည်၊၊
- ဘိုတူလီနမ် အဆိပ်ဖြေဆေး ထိုးခြင်း၊၊ အချို့သော ကျန်းမာရေး ကျွမ်းကျင်သူများသည် ပြင်းထန်သော လက်ဖဝါး၊ခြေဖဝါး အရည်ကြည်ဖုနှင်းခူဝေဒနာကို ကုသရန်အတွက် ဘိုတူလီနမ် အဆိပ်ဖြေဆေးကို ထိုးရန် အကြံပြုနိုင်ပါသည်၊၊
