ခြေထောက်သွေးပြန်ကြောဖောင်းခြင်း
အကျဉ်းချုပ်အကြောင်းအရာ
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းဆိုသည်မှာ အရေပြားမျက်နှာပြင်အောက်တွင် သွေးပြန်ကြောများ ဖောင်းကြွပြီး လိမ်ရှုပ်နေသော အခြေအနေဖြစ်ပါသည်၊၊ ယင်းတို့သည် အပြာရောင် သို့မဟုတ် ခရမ်းရောင် အဖုအကျိတ်များအဖြစ် ခြေထောက်၊ ခြေဖဝါးနှင့် ခြေကျင်းဝတ်တို့တွင် အတွေ့များပါသည်၊၊ ခန္ဓာကိုယ်အောက်ပိုင်းရှိ သွေးပြန်ကြောများအတွင်း ဖိအားကို မြင့်တက်စေသည့် မတ်တပ်ရပ်ခြင်းနှင့် လမ်းလျှောက်ခြင်းတို့ကြောင့် ဤအခြေအနေ ဖြစ်ပွားရပါသည်၊၊ အခြေအနေအများစုတွင် ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို အန္တရာယ်ရှိသည်ဟု မယူဆပါ၊၊
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းနှင့် ပင့်ကူမျှင်သွေးကြောများမှာ ပုံပန်းသဏ္ဌာန်မတူညီသော သွေးပြန်ကြောဆိုင်ရာ အခြေအနေနှစ်ခု ဖြစ်ပါသည်၊၊ ပင့်ကူမျှင်သွေးကြောများသည် အရေပြားမျက်နှာပြင်ပေါ်တွင် အနီရောင် သို့မဟုတ် ခရမ်းရောင် အစင်းကြောင်းလေးများအဖြစ် တွေ့ရတတ်ပြီး သွေးပြန်ကြောထောင်သည့်နေရာ အနီးတစ်ဝိုက်တွင် ရှိနေနိုင်ပါသည်၊၊ တစ်ဖက်တွင်မူ ခြေထောက်သွေးပြန်ကြောဖောင်းခြင်းသည် ပင့်ကူမျှင်သွေးကြောများထက် သိသိသာသာ ပိုမိုကြီးမားပြီး ထူထဲပါသည်၊၊ ဤအခြေအနေနှစ်ခုလုံးကို အလှအပဆိုင်ရာ ပြဿနာအဖြစ်သာ ယူဆလေ့ရှိသော်လည်း အချို့သောသူများတွင် အခြားလက္ခဏာများကို ခံစားရနိုင်ပါသည်၊၊
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းသည် ပြင်းထန်သော နာကျင်မှုနှင့် နေရခက်ခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊ ပြင်းထန်သော သွေးပြန်ကြောထောင်ခြင်းသည် သွေးခဲခြင်းကဲ့သို့သော ပြင်းထန်သော ကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်၊၊ သွေးပြန်ကြောထောင်ခြင်း လက္ခဏာအများစုကို အိမ်တွင် ကုသနိုင်ပါသည်၊၊ ဆေးထိုးခြင်း၊ လေဆာဖြင့် ကုသခြင်း သို့မဟုတ် ခွဲစိတ်ခြင်းတို့သည် အခြားသော ကုသမှုနည်းလမ်းများ ဖြစ်ပါသည်၊၊
ရောဂါလက္ခဏာများ
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို ပုံမှန်အားဖြင့် မြင်သာပါသည်၊၊ အရေပြားမျက်နှာပြင်အောက်တွင် လိမ်ရှုပ်နေသော အပြာရောင် သို့မဟုတ် ခရမ်းရောင် သွေးပြန်ကြောများကို တွေ့ရတတ်ပြီး ခြေထောက်ပေါ်တွင် ကြိုးများရှိနေသကဲ့သို့ ထင်ရတတ်ပါသည်၊၊
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းသည် နေရခက်စေနိုင်ပါသည်၊၊ အဖြစ်များသော လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊၊
- ခြေထောက်များ ကိုက်ခဲခြင်း သို့မဟုတ် လေးလံခြင်း၊၊ အထူးသဖြင့် ပြင်းထန်သော လှုပ်ရှားမှုများ ပြုလုပ်ပြီးနောက် ခြေထောက်ကြွက်သားများ နုံးချိခြင်း၊ လေးလံခြင်း သို့မဟုတ် လေးလံထိုင်းမှိုင်းခြင်းတို့ ခံစားရနိုင်ပါသည်၊၊
- ခြေထောက်အောက်ပိုင်း၊ ခြေကျင်းဝတ်နှင့် ခြေဖဝါးတို့တွင် ပူလောင်ခြင်း၊ တောက်တောက်နှင့် နာကျင်ခြင်း၊ ကြွက်သားများ ကြွက်တက်ခြင်းနှင့် ရောင်ရမ်းခြင်း၊၊
- ကြာရှည်စွာ ထိုင်ခြင်း သို့မဟုတ် မတ်တပ်ရပ်ခြင်းတို့ ပြုလုပ်ပြီးနောက် နာကျင်မှု ပိုမိုဆိုးရွားလာခြင်း၊၊
- သွေးပြန်ကြောထောင်သော နေရာအနီးတစ်ဝိုက်တွင် ယားယံခြင်း၊၊
- အရေပြားအရောင် ပြောင်းလဲခြင်း၊၊ အထူးသဖြင့် ကုသမှုမခံယူဘဲ ထားပါက ညိုမည်းသော အရောင်များ ဖြစ်လာခြင်း၊၊
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းမှာ ပုံမှန်အားဖြင့် စိုးရိမ်စရာမဟုတ်သော်လည်း မိမိဘာသာ ဂရုစိုက်မှုများ ပြုလုပ်သော်လည်း မသက်သာပါက သို့မဟုတ် စိတ်အနှောင့်အယှက် ဖြစ်လာပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူသင့်ပါသည်၊၊ သွေးပြန်ကြောများ သို့မဟုတ် အရေပြားတွင် သွေးထွက်ခြင်း၊ အရောင်ပြောင်းခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ထိမိပါက နာကျင်ခြင်း လက္ခဏာများ ပြလာပါက စစ်ဆေးမှုနှင့် ကုသမှုခံယူရန် ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည်၊၊
အကြောင်းရင်းများ
သွေးလွှတ်ကြောများသည် နှလုံးမှ သွေးများကို ခန္ဓာကိုယ်အနှံ့သို့ ပို့ဆောင်ပေးသော အကြောများ ဖြစ်ပါသည်၊၊ သွေးပြန်ကြောများသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများမှ သွေးများကို နှလုံးဆီသို့ ပြန်လည်ပို့ဆောင်ပေးပါသည်၊၊ ခြေထောက်ရှိ သွေးပြန်ကြောများသည် သွေးများကို နှလုံးဆီသို့ ပြန်ပို့နိုင်ရန် ကမ္ဘာ့မြေဆွဲအားကို ဆန့်ကျင်တိုက်ထုတ်ရပါသည်၊၊
သွေးပြန်ကြောနံရံများ အားနည်းလာသောအခါ ခြေထောက်သွေးပြန်ကြောဖောင်းခြင်း ဖြစ်ပေါ်လာပါသည်၊၊ ခြေထောက်အောက်ပိုင်း ကြွက်သားများ ကျုံ့ခြင်းသည် သွေးများကို တွန်းထုတ်ပေးသော ပန့်များကဲ့သို့ လုပ်ဆောင်ပြီး ရုန်းကန်အားရှိသော သွေးပြန်ကြောနံရံများသည် သွေးများကို နှလုံးဆီသို့ ပြန်ပို့ရန် ကူညီပေးပါသည်၊၊ သွေးပြန်ကြောအတွင်း သွေးဖိအား မြင့်တက်လာသောအခါ အားနည်းနေသော နံရံများမှာ ပွလာပါသည်၊၊ သွေးပြန်ကြောများ ဆန့်ထွက်လာသောအခါ သွေးများကို လမ်းကြောင်းတစ်ခုတည်းသို့ စီးဆင်းစေရန် ထိန်းညှိပေးသော အဆို့ရှင်များမှာ ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါ၊၊ နှေးကွေးစွာ စီးဆင်းနေသော သွေးများသည် သွေးပြန်ကြောအတွင်း ပြန်အိုင်လာသောကြောင့် သွေးပြန်ကြောများ ပွခြင်း၊ ဖောင်းကြွခြင်းနှင့် လိမ်ရှုပ်ခြင်းတို့ ဖြစ်လာစေပါသည်၊၊
ဟော်မုန်းများ၊ အသက်ကြီးလာခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း တက်လာခြင်း၊ အဝတ်အစား အလွန်ကြပ်ခြင်းနှင့် ကြာရှည်စွာ မတ်တပ်ရပ်ခြင်းကြောင့် သွေးပြန်ကြောများပေါ်တွင် ဖိအားဖြစ်စေခြင်း စသည့် အချက်အမျိုးမျိုးကြောင့် သွေးပြန်ကြောနံရံများနှင့် အဆို့ရှင်များမှာ အားနည်းလာနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
အောက်ပါအချက်များအပါအဝင် အချက်အမျိုးမျိုးသည် ခြေထောက်သွေးပြန်ကြောဖောင်းခြင်း ဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်ပါသည်၊၊
- မိသားစုရာဇဝင်၊၊ ဤအခြေအနေမှာ မျိုးရိုးလိုက်နိုင်ပါသည်၊၊ မိသားစုအတွင်း ခြေထောက်သွေးပြန်ကြောထောင်သူ ရှိပါက မိမိတွင်လည်း ဖြစ်နိုင်ခြေ ပိုများပါသည်၊၊
- အသက်အရွယ်၊၊ အသက်ကြီးလာသည်နှင့်အမျှ သွေးပြန်ကြောနံရံများနှင့် အဆို့ရှင်များသည် ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပါ၊၊ သွေးပြန်ကြောများမှာ ရုန်းကန်အား လျော့နည်းလာပြီး မာတောင့်လာပါသည်၊၊ သွေးစီးဆင်းမှုကို ထိန်းညှိပေးသော အဆို့ရှင်များမှာလည်း ပျက်စီးလာပါသည်၊၊ ဤပျက်စီးမှုကြောင့် အဆို့ရှင်များသည် သွေးအချို့ကို သွေးပြန်ကြောအတွင်းသို့ ပြန်လည်စီးဆင်းစေပြီး သွေးများ စုပုံလာစေပါသည်၊၊
- လိင်၊၊ အမျိုးသမီးဟော်မုန်းများသည် သွေးပြန်ကြောနံရံများကို ဆန့်ထွက်စေနိုင်ပါသည်၊၊ သားဆက်ခြားဆေး သောက်နေသူများ သို့မဟုတ် ဟော်မုန်းပမာဏ ပြောင်းလဲမှုရှိသော သွေးဆုံးခါနီး အမျိုးသမီးများတွင် ခြေထောက်သွေးပြန်ကြောဖောင်းခြင်း ပိုမိုအဖြစ်များပါသည်၊၊
- ကိုယ်ဝန်ဆောင်ခြင်း၊၊ ကိုယ်ဝန်ဆောင် အမျိုးသမီးများတွင် ခန္ဓာကိုယ်အတွင်း သွေးပမာဏ မြင့်တက်လာခြင်းကြောင့် ခြေထောက်သွေးပြန်ကြောဖောင်းခြင်းမှာ အဖြစ်များပါသည်၊၊ ယင်းသည် ခြေထောက်ရှိ သွေးပြန်ကြောများကို ပွလာစေနိုင်ပါသည်၊၊
- အဝလွန်ခြင်း၊၊ ကိုယ်အလေးချိန် များခြင်းသည် သွေးပြန်ကြောများအပေါ်တွင် ဖိအားဖြစ်စေပါသည်၊၊
- လူနေမှုဘဝပုံစံ၊၊ အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်ခြင်းသည် သွေးလှည့်ပတ်မှုကို လျော့နည်းစေပါသည်၊၊ လှုပ်ရှားမှုသည် သွေးစီးဆင်းမှုကို မြှင့်တင်ပေးပါသည်၊၊ ခါးပတ်ကြပ်ကြပ်များ သို့မဟုတ် ခါးကြပ်သော ဂျင်းဘောင်းဘီများကဲ့သို့သော အဝတ်အစားများမှာ သွေးစီးဆင်းမှုကို လျော့နည်းစေနိုင်ပါသည်၊၊
ရောဂါရှာဖွေခြင်း
သွေးပြန်ကြောများကို အရေပြားမျက်နှာပြင်အနီးတွင် မြင်တွေ့နိုင်သောကြောင့် ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို ပုံမှန်အားဖြင့် ကိုယ်ခန္ဓာစစ်ဆေးခြင်းဖြင့် ရောဂါရှာဖွေနိုင်ပါသည်၊၊ စစ်ဆေးနေစဉ်အတွင်း ဆရာဝန်သည် လူနာအား ထိုင်ခိုင်းခြင်း သို့မဟုတ် မတ်တပ်ရပ်ခိုင်းခြင်းဖြင့် သွေးပြန်ကြောများကို စမ်းသပ်နိုင်ပါသည်၊၊ ရောဂါကို အတည်ပြုနိုင်ရန်အတွက် ဆရာဝန်သည် ရောင်ရမ်းမှု ရှိမရှိ စစ်ဆေးခြင်းနှင့် ဆက်စပ်လက္ခဏာများကို မေးမြန်းခြင်းတို့ ပြုလုပ်နိုင်ပါသည်၊၊
ပုံရိပ်ဖော်စစ်ဆေးခြင်း၊၊ ဒေါ့ပလာ အာထရာဆောင်းသည် သွေးပြန်ကြောအဆို့ရှင်များမှတစ်ဆင့် သွေးစီးဆင်းမှုကို စစ်ဆေးရန် အသံလှိုင်းများကို အသုံးပြုသော စစ်ဆေးမှုဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုကို စစ်ဆေးမည့် နေရာပေါ်ရှိ အရေပြားအထက်တွင် လက်ကိုင်ကိရိယာငယ်လေးကို ရွှေ့လျားခြင်းဖြင့် ပြုလုပ်ပါသည်၊၊ ထိုကိရိယာသည် ခြေထောက်ရှိ သွေးပြန်ကြောများ၏ ပုံရိပ်များကို မော်နီတာသို့ ပို့ဆောင်ပေးပါသည်၊၊ ဤစစ်ဆေးမှုသည် သွေးခဲများကို သိရှိနိုင်သလို အဆို့ရှင်များ၏ အလုပ်လုပ်ပုံကိုလည်း သိရှိနိုင်ပါသည်၊၊ ဤနည်းလမ်းသည် ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို ရောဂါရှာဖွေရန် ထိရောက်သော နည်းလမ်းဖြစ်ပါသည်၊၊
ကုသမှု
ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို အပြီးတိုင် ပျောက်ကင်းစေသော နည်းလမ်းမရှိသော်လည်း ၎င်းတို့၏ ပုံပန်းသဏ္ဌာန်ကို လျော့ပါးစေရန်နှင့် နေရခက်မှုကို သက်သာစေရန် ကုသမှု အမျိုးမျိုးရှိပါသည်၊၊ အဖြစ်များသော ကုသမှုများတွင် မိမိဘာသာ ဂရုစိုက်သည့် နည်းလမ်းများ၊ သွေးပြန်ကြောထိန်း ခြေအိတ်များ အသုံးပြုခြင်း၊ ခွဲစိတ်ခြင်းနှင့် အခြားသော အထူးကုသမှုများ ပါဝင်ပါသည်၊၊ ခြေထောက်သွေးပြန်ကြောဖောင်းခြင်းအတွက် ခွဲစိတ်ကုသမှုကို ပုံမှန်အားဖြင့် ဆေးရုံတက်ရန်မလိုဘဲ ပြုလုပ်လေ့ရှိပြီး လူနာများသည် ထိုနေ့တွင်ပင် အိမ်ပြန်နိုင်ပါသည်၊၊
- မိမိဘာသာ ဂရုစိုက်ခြင်း၊၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ထိုင်နေစဉ် သို့မဟုတ် လှဲနေစဉ် ခြေထောက်ကို မြှင့်ထားခြင်းနှင့် သွေးပြန်ကြောထိန်း ခြေအိတ်များ အသုံးပြုခြင်းတို့သည် နာကျင်မှုကို သက်သာစေနိုင်ပြီး အခြေအနေ ပိုမိုဆိုးရွားမလာစေရန် ကာကွယ်ပေးနိုင်ပါသည်၊၊ သွေးစီးဆင်းမှု ကောင်းမွန်စေရန်နှင့် သွေးပြန်ကြောအတွင်း ဖိအားလျှော့ချရန် တစ်နေ့လျှင် အကြိမ်အနည်းငယ် ခြေထောက်ကို ခါးထက် မြင့်အောင် မြှင့်ထားခြင်းမှာ အကျိုးရှိပါသည်၊၊
- သွေးပြန်ကြောထိန်း ခြေအိတ်များ၊၊ ဤခြေအိတ်များသည် သွေးပြန်ကြောများကို ဖိသိပ်ပေးပြီး နာကျင်မှုကို သက်သာစေပါသည်၊၊ ဖိအားသည် သွေးပြန်ကြောများ ဆန့်ထွက်ခြင်းကို ကာကွယ်ပေးပြီး သွေးစီးဆင်းမှုကို မြှင့်တင်ပေးပါသည်၊၊ ဖိအားပမာဏမှာ အမျိုးအစားနှင့် တံဆိပ်ပေါ်မူတည်၍ ကွာခြားနိုင်ပါသည်၊၊ အကယ်၍ လက္ခဏာများ ခံစားနေရပါက ဆရာဝန်ညွှန်ကြားချက်ဖြင့် အထူးခြေအိတ်များကို အသုံးပြုရနိုင်ပါသည်၊၊ သွေးပြန်ကြောထိန်း ခြေအိတ်များကို တစ်နေ့လုံး ဝတ်ဆင်ခြင်းမှာ ခြေထောက်သွေးပြန်ကြောဖောင်းခြင်းကို စီမံခန့်ခွဲရန် ပထမဆုံးသော အဆင့်ဖြစ်ပါသည်၊၊
- ခွဲစိတ်ခြင်း သို့မဟုတ် အခြားကုသမှုများ၊၊ မိမိဘာသာ ဂရုစိုက်မှုနှင့် ခြေအိတ်များ အသုံးပြုခြင်းဖြင့် မသက်သာပါက ခွဲစိတ်မှုနှင့် အခြားကုသမှုများကို အကြံပြုလေ့ရှိပါသည်၊၊ အလှအပဆိုင်ရာ အကြောင်းပြချက်ကြောင့် သွေးပြန်ကြောထောင်ခြင်းကို ဖယ်ရှားလိုသူများအတွက်လည်း ဤကုသမှုများကို ပြုလုပ်နိုင်ပါသည်၊၊
- ဆေးရည်ထိုး၍ ကုသခြင်း၊၊ ဤနည်းလမ်းသည် သွေးပြန်ကြောနံရံများကို တစ်ခုနှင့်တစ်ခု ကပ်သွားစေသည့် ဆေးရည်တစ်မျိုးကို အသုံးပြုပါသည်၊၊ ဆေးရည် သို့မဟုတ် အမြှုပ်ကို သွေးပြန်ကြောအတွင်းသို့ ထိုးသွင်းပါသည်၊၊ အချို့သောအခြေအနေများတွင် သွေးပြန်ကြောတစ်ခုတည်းကို တစ်ကြိမ်ထက်မက ဆေးထိုးရန် လိုအပ်နိုင်ပါသည်၊၊ သွေးပြန်ကြောမှာ နောက်ဆုံးတွင် အမာရွတ်တစ်ရှူးအဖြစ် ပြောင်းလဲသွားပါသည်၊၊ ကုသထားသော သွေးပြန်ကြောများသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ပျောက်ကွယ်သွားပါလိမ့်မည်၊၊
- လေဆာဖြင့် ကုသခြင်း၊၊ ဤကုသမှုတွင် ခွဲစိတ်ရန် သို့မဟုတ် အပ်အသုံးပြုရန် မလိုအပ်ပါ၊၊ လေဆာနည်းလမ်းသည် သွေးပြန်ကြောအတွင်းသို့ ပြင်းထန်သော အလင်းတန်းများကို ပို့ဆောင်ပေးကာ အချိန်ကြာလာသည်နှင့်အမျှ သွေးပြန်ကြောကို ကျုံ့သွားစေပြီး ပျောက်ကွယ်သွားစေပါသည်၊၊
- အရေပြားအပေါက်ငယ်မှတစ်ဆင့် သွေးပြန်ကြောထုတ်ခြင်း၊၊ ဤကုသမှုသည် အမာရွတ် အနည်းငယ်သာ ကျန်ရှိစေပါသည်၊၊ ခြေထောက်၏ ဖောက်မည့်နေရာကိုသာ ထိပ်ထုံဆေးပေးပြီး ပြုလုပ်သော ခွဲစိတ်မှု ဖြစ်ပါသည်၊၊ ဤနည်းလမ်းတွင် သေးငယ်သော သွေးပြန်ကြောထောင်ခြင်းများကို အရေပြားပေါ်ရှိ အပေါက်ငယ်လေးများမှတစ်ဆင့် ဖယ်ရှားပါသည်၊၊
- မှန်ပြောင်း သို့မဟုတ် လေဆာ စွမ်းအင်သုံး နည်းလမ်းများ၊၊ ဤနည်းလမ်းမှာ ပိုမိုကြီးမားသော သွေးပြန်ကြောများအတွက် အကြံပြုလေ့ရှိသော ကုသမှု ဖြစ်ပါသည်၊၊ ကုသမှုအတွင်း ပိုက်ငယ်တစ်ခုကို ဖောင်းနေသော သွေးပြန်ကြောအတွင်းသို့ ထည့်သွင်းပြီး လှိုင်းနှုန်း သို့မဟုတ် လေဆာရောင်ခြည်ကို အသုံးပြုကာ ပိုက်၏ ထိပ်ဖျားကို အပူပေးပါသည်၊၊ အပူကြောင့် သွေးပြန်ကြောကို ကျုံ့သွားစေပြီး ပိတ်သွားစေပါသည်၊၊ သွေးပြန်ကြောထောင်ခြင်းကို ပိတ်လိုက်ခြင်းဖြင့် ကျန်းမာသော သွေးပြန်ကြောများ ပြန်လည်ပွင့်လာပြီး ပုံမှန်သွေးစီးဆင်းမှုကို ရရှိစေပါသည်၊၊
- သွေးပြန်ကြောကို ချည်နှောင်ခြင်းနှင့် ဖယ်ရှားခြင်း၊၊ ဤသည်မှာ ခြေထောက်ရှိ သွေးပြန်ကြောထောင်ခြင်းကို ဖယ်ရှားရန် အသုံးပြုသော ခွဲစိတ်မှု ဖြစ်ပါသည်၊၊ သွေးများ စုပုံမလာစေရန် ပြဿနာရှိသော သွေးပြန်ကြောကို ချည်နှောင်ခြင်း ပါဝင်ပါသည်၊၊ သွေးပြန်ကြောထောင်ခြင်းများ ပြန်မဖြစ်လာစေရန် ဆရာဝန်သည် သွေးပြန်ကြောကို ဖယ်ရှားနိုင်ပါသည်၊၊ သွေးပြန်ကြော ဖယ်ရှားပြီးနောက် ကျန်းမာသော သွေးပြန်ကြောများက တာဝန်ယူကာ ပုံမှန်သွေးစီးဆင်းမှုကို ပြန်လည်ရရှိစေရန် ကူညီပေးပါသည်၊၊
