အစာမျိုရခက်ခဲသည့်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
အစာမျိုရခက်ခဲသည့်ရောဂါ ဆိုသည်မှာ အစာနှင့် အရည်များ အစာရေမျိုပြွန်မှ အစာအိမ်သို့ စီးဆင်းမှုကို ထိခိုက်စေသော အခြေအနေတစ်ခု ဖြစ်ပါသည်၊၊ အစာရေမျိုပြွန်သည် ပါးစပ်မှ အစာအိမ်သို့ အစာများကို သယ်ဆောင်ပေးသည့် ကြွက်သားပြွန်ချောင်း ဖြစ်ပါသည်၊၊ အစာရေမျိုပြွန်၏ အောက်ခြေတွင် အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်ဟု ခေါ်သော ကြွက်သားကွင်းတစ်ခုရှိပြီး ၎င်းသည် အစာများကို အစာအိမ်အတွင်းသို့ ဝင်ခွင့်ပြုရန် ပွင့်ပေးကာ အစာအိမ်အတွင်းရှိ အရာများ အစာရေမျိုပြွန်ထဲသို့ နောက်ပြန်မတက်စေရန် ပိတ်ပေးပါသည်၊၊
သို့သော် ဤရောဂါတွင် အစာရေမျိုပြွန်အတွင်းရှိ အာရုံကြောများ ပျက်စီးလာပြီး အချိန်ကြာလာသည်နှင့်အမျှ အစာရေမျိုပြွန် လှုပ်ရှားမှုမရှိတော့ဘဲ ဖောင်းကားလာတတ်ပါသည်၊၊ ၎င်းသည် အစာမျိုရခက်ခဲခြင်း၊၊ ရင်ပူခြင်းနှင့် ရင်ဘတ်အောင့်ခြင်းတို့ကို ဖြစ်စေပါသည်၊၊
ဤရောဂါသည် သိသိသာသာ ကိုယ်အလေးချိန် ကျဆင်းခြင်းနှင့် အာဟာရချို့တဲ့ခြင်းတို့ကို ဖြစ်စေနိုင်ပြီး ဤရောဂါရှိသူများသည် အစာရေမျိုပြွန်ကင်ဆာ ဖြစ်ပွားနိုင်ခြေ အနည်းငယ် ပိုများပါသည်၊၊ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် အစာရေမျိုပြွန်ကို ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန် အကြံပြုနိုင်ပါသည်၊၊ ကံမကောင်းစွာဖြင့် လက်ရှိတွင် ဤရောဂါကို အမြစ်ပြတ်အောင် ကုသ၍မရနိုင်ဘဲ အစာရေမျိုပြွန် လှုပ်ရှားမှု ရပ်ဆိုင်းသွားပါက ပုံမှန်လုပ်ဆောင်ချက်ကို ပြန်လည်မရရှိနိုင်တော့ပါ၊၊ သို့သော် ရောဂါလက္ခဏာများကို မှန်ပြောင်းကြည့်ရှုကုသခြင်း၊၊ ထိခိုက်မှုနည်းသော ကုထုံးများ သို့မဟုတ် ခွဲစိတ်ကုသခြင်းတို့ဖြင့် ထိန်းချုပ်နိုင်ပါသည်၊၊
ရောဂါလက္ခဏာများ
ဤရောဂါ၏ လက္ခဏာများသည် ပုံမှန်အားဖြင့် တဖြည်းဖြည်း ဖြစ်ပေါ်လာပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာတတ်ပါသည်၊၊ အဖြစ်များသော လက္ခဏာများမှာ၊၊
- အစာမျိုရခက်ခြင်း၊၊
- မချေဖျက်ရသေးသော အစားအစာများ ပြန်တက်လာခြင်း၊၊
- ရင်ပူခြင်း၊၊
- လေတက်ခြင်း၊၊
- ညဘက်တွင် ချောင်းဆိုးခြင်း၊၊
- ရင်ဘတ်တွင် ရံဖန်ရံခါ မအီမသာဖြစ်ခြင်း၊၊
- ကိုယ်အလေးချိန် ကျဆင်းခြင်း သို့မဟုတ် အာဟာရချို့တဲ့ခြင်း၊၊
- အန်ခြင်း၊၊
- ကြို့ထိုးခြင်းနှင့် လေတက်ရန် ခက်ခဲခြင်း၊၊
- အစားအစာများ အဆုတ်ထဲသို့ ရောက်ရှိသွားခြင်းကြောင့် အဆုတ်ရောင်ခြင်း၊၊
အကြောင်းရင်းများ
ဤရောဂါဖြစ်ပွားရသည့် အတိအကျကို သေချာစွာ မသိရသေးသော်လည်း အစာရေမျိုပြွန်အတွင်းရှိ အာရုံကြောဆဲလ်များ ဆုံးရှုံးသွားခြင်းနှင့် ဆက်စပ်နေသည်ဟု ယူဆရပါသည်၊၊ ဤသို့ အာရုံကြောဆဲလ်များ ဆုံးရှုံးရခြင်းမှာ ကိုယ်ခံအားစနစ်က အစာရေမျိုပြွန်နံရံရှိ ကြွက်သားလွှာများအတွင်းမှ အာရုံကြောဆဲလ်များကို ပြန်လည်တိုက်ခိုက်ခြင်းကြောင့် ဖြစ်နိုင်ပါသည်၊၊ ကြွက်သားလုပ်ဆောင်ချက်ကို ထိန်းချုပ်သော အာရုံကြောဆဲလ်များ ပျက်စီးသွားခြင်းသည် အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်ကို အလွန်အမင်း ကျုံ့သွားစေနိုင်ပါသည်၊၊ ရှားပါးသော ဖြစ်ရပ်များတွင် ဤရောဂါသည် မျိုးရိုးလိုက်သော မျိုးဗီဇချို့ယွင်းမှု သို့မဟုတ် ပိုးဝင်ခြင်းတို့နှင့် ဆက်စပ်နေနိုင်ပါသည်၊၊
ရောဂါရှာဖွေခြင်း
အစာမျိုရခက်ခဲသည့်ရောဂါကို အောက်ပါစစ်ဆေးမှုများဖြင့် ရောဂါရှာဖွေရန် လိုအပ်ပါသည်၊၊
- အစာရေမျိုပြွန် ဖိအားတိုင်းတာခြင်း။ ၎င်းသည် အစာရေမျိုပြွန်က အစာကို အစာအိမ်အတွင်းသို့ ပုံမှန်အတိုင်း ပို့ဆောင်နိုင်ခြင်း ရှိ၊ မရှိ အကဲဖြတ်သည့် စစ်ဆေးမှု ဖြစ်ပါသည်၊၊ အထူးသဖြင့် ဤစစ်ဆေးမှုသည် အစာရေမျိုပြွန်အတွင်းရှိ ကြွက်သားများ၏ စည်းချက်ကျကျ ကျုံ့ညှစ်မှု၊၊ ကြွက်သားများ၏ ပေါင်းစပ်လုပ်ဆောင်မှုနှင့် အားစိုက်မှု၊၊ အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်က မည်မျှကောင်းမွန်စွာ ပွင့်ပေးနိုင်သည်တို့ကို ခွဲခြမ်းစိတ်ဖြာပါသည်၊၊ အစာမျိုချလိုက်သည့်တိုင် အဆို့ရှင်က ပွင့်မပေးခြင်းနှင့် အစာရေမျိုပြွန်နံရံတစ်လျှောက် ကြွက်သားကျုံ့ညှစ်မှု မရှိခြင်းတို့ကို တွေ့ရှိရပါက ဤရောဂါရှိနေသည်ဟု သတ်မှတ်ပါသည်၊၊ ၎င်းသည် ဤရောဂါရှာဖွေရန်အတွက် အကောင်းဆုံးနှင့် အတိကျဆုံး စစ်ဆေးမှု ဖြစ်ပါသည်၊၊
- ဘေရီယမ်ဓာတ်မှန်ရိုက်ခြင်း။ ဤစစ်ဆေးမှုတွင် အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်နေရာ၌ ကျဉ်းနေခြင်းကို တွေ့ရှိရပါလိမ့်မည်၊၊ စစ်ဆေးစဉ်အတွင်း လူနာများသည် ဘေရီယမ်ဆေးရည်ကို သောက်ရပါသည်၊၊ ထိုဓာတ်ပစ္စည်းက အစာခြေလမ်းကြောင်းအတွင်းပိုင်း နံရံများကို ဖုံးအုပ်သွားသည့်အခါ ဓာတ်မှန်ရိုက်ယူပါသည်၊၊ ဆေးရည်ဖုံးအုပ်သွားမှုကြောင့် ဆရာဝန်သည် အစာရေမျိုပြွန်၊၊ အစာအိမ်နှင့် အူသိမ်ပိုင်းတို့၏ ပုံသဏ္ဌာန်ကို မြင်တွေ့နိုင်ပါသည်၊၊
- အပေါ်ပိုင်း အစာခြေလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း။ ရောဂါလက္ခဏာများ သို့မဟုတ် ဘေရီယမ်စစ်ဆေးချက်များအရ အစာရေမျိုပြွန် တစ်စိတ်တစ်ပိုင်း ပိတ်ဆို့နေသည်ဟု ယူဆရပါက မှန်ပြောင်းကြည့်ခြင်းကို ပြုလုပ်နိုင်ပါသည်၊၊ ဤစစ်ဆေးမှုကို ကင်ဆာကြောင့်ဖြစ်သော အကျိတ်များ မဟုတ်ကြောင်း အတည်ပြုရန်နှင့် ဤရောဂါကို စစ်ဆေးရန် အသုံးပြုပါသည်၊၊ လုပ်ငန်းစဉ်အတွင်း ကင်မရာပါသော ပျော့ပျောင်း၍ သေးသွယ်သည့် ပြွန်ချောင်းလေးကို လည်ချောင်းမှတစ်ဆင့် ထည့်သွင်းပါသည်၊၊ ကင်မရာမှတစ်ဆင့် အစာရေမျိုပြွန်အတွင်းပိုင်း ဓာတ်ပုံများကို ဖန်သားပြင်ပေါ်တွင် အကဲဖြတ်နိုင်ပါသည်၊၊
ကုသခြင်း
ဤရောဂါအတွက် ခွဲစိတ်စရာမလိုသော နည်းလမ်းနှင့် ခွဲစိတ်ကုသသော နည်းလမ်းများ ရှိပါသည်၊၊ အကောင်းဆုံးကုသမှုကို လူနာ၏အသက်၊၊ ကျန်းမာရေးနှင့် ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ဆုံးဖြတ်ပါသည်၊၊ ကုသမှု၏ ရည်ရွယ်ချက်မှာ အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်ကို လျှော့ချပေးခြင်းဖြင့် အစာနှင့် အရည်များ အစာခြေစနစ်အတွင်းသို့ ပိုမိုလွယ်ကူစွာ စီးဆင်းနိုင်စေရန်နှင့် ရောဂါလက္ခဏာများကို သက်သာစေရန် ဖြစ်ပါသည်၊၊
- ခွဲစိတ်စရာမလိုသော ကုသမှု။ အောက်ပါနည်းလမ်းများ ပါဝင်ပါသည်၊၊
- လေအိတ်ဖြင့် ချဲ့ခြင်း။ ဤနည်းလမ်းတွင် လူနာကို ခေတ္တအိပ်ဆေးပေးထားပြီး အထူးပြုလုပ်ထားသော လေအိတ်ကို အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်အတွင်းသို့ ထည့်ကာ လေဖြည့်ချဲ့ခြင်း ဖြစ်ပါသည်၊၊ ဤနည်းလမ်းသည် အဆို့ရှင်ကြွက်သားကို လျော့ကျသွားစေပြီး အစာများကို အစာအိမ်အတွင်းသို့ ဝင်ရောက်နိုင်စေပါသည်၊၊ အကယ်၍ အဆို့ရှင်က ပွင့်မနေပါက ဤလုပ်ငန်းစဉ်ကို ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်၊၊ လေအိတ်ဖြင့် ချဲ့ခြင်းနည်းလမ်း ခံယူသူ သုံးပုံတစ်ပုံကျော်သည် ထပ်မံကုသမှု ခံယူရန် လိုအပ်လေ့ရှိပါသည်၊၊
- ဘိုတော့စ် ထိုးခြင်း။ ၎င်းသည် ကြွက်သားများကို လျော့ကျစေနိုင်သော ပရိုတင်းတစ်မျိုး ဖြစ်ပါသည်၊၊ အလွန်အမင်း နည်းပါးသော ပမာဏကို ကြွက်သားထဲသို့ ထိုးသွင်းခြင်းဖြင့် တင်းနေသော ကြွက်သားများကို လျော့ကျစေနိုင်ပါသည်၊၊ ၎င်းသည် အဆို့ရှင်ကြွက်သားများကို ကျုံ့ရန်ခိုင်းစေသော အာရုံကြောအချက်ပြမှုများကို တားဆီးပေးခြင်းဖြင့် အလုပ်လုပ်ပါသည်၊၊ ဘိုတော့စ်ထိုးခြင်းသည် ပုံမှန်အားဖြင့် ခြောက်လခန့် ခံလေ့ရှိပါသည်၊၊ ဘိုတော့စ်ထိုးပြီးနောက် သိသိသာသာ သက်သာလာခြင်းသည် ဤရောဂါဖြစ်ကြောင်း အတည်ပြုရာတွင် အထောက်အကူပြုနိုင်ပါသည်၊၊
အကယ်၍ လူနာသည် လေအိတ်ဖြင့်ချဲ့ခြင်း သို့မဟုတ် ခွဲစိတ်ကုသရန် အဆင်မပြေပါက သို့မဟုတ် ထိုနည်းလမ်းများကို မပြုလုပ်လိုပါက ဘိုတော့စ်ထိုးခြင်းက အကျိုးရှိနိုင်ပါသည်၊၊ လက္ခဏာများကို ထိန်းချုပ်ရန် ထပ်ခါတလဲလဲ ထိုးရတတ်ပြီး ထိုသို့ ခဏခဏထိုးခြင်းသည် နောင်တွင် ခွဲစိတ်မှု ပြုလုပ်လိုပါက ပို၍ခက်ခဲစေနိုင်ပါသည်၊၊
- ဆေးဝါးဖြင့် ကုသခြင်း။ လူနာသည် လေအိတ်ဖြင့်ချဲ့ခြင်း သို့မဟုတ် ခွဲစိတ်ခြင်း မပြုလုပ်နိုင်ပါက သို့မဟုတ် ဘိုတော့စ်ထိုးသော်လည်း မသက်သာပါက ဤဆေးဝါးများကို ညွှန်ကြားပါသည်၊၊ ဤဆေးများသည် အဆို့ရှင်ဖိအားကို လျှော့ချပေးခြင်းဖြင့် တင်းနေသော အစာရေမျိုပြွန်ကြွက်သားများကို လျော့ကျစေပါသည်၊၊ ဤဆေးဝါးများသည် ယာယီသာ သက်သာစေပြီး ဘေးထွက်ဆိုးကျိုးများ ပြင်းထန်နိုင်ပါသည်၊၊ အသုံးများသော ကြွက်သားလျှော့ဆေးများမှာ နိုက်ထရိုဂလစ်စရင်နှင့် နီဖီဒီပင်းတို့ ဖြစ်ပါသည်၊၊
- ခွဲစိတ်ကုသခြင်း။ အောက်ပါနည်းလမ်းများ ပါဝင်ပါသည်၊၊
- ဟဲလား မိုင်အိုတိုမီ။ ၎င်းသည် ဤရောဂါကို ကုသရန်အတွက် ထိခိုက်မှုနည်းသော ခွဲစိတ်မှု ဖြစ်ပါသည်၊၊ အပေါက်ငယ်လေးမှတစ်ဆင့် မှန်ပြောင်းကို ထည့်သွင်း၍ အစာရေမျိုပြွန်အောက်ခြေ အဆို့ရှင်၏ ကြွက်သားမျှင်များကို ဖြတ်တောက်ခြင်း ဖြစ်ပါသည်၊၊ ၎င်းသည် အစာများကို အစာအိမ်အတွင်းသို့ ပိုမိုလွတ်လပ်စွာ ဝင်ရောက်နိုင်စေပါသည်၊၊
ဤခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးဖြစ်သော အစာအိမ်အက်ဆစ် ပြန်တက်ခြင်းကို ကာကွယ်ရန်အတွက် ဒုတိယကုသမှုဖြစ်သော အစာအိမ်ထိပ်ပိုင်းကို ပတ်၍ချုပ်ခြင်းကို တွဲဖက်လုပ်ဆောင်နိုင်ပါသည်၊၊ ဆရာဝန်သည် အစာအိမ်အပေါ်ပိုင်းကို အစာရေမျိုပြွန်အောက်ခြေတွင် ပတ်၍ချုပ်ပေးခြင်းဖြင့် အက်ဆစ်ပြန်မတက်စေသော အဆို့ရှင်တစ်ခုကို ဖန်တီးပေးခြင်း ဖြစ်ပါသည်၊၊
- ပါးစပ်မှတစ်ဆင့် မှန်ပြောင်းဖြင့် ကြွက်သားဖြတ်ခြင်း (POEM)။ ဤလုပ်ငန်းစဉ်တွင် အစာရေမျိုပြွန်ဘက်ခြမ်း၊၊ အဆို့ရှင်နှင့် အစာအိမ်အပေါ်ပိုင်းရှိ ကြွက်သားများကို ဓားဖြင့် ဖြတ်တောက်ပါသည်၊၊ ၎င်းသည် ပါးစပ်မှတစ်ဆင့် မှန်ပြောင်းကို ထည့်သွင်း၍ အစာရေမျိုပြွန်အတွင်းပိုင်းကို ခွဲစိတ်ခြင်း ဖြစ်ပါသည်၊၊ ဤသို့ ဖြတ်တောက်ခြင်းသည် ကြွက်သားများကို လျော့ကျစေပြီး အစာရေမျိုပြွန်အတွင်းရှိ အစာများကို အစာအိမ်ထဲသို့ ပုံမှန်အတိုင်း စီးဆင်းစေပါသည်၊၊ ဤကုသမှုအပြီးတွင် အက်ဆစ်ပြန်တက်သည့် လက္ခဏာ ခံစားရသော လူနာများကို နေ့စဉ်သောက်ဆေး ပေးလေ့ရှိပါသည်၊၊ အချို့ဖြစ်ရပ်များတွင် အက်ဆစ်ပြန်မတက်စေရန် အစာအိမ်ထိပ်ပိုင်းကို ပတ်၍ချုပ်သည့် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်၊၊
