အကျဉ်းချုပ်အကြောင်းအရာ

ယူးရင်ဆာကိုးမား (Ewing sarcoma) သည် ကလေးများနှင့် လူပျိုဖော်ဝင်စ လူငယ်များတွင် အဖြစ်များသော ရှားပါးသည့် အရိုးနှင့် နူးညံ့သော တစ်ရှူး ကင်ဆာတစ်မျိုး ဖြစ်ပါသည်၊၊ ဤရောဂါသည် ပုံမှန်အားဖြင့် အရိုးများ လျင်မြန်စွာ ကြီးထွားဖွံ့ဖြိုးသည့် လူပျိုဖော်ဝင်ချိန်ကာလများတွင် ဖြစ်ပွားတတ်ပါသည်၊၊ ယူးရင်ဆာကိုးမားသည် အမျိုးသမီးငယ်များထက် အမျိုးသားငယ်များတွင် ပိုမို အဖြစ်များပါသည်၊၊ ဆဲလ်များ၏ ဒီအန်အေ (DNA) ပြောင်းလဲမှုကြောင့် ပုံမှန်မဟုတ်သော ဆဲလ်များ ဖြစ်ပေါ်လာပြီး ကျန်းမာသော တစ်ရှူးများကို တိုက်ခိုက်ခြင်းကြောင့် ယူးရင်ဆာကိုးမား ဖြစ်ပွားရခြင်း ဖြစ်ပါသည်၊၊

ယူးရင်ဆာကိုးမားသည် မည်သည့်အရိုးတွင်မဆို ဖြစ်ပွားနိုင်သော်လည်း ယေဘုယျအားဖြင့် ဆီးစပ်အရိုးနှင့် ခြေထောက်အရိုးများတွင် စတင်ဖြစ်ပွားလေ့ရှိပါသည်၊၊ ခြေလက်များ၊၊ ဝမ်းဗိုက်၊၊ ရင်ဘတ် သို့မဟုတ် အခြားသော နူးညံ့သည့် တစ်ရှူးများတွင် တွေ့ရခဲပါသည်၊၊

ဆေးဝါးကုသမှု စီမံခန့်ခွဲမှုပိုင်းတွင် သိသာထင်ရှားသော တိုးတက်မှုများကြောင့် ယူးရင်ဆာကိုးမား ဝေဒနာရှင်များအတွက် ရောဂါပျောက်ကင်းနိုင်ခြေမှာ များစွာ တိုးတက်ကောင်းမွန်လာခဲ့ပါသည်၊၊ ပြင်းထန်သော ကီမိုဆေးသွင်း ကုသခြင်းနှင့် ဓာတ်ရောင်ခြည် ကုသခြင်းတို့၏ နောက်ဆက်တွဲ ဆိုးကျိုးများကို စောင့်ကြည့်စစ်ဆေးနိုင်ရန် တစ်သက်တာလုံး ဆက်လက် စောင့်ကြည့်စစ်ဆေးမှုများ ခံယူရန် အကြံပြုထားပါသည်၊၊

ရောဂါလက္ခဏာများ

ရောဂါ အခြေအနေ အမြဲတမ်း မဖြစ်ပေါ်မီ ယူးရင်ဆာကိုးမား ရောဂါလက္ခဏာများသည် အစောပိုင်းတွင် တစ်ခါတစ်ရံ ပေါ်လာလိုက် ပျောက်သွားလိုက် ဖြစ်တတ်ပါသည်၊၊ ယူးရင်ဆာကိုးမား ဖြစ်ပွားသော ကလေးများနှင့် လူငယ်များ၏ ၈၅ ရာခိုင်နှုန်းကျော်တွင် နာကျင်မှုကို ခံစားရတတ်ပါသည်၊၊ အခြားသော လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်၊၊

  • အရိုး သို့မဟုတ် အရိုးပတ်ပတ်လည်ရှိ တစ်ရှူးများတွင် ထိလျှင် နာခြင်း၊၊ ရောင်ရမ်းခြင်း သို့မဟုတ် တောင့်တင်းခြင်း၊၊
  • အရေပြား မျက်နှာပြင်အနီးတွင် စမ်းကြည့်လျှင် နူးညံ့ပြီး ပူနွေးနေသော အကျိတ်များ ရှိနေခြင်း၊၊
  • အရိုးများ နာကျင်ခြင်း၊၊
  • အကြောင်းရင်းမရှိဘဲ ပင်ပန်းနွမ်းနယ်ခြင်း၊၊
  • အကြောင်းရင်းမရှိဘဲ ဖျားခြင်း၊၊
  • ကိုယ်အလေးချိန် ရုတ်တရက် ကျဆင်းခြင်း၊၊
  • ထိခိုက်ဒဏ်ရာ မရဘဲ အရိုးများ ကျိုးခြင်း၊၊

အကယ်၍ ကလေးတွင် စိုးရိမ်ရသော လက္ခဏာများ ဆက်တိုက် ဖြစ်ပေါ်နေပါက ဆေးကုသမှု ခံယူပါ၊၊

အကြောင်းရင်းများ

ယူးရင်ဆာကိုးမား ဖြစ်ပွားရသည့် အတိအကျ အကြောင်းရင်းကို မသိရသေးပါ၊၊ ဆဲလ်တစ်ခုတွင် ဒီအန်အေ ပြောင်းလဲမှုများ ဖြစ်ပေါ်သောအခါ ယူးရင်ဆာကိုးမား စတင်ဖြစ်ပေါ်ကြောင်း ဆရာဝန်များက သိရှိထားကြပါသည်၊၊ ဆဲလ်တစ်ခုအား မည်သို့ လုပ်ဆောင်ရမည်ကို ညွှန်ကြားချက်များကို ၎င်း၏ ဒီအန်အေတွင် ကုဒ်စနစ်ဖြင့် ထည့်သွင်းထားပါသည်၊၊ ကျန်းမာသော ဆဲလ်များ သေဆုံးရမည့် အချိန်တွင် ထိုပြောင်းလဲမှုများက ဆဲလ်ကို မသေဆုံးစေဘဲ လျင်မြန်စွာ ပြန်ပွားရန် ညွှန်ကြားပါသည်၊၊ ရလဒ်အနေဖြင့် ပုံမှန်မဟုတ်သော ဆဲလ်များ စုပုံလာပြီး အကျိတ် ဖြစ်ပေါ်လာကာ ကျန်းမာသော တစ်ရှူးများကို ထိုးဖောက် ပျက်စီးစေပါသည်၊၊ ထိုပုံမှန်မဟုတ်သော ဆဲလ်များသည် ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားနိုင်ပါသည်၊၊

ယူးရင်ဆာကိုးမားတွင် EWSR1 မျိုးဗီဇသည် ဒီအန်အေ ပြောင်းလဲမှုဒဏ်ကို အများဆုံး ခံရလေ့ရှိပါသည်၊၊ အကယ်၍ ဆရာဝန်က သင့်တွင် ယူးရင်ဆာကိုးမား ရှိနိုင်သည်ဟု သံသယရှိပါက ဤမျိုးဗီဇတွင် ဗီဇပြောင်းလဲမှု ရှိ၊ မရှိ ကင်ဆာဆဲလ်များကို စစ်ဆေးနိုင်ပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အကြောင်းအချက်များ

အောက်ပါ အချက်များသည် ယူးရင်ဆာကိုးမား ဖြစ်ပွားနိုင်ခြေကို မြင့်မားစေပါသည်၊၊

  • အသက်အရွယ်။ ယူးရင်ဆာကိုးမားသည် မည်သည့် အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း လူပျိုဖော်ဝင်စ လူငယ်များနှင့် ဆယ်ကျော်သက်များတွင် ဖြစ်ပွားနိုင်ခြေ ပိုများပါသည်၊၊
  • မျိုးရိုးဗီဇ။ ဥရောပ မျိုးနွယ်စုများတွင် ယူးရင်ဆာကိုးမား အဖြစ်များကြောင်း တွေ့ရပါသည်၊၊ အာဖရိကနှင့် အရှေ့အာရှ မျိုးနွယ်စုများတွင် ဖြစ်ပွားနိုင်ခြေ သိသိသာသာ လျော့နည်းပါသည်၊၊

ရောဂါရှာဖွေခြင်း

လူနာခံစားနေရသော လက္ခဏာများကို ပိုမိုသိရှိနားလည်နိုင်ရန် ကိုယ်ခန္ဓာစစ်ဆေးခြင်းသည် ယူးရင်ဆာကိုးမားကို ရောဂါရှာဖွေရာတွင် ပုံမှန်အားဖြင့် ပထမဆုံးအဆင့် ဖြစ်ပါသည်၊၊ စစ်ဆေးမှုရလဒ်များအပေါ် မူတည်၍ နောက်ထပ်လိုအပ်သော စစ်ဆေးမှုများနှင့် လုပ်ဆောင်ချက်များကို အကြံပြုနိုင်ပါသည်၊၊

  • ပုံရိပ်ဖော်စစ်ဆေးမှုများ။ ပုံရိပ်ဖော်စစ်ဆေးမှုများသည် ကျန်းမာရေးစောင့်ရှောက်သူများအား အရိုးဆိုင်ရာ ပြဿနာများကို စစ်ဆေးရန်၊၊ ကင်ဆာဖြစ်ပွားမှုကို သိရှိရန်နှင့် ကင်ဆာပျံ့နှံ့မှု အခြေအနေများကို ဖော်ထုတ်ရန် ကူညီပေးပါသည်၊၊ ပုံရိပ်ဖော်စစ်ဆေးမှုများတွင် အိတ်စရေး (X-ray)၊၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊၊ သံလိုက်ဓာတ်မှန် (MRI)၊၊ ပီအီးတီ စကန် (PET scan) သို့မဟုတ် အရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan) တို့ ပါဝင်နိုင်ပါသည်၊၊
  • အသားစယူ စစ်ဆေးခြင်း (Biopsy)။ ပုံမှန်မဟုတ်သော ဆဲလ်နမူနာကို အသားစယူ၍ ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်း ဖြစ်ပါသည်၊၊ ဤစစ်ဆေးမှုသည် သင်ဖြစ်ပွားနေသော ကင်ဆာအမျိုးအစားနှင့် ဆဲလ်များသည် ကင်ဆာကျိတ် ဖြစ်၊ မဖြစ်ကို ဆုံးဖြတ်ပေးနိုင်ပါသည်၊၊

ယူးရင်ဆာကိုးမားကို ရောဂါရှာဖွေရန် အသုံးပြုသော အသားစယူခြင်း နည်းလမ်းများမှာ၊၊

  • အပ်ဖြင့် အသားစယူခြင်း။ ကျန်းမာရေးကျွမ်းကျင်သူက လူနာ၏ အရေပြားမှတစ်ဆင့် အကျိတ်အတွင်းသို့ သေးငယ်သော အပ်တစ်ချောင်းကို ထိုးသွင်းပါသည်၊၊ ထိုအပ်ဖြင့် အကျိတ်အတွင်းရှိ တစ်ရှူးအစိပ်အပိုင်းလေးများကို ထုတ်ယူခြင်း ဖြစ်ပါသည်၊၊
  • ခွဲစိတ်၍ အသားစယူခြင်း။ အရေပြားကို ခွဲစိတ်ပြီး အကျိတ်တစ်ခုလုံးကို ဖယ်ထုတ်ခြင်း (Excisional biopsy) သို့မဟုတ် အကျိတ်၏ တစ်စိတ်တစ်ပိုင်းကိုသာ ဖယ်ထုတ်ခြင်း (Incisional biopsy) တို့ ဖြစ်ပါသည်၊၊

အသားစယူခြင်းကို နောင်တွင်ပြုလုပ်မည့် ကင်ဆာဖယ်ရှားမှု လုပ်ငန်းစဉ်များကို မထိခိုက်စေဘဲ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ဆောင်ရွက်ရပါမည်၊၊ ထို့ကြောင့် အသားစမယူမီ ယူးရင်ဆာကိုးမား ကုသမှုတွင် အတွေ့အကြုံရှိသော အထူးကုအဖွဲ့နှင့် တိုင်ပင်ဆွေးနွေးရန် သင့်ဆရာဝန်ထံမှ လမ်းညွှန်ချက် တောင်းခံပါ၊၊

  • ဓာတ်ခွဲခန်း စစ်ဆေးခြင်း။ ဤစစ်ဆေးမှုသည် ကလေး၏ ကျောက်ကပ်၊၊ အသည်းနှင့် အခြားအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ဆောင်ချက်ကို စစ်ဆေးရန် သွေးနမူနာများကို အသုံးပြုပါသည်၊၊ သွေးအတွင်းရှိ ဓာတ်ပစ္စည်းများ အလွန်အမင်း များပြားနေခြင်းသည် ရောဂါရှိနေခြင်း သို့မဟုတ် ကုသမှု၏ ဘေးထွက်ဆိုးကျိုးတစ်ခု ဖြစ်နေခြင်းကို ညွှန်ပြနိုင်ပါသည်၊၊
  • ကင်ဆာဆဲလ်များ၏ မျိုးဗီဇပြောင်းလဲမှုကို စစ်ဆေးခြင်း။ ယူးရင်ဆာကိုးမား ဆဲလ်များတွင် EWSR1 မျိုးဗီဇသည် ပုံမှန်အားဖြင့် ပြောင်းလဲနေတတ်ပါသည်၊၊ EWSR1 မျိုးဗီဇသည် FLI1 မျိုးဗီဇနှင့် ပေါင်းစပ်သွားရာမှ EWS-FLI1 မျိုးဗီဇကို အဖြစ်အများဆုံး ဖြစ်ပေါ်စေပါသည်၊၊ ကင်ဆာဆဲလ်များတွင် ဤကဲ့သို့သော မျိုးဗီဇပြောင်းလဲမှုများကို စစ်ဆေးခြင်းက ရောဂါရှာဖွေမှုကို အထောက်အကူပြုစေသည့်အပြင် ရောဂါ မည်မျှအထိ ပြင်းထန်သည်ကို ကျန်းမာရေးစောင့်ရှောက်သူအား အချက်အလက်များ ပေးနိုင်ပါသည်၊၊

ကုသခြင်း

ယူးရင်ဆာကိုးမားကို ကုသရန်အတွက် ကီမိုဆေးသွင်းခြင်းကို ပုံမှန်အားဖြင့် အသုံးပြုပါသည်၊၊ အများအားဖြင့် ကင်ဆာကျိတ်ကို ခွဲစိတ်ဖယ်ရှားလေ့ရှိပါသည်၊၊ အချို့ဖြစ်ရပ်များတွင် ဓာတ်ရောင်ခြည် ကုသခြင်းကဲ့သို့သော အခြားကုသမှုများကိုလည်း အသုံးပြုနိုင်ပါသည်၊၊

  • ခွဲစိတ်ကုသခြင်း။ ခွဲစိတ်ခြင်း၏ ရည်ရွယ်ချက်မှာ ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားရန် ဖြစ်ပါသည်၊၊ ယူးရင်ဆာကိုးမားအတွက် ခွဲစိတ်ရာတွင် အရိုးအစိတ်အပိုင်း အနည်းငယ် သို့မဟုတ် ခြေလက်တစ်ခုလုံးကို ဖယ်ရှားရနိုင်ပါသည်၊၊ ခြေလက်ကို ဖြတ်ထုတ်ခြင်းမပြုဘဲ ကင်ဆာကို အကုန်အစင် ဖယ်ရှားနိုင်ခြင်း ရှိ၊ မရှိမှာ အကျိတ်၏ အရွယ်အစား၊၊ တည်နေရာနှင့် ကီမိုဆေးအပေါ် တုံ့ပြန်မှုတို့အပေါ် မူတည်ပါသည်၊၊
  • ကီမိုဆေးသွင်း ကုသခြင်း။ ယူးရင်ဆာကိုးမား ကုသမှုကို စတင်ရန်အတွက် ကီမိုဆေးသွင်းခြင်းကို မကြာခဏ အသုံးပြုပါသည်၊၊ ဆေးဝါးများသည် အကျိတ်ကို သေးငယ်သွားစေနိုင်ပြီး ခွဲစိတ်မှုကို ပိုမိုလွယ်ကူစေကာ ထိခိုက်နေသော နေရာများကို ဓာတ်ရောင်ခြည်ပေးရန် ပိုမိုအဆင်ပြေစေပါသည်၊၊ ကီမိုဆေးသွင်းခြင်းသည် ဆေးဝါးများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ပစ်ခြင်း ဖြစ်ပါသည်၊၊ ပုံမှန်အားဖြင့် ဆေးနှစ်မျိုး သို့မဟုတ် ထို့ထက်ပို၍ သုံးစွဲရပြီး သောက်ဆေး၊၊ သွေးကြောသွင်းဆေး သို့မဟုတ် နှစ်မျိုးလုံး ဖြစ်နိုင်ပါသည်၊၊ ကီမိုဆေးသွင်းခြင်းသည် နာကျင်မှုကို လျော့နည်းစေပြီး ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့နေသော ကင်ဆာကြီးထွားမှုကို နှေးကွေးစေနိုင်ပါသည်၊၊ ခွဲစိတ်ပြီးနောက် သို့မဟုတ် ဓာတ်ရောင်ခြည် ကုသပြီးနောက် ကျန်ရှိနေသော ကင်ဆာဆဲလ်များကို ဖယ်ရှားရန် ကီမိုဆေးများကို ဆက်လက် အသုံးပြုနိုင်ပါသည်၊၊
  • ဓာတ်ရောင်ခြည် ကုသခြင်း။ ကင်ဆာဆဲလ်များကို သတ်ရန်အတွက် အိတ်စရေးနှင့် ပရိုတွန်များကဲ့သို့သော စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြုခြင်း ဖြစ်ပါသည်၊၊ ဓာတ်ရောင်ခြည်ပေးရာတွင် ခန္ဓာကိုယ်ပတ်ပတ်လည်၌ လှုပ်ရှားနေသော စက်မှတစ်ဆင့် ရောင်ခြည်များကို လွှတ်ထုတ်ပါသည်၊၊ ပတ်ဝန်းကျင်ရှိ ကျန်းမာသော ဆဲလ်များကို ထိခိုက်မှုနည်းစေရန် ဓာတ်ရောင်ခြည်တန်းများကို ယူးရင်ဆာကိုးမားရှိသော နေရာသို့ တိကျစွာ ပစ်မှတ်ထားပေးပါသည်၊၊

ခွဲစိတ်ပြီးနောက် ကျန်ရှိနိုင်သော ကင်ဆာဆဲလ်များကို သတ်ရန်အတွက် ဓာတ်ရောင်ခြည် ကုသရန် အကြံပြုနိုင်ပါသည်၊၊ အကယ်၍ ယူးရင်ဆာကိုးမားသည် ခွဲစိတ်ရန် မဖြစ်နိုင်သော နေရာတွင် ရှိနေပါက သို့မဟုတ် ခွဲစိတ်ခြင်းကြောင့် လုပ်ငန်းဆောင်တာပိုင်းဆိုင်ရာ ဆိုးကျိုးများ ရှိနိုင်ပါက ခွဲစိတ်မှုအစား ဓာတ်ရောင်ခြည် ကုသမှုကို အသုံးပြုနိုင်ပါသည်၊၊ ၎င်းသည် နာကျင်မှုကို လျော့နည်းစေပြီး ပြင်းထန်သော ယူးရင်ဆာကိုးမား ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါသည်၊၊

Doctors who treat this condition