အကျဉ်းချုပ်
အနာစက်ရောဂါသည် အလွန်ကူးစက်လွယ်သော အဖြစ်များသည့် အရေပြားရောဂါပိုးတစ်မျိုးဖြစ်ပြီး မွေးကင်းစများနှင့် ကလေးငယ်များတွင် အဓိကဖြစ်ပွားနိုင်သည်။ ၎င်းသည် မျက်နှာပေါ်တွင် အထူးသဖြင့် နှာခေါင်းနှင့် ပါးစပ်တစ်ဝိုက်တွင် နီရဲသောအနာများအဖြစ် အစပေါ်လာလေ့ရှိပြီး လက်နှင့် ခြေထောက်များတွင်လည်း ပေါ်လာလေ့ရှိသည်။ တစ်ပတ်ခန့်ကြာသောအခါ ဤအနာများသည် ပေါက်ထွက်ပြီး အရေပြားပေါ်တွင် ပျားရည်အရောင်ကဲ့သို့ အညိုရောင်အခွံအဖတ်များအနေနှင့်ကျန်ရှိသည်။
အနာစက်ရောဂါအမျိုးအစားများရှိပြီး ၎င်းတို့တွင် အောက်ပါတို့ပါဝင်သည်-
အဖုအပိမ့်မထွက်သော အနာစက်ရောဂါ (အစောပိုင်းအဆင့်):
- တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ယားယံသော အနာများ လျင်မြန်စွာ ပေါက်ထွက်ခြင်းဖြင့် စတင်သည်။
- အနာများတစ်ဝိုက်ရှိ အရေပြားသည် နီ၍ ကြမ်းတမ်းလာသည်။
- အနာများအနီးတဝိုက်တွင် ယောင်ယမ်းလာသည်။
- နောက်ဆုံးတွင် အနာများပေါ်တွင် ပျားရည်ရောင်အညိုရောင်အခွံအဖတ်များဖြစ်ပေါ်လာပြီး အရေပြားသည် အမာရွတ်မကျန်ပဲ ပျောက်ကင်းသွားသည်။
အဖုအပိမ့်ထွက်သော အနာစက်ရောဂါ (ကလေးငယ်များတွင် ပိုမိုအဖြစ်များသည်):
- ကလေး၏အရေပြားပေါ်တွင် အရည်များဖြင့်ပြည့်နေသော အရည်ကြည်ဖုကြီးများသည် ပတ်ဝန်းကျင်အရေပြားတဝိုက်တွင် နီရဲနေခြင်းမရှိပဲ ပေါ်ပေါက်လာသည်။
- ဤအနာများသည် ကြည်လင်ပြီး ပျော့ပျောင်းလာပြီး နောက်ပိုင်းတွင် ပွင့်ထွက်သွားသည်။
- ထို့နောက် အဖုအပိမ့်များရှိသော အနာများသည် အရေပြားပေါ်တွင် ဖြစ်ပေါ်လာပြီး အရေပြားသည် အမာရွတ်မကျန်ပဲ ပျောက်ကင်းသွားသည်။
ပြည်တည်နာ (ပိုပြင်းထန်သော အမျိုးအစား):
- ပြည်တည်နာသည် အရေပြားအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသော ပိုမိုပြင်းထန်သော အရေပြားအနာပုံစံတစ်မျိုးဖြစ်သည်။
- ၎င်းသည် ကလေး၏ အရေပြားပေါ်တွင် နာကျင်စေသော အရည်ကြည်ဖုများဖြင့် စတင်ဖြစ်ပွားပြီး ပေါက်ထွက်ကာ အရေပြားအတွင်းအနက်ထဲထိ ပွင့်နေသော အနာများအဖြစ် ပြောင်းလဲသွားသည်။
- အနာဝန်းကျင် အရေပြားပေါ်တွင် ထူထဲသော အဖုအပိမ့်များ ဖြစ်ပေါ်လာပြီး အနာဝန်းကျင်အနီးတစ်ဝိုက်တွင်လည်း မကြာခဏ နီရဲနေတတ်သည်။
- ရောဂါ ပျောက်ကင်းပြီးနောက်ပိုင်းတွင် ရောဂါပိုးသည် အရေပြားအတွင်းထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသောကြောင့် အမာရွတ်များ ကျန်ရစ်နိုင်သည်။
ပဋိဇီဝပိုးသတ်ဆေးများဖြင့် ကုသမှုသည် အနာစက်ရောဂါကို အခြားသူများထံ ပျံ့နှံ့ခြင်းမှ ကာကွယ်နိုင်သည်။ ကလေးများသည် ရောဂါကူးစက်မှုမရှိတော့သည်အထိ အိမ်တွင်နေသင့်သည်။ (ရောဂါမကူးစက်ရန် ကြာမြင့်ချိန်မှာပိုးသတ်ဆေးကုသမှု စတင်ပြီး ၂၄ နာရီခန့်အကြာခန့်လောက်တွင်ဖြစ်သည်။)
လက္ခဏာများ
အနာစက်ရောဂါသည် ကူးစက်တတ်သောအရေပြားရောဂါတစ်မျိုးဖြစ်သည်။ရောဂါ လက္ခဏာများတွင် အရည်ကြည်ဖုများထွက်ခြင်း၊အစက်အပြောက်များထွက်ခြင်းများအပြင် အရေပြားပေါ်တွင် ပြည်တည်ပြီး အဝါရောင် သို့မဟုတ် အညိုရောင် အခွံများ ပေါက်ထွက်လာနိုင်သောရောဂါလ္ခဏာများလည်းပါဝင်သည်။ များသောအားဖြင့် ဤအနာများသည် အနည်းငယ်သာယားယံခြင်း၊နာကျင်ခြင်း ရှိသည်။ ဤအရေပြားပြဿနာများသည် နှုတ်ခမ်း၊ နှာခေါင်း၊ နားရွက်၊ လက်မောင်းနှင့် ခြေထောက်များတွင် ပေါ်လာနိုင်ပြီး အဝတ်အစား သို့မဟုတ် မျက်နှာသုတ်ပုဝါများမှတစ်ဆင့် အခြားနေရာများသို့ ပျံ့နှံ့သွားနိုင်သည်။ ဘက်တီးရီးယားများ အရေပြားသို့ ကူးစက်ပြီး သုံးရက်ခန့်အကြာတွင် ရောဂါလက္ခဏာများ ပေါ်လာလေ့ရှိသည်။
- အဖုအပိမ့်ထွက်သော အနာစက်ရောဂါ – ဤအဖြစ်နည်းသောပုံစံတွင် အရည်များပြည့်နေသော အရည်ကြည်ဖုကြီးများ ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် ပွင့်ထွက်သွားကာ ကြမ်းတမ်းသောအနာများ ဖြစ်ပေါ်စေသည်။ ၎င်းသည် အမာရွတ်မရှိဘဲ ပျောက်ကင်းလေ့ရှိသည်။
- ပြည်တည်နာ- ပိုမိုပြင်းထန်သောပုံစံဖြစ်သည့် ပြည်တည်နာပေါက်ခြင်းသည် နာကျင်သောအဖုများကို ဖြစ်ပေါ်စေပြီး ထူထဲသောအခွံများဖြင့်ဖုံးအုပ်ထားသော နက်ရှိုင်းပြီး ပွင့်လင်းသောအနာများအဖြစ်သို့ ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင် နီရဲန်းလေ့ရှိသည်။ ၎င်းသည် အရေပြား၏ နက်ရှိုင်းသောအလွှာများထဲသို့ ထိုးဖောက်ဝင်ရောက်သောအခါ အမာရွတ်ကျန်ရစ်စေနိုင်သည်။
အနာစက်ရောဂါ၏ နောက်ဆက်တွဲပြဿနာများမှာ ရှားပါးသော်လည်း ရောဂါရှာဖွေပြီး နောက်ဆက်တွဲပြဿနာများကို ကာကွယ်ရန် ဆရာဝန်နှင့်ကုသသင့်သည်။ ကုသမှုမခံယူပဲထားပါက အရေပြားပျက်စီးခြင်း သို့မဟုတ် အမာရွတ်ကျန်ခြင်းများဖြစ်စေနိုင်သည်။
အကြောင်းရင်းများ
အနာစက်ရောဂါသည် အဓိကအားဖြင့် ဘက်တီးရီးယားအချို့ကြောင့်ဖြစ်ပြီး အဖြစ်အများဆုံးပိုးများ၏ 80% မှာ Staphylococcus aureus (“staph”) ဟုခေါ်သောအရည်ကြည်ဖုထွက်သောရောဂါပိုးနှင့် 10% မှာGroup A streptococcus (“strep”) ဟုခေါ်သောရောဂါပိုးတို့ဖြစ်သည်။ ဤဘက်တီးရီးယားများသည် အရေပြားပြတ်ရှဒဏ်ရာများ၊ ခြစ်ရာများ၊ အဖုအပိန့်များ သို့မဟုတ် အင်းဆက်ပိုးမွှားကိုက်ခြင်းမှတစ်ဆင့် အရေပြားထဲသို့ ဝင်ရောက်လေ့ရှိပြီး ရောင်ရမ်းခြင်းနှင့် ရောဂါပိုးဝင်ခြင်းတို့ကို ဖြစ်စေသည်။
ဝက်သက်ရောဂါ သို့မဟုတ် နှင်းခူကဲ့သို့သော ယားယံသော အရေပြားရောဂါများအခံရှိသော လူများတွင်လည်း အနာကိုကုတ်ခြစ်သောအခါတွင် အရေပြားကို ကွဲအက်စေပြီး ဘက်တီးရီးယားများ ဝင်ရောက်နိုင်သည်။ ထို့အပြင်၊ ၎င်းသည် ယခင်က အရေပြားပျက်စီးမှုမရှိဘဲနှင့်လည်း ဖြစ်ပွားနိုင်ပြီး ဦးခေါင်းသန်းများ၊ ယားနာ သို့မဟုတ် နှင်းခူကဲ့သို့သော ရောဂါများနှင့် ဆက်စပ်နေတတ်သည်။ အချို့ကိစ္စများတွင် အရွယ်ရောက်ပြီးသူများသည် တက်တူးပိုးဝင်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကြောင့် ပိုးဝင်နိုင်သည်။
အနာစက်ရောဂါ လွယ်စေသောအကြောင်းအရင်းများ
ပိုးဝင်ခြင်းဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသော အချက်များစွာရှိပြီး အောက်ပါတို့ပါဝင်သည်-
- အသက်အရွယ်- ပိုးဝင်ခြင်းကို အသက် ၂ နှစ်မှ ၅ နှစ်အရွယ် ကလေးများတွင် အများဆုံးတွေ့ရသည်။
- အရေပြားပျက်စီးခြင်း- ပိုးဝင်ခြင်းကို ဖြစ်စေသော ဘက်တီးရီးယားများသည် သေးငယ်သော ဒဏ်ရာများ၊ အင်းဆက်ကိုက်ခြင်း သို့မဟုတ် ရှိပြီးသား အဖုအပိမ့်များကဲ့သို့သော အသေးစားဒဏ်ရာများမှတစ်ဆင့် အရေပြားထဲသို့ ဝင်ရောက်လေ့ရှိသည်။
- ထိတွေ့မှုမှကူးစက်ခြင်း- ပိုးဝင်ခြင်းသည် အလွန်ကူးစက်လွယ်ပြီး မိသားစုများ၊ ကျောင်းများနှင့် ကလေးထိန်းဌာနများကဲ့သို့သော လူစည်ကားသောပတ်ဝန်းကျင်များနှင့် အားကစားကဲ့သို့သော အရေပြားထိတွေ့မှုပါဝင်သော လှုပ်ရှားမှုများမှတစ်ဆင့် အလွယ်တကူပျံ့နှံ့နိုင်သည်။
- ပူနွေးပြီးစိုစွတ်သောရာသီဥတု- ပိုးဝင်ခြင်းကူးစက်မှုများသည် ပူနွေးပြီးစိုစွတ်သောရာသီဥတုရှိသော ဒေသများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည်။
- အခြားအခြေခံကျန်းမာရေးအခြေအနေများ- အရေပြားယားနာရောဂါရှိသူများကဲ့သို့သော ရှိပြီးသားအရေပြားရောဂါများရှိသူများသည် အရေပြားပိုးဝင်ရောဂါ ဖြစ်ပွားနိုင်ခြေပိုများသည်။ ထို့အပြင်၊ သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါရှိသူများ သို့မဟုတ် ကိုယ်ခံအားစနစ်အားနည်းသူများသည် ဤအရေပြားပိုးဝင်ခြင်းကို ပိုမိုခံစားရလွယ်သည်။
ရောဂါရှာဖွေခြင်း
အနာစက်ရောဂါ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဆရာဝန်သည် ပုံမှန်အားဖြင့် လူနာ၏ မျက်နှာ သို့မဟုတ် ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အနာများကို ကြည့်ရှုစစ်ဆေးလေ့ရှိပြီး အစပိုင်းတွင် ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ရန် မလိုအပ်နိုင်ပါ။ သို့သော် အနာများသည် ပိုးသတ်ဆေးဖြင့် ကုသပါလျက်နှင့် သက်သာလာခြင်းမရှိပါက ဆရာဝန်သည် အနာမှ အရည်နမူနာကို ယူ၍ မည်သည့်ပိုးသတ်ဆေးက အထိရောက်ဆုံးဖြစ်မည်ကို ထပ်မံစစ်ဆေးနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အနာစက်ကို ဖြစ်စေသော ဘက်တီးရီးယားပိုး အချို့မှာ သတ်မှတ်ထားသော ပိုးသတ်ဆေးများကို ခံနိုင်ရည်ရှိလာကြသောကြောင့် ဖြစ်ပါသည်။
ကုသခြင်း
အနာများ အများအပြား ပျံ့နှံ့ခြင်းမရှိသေးပါက ဆရာဝန်ညွှန်ကြားချက်မလိုသော ပိုးသတ်ဆေး လိမ်းဆေး (Antibiotic cream or ointment) ကို အသုံးပြုနိုင်ပါသည်။ ဆေးလိမ်းပြီးနောက် အနာများ ထပ်မံမပျံ့ပွားစေရန် ပတ်တီးဖြင့် အုပ်ထားပေးပါ။ ထို့အပြင် ရောဂါကူးစက်နိုင်သော အချိန်တွင် ပုဝါ သို့မဟုတ် အားကစားပစ္စည်းများကဲ့သို့သော တစ်ကိုယ်ရေသုံး ပစ္စည်းများကို အခြားသူများနှင့် အတူတူ သုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။
သင့်တွင် အနာစက်ရောဂါဖြစ်ပွားပါက ဆရာဝန်သည် Mupirocin ဟုခေါ်သော ပိုးသတ်ဆေးလိမ်းဆေးကို ညွှန်ကြားနိုင်ပါသည်။ ၎င်းဆေးကို အနာပေါ်သို့ တိုက်ရိုက်၍ တစ်နေ့လျှင် (၂) ကြိမ်မှ (၃) ကြိမ်ထိ၊ (၅) ရက်မှ (၁၀) ရက်ကြာအောင် လိမ်းပေးရပါမည်။ ဆေးမလိမ်းမီ အနာဖြစ်နေသော နေရာကို ရေနွေးနွေးဖြင့် စိမ်ခြင်း သို့မဟုတ် ရေစိုအဝတ်ဖြင့် မိနစ်အနည်းငယ်ကြာ ကပ်ထားပေးပြီးနောက် အနာဖေးများကို အသာအယာ ဖယ်ရှားပေးပါ။ ထို့နောက် ခြောက်သွေ့အောင် သုတ်ပြီး ပတ်တီးဖြင့် အုပ်ထားပေးပါ။
အကယ်၍ အနာစက်သည် Ecthyma ဟုခေါ်သော ပိုမိုပြင်းထန်သည့် အမျိုးအစားဖြစ်နေလျှင် သို့မဟုတ် အနာများ အလွန်များပြားနေလျှင် ဆရာဝန်သည် သောက်ဆေး ပိုးသတ်ဆေးများကို ညွှန်ကြားပါလိမ့်မည်။ အနာများ ပျောက်ကင်းသွားပြီဟု ထင်ရသော်လည်း ပိုးသတ်ဆေး ကုန်ဆုံးသည်အထိ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သောက်ရန် အလွန်အရေးကြီးပါသည်။
