ရောဂါလက္ခဏာများ

အရိုးအတက်ထွက်ခြင်း (Bone spurs) သည် များသောအားဖြင့် ရောဂါလက္ခဏာမပြတတ်ဘဲ အခြားအကြောင်းရင်းတစ်ခုခုအတွက် ဓာတ်မှန်ရိုက်ကြည့်သည့်အခါမှသာ သတိပြုမိတတ်ကြသည်။ သို့သော် အချို့သောအခြေအနေများတွင် အရိုးအတက်များကြောင့် အဆစ်အမြစ်နာကျင်ခြင်းနှင့် လှုပ်ရှားနိုင်စွမ်း လျော့နည်းခြင်းတို့ ဖြစ်ပေါ်နိုင်သည်။

အရိုးအတက်ထွက်ခြင်း၏ လက္ခဏာများသည် ဖြစ်ပွားသည့်နေရာပေါ်မူတည်၍ ကွဲပြားနိုင်ပြီး အောက်ပါတို့ ပါဝင်နိုင်သည် –

  • ဒူး: ဒူးဆစ်တွင် အရိုးအတက်ရှိပါက ခြေထောက်ကို ဆန့်ထုတ်ခြင်း သို့မဟုတ် ကွေးခြင်းပြုလုပ်သည့်အခါ နာကျင်နိုင်သည်။
  • ကျောရိုး: အရိုးအတက်သည် ကျောရိုးနဗ်ကြောလမ်းကြောင်းကို ကျဉ်းစေပြီး အာရုံကြောကို ဖိမိစေနိုင်သောကြောင့် လက်မောင်း သို့မဟုတ် ခြေထောက်များတွင် အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
  • တင်ပါး: တင်ပါးဆုံအဆစ်တွင် အရိုးအတက်ရှိပါက နေထိုင်မကောင်းဖြစ်ခြင်းကို ခံစားရနိုင်ပြီး ၎င်းနာကျင်မှုသည် ဒူးဆစ်အထိ သက်ရောက်နိုင်သည်။ အရိုးအတက်ရှိသည့် နေရာပေါ်မူတည်၍ တင်ပါးဆုံအဆစ် လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားသလို ဖြစ်နေနိုင်သည်။

အကယ်၍ အဆစ်တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော အဆစ်များတွင် မသက်မသာဖြစ်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် အဆစ်ကို လှုပ်ရှားရန် ခက်ခဲခြင်းများရှိပါက ဆရာဝန်နှင့် ပြသရန် အကြံပြုအပ်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

အဆစ်အမြစ်ရောင်ရမ်းခြင်း (Osteoarthritis) သည် အဆစ်များကို ပျက်စီးစေပြီး အရိုးအတက်ဖြစ်ပေါ်စေသည့် အဖြစ်အများဆုံး အကြောင်းရင်းဖြစ်သည်။ Osteoarthritis ဆိုသည်မှာ အရိုးများကို ထိန်းညှိပေးပြီး အဆစ်များ လှုပ်ရှားရလွယ်ကူစေသည့် ကြံ့ခိုင်ပြီး ပျော့ပြောင်းသော တစ်ရှူး (Cartilage) များ ပျက်စီးယိုယွင်းလာခြင်း ဖြစ်သည်။ အသက်ကြီးလာခြင်းကြောင့်သော်လည်းကောင်း၊ အားကစားကြောင့် ထိခိုက်ဒဏ်ရာရခြင်းကြောင့်သော်လည်းကောင်း Osteoarthritis ဖြစ်ပွားနိုင်သည်။ ခန္ဓာကိုယ်သည် ပျက်စီးသွားသော Cartilage များနေရာတွင် အစားထိုးရန်အတွက် အရိုးအသစ်များကို ထုတ်လုပ်ရန် ကြိုးစားရာမှ အရိုးအတက်များ ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ဖြစ်နိုင်ခြေကို မြင့်မားစေသော အချက်များ

မည်သည့်အသက်အရွယ်တွင်မဆို အရိုးအတက်ထွက်ခြင်း ဖြစ်နိုင်သော်လည်း အသက် ၆၀ ကျော်သူများတွင် အဖြစ်အများဆုံးဖြစ်သည်။ အဆစ်အမြစ်ရောင်ရမ်းခြင်း ဝေဒနာခံစားနေရသူများသည် အရိုးအတက်ထွက်ရန် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားပါသည်။

ရောဂါရှာဖွေခြင်း

ကိုယ်ခန္ဓာအား စစ်ဆေးစဉ်အတွင်း ဆရာဝန်သည် အဆစ်အမြစ်ပတ်လည်ရှိ နေရာများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် နာကျင်မှုဖြစ်ပေါ်ရာ အရင်းအမြစ်ကို အကဲဖြတ်ပါလိမ့်မည်။ သင်၏ အဆစ်များနှင့် အရိုးများကို စစ်ဆေးကြည့်ရှုရန် ဆရာဝန်သည် ဓာတ်မှန် (X-rays) ရိုက်ရန် တောင်းဆိုနိုင်ပါသည်။ ထို့အပြင် အရွတ်များ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို အကဲဖြတ်ရန်အတွက် ကွန်ပျူတာဓာတ်မှန် (CT Scan) နှင့် သံလိုက်ဓာတ်မှန် (MRI) တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။

ကုသမှု

အရိုးအတက်ထွက်ခြင်းကို ကုသရန် နည်းလမ်းအမျိုးမျိုးရှိပါသည်။ နေအိမ်တွင် ကုသနိုင်သော နည်းလမ်းများနှင့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့သည် အရိုးအတက်ရောဂါလက္ခဏာများကို ထိန်းချုပ်ရန် ထိရောက်မှုရှိနိုင်ပါသည်။ ၎င်းတို့တွင် –

  • ရောင်ရမ်းမှုကို လျှော့ချရန် ရေခဲကပ်ခြင်း။
  • acetaminophen သို့မဟုတ် ibuprofen ကဲ့သို့သော အရောင်းဆိုင်များတွင် အလွယ်တကူဝယ်ယူရရှိနိုင်သည့် အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း။
  • အနားယူခြင်း။
  • အထောက်အကူပြုသော ဖိနပ်များ သို့မဟုတ် ဖိနပ်အတွင်းခံပြားများ ဝတ်ဆင်ခြင်း။
  • အရိုးနှင့် အဆစ်များအပေါ် သက်ရောက်နေသော ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် ကိုယ်အလေးချိန် လျှော့ချခြင်း။

အကယ်၍ ဤနည်းလမ်းများဖြင့် သက်သာမှု မရရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ကာယကုထုံး (Physical therapy) ကဲ့သို့သော အခြားကုသမှုများကို ညွှန်ကြားနိုင်ပါသည်။ ၎င်းတွင် နာကျင်မှုကို လျှော့ချရန်၊ အဆစ်များ လှုပ်ရှားနိုင်စွမ်း တိုးတက်စေရန်နှင့် ထိခိုက်နေသော နေရာပတ်လည်ရှိ ကြွက်သားများကို သန်မာစေရန်အတွက် လေ့ကျင့်ခန်းများနှင့် အကြောလျှော့ခြင်းများ ပါဝင်သည်။ ပိုမိုပြင်းထန်သော အခြေအနေများတွင် ပို၍အားကောင်းသော အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် cortisone ဆေးထိုးခြင်းများကို ညွှန်ကြားနိုင်ပါသည်။ ကုသမှုခံယူပြီး တစ်နှစ်ကြာသည့်တိုင်အောင် ရောဂါလက္ခဏာများ ဆက်ရှိနေပါက အရိုးအတက်များကို ဖယ်ရှားရန်အတွက် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။

Doctors who treat this condition