အကျဉ်းချုပ်

နှုတ်ခမ်းကင်ဆာသည် ခံတွင်းကင်ဆာ အမျိုးအစားတစ်ခုဖြစ်ပြီး အပေါ်နှုတ်ခမ်း သို့မဟုတ် အောက်နှုတ်ခမ်း နှစ်မျိုးလုံးတွင် ဖြစ်ပွားနိုင်သော်လည်း အောက်နှုတ်ခမ်းတွင် ပို၍အဖြစ်များသည်။ နှုတ်ခမ်းကင်ဆာ အများစုသည် အရေပြား၏ အလယ်လွှာနှင့် အပြင်လွှာတွင်ရှိသော squamous ဆဲလ်များမှ စတင်ဖြစ်ပွားလေ့ရှိသောကြောင့် ၎င်းကို squamous cell carcinoma ဟု ခေါ်ဆိုသည်။

ရောဂါလက္ခဏာများ

နှုတ်ခမ်းကင်ဆာတွင် အောက်ပါလက္ခဏာများနှင့် လက္ခဏာရပ်များ ပါဝင်နိုင်သည် –

  • နှုတ်ခမ်းအရောင် ပြောင်းလဲခြင်း။
  • နှုတ်ခမ်းတွင် အနာဖြစ်ခြင်း၊ အနာစိမ်းဖြစ်ခြင်း၊ အကျိတ်ဖြစ်ခြင်း သို့မဟုတ် အရည်ကြည်ဖုဖြစ်ခြင်းများ ကြာရှည်စွာမပျောက်ကင်းခြင်း။
  • နှုတ်ခမ်းမှ သွေးထွက်ခြင်း။
  • မေးရိုး ရောင်ရမ်းခြင်း။
  • နှုတ်ခမ်း သို့မဟုတ် နှုတ်ခမ်းပတ်လည်ရှိ အရေပြားတွင် နာကျင်ခြင်း၊ တင်းကျပ်ခြင်းနှင့် ထုံကျင်ခြင်း။

အကယ်၍ ဤလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

နှုတ်ခမ်းကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးသော်လည်း ယေဘုယျအားဖြင့် ဆဲလ်များ၏ DNA များ ပြောင်းလဲသွားပြီး (mutate) လျင်မြန်စွာ ကွဲပွားလာရာမှ အကျိတ်တစ်ခု ဖြစ်ပေါ်လာကာ ကျန်းမာသော ဆဲလ်များကို သေဆုံးစေခြင်းဖြင့် ကင်ဆာစတင်ဖြစ်ပွားသည်။ ထိုအကျိတ်သည် ပိုမိုကြီးထွားလာပြီး အနီးနားရှိ တစ်ရှူးများဆီသို့ ပျံ့နှံ့သွားနိုင်သည် (metastasis ဟု ခေါ်ဆိုသည်)။

ဖြစ်နိုင်ခြေကို မြင့်မားစေသော အချက်များ

အောက်ပါအချက်များသည် နှုတ်ခမ်းကင်ဆာ ဖြစ်ပွားစေနိုင်သည့် ဘေးထွက်ဆိုးကျိုးများ ဖြစ်သည် –

  • ဆေးရွက်ကြီး အသုံးပြုခြင်း (စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးတံ၊ ဆေးငုံခြင်းနှင့် နှာရှူဆေး အစရှိသည်တို့)။
  • အရက်အလွန်အကျွံ သောက်သုံးခြင်း။
  • နေရောင်ခြည်နှင့် အမြဲတမ်း ထိတွေ့နေရခြင်း။
  • အသားအရေ ဖြူဖွေးလွန်းခြင်း။
  • နေလောင်ဖူးသည့် ရာဇဝင်ရှိခြင်း။
  • အသက်အရွယ်- အသက် ၄၀ ကျော်သူများ။
  • လိင်- အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားနိုင်သည်။
  • ကိုယ်ခံအားစနစ် အားနည်းခြင်း။
  • Human Papillomavirus Virus (HPV) ရှိနေခြင်း။
  • မိမိကိုယ်တိုင် သို့မဟုတ် မိသားစုအတွင်း အရေပြားကင်ဆာ ရာဇဝင်ရှိခြင်း။
  • နာတာရှည် အနာရှိခြင်း။

ရောဂါရှာဖွေခြင်း

နှုတ်ခမ်းကင်ဆာကို ရောဂါရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်သည် –

  • ကိုယ်ခန္ဓာအား စစ်ဆေးခြင်း: ဆရာဝန်သည် နှုတ်ခမ်း၊ ခံတွင်း၊ မျက်နှာနှင့် လည်ပင်းတို့ရှိ ရောဂါလက္ခဏာရပ်များကို စစ်ဆေးမည်ဖြစ်ပြီး ပြန်ရည်ကျိတ် (Lymph nodes) များတွင် ကင်ဆာလက္ခဏာ ရှိ၊ မရှိကို အကဲဖြတ်ပါလိမ့်မည်။
  • အသားစယူ စစ်ဆေးခြင်း (Biopsy): ကင်ဆာ ရှိ၊ မရှိ နှင့် မည်သည့်အမျိုးအစား ဖြစ်သည်ကို သိရှိနိုင်ရန် ဆရာဝန်သည် တစ်ရှူးနမူနာကို ရယူပြီး အဏုကြည့်မှန်ဘီလူးဖြင့် စစ်ဆေးပါလိမ့်မည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ: ကင်ဆာပြန့်နှံ့မှု ရှိ၊ မရှိ သိရှိရန် ပုံရိပ်ဖော်စစ်ဆေးမှုများ ပြုလုပ်နိုင်ပါသည်။ ၎င်းတို့တွင် ကွန်ပျူတာဓာတ်မှန် (CT Scan)၊ သံလိုက်ဓာတ်မှန် (MRI) နှင့် PET Scan တို့ ပါဝင်သည်။
  • မှန်ပြောင်းကြည့် စစ်ဆေးခြင်း (Endoscopy): အကယ်၍ နှုတ်ခမ်းကင်ဆာသည် နှုတ်ခမ်းအပြင် အခြားနေရာများသို့ သက်ရောက်မှုရှိသည်ဟု သံသယရှိပါက ဆရာဝန်သည် ကင်ဆာလက္ခဏာများကို စစ်ဆေးရန်အတွက် ကင်မရာပါရှိသော ပျော့ပျောင်းသည့် ပြွန်ငယ်ကို လည်ချောင်းအတွင်းသို့ ထည့်သွင်း၍ မှန်ပြောင်းကြည့် စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်။

ကုသမှု

အောက်ပါကုသမှု နည်းလမ်းများကို အသုံးပြုနိုင်သည် –

  • ခွဲစိတ်ကုသခြင်း: နှုတ်ခမ်းကင်ဆာနှင့် ၎င်း၏ပတ်လည်ရှိ ကျန်းမာသော တစ်ရှူးများကို ဖယ်ရှားခြင်း ဖြစ်သည်။ ထို့နောက် လူနာအနေဖြင့် ပုံမှန်အတိုင်း စားသောက်နိုင်ရန်နှင့် စကားပြောနိုင်ရန်အတွက် နှုတ်ခမ်းကို ပြန်လည်ပြုပြင်ပေးသည်။ ကင်ဆာအကျိတ် သေးငယ်လေ ခွဲစိတ်မှု ပိုမိုရိုးရှင်းလေ ဖြစ်သော်လည်း အကျိတ်ကြီးမားပါက ကျွမ်းကျင်သော ပလတ်စတစ်ခွဲစိတ်ဆရာဝန်နှင့် ပြန်လည်တည်ဆောက်ရေး ခွဲစိတ်ဆရာဝန်များ လိုအပ်နိုင်သည်။ ထို့အပြင် လည်ပင်းရှိ ပြန်ရည်ကျိတ်အချို့ကို ဖယ်ရှားခြင်းလည်း ပါဝင်နိုင်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း: ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် X-rays နှင့် ပရိုတွန် (protons) ကဲ့သို့သော အားကောင်းသည့် စွမ်းအင်တန်းများကို အသုံးပြုသည်။ နှုတ်ခမ်းကင်ဆာအတွက် ဓာတ်ရောင်ခြည်ကုသမှုကို တစ်မျိုးတည်း ပြုလုပ်နိုင်သလို ခွဲစိတ်မှုပြုလုပ်ပြီးနောက်တွင်လည်း ပြုလုပ်နိုင်ပါသည်။ ၎င်းကို နှုတ်ခမ်းတစ်ခုတည်းကိုသာ ဦးတည်၍သော်လည်းကောင်း၊ လည်ပင်းရှိ ပြန်ရည်ကျိတ်များကိုပါ ဦးတည်၍သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ဓာတ်ရောင်ခြည်ကို နှုတ်ခမ်းပေါ်သို့ တိုက်ရိုက် ပြင်းအားမြှင့် လွှတ်၍သော်လည်းကောင်း၊ Brachytherapy ဟုခေါ်သော နှုတ်ခမ်းအတွင်းသို့ တိုတောင်းသော အချိန်ကာလတစ်ခုအထိ ဓာတ်ရောင်ခြည်ပစ္စည်း ထည့်သွင်း၍သော်လည်းကောင်း ကုသနိုင်ပါသည်။
  • ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို ဖျက်ဆီးရန် ဆေးဝါးများကို အသုံးပြုသည်။ ပိုမိုထိရောက်သော ကုသမှုရရှိရန် ဓာတ်ရောင်ခြည်ကုသမှုနှင့် တွဲဖက်လုပ်ဆောင်နိုင်သည်။ အကယ်၍ နှုတ်ခမ်းကင်ဆာသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပါက ရောဂါလက္ခဏာများကို ထိန်းချုပ်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုသည်။
  • ပစ်မှတ်ထား ကုသခြင်း (Targeted drug therapy): ကင်ဆာဆဲလ်များ၏ အားနည်းချက်ရှိသော အစိတ်အပိုင်းများကိုသာ ပစ်မှတ်ထား၍ ကင်ဆာဆဲလ်များကို သေစေသည်။ များသောအားဖြင့် ဤနည်းလမ်းကို ဆေးဝါးဖြင့် ကင်ဆာကုသခြင်း (Chemotherapy) နှင့် တွဲဖက်လုပ်ဆောင်လေ့ရှိသည်။
  • ကိုယ်ခံအားစနစ်ဖြင့် ကုသခြင်း (Immunotherapy): ကင်ဆာကို တိုက်ဖျက်ရန် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြုခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က ၎င်းတို့ကို မတိုက်ခိုက်နိုင်စေရန် ပရိုတင်းများ ထုတ်လုပ်၍ ရုပ်ဖျက်တတ်ကြသည်။ ဤကုသမှုသည် ထိုသို့ရုပ်ဖျက်ခြင်းကို ဟန့်တားပေးပြီး ကင်ဆာဆဲလ်များကို သေစေသည်။ အခြားကုသမှုများ မထိရောက်တော့သည့် နောက်ဆုံးအဆင့် နှုတ်ခမ်းကင်ဆာများကို ကုသရာတွင် ဤနည်းလမ်းကို အသုံးပြုနိုင်ပါသည်။

 

Doctors who treat this condition