အရေပြားအနာစိမ်းပေါက်ခြင်းရောဂါ
အကျဉ်းချုပ်
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါ (Pyoderma gangrenosum) ဆိုသည်မှာ အရေပြားပေါ်တွင် နာကျင်စေတတ်သော အနာစိမ်းကြီးများ ဖြစ်ပေါ်လာတတ်သည့် ရှားပါးသော ရောဂါအခြေအနေတစ်ရပ် ဖြစ်ပါသည်။ အဆိုပါရောဂါသည် များသောအားဖြင့် ခြေထောက်များတွင် ဖြစ်ပွားလေ့ရှိပါသည်။ ၎င်းရောဂါဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို မသိရှိရသေးသော်လည်း ခုခံအားစနစ် ချို့ယွင်းမှုကြောင့် ဖြစ်ပွားခြင်းဖြစ်သည်ဟု ယူဆရပါသည်။ အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ သို့မဟုတ် အဆစ်အမြစ်ရောင်ရောဂါကဲ့သို့သော နောက်ခံရောဂါရှိသူများတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုများပြားပါသည်။ အဆိုပါ အနာစိမ်းများသည် လျင်မြန်စွာ ဖြစ်ပေါ်လာတတ်ပြီး ဆေးဝါးကုသမှုကို ကောင်းမွန်စွာ တုံ့ပြန်မှုရှိသော်လည်း အမာရွတ်ကျန်ရှိခြင်းနှင့် ရောဂါပြန်လည်ဖြစ်ပွားခြင်းတို့မှာ ဖြစ်လေ့ဖြစ်ထရှိသော အခြေအနေများပင် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါသည် များသောအားဖြင့် အရေပြားပေါ်တွင် ပင့်ကူကိုက်ရာနှင့် ဆင်တူသော အနီရောင်အဖုအပိမ့်အငယ်စားလေးများအဖြစ် စတင်ဖြစ်ပေါ်လေ့ရှိပါသည်။ အချိန်တိုအတွင်း ထိုအဖုသည် ကြီးမားပြီး နာကျင်စေတတ်သော အနာစိမ်းအဖြစ်သို့ ပြောင်းလဲသွားနိုင်ပါသည်။ အဆိုပါ အနာများသည် ခြေထောက်များတွင် အဖြစ်များသော်လည်း ခန္ဓာကိုယ်၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပြီး တစ်ခါတစ်ရံ ခွဲစိတ်ထားသည့် နေရာတစ်ဝိုက်တွင်ပင် ဖြစ်ပေါ်တတ်ပါသည်။ အနာများစွာ ဖြစ်ပွားသည့် အခြေအနေမျိုးတွင် ၎င်းတို့သည် တစ်ခုနှင့်တစ်ခု ပေါင်းစည်းသွားပြီး ပိုမိုကြီးမားသော အနာကြီးတစ်ခုအဖြစ်သို့ ကူးပြောင်းသွားနိုင်ပါသည်။
အရေပြားပေါ်တွင် လျင်မြန်စွာ ပြန့်နှံ့လာပြီး နာကျင်မှုဝေဒနာ ခံစားရသော အနာကို သတိပြုမိပါက ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံမှ အကြံဉာဏ် ရယူရန်မှာ အလွန်ပင် အရေးကြီးပါသည်။
ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်းအတိအကျကို ရှင်းလင်းစွာ မသိရှိရသေးပါ။ အထူးသတိပြုရန်မှာ ဤရောဂါသည် ကူးစက်တတ်သော ရောဂါမျိုးမဟုတ်ပါ။ ဤအခြေအနေသည် အူမကြီးရောင်ရမ်းနာရောဂါ၊ ခရုန်းရောဂါ (Crohn’s disease) နှင့် အဆစ်အမြစ်ရောင်ရောဂါကဲ့သို့သော ကိုယ်ခံအားစနစ် ချို့ယွင်းသည့် ရောဂါများနှင့် ဆက်စပ်နေလေ့ရှိပြီး မျိုးရိုးဗီဇဆိုင်ရာ သက်ရောက်မှုလည်း ရှိနိုင်ပါသည်။ ဤရောဂါရှိသူများအနေဖြင့် အရေပြားတွင် ပြတ်ရှခြင်း သို့မဟုတ် ထိုးမိခိုက်မိခြင်းကဲ့သို့သော ဒဏ်ရာအသစ်များ ရရှိပါက အနာစိမ်းသစ်များ ထပ်မံဖြစ်ပေါ်လာနိုင်သည်ကို အထူးဂရုပြုသင့်ပါသည်။
ဖြစ်ပွားနိုင်ခြေရှိသော အချက်များ
အောက်ပါအချက်များကြောင့် အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားနိုင်ပါသည် –
- လူနာ၏ အသက်အရွယ် – ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက် ၂၀ နှင့် ၅၀ကြား လူလတ်ပိုင်းအရွယ်များတွင် ပိုမိုအဖြစ်များလေ့ရှိပါသည်။
- အူလမ်းကြောင်း ရောင်ရမ်းသည့်ရောဂါ ခံစားနေရခြင်း – အူမကြီးရောင်ရမ်းနာ သို့မဟုတ် ခရုန်းရောဂါ အမည်ရှိ အူလမ်းကြောင်းဆိုင်ရာ ရောဂါအခြေအနေများ ရှိသူများတွင် ဤရောဂါဖြစ်ပွားရန် အလားအလာ ပိုမိုများပြားပါသည်။
- အဆစ်အမြစ်ရောင်ရောဂါ ခံစားရခြင်း – လေးဖက်နာ အဆစ်အမြစ်ရောင်ရောဂါ ခံစားနေရသူများသည်လည်း ဤရောဂါ ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားသောအခြေအနေနှင့် ရင်ဆိုင်ရနိုင်ပါသည်။
- သွေးရောဂါ တစ်မျိုးမျိုး ရှိနေခြင်း – သွေးကင်ဆာ သို့မဟုတ် ရိုးတွင်းခြင်ဆီဆိုင်ရာ ချို့ယွင်းမှု အစရှိသော သွေးနှင့်ပတ်သက်သည့် ရောဂါဝေဒနာ ခံစားနေရသူများတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ မြင့်မားပါသည်။
ရောဂါရှာဖွေခြင်း (Diagnosis)
ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးစဉ်အတွင်း ဆရာဝန်သည် သင်၏ ကျန်းမာရေးရာဇဝင်ကို ပြန်လည်သုံးသပ်ပြီး ခန္ဓာကိုယ်ကို စစ်ဆေးမှုများ ပြုလုပ်ပါလိမ့်မည်။ အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါဖြစ်ပွားမှုကို အတည်ပြုနိုင်သည့် သီးခြားစစ်ဆေးမှုမျိုး မရှိသော်လည်း ဆင်တူသော ရောဂါလက္ခဏာများ ရှိနိုင်သည့် အခြားသော ရောဂါအခြေအနေများကို ဖယ်ထုတ်နိုင်ရန်အတွက် ဆရာဝန်သည် အမျိုးမျိုးသော စစ်ဆေးမှုများကို ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်။ အဆိုပါ စစ်ဆေးမှုများတွင် သွေးစစ်ခြင်း၊ အရေပြားနမူနာယူ၍ စစ်ဆေးခြင်းနှင့် အခြားသော ရောဂါရှာဖွေရေး လုပ်ထုံးလုပ်နည်းများ ပါဝင်နိုင်ပါသည်။ ထို့အပြင် နောက်ထပ် စစ်ဆေးမှုများနှင့် ကုသမှု အစီအစဉ်များ ချမှတ်နိုင်ရန်အတွက် အရေပြားဆိုင်ရာ အထူးကု ဆရာဝန်နှင့် ပြသရန်လည်း ဆရာဝန်မှ တိုက်တွန်းနိုင်ပါသည်။
ကုသမှု (Treatment)
ခွဲစိတ်ကုသခြင်း (Surgery)
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါအား ကုသရာတွင် ရောင်ရမ်းမှုကို လျော့ကျစေရန်၊ နာကျင်မှုကို သက်သာစေရန်၊ အနာကျက်နှုန်း မြန်ဆန်စေရန်နှင့် နောက်ခံရောဂါဝေဒနာများကို ထိန်းချုပ်ရန် ရည်ရွယ်ပါသည်။ ကုသမှုပုံစံများသည် လူနာ၏ ယေဘုယျကျန်းမာရေး အခြေအနေနှင့် အရေပြားအနာများ၏ အရေအတွက်၊ အရွယ်အစား၊ အနက်နှင့် ပြန့်နှံ့မှုနှုန်း အစရှိသော ဝိသေသလက္ခဏာများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
အချို့သောသူများတွင် သောက်ဆေးများ၊ လိမ်းဆေးများ သို့မဟုတ် ထိုးဆေးများကို ပေါင်းစပ်အသုံးပြုခြင်းဖြင့် သက်သာပျောက်ကင်းမှု ရရှိနိုင်ပါသည်။ သို့သော်လည်း အချို့သော လူနာများတွင် ပိုမိုထိရောက်သော ကုသမှုများ ရရှိနိုင်ရန်အတွက် ဆေးရုံတက်ရောက်ရန် သို့မဟုတ် အနာရောဂါများကို အထူးပြုကုသသည့် ဌာနများတွင် စောင့်ရှောက်မှုခံယူရန် လိုအပ်နိုင်ပါသည်။ ကုသမှု အောင်မြင်ပြီးသည့်တိုင်အောင် အနာသစ်များ ပြန်လည်ဖြစ်ပေါ်ခြင်းမှာ အဖြစ်များသော အခြေအနေတစ်ရပ်ပင် ဖြစ်ပါသည်။
ဆေးဝါးများ
- နာကျင်မှုပျောက်ဆေးများ – အနာများကို ဆေးထည့်ခြင်း သို့မဟုတ် ပတ်တီးလဲလှယ်ခြင်း ပြုလုပ်ချိန်များတွင် ခံစားရသော နာကျင်မှုဝေဒနာပေါ် မူတည်၍ နာကျင်မှုပျောက်ဆေး လိုအပ်ချက်မှာ ကွဲပြားနိုင်ပါသည်။
- ကော်တီကိုစတီရွိုက် (Corticosteroids) ဆေးဝါးများ – အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါအတွက် အဓိက ကုသမှုမှာ အဆိုပါဆေးဝါးများကို နေ့စဉ်အသုံးပြုခြင်း ဖြစ်ပါသည်။ ဤဆေးဝါးများကို အရေပြားပေါ်တွင် လိမ်းခြင်း၊ အနာထဲသို့ တိုက်ရိုက်ထိုးခြင်း သို့မဟုတ် သောက်ဆေးအဖြစ် အသုံးပြုခြင်းတို့ ပြုလုပ်နိုင်ပါသည်။ သို့သော်လည်း ဤဆေးဝါးများကို ပမာဏများပြားစွာ သို့မဟုတ် ကာလရှည်ကြာစွာ အသုံးပြုခြင်းသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ရေရှည်ကုသမှု ခံယူရန် လိုအပ်ပါက ဖြစ်ပေါ်လာနိုင်သော ဘေးထွက်ဆိုးကျိုးများကို လျှော့ချနိုင်ရန်အတွက် ဆရာဝန်သည် စတီရွိုက်မဟုတ်သော အခြားအစားထိုးဆေးဝါးများကို ရွေးချယ်အသုံးပြုနိုင်ပါသည်။
- စတီရွိုက်မဟုတ်သော အစားထိုးဆေးဝါးများ – စတီရွိုက်မဟုတ်သော ဆေးဝါးများအနက် ဆိုက်ကလိုစပိုရင် (Cyclosporine) သည် ထိရောက်မှုရှိသော ဆေးဝါးတစ်မျိုးအဖြစ် ထင်ရှားပါသည်။ အခြားသော ကုသမှုရွေးချယ်စရာများတွင် mycophenolate၊ immunoglobulins၊ dapsone၊ infliximab နှင့် calcineurin inhibitors အုပ်စုဝင်ဖြစ်သော tacrolimus တို့ ပါဝင်ပါသည်။ ဆေးဝါးအမျိုးအစားအပေါ် မူတည်၍ အနာပေါ်တွင် လိမ်းခြင်း၊ ထိုးဆေးအဖြစ် အသုံးပြုခြင်း သို့မဟုတ် သောက်ဆေးအဖြစ် အသုံးပြုခြင်းတို့ ကွဲပြားနိုင်ပါသည်။
အနာဂရုစိုက်မှု
အနာများပေါ်သို့ ဆေးဝါးများ တိုက်ရိုက်အသုံးပြုခြင်းအပြင် ဆရာဝန် သို့မဟုတ် အနာဂရုစိုက်မှုဆိုင်ရာ ကျွမ်းကျင်သူသည် အနာနှင့် ကပ်မသွားစေဘဲ စိုစွတ်မှုရှိသော ပတ်တီးများဖြင့် အနာကို စည်းပေးခြင်း သို့မဟုတ် ရုန်းကန်အားရှိသော ပတ်တီးများဖြင့် ပတ်ပေးခြင်းတို့ကို ပြုလုပ်ပေးပါလိမ့်မည်။ ထို့အပြင် ရောဂါဖြစ်ပွားနေသော နေရာကို မြှင့်ထားရန်လည်း သင့်အား အကြံပြုနိုင်ပါသည်။
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါအတွက် ညွှန်ကြားထားသော သောက်ဆေးအများစုသည် သင်၏ ခုခံအားစနစ်ကို လျော့ကျစေနိုင်ပြီး ပိုးဝင်နိုင်ခြေကို မြင့်မားစေသောကြောင့် အနာဂရုစိုက်မှုနှင့် ပတ်သက်၍ ဆရာဝန်၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်ရန်မှာ အလွန်ပင် အရေးကြီးပါသည်။
ခွဲစိတ်ကုသခြင်း
အရေပြားအနာစိမ်းပေါက်ခြင်း ရောဂါသည် အရေပြားတွင် ပြတ်ရှဒဏ်ရာများ ရရှိပါက ပိုမိုဆိုးရွားလာနိုင်သောကြောင့် ပုပ်နေသောတစ်ရှူးများကို ခွဲစိတ်ဖယ်ရှားသည့် နည်းလမ်းကို ကုသမှုရွေးချယ်စရာအဖြစ် ယေဘုယျအားဖြင့် အသုံးပြုလေ့မရှိပါ။ အရေပြားတွင် ထိခိုက်ဒဏ်ရာရရှိခြင်းသည် လက်ရှိဖြစ်ပေါ်နေသော အနာများကို ပိုမိုဆိုးရွားစေနိုင်သည့်အပြင် အနာသစ်များ ဖြစ်ပေါ်လာစေရန်လည်း လှုံ့ဆော်ပေးနိုင်ပါသည်။
ကြီးမားသော အနာများ ကျက်သွားစေရန် အကူအညီလိုအပ်သည့် အခြေအနေမျိုးတွင် ဆရာဝန်က အရေပြားအစားထိုးခြင်း (Skin graft) နည်းလမ်းကို အကြံပြုနိုင်ပါသည်။ ဤလုပ်ထုံးလုပ်နည်းတွင် ခွဲစိတ်ဆရာဝန်သည် သဘာဝ သို့မဟုတ် လူလုပ်အရေပြား အစိတ်အပိုင်းတစ်ခုကို ပွင့်နေသော အနာများပေါ်တွင် ကပ်၍ အစားထိုးပေးခြင်း ဖြစ်ပါသည်။ သို့သော်လည်း ဤရွေးချယ်မှုကို အနာရောင်ရမ်းမှုများ လျော့ကျသွားပြီး အနာစတင်ကျက်လာသည့် အချိန်ရောက်မှသာ ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။
