နှလုံးခုန်နှုန်းမမှန်ခြင်း

ခြုံငုံသုံးသပ်ချက်

နှလုံးခုန်နှုန်းမမှန်ခြင်း (Heart arrhythmia) ဆိုသည်မှာ လျှပ်စစ်စီးဆင်းမှုဆိုင်ရာ အချက်ပြချက်များ ပုံမှန်မဟုတ်ခြင်းကြောင့် နှလုံးခုန်နှုန်း သို့မဟုတ် စည်းချက်လွဲချော်သည့် ရောဂါဖြစ်သည်။ ဤရောဂါကြောင့် နှလုံးသည် ပုံမှန်မဟုတ်ဘဲ ခုန်ခြင်း၊ အလွန်မြန်ခြင်း (Tachycardia) သို့မဟုတ် အလွန်နှေးခြင်း (Bradycardia) တို့ ဖြစ်ပေါ်စေသည်။

နှလုံးခုန်နှုန်းမမှန်ခြင်းသည် ဘေးကင်းတတ်သော်လည်း အချို့မှာ ပြင်းထန်သော နှလုံးရောဂါအခြေအနေသို့ ကူးပြောင်းသွားနိုင်သည်။ နှလုံးစည်းချက်ကို ဆေးဝါးများ၊ ပိုက်ထည့်၍ ခွဲစိတ်ကုသခြင်း (Catheter surgery)၊ ခန္ဓာကိုယ်အတွင်း ထည့်သွင်းရသော ကိရိယာများ၊ နှင့် ကြိုတင်ကာကွယ်မှုအဖြစ် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ကုသနိုင်ပါသည်။

အမျိုးအစားများ

နှလုံးခုန်နှုန်းအပေါ် မူတည်၍ အမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည် –

  • Tachycardia: အနားယူနေစဉ် နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် အကြိမ် ၁၀၀ ထက် မြန်ခြင်း။
  • Bradycardia: နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် ၆၀ အောက် နှေးခြင်း။

နှလုံးခုန်မြန်ခြင်း (Tachycardia)

နှလုံးခုန်မြန်ခြင်း (Tachycardia) ဆိုသည်မှာ အနားယူနေစဉ်အတွင်း နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် အကြိမ် ၁၀၀ ထက် ပို၍ ပုံမှန်ထက် ထူးကဲစွာ မြန်နေခြင်း ဖြစ်သည်။ နှလုံးခုန်မြန်ခြင်း အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့မှာ –

  • Atrial fibrillation: နှလုံးခုန်နှုန်း မြန်ပြီး စည်းချက်မမှန်ခြင်း ဖြစ်သည်။ ၎င်းသည် အလိုအလျောက် ပျောက်ကင်းနိုင်သလို ကုသမှုလည်း လိုအပ်နိုင်သည်။ ပြင်းထန်ပါက လေဖြတ်ခြင်း (Stroke) ဖြစ်စေနိုင်သည်။
  • Atrial flutter: လက္ခဏာများသည် Atrial fibrillation နှင့် ဆင်တူသော်လည်း နှလုံးစည်းချက်မှာ ပို၍ စနစ်တကျ ရှိတတ်သည်။
  • Supraventricular tachycardia: ရုတ်တရက် ခုန်မြန်လာပြီး ရုတ်တရက် ပြန်ရပ်သွားသော နှလုံးခုန်နှုန်း ဖြစ်သည်။ဤပုံမှန်မဟုတ်သော နှလုံးစည်းချက်များသည် နှလုံးအောက်ခန်းများ၏ အထက်ပိုင်းမှ စတင်ဖြစ်ပေါ်ခြင်းဖြစ်သည်။
  • Ventricular fibrillation: နှလုံးအောက်ခန်းမှ စတင်သော ပုံမှန်မဟုတ်သည့် လျှပ်စစ်အချက်ပြချက်များကြောင့် နှလုံးစည်းချက် အလွန်ရုန်းရင်းဆန်ခတ် ဖြစ်လာခြင်းဖြစ်သည်။ ဤသို့ဖြစ်ချိန်တွင် နှလုံးသည် ခန္ဓာကိုယ်သို့ သွေးမပို့နိုင်တော့ဘဲ ချက်ချင်းဆေးကုသမှု ခံယူရမည့် အရေးပေါ်အခြေအနေ ဖြစ်သည်။အချို့သော ပြင်းထန်သည့် နှလုံးရောဂါအခြေအနေများ သို့မဟုတ် ဆိုးရွားသော ထိခိုက်ဒဏ်ရာရရှိမှုများသည် နှလုံးအောက်ခန်းများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်း (Ventricular fibrillation) ဖြစ်ပွားမှုနှင့် ဆက်စပ်နေပါသည်။
  • Ventricular tachycardia: နှလုံးအောက်ခန်းမှ စတင်သော မြန်ပြီး မှန်သည့် နှလုံးခုန်နှုန်း ဖြစ်သည်။ နှလုံးခုန်နှုန်း အလွန်မြန်သောကြောင့် နှလုံးအတွင်း သွေးမပြည့်မီမှာပင် ပြန်လည်ညှစ်ထုတ်နေရသဖြင့် အန္တရာယ်ရှိနိုင်သည်။

နှလုံးခုန်နှေးခြင်း (Bradycardia)
နှလုံးခုန်နှေးခြင်း (Bradycardia) ဆိုသည်မှာ နှလုံးသည် တစ်မိနစ်လျှင် အကြိမ် ၆၀ အောက် လျော့နည်း၍ ခုန်နေသည့် အခြေအနေဖြစ်သည်။ သို့သော်လည်း ကျန်းမာသန်စွမ်းသူများတွင် မည်သည့်ပြဿနာမျှမရှိဘဲ နှလုံးခုန်နှုန်း ၆၀ အောက် ရှိနေနိုင်ပါသည်။ နှလုံးခုန်နှေးခြင်း အမျိုးအစား အမျိုးမျိုးရှိပြီး ၎င်းတို့မှာ –

  • Sick sinus syndrome: နှလုံးစည်းချက်ကို ထိန်းချုပ်ပေးသော Sinus node (သဘာဝနှလုံးခုန်နှုန်းထိန်းစက်) ချို့ယွင်းသည့် ရောဂါဖြစ်သည်။ ၎င်းသည် နှလုံးခုန်နှုန်းကို တစ်လှည့်စီ မြန်စေခြင်း သို့မဟုတ် နှေးစေခြင်း ဖြစ်စေနိုင်သည်။ လူကြီးများတွင် အဖြစ်များသည်။
  • Conduction block: ဤနှလုံးခုန်နှုန်းမမှန်သည့် အမျိုးအစားသည် နှလုံး၏ လျှပ်စစ်စီးဆင်းမှု လမ်းကြောင်းများတွင် ပိတ်ဆို့မှုကို ဖြစ်စေပြီး နှလုံးခုန်နှုန်းကို နှေးကွေးသွားစေခြင်း သို့မဟုတ် ရပ်တန့်သွားစေခြင်းအထိ ဖြစ်ပေါ်စေနိုင်သည်။ ဤကဲ့သို့ နှလုံးအတွင်း လျှပ်စစ်စီးဆင်းမှု ပိတ်ဆို့သည့် အခြေအနေသည် ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်သကဲ့သို့ လက္ခဏာများလည်း ပြသနိုင်ပါသည်။ တွေ့ရှိရနိုင်သည့် ရောဂါလက္ခဏာများတွင် နှလုံးခုန်သံ လွဲချော်ခြင်းနှင့် နှလုံးခုန်နှေးခြင်းတို့ ပါဝင်သည်။

အချိန်မတိုင်မီ နှလုံးခုန်ခြင်း (Premature heartbeats)

အချိန်မတိုင်မီ နှလုံးခုန်ခြင်း (Premature heartbeats) သည် ပုံမှန်အားဖြင့် တစ်ကြိမ်လျှင် တစ်ချက်နှုန်းသာ ဖြစ်ပေါ်လေ့ရှိပြီး ပုံမှန်နှလုံးခုန်နှုန်းနှင့် ရံဖန်ရံခါ တစ်လှည့်စီ ဖြစ်ပေါ်တတ်သည်။ ဤနှလုံးအခြေအနေသည် နှလုံး၏ အထက်ခန်းနှင့် အောက်ခန်းတို့မှ အပိုစည်းချက်များ အသီးသီး စတင်ဖြစ်ပေါ်ရာမှတစ်ဆင့် နှလုံးအထက်ခန်း သို့မဟုတ် အောက်ခန်းတို့ အချိန်မတိုင်မီ ကျုံ့ညှစ်ခြင်းကြောင့် ဖြစ်နိုင်သည်။ အချိန်မတိုင်မီ နှလုံးခုန်ခြင်းကို ဖြစ်စေသော အကြောင်းရင်းများမှာ စိတ်ဖိစီးမှု၊ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်းနှင့် ကဖင်း သို့မဟုတ် နီကိုတင်းကဲ့သို့သော စိတ်ကြွစေသည့်အရာများကို အလွန်အကျွံ သုံးစွဲခြင်းတို့ ဖြစ်ကြသည်။

အချိန်မတိုင်မီ နှလုံးခုန်ခြင်းသည် နှလုံးခုန်သံ လွဲချော်ခြင်းကဲ့သို့သော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်သော်လည်း ဤရောဂါသည် ပြင်းထန်မှုမရှိသည့်အပြင် ဆိုးရွားသော နောက်ဆက်တွဲ ပြဿနာများလည်း မရှိပါ။

သို့သော်လည်း နှလုံးရောဂါအခံရှိသူများသည် အနားယူနေချိန်၌ပင် တောက်လျှောက် နှလုံးခုန်နှုန်းမမှန်သည့် ဝေဒနာကို ခံစားရနိုင်ခြေ ပိုများသည်။ ၎င်းသည် အချိန်မတိုင်မီ နှလုံးခုန်ခြင်းကို နှစ်ရှည်လများအထိ မကြာခဏ ဖြစ်ပေါ်စေပြီး နောက်ဆုံးတွင် နှလုံးအားနည်းသွားသည်အထိ ဖြစ်စေနိုင်ပါသည်။

 

ရောဂါလက္ခဏာများ

နှလုံးခုန်နှုန်းမမှန်ခြင်းသည် ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်သောကြောင့် တစ်ခါတစ်ရံတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်စဉ်မှသာ မတော်တဆ စစ်ဆေးတွေ့ရှိတတ်သည်။

နှလုံးခုန်နှုန်းမမှန်ခြင်း၏ အဖြစ်များသော လက္ခဏာများမှာ-

  • ရင်တုန်ခြင်း
  • နှလုံးခုန်မြန်ခြင်း (သို့မဟုတ်) Tachycardia
  • နှလုံးခုန်နှေးခြင်း (သို့မဟုတ်) Bradycardia
  • ရင်ဘတ်ထဲတွင် တင်းကျပ်နေခြင်း
  • အသက်ရှူရခက်ခဲခြင်း

အဖြစ်နည်းသော ရောဂါလက္ခဏာများမှာ-

  • စိတ်ဖိစီးခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • မူးဝေခြင်း
  • ချွေးထွက်ခြင်း
  • သတိလစ်ခြင်း (သို့မဟုတ်) မူးလဲခြင်း

အကယ်၍ သင့်တွင် အောက်ပါလက္ခဏာများ ရှိပါက အရေးပေါ် ဆေးကုသမှုကို ချက်ချင်း ခံယူပါ-
အသက်ရှူရခက်ခဲခြင်း

  • မူးဝေခြင်း
  • သတိလစ်ခြင်း (သို့မဟုတ်) မူးလဲခြင်း
  • ရင်ဘတ်အောင့်ခြင်း

နှလုံးခုန်နှုန်း အလွန်နှေးခြင်း၊ အလွန်မြန်ခြင်း သို့မဟုတ် နှလုံးခုန်သံ လွဲချော်ခြင်းကဲ့သို့သော ပြင်းထန်မှုနည်းသည့် လက္ခဏာများရှိလျှင်ပင် ဆရာဝန်နှင့် ပြသရန် အကြံပြုလိုပါသည်။

နှလုံးခုန်နှုန်းမမှန်ခြင်း၏ ပုံစံတစ်မျိုးဖြစ်သော Ventricular fibrillation သည် သွေးပေါင်ချိန်ကို ရုတ်တရက် ကျဆင်းသွားစေနိုင်ပြီး စက္ကန့်ပိုင်းအတွင်း သတိလစ်သွားစေနိုင်သည့်အပြင် အသက်ရှူခြင်းနှင့် နှလုံးခုန်ခြင်းကိုပါ ရပ်တန့်သွားစေနိုင်သည်။ အကယ်၍ လူနာတစ်ဦးတွင် အဆိုပါလက္ခဏာများ ခံစားနေရသည်ကို တွေ့ရှိပါက အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက်ရန် အကြံပြုအပ်ပါသည်-

  • ရဲစခန်း သို့မဟုတ် လူနာတင်ယာဉ်ထံသို့ အမြန်ဆုံး ဖုန်းဆက်ခေါ်ဆိုပါ။
  • အနီးအနားတွင် နှလုံးနှိုးစနစ် (CPR) ကျွမ်းကျင်သူ မရှိပါက လက်ဖြင့်သာလုပ်သော (Hands-only) CPR ကို ပြုလုပ်ပါ။ လူနာတင်ယာဉ် မရောက်လာမီအထိ ရင်ဘတ်ဧရိယာကို တစ်မိနစ်လျှင် အကြိမ် ၁၀၀၁၂၀ နှုန်းဖြင့် မြန်မြန်နှင့် အားပါပါ ဖိပေးရပါမည်။ ပါးစပ်ဖြင့် အသက်ရှူသွင်းပေးရန် (Rescue breathing) မလိုအပ်ကြောင်း သတိပြုပါ။
  • အကယ်၍ သင်ကိုယ်တိုင် သို့မဟုတ် အနီးအနားရှိ တစ်ဦးဦးက CPR တတ်မြောက်ပါက လျှပ်စစ်ဖြင့် နှလုံးနှိုးခြင်း (Defibrillation) မပြုလုပ်မီအထိ CPR ကို ဆက်တိုက် ပြုလုပ်ပေးပါ။ CPR သည် ကိုယ်အင်္ဂါအစိတ်အပိုင်းများသို့ သွေးစီးဆင်းမှု ပိုမိုလွယ်ကူစေရန် အထောက်အကူပြုသည်။
  • အလိုအလျောက် နှလုံးနှိုးစက် (AED) ဟုခေါ်သော လက်ကိုင်ဆောင်၍ရသည့် ကိရိယာကို အသုံးပြုပါ။ ဤကိရိယာသည် ရပ်တန့်သွားသော နှလုံးကို ပြန်လည်ခုန်လာစေရန် လျှပ်စစ်ရှော့ခ် (Shock) ပေးနိုင်သည်။ AED သည် လိုအပ်မှသာ လျှပ်စစ်ပေးပို့သည့် စနစ်ဖြစ်သောကြောင့် ကျွမ်းကျင်မှုမရှိသူများပင် လုံခြုံစိတ်ချစွာဖြင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

နှလုံးတွင် အခန်းလေးခန်းပါဝင်ပြီး အပေါ်ခန်းနှစ်ခန်းကို Atria ဟုခေါ်ကာ အောက်ခန်းနှစ်ခန်းကို Ventricles ဟုခေါ်သည်။ ညာဘက်အပေါ်ခန်း (Atrium) တွင်ရှိသော Sinus node သည် လျှပ်စစ်အချက်ပြမှုများ ပေးပို့ခြင်းဖြင့် နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးသည့် သဘာဝနှလုံးခုန်နှုန်းထိန်းစက် (Pacemaker) အဖြစ် ဆောင်ရွက်သည်။ အဆိုပါ အချက်ပြမှုများကို အပေါ်ခန်းများက လက်ခံရရှိသောအခါ နှလုံးကြွက်သားများ စတင်ကျုံ့ညှစ်ပြီး အောက်ခန်းများထဲသို့ သွေးများကို တွန်းပို့ပေးသည်။ နှလုံးအချက်ပြမှုများသည် AV node သို့ ဆက်လက်ရောက်ရှိသွားပြီး ထိုနေရာတွင် အောက်ခန်းများအတွင်း သွေးအပြည့်ဖြည့်နိုင်ရန် အချက်ပြမှုကို ခေတ္တနှေးကွေးစေသည်။ ထို့နောက် အောက်ခန်းများက ကျုံ့ညှစ်ကာ အဆုတ် သို့မဟုတ် ခန္ဓာကိုယ်အနှံ့သို့ သွေးများကို ပန်းထုတ်ပေးသည်။ ကျန်းမာသောနှလုံးတွင် ဤလုပ်ငန်းစဉ်သည် ချောမွေ့စွာလည်ပတ်နေပြီး အနားယူနေစဉ် နှလုံးခုန်နှုန်းသည် တစ်မိနစ်လျှင် အကြိမ် ၆၀၁၀၀ ရှိတတ်သည်။

နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေနိုင်သည့် အကြောင်းရင်းများစွာရှိပြီး ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်သည် –

  • နှလုံးကြွက်သားပုပ်ဖူးခြင်း (Heart attack)
  • နှလုံးသွေးကြောကျဉ်းရောဂါ
  • နှလုံးကြွက်သားရောဂါ (Cardiomyopathy) ကဲ့သို့သော အခြေအနေများကြောင့် နှလုံးတည်ဆောက်ပုံ ပြောင်းလဲခြင်း
  • ဆီးချိုရောဂါ
  • သွေးတိုးရောဂါ
  • ကိုဗစ်-၁၉ (COVID-19) ကူးစက်ခံရခြင်း
  • လည်ပင်းကြီးဟော်မုန်းလွန်ကဲခြင်း (Hyperthyroidism)
  • လည်ပင်းကြီးဟော်မုန်းနည်းပါးခြင်း (Hypothyroidism)
  • အိပ်ပျော်နေစဉ် အသက်ရှူခေတ္တရပ်ခြင်း (Sleep apnea)
  • အအေးမိခြင်းနှင့် ဓာတ်မတည့်ခြင်းအတွက် သောက်သုံးသော ဆေးဝါးအချို့
  • အရက် သို့မဟုတ် ကဖင်းဓာတ်ကို အလွန်အကျွံ သောက်သုံးခြင်း
  • မူးယစ်ဆေးဝါး သုံးစွဲခြင်း
  • မိသားစုမျိုးရိုးအတွင်း နှလုံးခုန်နှုန်းမမှန်သည့် ရာဇဝင်ရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုများဖြစ်ခြင်း

 

ဖြစ်နိုင်ခြေ မြင့်မားသူများ

အောက်ပါအချက်များထဲမှ တစ်ခုခုရှိသူများသည် နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပွားရန် အန္တရာယ် ပိုမိုများပြားသည် –
နှလုံးဆိုင်ရာ အခြေအနေများ: ၎င်းတို့တွင် နှလုံးသွေးကြောကျဉ်းရောဂါ၊ နှလုံးခွဲစိတ်မှု ရာဇဝင်ရှိခြင်း၊ သွေးလွှတ်ကြောများ ထူလာခြင်း၊ နှလုံးကြွက်သားပုပ်ခြင်း၊ နှလုံးအဆို့ရှင်များ ထိခိုက်ပျက်စီးခြင်း၊ နှလုံးအတွင်း အမာရွတ်များရှိခြင်းနှင့် နှလုံးကြွက်သားရောဂါတို့ ပါဝင်သည်။

  • သွေးတိုးရောဂါ: ဤဝေဒနာသည် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေပြီး နှလုံးဘယ်ဘက်အောက်ခန်းကို ထူလာခြင်းနှင့် တောင့်တင်းလာခြင်းတို့ ဖြစ်စေနိုင်ကာ နှလုံးအတွင်းရှိ လျှပ်စစ်အချက်ပြမှု လုပ်ဆောင်ချက်များကို အနှောင့်အယှက် ဖြစ်စေသည်။
  • မွေးရာပါ နှလုံးရောဂါ: ဤအခြေအနေများသည် နှလုံးခုန်နှုန်းကဲ့သို့သော နှလုံး၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သည်။
  • လည်ပင်းကြီးရောဂါ: သိုင်းရွိုက်ဟော်မုန်းသည် နှလုံးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိသည်။ လည်ပင်းကြီးဟော်မုန်း လွန်ကဲခြင်း (Hyperthyroidism) သည် နှလုံးခုန်နှုန်း မြန်ခြင်းနှင့်အတူ နှလုံးစည်းချက် မမှန်ခြင်းတို့ကို ဖြစ်စေနိုင်သည်။ လည်ပင်းကြီးဟော်မုန်း နည်းပါးခြင်း (Hypothyroidism) သည် နှလုံးခုန်နှုန်းကို နှေးကွေးသွားစေနိုင်သည်။
  • အိပ်နေစဉ် အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်း (Obstructive sleep apnea): အိပ်ပျော်နေစဉ်အတွင်း အသက်ရှူခြင်းကို ပုံမှန်မဟုတ် ဖြစ်စေပြီး နှလုံးခုန်နှုန်း မမှန်ဖြစ်ရန် အန္တရာယ်ကို မြင့်တက်စေသည်။
  • ဓာတ်ဆားဓာတ် မမျှတခြင်း: သွေးအတွင်းရှိ ပိုတက်စီယမ်၊ ဆိုဒီယမ်၊ ကယ်လ်စီယမ်နှင့် မဂ္ဂနီစီယမ်ကဲ့သို့သော ဓာတ်သတ္တုများသည် နှလုံး၏ လျှပ်စစ်အချက်ပြမှုကို ထိန်းညှိပေးသည်။ ဓာတ်ဆားဓာတ်များ ပုံမှန်မဟုတ်ပါက နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပေါ်နိုင်သည်။
  • အချို့သော ဆေးဝါးနှင့် အားဖြည့်စာများအား အလွန်အကျွံ သုံးစွဲခြင်း: အအေးမိခြင်းနှင့် ချောင်းဆိုးခြင်းအတွက် သောက်သုံးသော အသုံးများသည့် ဆေးဝါးအချို့သည် နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်စေနိုင်သည်။
  • အရက် အလွန်အကျွံ သောက်သုံးခြင်း: အရက်သည် နှလုံး၏ လျှပ်စစ်အချက်ပြမှုများအပေါ် သက်ရောက်မှုရှိနိုင်ပြီး သောက်သုံးသူကို နှလုံးအပေါ်ခန်း စည်းချက်မမှန်ခြင်း (Atrial fibrillation) ဖြစ်စေရန် အန္တရာယ်ရှိစေသည်။
  • အချို့သော စိတ်ကြွပစ္စည်းများ သုံးစွဲခြင်း: ကဖင်း၊ နီကိုတင်း သို့မဟုတ် စိတ်ကြွဆေး (Amphetamines) နှင့် ကိုကင်း (Cocaine) ကဲ့သို့သော တရားမဝင် မူးယစ်ဆေးဝါးများကို သုံးစွဲသူများသည် နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပွားရန် အန္တရာယ် ပိုမိုမြင့်မားသည်။

ရောဂါရှာဖွေခြင်း

နှလုံးခုန်နှုန်းမမှန်ခြင်းကို ရောဂါရှာဖွေရာတွင် ရောဂါလက္ခဏာများအကြောင်း မေးမြန်းခြင်း၊ ဆေးမှတ်တမ်း သို့မဟုတ် ဆေးဝါးသုံးစွဲမှုများကို ပြန်လည်သုံးသပ်ခြင်း၊ ကိုယ်ခန္ဓာစစ်ဆေးခြင်းတို့ဖြင့် စတင်ပြီး အောက်ပါစစ်ဆေးမှုများဖြင့် ထပ်မံအတည်ပြုနိုင်သည် –

  • နှလုံးလျှပ်စစ်လှိုင်းတိုင်းခြင်း (ECG သို့မဟုတ် EKG): ဤလုပ်ဆောင်ချက်သည် နှလုံး၏ လျှပ်စစ်စီးဆင်းမှု လှုပ်ရှားမှုများကို မှတ်တမ်းတင်သည်။ အာရုံခံကိရိယာများ (Electrodes) ကို ရင်ဘတ်၊ လက်ကောက်ဝတ်နှင့် ခြေထောက်တို့တွင် တပ်ဆင်ပြီး နှလုံးစည်းချက်ကို ဖော်ပြရန်အတွက် မော်နီတာနှင့် ချိတ်ဆက်ထားသည်။
  • Holter monitor: ဆရာဝန်သည် ဤလက်ကိုင်ဆောင်၍ရသော ECG ကိရိယာဖြင့် ပုံမှန်လှုပ်ရှားသွားလာနေစဉ်အတွင်း အနည်းဆုံး ၂၄ နာရီကြာ နှလုံး၏လှုပ်ရှားမှုများကို မှတ်တမ်းတင်သည်။
  • Event recorder: Holter monitor နှင့် ဆင်တူသော်လည်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာချိန်တွင်သာ နှလုံး၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ခြင်းဖြစ်သည်။ ပုံမှန်အားဖြင့် ဤကိရိယာကို ရက်ပေါင်း ၃၀ ကြာ သို့မဟုတ် နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပေါ်လာသည်အထိ တပ်ဆင်ထားရန် လိုအပ်သည်။
  • နှလုံးအာထရာဆောင်း (Echocardiogram): ခန္ဓာကိုယ်အတွင်းသို့ ပစ္စည်းများ ထည့်သွင်းရန်မလိုဘဲ နှလုံး၏ အရွယ်အစား၊ တည်ဆောက်ပုံနှင့် လှုပ်ရှားမှုပုံရိပ်များကို ဖန်တီးပေးသည့် စစ်ဆေးမှုဖြစ်သည်။
  • အရေပြားအောက်ထည့် နှလုံးခုန်နှုန်းမှတ်စက် (Implantable loop recorder): ရောဂါလက္ခဏာ ဖြစ်ပေါ်မှု အလွန်နည်းပါးသော လူနာများအတွက် ဤကိရိယာကို ရင်ဘတ်အရေပြားအောက်တွင် ထည့်သွင်းပြီး နှလုံး၏ လျှပ်စစ်လှုပ်ရှားမှုများကို အမြဲမပြတ် မှတ်တမ်းတင်ခြင်းဖြင့် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းများကို ရှာဖွေဖော်ထုတ်သည်။

အကယ်၍ အထက်ပါနည်းလမ်းများဖြင့် နှလုံးခုန်နှုန်းမမှန်ခြင်းကို မရှာဖွေနိုင်ပါက ဆရာဝန်သည် အောက်ပါစစ်ဆေးမှုအချို့ဖြင့် နှလုံးခုန်နှုန်းမမှန်ခြင်းကို တမင်ဖြစ်ပေါ်စေပြီး စစ်ဆေးနိုင်သည် –

  • စိတ်ဖိစီးမှုဒဏ်ခံနိုင်ရည် စစ်ဆေးခြင်း (Stress test): လူနာအား လမ်းလျှောက်စက် (Treadmill) ပေါ်တွင် ပြေးစေပြီး နှလုံး၏လှုပ်ရှားမှုကို မှတ်တမ်းတင်ကာ ဆန်းစစ်ခြင်းဖြစ်သည်။
  • စောင်းနိုင်သော ခုတင်ဖြင့် စစ်ဆေးခြင်း (Tilt table test): ခုတင်ပေါ်တွင် လှဲနေစေပြီး ခုတင်၏ အစောင်းထောင့်ကို ပြောင်းလဲပေးခြင်းဖြင့် နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်နှင့် အာရုံကြောစနစ်တို့၏ ပြောင်းလဲမှုများကို ဆန်းစစ်ခြင်းဖြစ်သည်။ ဤစစ်ဆေးမှုကို မကြာခဏ သတိလစ်တတ်သူများအတွက် အကြံပြုလေ့ရှိသည်။
  • နှလုံးလျှပ်စစ်စနစ်အား စစ်ဆေးခြင်း (Electrophysiological testing and mapping): သွေးကြောများမှတစ်ဆင့် နှလုံးအတွင်းသို့ အဖျားတွင် အာရုံခံကိရိယာပါသော ပိုက်ငယ်များ (Catheters) ထည့်သွင်းခြင်းဖြင့် နှလုံးခုန်နှုန်းမမှန်ခြင်း ဖြစ်ပေါ်သည့်နေရာကို ရှာဖွေပေးသည်။ အဆိုပါ အာရုံခံကိရိယာများသည် နှလုံးအတွင်း လျှပ်စစ်လှိုင်းများ ပျံ့နှံ့ပုံကို ပြသပေးသည့်အပြင် နှလုံးကို သတ်မှတ်ထားသောနှုန်းဖြင့် ခုန်လာအောင် လှုံ့ဆော်ပေးခြင်းဖြင့် နှလုံးခုန်နှုန်းမမှန်ခြင်းကို ဖြစ်ပေါ်စေရန် သို့မဟုတ် ရပ်တန့်သွားစေရန်လည်း အသုံးပြုနိုင်သည်။

ကုသမှု

နှလုံးခုန်နှုန်းမမှန်ခြင်း အမျိုးအစား ပြင်းထန်သူများ သို့မဟုတ် ဤရောဂါကြောင့် အခြားနှလုံးဝေဒနာများ ခံစားရနိုင်ခြေရှိသူများကိုသာ ကုသမှုခံယူရန် အကြံပြုထားပြီး ကုသမှုပုံစံမှာ မိမိဖြစ်ပွားနေသော အမျိုးအစား (နှလုံးခုန်မြန်ခြင်း သို့မဟုတ် နှလုံးခုန်နှေးခြင်း) အပေါ် မူတည်ပါသည်။ အခြားလူနာများအတွက်မူ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ရန်သာ လိုအပ်နိုင်ပါသည်။ နှလုံးခုန်နှုန်းမမှန်ခြင်းအတွက် ဆေးဝါးများဖြင့် ကုသခြင်း၊ Vagal maneuvers နည်းလမ်း၊ လျှပ်စစ်ဖြင့် စည်းချက်ထိန်းခြင်း (Cardioversion)၊ ပိုက်ထည့်၍ ကုသခြင်းနှင့် ခွဲစိတ်ကုသခြင်း အစရှိသည့် ကုသမှုနည်းလမ်းများစွာ ရှိပါသည်။

ဆေးဝါးဖြင့် ကုသခြင်း

ဆေးဝါးများကို မိမိဖြစ်ပွားနေသော နှလုံးခုန်နှုန်းမမှန်သည့် အမျိုးအစားနှင့် ဖြစ်လာနိုင်သော နောက်ဆက်တွဲပြဿနာများအပေါ် မူတည်၍ ရွေးချယ်ပါမည်။ ဥပမာအားဖြင့် – သင်သည် Atrial fibrillation (နှလုံးအပေါ်ခန်း စည်းချက်မမှန်ခြင်း) ဝေဒနာခံစားနေရပါက သွေးခဲခြင်းကို ကာကွယ်ရန် သွေးကျဲဆေးများကို ညွှန်ကြားမည်ဖြစ်ပြီး၊ နှလုံးခုန်မြန်ခြင်း (Tachycardia) ရှိပါက နှလုံးခုန်နှုန်းကို ထိန်းညှိပေးသည့် ဆေးဝါးများကို ညွှန်ကြားပါလိမ့်မည်။

ကုထုံးများ (Therapies)

  • Vagal maneuvers: ဤနည်းလမ်းတွင် အသက်အောင့်ထားခြင်းနှင့် အားစိုက်ညှစ်ခြင်း၊ မျက်နှာကို ရေခဲရေထဲ နှစ်ခြင်း သို့မဟုတ် ချောင်းဆိုးခြင်းတို့ ပါဝင်သည်။ ဤလုပ်ဆောင်ချက်များသည် အာရုံကြောစနစ်ကို ထိန်းချုပ်ပေးပြီး နှလုံးခုန်နှုန်းကို နှေးကွေးသွားစေရန် ကူညီပေးနိုင်ကာ နှလုံးခုန်နှုန်း အလွန်မြန်စေသည့် Supraventricular tachycardia ဝေဒနာရှင်များအတွက် အဓိက အကြံပြုလေ့ရှိသည်။
  • လျှပ်စစ်ဖြင့် စည်းချက်ထိန်းခြင်း (Cardioversion): ဤလုပ်ငန်းစဉ်တွင် ပုံမှန်မဟုတ်သော လျှပ်စစ်အချက်ပြမှုများကို ထိန်းချုပ်ရန်နှင့် နှလုံးစည်းချက်ကို ပုံမှန်ပြန်ဖြစ်စေရန်အတွက် ဆေးဝါးများ သို့မဟုတ် ရင်ဘတ်ပေါ်ရှိ ကပ်ခွာများမှတစ်ဆင့် နှလုံးသို့ လျှပ်စစ်ရှော့ခ် (Shock) ပေးပို့ခြင်း ဖြစ်သည်။ ၎င်းကို Atrial fibrillation အပါအဝင် နှလုံးခုန်နှုန်းမမှန်ခြင်း အမျိုးအစားအချို့အတွက် အသုံးပြုရန် အကြံပြုထားသည်။

 ခွဲစိတ်ကုသခြင်းနှင့် အခြားနည်းလမ်းများ

အချို့သောအခြေအနေများတွင် နှလုံးခုန်နှုန်းမမှန်ခြင်းကို ကုသရန်အတွက် ပိုက်ထည့်ခြင်း သို့မဟုတ် နှလုံးဆိုင်ရာ ကိရိယာတစ်ခုခု ထည့်သွင်းရန် ခွဲစိတ်မှုများ လိုအပ်နိုင်ပါသည်။

၎င်းအတွက် လုပ်ဆောင်ချက်များစွာ ရှိပါသည် –

  • Catheter ablation: သွေးကြောများမှတစ်ဆင့် နှလုံးအတွင်းသို့ ပိုက်အသေးစားလေးများကို ထည့်သွင်းခြင်းဖြစ်သည်။ ထို့နောက် ပိုက်အဖျားရှိ အာရုံခံကိရိယာများကို အသုံးပြုကာ ပုံမှန်မဟုတ်သော အချက်ပြမှုများကို ပိတ်ဆို့ရန်နှင့် နှလုံးစည်းချက် ပုံမှန်ပြန်ဖြစ်စေရန် နှလုံးနံရံပေါ်တွင် အမာရွတ်အသေးစားလေးများ ဖန်တီးပေးခြင်း ဖြစ်သည်။
  • နှလုံးခုန်နှုန်းထိန်းစက် (Pacemaker): ဆရာဝန်သည် ညှပ်ရိုးအနီးရှိ အရေပြားအောက်တွင် ကိရိယာအသေးစားလေးတစ်ခုကို မြှုပ်နှံထည့်သွင်းပေးမည်ဖြစ်သည်။ အဆိုပါစက်မှ အာရုံခံကြိုးများကို သွေးကြောများမှတစ်ဆင့် နှလုံးအတွင်းပိုင်းသို့ ပို့ဆောင်ပေးသည်။ ဤကိရိယာမှ ထွက်ပေါ်လာသော လျှပ်စစ်စီးဆင်းမှုများသည် ပုံမှန်မဟုတ်သော နှလုံးခုန်နှုန်းကို ထိန်းညှိပေးသည်။ ဤကုသမှုကို နှလုံးခုန်နှေးသူများ (Bradycardias) အတွက် အသုံးပြုသည်။
  • နှလုံးခုန်နှုန်းထိန်းပြီး လျှပ်စစ်ဖြင့် နှိုးစက် (ICD): ဆရာဝန်သည် ဘက်ထရီဖြင့် အလုပ်လုပ်သော ကိရိယာကို ညှပ်ရိုးအနီးတွင် မြှုပ်နှံထည့်သွင်းပေးပြီး အာရုံခံကြိုးများကို နှလုံးသို့ ပို့ဆောင်ထားသည်။ ICD သည် နှလုံးစည်းချက်ကို စောင့်ကြည့်ပြီး လျှပ်စစ်ဆိုင်ရာ ချို့ယွင်းမှုများကို ပြုပြင်ရန်အတွက် ပြင်းအားနည်းသော သို့မဟုတ် ပြင်းအားများသော လျှပ်စစ်ရှော့ခ်များကို လိုအပ်သလို ထုတ်လွှတ်ပေးသည်။ ဤကိရိယာကို နှလုံးအောက်ခန်းများတွင် ဖြစ်ပွားသော ပြင်းထန်သည့် နှလုံးခုန်နှုန်းမမှန်ခြင်း (ဥပမာ – Ventricular tachycardia သို့မဟုတ် Ventricular fibrillation) အန္တရာယ်ရှိသူများအတွက် အဓိက အကြံပြုသည်။
  • Maze procedure: ဤနည်းလမ်းသည် နှလုံးအပေါ်ခန်းများအတွင်း အပူ သို့မဟုတ် အအေးစွမ်းအင် သို့မဟုတ် ခွဲစိတ်ဓားကို အသုံးပြု၍ လမ်းကြောင်းသဏ္ဌာန် (Maze) အမာရွတ်တစ်ရှူးများ ဖန်တီးခြင်းဖြစ်သည်။ ၎င်းသည် ပုံမှန်မဟုတ်သော နှလုံးအချက်ပြမှုများကို လွဲချော်သွားစေရန် ပြုလုပ်ခြင်းဖြစ်သည်။ ဤနည်းလမ်းကို အခြားကုသမှုများဖြင့် မအောင်မြင်သူများ သို့မဟုတ် အခြားရောဂါကြောင့် နှလုံးဖွင့်ခွဲစိတ်ရန် စီစဉ်ထားသူများအတွက် အကြံပြုသည်။
  • နှလုံးသွေးကြော လမ်းလွှဲခွဲစိတ်ခြင်း (Coronary bypass surgery): ဤနည်းလမ်းသည် နှလုံးသို့ သွေးစီးဆင်းမှု ပုံမှန်မဟုတ်ခြင်းကို ပြုပြင်ပေးရန်အတွက် ထိရောက်ပြီး နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် ပြင်းထန်သော နှလုံးသွေးကြောကျဉ်းရောဂါ နှစ်မျိုးလုံး ခံစားနေရသူများအတွက် အကြံပြုသည်။

Doctors who treat this condition