အကျဉ်းချုပ်အကြောင်းအရာ

ရမ်ဆေးဟန့် ရောဂါစု သို့မဟုတ် နားတွင် ရေယုန်ပေါက်ခြင်းသည် ရေယုန်ရောဂါဖြစ်ပွားမှုက နားတစ်ဖက်အနီးရှိ မျက်နှာအာရုံကြောကို ထိခိုက်စေသောအခါ ဖြစ်ပေါ်လာသည်။ ၎င်းသည် မျက်နှာသွက်ချာပါဒ ဖြစ်ခြင်း၊ နားတွင် အကြားအာရုံ ဆုံးရှုံးခြင်းတို့အပြင် ရေယုန်ကြောင့် နာကျင်သော အဖုအပိန့်များ ထွက်လာနိုင်သည်။

ရေကျောက်ရောဂါကို ဖြစ်စေသော ဗိုင်းရပ်စ်ပိုးကြောင့်ပင် ဖြစ်ပွားရခြင်းဖြစ်ပြီး၊ ကနဦး ရေကျောက်ရောဂါ ပျောက်ကင်းသွားပြီးနောက် အာရုံကြောများထဲတွင် ငြိမ်ဝပ်ပုန်းအောင်းနေသော ဗိုင်းရပ်စ်ပိုးသည် နှစ်အနည်းငယ်ကြာသောအခါ ပြန်လည်နိုးထလာပြီး မျက်နှာအာရုံကြောများကို ထိခိုက်စေခြင်း ဖြစ်သည်။

မျက်နှာကြွက်သားများ အမြဲတမ်း အားနည်းသွားခြင်းနှင့် နားလေးခြင်း ကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန်အတွက် ရမ်ဆေးဟန့် ရောဂါစုကို ကုသမှုခံယူရန် အလွန်အရေးကြီးပါသည်။

ရောဂါလက္ခဏာများ

ရမ်ဆေးဟန့် ရောဂါစု၏ အဓိက လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • နားတစ်ဖက်၏ အပေါ်၊ အတွင်းနှင့် ဘေးပတ်လည်တွင် အရည်ကြည်ဖုများ ပါဝင်ပြီး နာကျင်သော အနီရောင် အဖုအပိန့်များ ပေါက်ခြင်း။
  • ဖြစ်ပွားသောနား ဘက်ခြမ်းရှိသော မျက်နှာကြွက်သားများ အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်း။

ပုံမှန်အားဖြင့် ရမ်ဆေးဟန့် ရောဂါစုတွင် အဖုအပိန့်ထွက်ခြင်းနှင့် မျက်နှာသွက်ချာပါဒဖြစ်ခြင်းတို့သည် တစ်ပြိုင်နက်တည်း ဖြစ်ပွားတတ်သော်လည်း တစ်ခါတစ်ရံတွင် တစ်ခုနှင့်တစ်ခု ရှေ့ဆင့်နောက်ဆင့် ဖြစ်ပွားနိုင်သည်။ အချို့သော အခြေအနေများတွင် အဖုအပိန့်များ လုံးဝမထွက်လာဘဲလည်း ဖြစ်နိုင်သည်။

ရမ်ဆေးဟန့် ရောဂါစု ဖြစ်ပွားသူများသည် အောက်ပါတို့ကိုလည်း ခံစားရနိုင်သည် –

  • အကြားအာရုံ ဆုံးရှုံးခြင်း
  • နားကိုက်ခြင်း
  • နားအူခြင်း
  • ချာချာလည်ခေါင်းမူးခြင်း (ပတ်ဝန်းကျင် လည်နေသည် သို့မဟုတ် ရွေ့နေသည်ဟု ခံစားရခြင်း)
  • မျက်လုံးတစ်ဖက် ပိတ်ရန် ခက်ခဲခြင်း
  • ပါးစပ်နှင့် မျက်လုံးများ ခြောက်သွေ့ခြင်း
  • အရသာခံ အာရုံ ပြောင်းလဲခြင်း

မျက်နှာကြွက်သား အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်းကြောင့် ပါးစပ်တစ်ဖက် ရွဲ့စောင်းသွားနိုင်သည်။ ထို့ပြင် မျက်နှာကြွက်သား အားနည်းခြင်း သို့မဟုတ် သွက်ချာပါဒဖြစ်ခြင်း ခံစားနေရသူများသည် ထိခိုက်နေသော မျက်နှာဘက်ခြမ်းရှိ မျက်လုံးကို ပိတ်ရန် ခက်ခဲနိုင်သည်။

အကယ်၍ သင်သည် မျက်နှာသွက်ချာပါဒဖြစ်ခြင်း သို့မဟုတ် မျက်နှာပေါ်တွင် ရေယုန်အဖုအပိန့်များ ပေါက်လာခြင်းကို တွေ့ကြုံရပါက ဆရာဝန်နှင့် ချက်ချင်း ပြသပါ။ ရောဂါလက္ခဏာများ စတင်ပြသပြီး သုံးရက်အတွင်း ကုသမှု စတင်ခြင်းသည် ရေရှည်နောက်ဆက်တွဲ ပြဿနာများကို ကာကွယ်ရာတွင် အထောက်အကူ ဖြစ်စေနိုင်သည်။

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ရမ်ဆေးဟန့် ရောဂါစုသည် ယခင်က ရေကျောက်ရောဂါ ဖြစ်ဖူးသူများတွင် ဖြစ်ပွားလေ့ရှိသည်။ ရေကျောက်ရောဂါ ပျောက်ကင်းပြီးနောက် ဗိုင်းရပ်စ်ပိုးသည် ခန္ဓာကိုယ်ထဲတွင် ငြိမ်ဝပ်ပုန်းအောင်းနေပြီး နောက်ပိုင်းနှစ်များတွင် ပြန်လည်နိုးထလာကာ အရည်ကြည်ဖုများပါသော နာကျင်သည့် ရေယုန်အဖြစ်သို့ ရောက်ရှိလာနိုင်သည်။ ရမ်ဆေးဟန့် ရောဂါစုသည် အထူးသဖြင့် နားတစ်ဖက်အနီးရှိ မျက်နှာအာရုံကြောကို ထိခိုက်စေသော ရေယုန်ဖြစ်ပွားမှုဖြစ်ပြီး များသောအားဖြင့် မျက်နှာတစ်ခြမ်း သွက်ချာပါဒဖြစ်ခြင်းနှင့် အကြားအာရုံ ဆုံးရှုံးခြင်းတို့ ပါဝင်တတ်သည်။

ဖြစ်နိုင်ခြေများသော အကြောင်းရင်းများ

ရမ်ဆေးဟန့် ရောဂါစုသည် ရေကျောက်ပေါက်ဖူးသူများတွင် ဖြစ်ပွားနိုင်ပြီး အသက်ကြီးသူများ၊ အထူးသဖြင့် အသက် ၆၀ ကျော်သူများတွင် ပိုမိုအဖြစ်များသည်။ ဤရောဂါစုသည် ကလေးများတွင် ဖြစ်ပွားလေ့မရှိပါ။

ရမ်ဆေးဟန့် ရောဂါစု သည် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သော ရောဂါမဟုတ်ပါ။ သို့သော် ရေကျောက်ဗိုင်းရပ်စ်ပိုး ပြန်လည်နိုးထလာခြင်းဖြစ်သည့်အတွက် ရေကျောက်ရောဂါ ကာကွယ်ဆေး မထိုးထားသူများ သို့မဟုတ် ရေကျောက် မပေါက်ဖူးသူများတွင် ရေကျောက်ရောဂါ ဖြစ်စေနိုင်သည်။ ကိုယ်ခံအားစနစ် အားနည်းသူများတွင် ထိုသို့ကူးစက်ခံရပါက အထူးပြင်းထန်နိုင်သည်။

အဖုအပိန့်များ ခြောက်သွေ့ပြီး အနာဖေးကွာသည်အထိ အောက်ပါပုဂ္ဂိုလ်များနှင့် ထိတွေ့ခြင်းကို ရှောင်ကြဉ်သင့်သည် –

  • ရေကျောက် မပေါက်ဖူးသူများ သို့မဟုတ် ကာကွယ်ဆေး မထိုးထားသူများ
  • ကိုယ်ခံအားစနစ် အားနည်းသူများ
  • မွေးကင်းစ ကလေးငယ်များ
  • ကိုယ်ဝန်ဆောင် မိခင်များ

ရောဂါရှာဖွေခြင်း

ဆရာဝန်များသည် ဆေးဘက်ဆိုင်ရာ ရာဇဝင်ကို မေးမြန်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါ၏ ထူးခြားသော လက္ခဏာများကို ကြည့်ရှုခြင်းအားဖြင့် ရမ်ဆေးဟန့် ရောဂါစုကို ရှာဖွေဖော်ထုတ်လေ့ရှိသည်။

ရောဂါကို အတည်ပြုရန်အတွက် သင့်ဆရာဝန်သည် နားရှိ အရည်ကြည်ဖုမှ အရည်နမူနာကို ယူ၍ ထပ်မံစစ်ဆေးမှုများ ပြုလုပ်နိုင်သည်။

ကုသမှု

ရမ်ဆေးဟန့် ရောဂါစုကို အချိန်မီ ကုသခြင်းသည် နာကျင်မှုကို သက်သာစေပြီး ရေရှည်နောက်ဆက်တွဲ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ ညွှန်ကြားနိုင်သော ဆေးဝါးများမှာ –

  • နာကျင်မှု သက်သာစေသော ဆေးများ – ရမ်ဆေးဟန့် ရောဂါစုနှင့် ဆက်စပ်သော နာကျင်မှုသည် ပြင်းထန်နိုင်ပြီး သက်သာစေရန် ဆရာဝန်ညွှန်ကြားသော အကိုက်အခဲပျောက်ဆေးများ လိုအပ်တတ်သည်။
  • ဗိုင်းရပ်စ် သတ်ဆေးများ – ရေကျောက်ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် အဆိုင်ကလိုဗီးယား၊ ဖမ်ဆီကလိုဗီးယား သို့မဟုတ် ဗယ်လာဆိုက်ကလိုဗီးယား ကဲ့သို့သော ဆေးဝါးများကို ညွှန်ကြားလေ့ရှိသည်။
  • ကော်တီကိုစတီရွိုက်များ – ရမ်ဆေးဟန့် ရောဂါစု ကုသရာတွင် ဗိုင်းရပ်စ်သတ်ဆေးများ၏ အာနိသင်ကို မြှင့်တင်ရန် ပရက်ဒနီဆုံး ကဲ့သို့သော ဆေးများကို ပမာဏများများဖြင့် ကာလတို ပေးလေ့ရှိသည်။
  • စိုးရိမ်ပူပန်မှု လျှော့ချပေးသော ဆေးများ – ဒိုင်ယာဇီပင် ကဲ့သို့သော ဆေးဝါးများသည် အဖြစ်များသော လက္ခဏာတစ်ခုဖြစ်သည့် ချာချာလည်ခေါင်းမူးခြင်းကို သက်သာစေရန် ကူညီပေးနိုင်သည်။

Doctors who treat this condition