ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါသည် ခြေထောက်များတွင် မအီမသာဖြစ်သော ခံစားမှုကြောင့် ခြေထောက်ကို လှုပ်ရှားလိုစိတ် အပြင်းအထန် ဖြစ်ပေါ်လာသည့် ဝေဒနာတစ်မျိုး ဖြစ်ပါသည်၊၊ ပုံမှန်အားဖြင့် ထိုင်နေစဉ် သို့မဟုတ် လဲလျောင်းနေစဉ် ညနေပိုင်း သို့မဟုတ် ညဘက်များတွင် ဖြစ်ပွားလေ့ရှိပြီး လှုပ်ရှားပေးခြင်းဖြင့် ခေတ္တခဏ သက်သာရာရစေပါသည်၊၊ ဤရောဂါသည် မည်သည့်အသက်အရွယ်တွင်မဆို စတင်နိုင်ပြီး အချိန်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာကာ အိပ်စက်ခြင်းနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ထိခိုက်စေနိုင်ပါသည်၊၊
မိမိကိုယ်တိုင် ဂရုစိုက်သည့် အလေ့အထများနှင့် လူနေမှုပုံစံ ပြောင်းလဲခြင်းတို့ဖြင့် ဤရောဂါကို စီမံခန့်ခွဲနိုင်ပြီး ဝေဒနာရှင်အများစုအတွက် ဆေးဝါးများက သက်သာရာရစေနိုင်ပါသည်၊၊ ဤရောဂါကို ဝီလစ်အက်ဘွန်း ရောဂါဟုလည်း ခေါ်ဝေါ်ကြပါသည်၊၊
ရောဂါအမျိုးအစားများ
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ အမျိုးအစား နှစ်မျိုး ရှိပါသည်၊၊
- စောစီးစွာ ဖြစ်ပွားခြင်း – ပုံမှန်အားဖြင့် အသက် ၄၅ နှစ်မတိုင်မီ ရောဂါရှာဖွေတွေ့ရှိလေ့ရှိပြီး ဤအမျိုးအစားသည် မိသားစုမျိုးရိုးလိုက်တတ်ကာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်းချင်း တိုးတက်ဖြစ်ပွားပါသည်၊၊
- နောက်ကျမှ ဖြစ်ပွားခြင်း – ဤအမျိုးအစားကို အသက် ၄၅ နှစ်နောက်ပိုင်းတွင် ရောဂါရှာဖွေတွေ့ရှိလေ့ရှိပြီး ပိုမိုမြန်ဆန်စွာ ဆိုးရွားလာတတ်သော လက္ခဏာရှိပါသည်၊၊
ရောဂါလက္ခဏာများ
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ၏ အဓိက လက္ခဏာမှာ ခြေထောက်များကို လှုပ်ရှားလိုသည့် မတွန်းလှန်နိုင်သော ဆန္ဒဖြစ်ပေါ်ခြင်း ဖြစ်ပါသည်၊၊ အောက်ပါတို့နှင့် ကြုံတွေ့ရလေ့ရှိပါသည်-
- အနားယူနေစဉ် စတင်ပေါ်ပေါက်လာသော မအီမသာ ခံစားမှုများ၊၊ ခြေထောက်အတွင်း ခံစားမှုများသည် ပုံမှန်အားဖြင့် သင်သည် အချိန်အတော်ကြာ ထိုင်နေစဉ် သို့မဟုတ် လဲလျောင်းနေစဉ်တွင် စတင်တတ်ပါသည်၊၊ ၎င်းသည် မော်တော်ယာဉ်၊ လေယာဉ် သို့မဟုတ် ရုပ်ရှင်ရုံများတွင် ထိုင်နေသည့်အခါမျိုး၌ ဖြစ်ပွားနိုင်ပါသည်၊၊
- လှုပ်ရှားမှုကြောင့် သက်သာလာခြင်း၊၊ လမ်းလျှောက်ခြင်း၊ ခေါက်တုံ့ခေါက်ပြန်လျှောက်ခြင်း၊ ခြေထောက်ကို ခါယမ်းခြင်းနှင့် အကြောဆန့်ခြင်းတို့က လက္ခဏာများကို သက်သာစေနိုင်သောကြောင့် သင်လှုပ်ရှားလိုက်သည့်အခါ ဝေဒနာ လျော့နည်းသွားပါသည်၊၊
- ညဘက်တွင် လက္ခဏာများ ပိုမိုဆိုးရွားလာခြင်း၊၊ လက္ခဏာအများစုသည် ညဘက်တွင် ဖြစ်ပေါ်လေ့ရှိပါသည်၊၊
- ညဘက်တွင် ခြေထောက်များ ဆတ်ကနဲ လှုပ်ခြင်း၊၊ ဤရောဂါနှင့် ဆက်စပ်နေနိုင်သည့် အိပ်ပျော်နေစဉ် ခြေလက်များ အခါအားလျော်စွာ လှုပ်ရှားသည့် ဝေဒနာမှာ ပိုမိုအဖြစ်များပါသည်၊၊ ဤအခြေအနေကြောင့် တစ်ညလုံးတွင် ခြေထောက်များ ဆတ်ကနဲဖြစ်ခြင်းနှင့် ကန်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်၊၊
လူနာများသည် ဤရောဂါလက္ခဏာများကို ခြေထောက် သို့မဟုတ် ခြေဖဝါးနှစ်ဖက်စလုံးတွင် ဖြစ်ပေါ်တတ်သော ပြင်းထန်ပြီး မအီမသာဖြစ်သည့် ခံစားမှုများဟု ဖော်ပြလေ့ရှိကြပါသည်၊၊ ရှားပါးသောအခြေအနေများတွင် ဤခံစားမှုများသည် လက်မောင်းများအထိ ပြန့်နှံ့သွားနိုင်ပါသည်၊၊ ဤခံစားမှုများကို အရေပြားမျက်နှာပြင်ထက် ခြေထောက်အတွင်းပိုင်း၌ ဖြစ်ပေါ်နေသည်ဟု ခံစားရလေ့ရှိပြီး ၎င်းတို့ကို
- ယားယံခြင်း၊
- ကိုက်ခဲခြင်း၊
- လျှပ်စစ်ဓာတ်လိုက်သလိုဖြစ်ခြင်း၊
- တွားသွားနေသလိုဖြစ်ခြင်း၊
- အကောင်တက်နေသလိုဖြစ်ခြင်း၊
- ဆွဲငင်နေသလိုဖြစ်ခြင်းနှင့်
- တဒိတ်ဒိတ်ခုန်နေခြင်းတို့အဖြစ် ဖော်ပြကြပါသည်၊၊
တစ်ခါတစ်ရံတွင် လူနာများသည် ဤရောဂါနှင့်ပတ်သက်သော ခံစားမှုများကို ရှင်းလင်းစွာ ဖော်ပြရန် ခက်ခဲတတ်ကြပါသည်၊၊ ပုံမှန်အားဖြင့် ဝေဒနာရှင်များသည် ဤအတွေ့အကြုံကို ကြွက်သားကြောတက်ခြင်း သို့မဟုတ် ထုံကျင်ခြင်းတို့နှင့် မနှိုင်းယှဉ်ကြသော်လည်း ခြေထောက်ကို လှုပ်ရှားလိုသည့် ဆန္ဒဖြစ်ပေါ်ခြင်းကိုမူ တူညီစွာ ဖော်ပြကြပါသည်၊၊ ရောဂါလက္ခဏာ ပြင်းထန်မှုမှာ အတက်အကျရှိတတ်ပြီး လက္ခဏာများသည် ပြန်မပေါ်မီ အချိန်အတန်ကြာ ငြိမ်သက်သွားနိုင်ပါသည်၊၊
ဤရောဂါသည် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နေ့ဘက်တွင် အိပ်ငိုက်ခြင်းနှင့် လူနေမှုဘဝ အရည်အသွေးကို ထိခိုက်စေနိုင်ပါသည်၊၊ သင်သည် ဤရောဂါလက္ခဏာများကို ခံစားရပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် အကြံပြုပါသည်၊၊
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဤရောဂါ ဖြစ်ပွားရသည့် တိကျသော အကြောင်းရင်းကို အမြဲတမ်း ရှာဖွေတွေ့ရှိရန် ခက်ခဲပါသည်၊၊ ဦးနှောက်အတွင်း ကြွက်သားလှုပ်ရှားမှုကို ထိန်းချုပ်ပေးသော ဒိုပါမင်းဟုခေါ်သည့် အာရုံကြောဓာတ်တစ်မျိုး မမျှတခြင်းက အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်သည်ဟု သုတေသီများက ယူဆကြပါသည်၊၊
မျိုးရိုးလိုက်ခြင်း –
အထူးသဖြင့် အသက် ၄၀ မတိုင်မီ ဝေဒနာစတင် ခံစားရသူများတွင် ဤရောဂါသည် မိသားစုမျိုးရိုးလိုက်တတ်သည်ကို တွေ့ရပါသည်၊၊ သုတေသီများသည် ဤရောဂါနှင့် ဆက်စပ်နေသော မျိုးဗီဇများ တည်ရှိနိုင်သည့် ခရိုမိုဆုန်းရှိ သီးခြားနေရာများကို ရှာဖွေတွေ့ရှိထားပါသည်၊၊
ကိုယ်ဝန်ဆောင်ခြင်း –
ကိုယ်ဝန်ဆောင်ခြင်း သို့မဟုတ် ဟော်မုန်းအပြောင်းအလဲများက ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်ပါသည်၊၊ အချို့သူများတွင် ကိုယ်ဝန်ဆောင်စဉ် အထူးသဖြင့် နောက်ဆုံးကာလများ၌ ဤဝေဒနာကို ပထမဆုံးအကြိမ် ခံစားရနိုင်ပါသည်၊၊ သို့သော်လည်း လက္ခဏာများသည် ပုံမှန်အားဖြင့် ကလေးမွေးဖွားပြီးနောက်တွင် ပျောက်ကွယ်သွားတတ်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါသည် ကလေးဘဝအပါအဝင် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း အသက်ကြီးလာသည်နှင့်အမျှ ပိုမိုအဖြစ်များလာပါသည်၊၊ ထို့အပြင် အမျိုးသားများထက် အမျိုးသမီးများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်၊၊ ပုံမှန်အားဖြင့် ဤရောဂါသည် ပြင်းထန်သော အခြေခံရောဂါဝေဒနာတစ်ခုခု ရှိနေခြင်းကို ညွှန်ပြခြင်း မဟုတ်သော်လည်း တစ်ခါတစ်ရံတွင် အောက်ပါအခြေအနေများနှင့် တွဲဖက်ဖြစ်ပေါ်တတ်ပါသည်-
- အစွန်အဖျား အာရုံကြောအားနည်းခြင်း၊၊ ဆီးချိုရောဂါနှင့် အရက်စွဲခြင်းကဲ့သို့သော နာတာရှည်ရောဂါများသည် လက်နှင့် ခြေထောက်ရှိ အာရုံကြောများကို ပျက်စီးစေနိုင်ပါသည်၊၊
- သံဓာတ်ချို့တဲ့ခြင်း၊၊ ခန္ဓာကိုယ်တွင် သံဓာတ်ပမာဏ နည်းပါးခြင်းက ဤရောဂါကို ဖြစ်စေနိုင်သည် သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်ပါသည်၊၊ အူလမ်းကြောင်း သို့မဟုတ် အစာအိမ်တွင် သွေးယိုစိမ့်မှုရှိခဲ့သူများ၊ မကြာခဏ သွေးလှူဒါန်းသူများ သို့မဟုတ် ရာသီသွေးအလွန်အကျွံဆင်းသူများတွင် သံဓာတ်ချို့တဲ့မှု ဖြစ်ပေါ်နိုင်ပါသည်၊၊
- ကျောက်ကပ်ပျက်စီးခြင်း၊၊ သင့်တွင် ကျောက်ကပ်ပျက်စီးမှုရှိပါက သွေးအားနည်းခြင်းနှင့်အတူ သံဓာတ်ချို့တဲ့မှု ဖြစ်နိုင်ခြေရှိပါသည်၊၊ ကျောက်ကပ်လုပ်ဆောင်ချက် ချို့ယွင်းသောအခါ သွေးထဲရှိ သံဓာတ်သိုလှောင်မှု ကျဆင်းသွားနိုင်ပါသည်၊၊ ဤသို့သော ခန္ဓာကိုယ်ဓာတုဗေဒ အပြောင်းအလဲများက ဤရောဂါကို ဖြစ်စေနိုင်သည် သို့မဟုတ် ပိုမိုဆိုးရွားစေနိုင်ပါသည်၊၊
- ကျောရိုးမကြီးဆိုင်ရာ ပြဿနာများ၊၊ ကျောရိုးမကြီး ဒဏ်ရာရခြင်း သို့မဟုတ် ပျက်စီးခြင်းတို့သည် ဤရောဂါနှင့် ဆက်စပ်မှုရှိပါသည်၊၊ ကျောရိုးထဲသို့ ထိုးရသော ထုံဆေးပေးခြင်းမျိုးက ဤရောဂါဖြစ်ပွားမှုကို ပိုမိုဆိုးရွားစေတတ်ပါသည်၊၊
- ပါကင်ဆန်ရောဂါ၊၊ ဒိုပါမင်းဓာတ်ကို အထောက်အကူပြုသော ဆေးဝါးများ သုံးစွဲနေရသည့် ပါကင်ဆန်ရောဂါရှင်များတွင် ဤဝေဒနာကို ပိုမိုတွေ့ရှိရလေ့ရှိပါသည်၊၊
ရောဂါရှာဖွေခြင်း
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို ရောဂါရှာဖွေအတည်ပြုရန်အတွက် သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူက သင်၏ဆေးဘက်ဆိုင်ရာရာဇဝင်ကို အသေးစိတ်ပြန်လည်သုံးသပ်ခြင်းနှင့် ခံစားနေရသော လက္ခဏာများကို မေးမြန်းဆွေးနွေးခြင်းတို့ ပြုလုပ်ပါလိမ့်မည်၊၊
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို ရောဂါရှာဖွေရာတွင် နိုင်ငံတကာခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါလေ့လာရေးအဖွဲ့မှ သတ်မှတ်ထားသော အောက်ပါအချက်များအပေါ် အခြေခံပါသည်၊၊ ၎င်းတို့တွင်-
- သင်သည် ခြေထောက်များကို လှုပ်ရှားလိုသည့် မတွန်းလှန်နိုင်သော ဆန္ဒကို အပြင်းအထန် ခံစားရလေ့ရှိပြီး ၎င်းနှင့်အတူ ခြေထောက်များတွင် မအီမသာဖြစ်သော ခံစားမှုများလည်း ရှိတတ်ပါသည်၊၊
- ထိုင်နေစဉ် သို့မဟုတ် လဲလျောင်းနေစဉ်ကဲ့သို့သော အနားယူသည့်အချိန်များတွင် လက္ခဏာများ စတင်ပေါ်ပေါက်လာခြင်း သို့မဟုတ် ပိုမိုပြင်းထန်လာခြင်း ဖြစ်တတ်ပါသည်၊၊
- လမ်းလျှောက်ခြင်း သို့မဟုတ် အကြောဆန့်ခြင်းကဲ့သို့သော လှုပ်ရှားမှုများကို ပြုလုပ်ခြင်းဖြင့် လက္ခဏာများ တစ်စိတ်တစ်ပိုင်း သို့မဟုတ် ခေတ္တခဏ သက်သာရာရစေပါသည်၊၊
- လက္ခဏာများသည် ပုံမှန်အားဖြင့် ညဘက်တွင် ပိုမိုဆိုးရွားလာတတ်ပါသည်၊၊
- အခြားသော ဆေးဘက်ဆိုင်ရာ သို့မဟုတ် အပြုအမူဆိုင်ရာ အခြေအနေတစ်ခုခုက ဤလက္ခဏာများကို လုံလောက်စွာ ရှင်းပြနိုင်ခြင်း မရှိပါ၊၊
သင်၏ဆရာဝန်သည် ရုပ်ပိုင်းဆိုင်ရာနှင့် အာရုံကြောစနစ်ဆိုင်ရာ စစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်၊၊ သင်၏လက္ခဏာများကို ဖြစ်စေနိုင်သော အခြားအကြောင်းရင်းများကို ဖယ်ထုတ်နိုင်ရန် အထူးသဖြင့် သံဓာတ်ပမာဏကို အဓိကထားသည့် သွေးစစ်ဆေးမှုများကို ပြုလုပ်ရန် ညွှန်ကြားနိုင်ပါသည်၊၊ လိုအပ်ပါက သင့်အား အိပ်စက်ခြင်းဆိုင်ရာ အထူးကုဆရာဝန်နှင့် ပြသရန် လွှဲပြောင်းပေးနိုင်ပါသည်၊၊ အိပ်နေစဉ် အသက်ရှူရပ်ခြင်းကဲ့သို့သော အခြားအိပ်စက်မှုဆိုင်ရာ ဝေဒနာတစ်ခုခုရှိသည်ဟု သံသယရှိပါက ထပ်မံအကဲဖြတ်ရန် အိပ်စက်မှုဆိုင်ရာ ဆေးခန်းတွင် တစ်ညအိပ်၍ စစ်ဆေးရန် လိုအပ်နိုင်သော်လည်း ပုံမှန်အားဖြင့် ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို ရောဂါရှာဖွေရန်အတွက် အိပ်စက်မှုဆိုင်ရာ စမ်းသပ်ချက်များ ပြုလုပ်ရန် မလိုအပ်ပါ၊၊
ကုသခြင်း
သံဓာတ်ချို့တဲ့ခြင်းကဲ့သို့သော အခြေခံရောဂါဝေဒနာကို ကုသလိုက်ပါက ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ၏ လက္ခဏာများ ပျောက်ကွယ်သွားနိုင်ပါသည်၊၊ သံဓာတ်ချို့တဲ့မှုကို ကုသရာတွင် သံဓာတ်အားဆေးကို သောက်ဆေးအဖြစ် သုံးစွဲခြင်း သို့မဟုတ် သွေးပြန်ကြောမှတစ်ဆင့် ထိုးနှံခြင်းတို့ ပါဝင်နိုင်ပါသည်၊၊ သွေးအတွင်းရှိ သံဓာတ်ပမာဏကို စစ်ဆေးပြီးနောက် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင်သာ သံဓာတ်အားဆေးများကို သုံးစွဲရန်မှာ အလွန်အရေးကြီးပါသည်၊၊
အခြားရောဂါဝေဒနာတစ်ခုခုနှင့် ဆက်စပ်မှုမရှိသော ခြေဂဏာမငြိမ်ဖြစ်သည့် ရောဂါရှင်များအတွက် ကုသမှုသည် လူနေမှုပုံစံ ပြောင်းလဲခြင်းအပေါ် အဓိကထားပါသည်၊၊ ဤသို့ ပြုလုပ်ခြင်းဖြင့် မထိရောက်ပါက သင်၏ဆရာဝန်က ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်၊၊
ဆေးဝါးများ
ခြေထောက်များ ဂဏာမငြိမ်ဖြစ်ခြင်းကို သက်သာစေရန် ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးစွဲရသော ဆေးဝါးအမျိုးမျိုး ရှိပါသည်၊၊ ၎င်းတို့ကို မူလက အခြားဝေဒနာများကို ကုသရန် ထုတ်လုပ်ထားသော်လည်း ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို စီမံခန့်ခွဲရာတွင် ထိရောက်မှုရှိကြောင်း တွေ့ရှိရပါသည်၊၊ ဤဆေးဝါးများတွင် ပါဝင်သည်မှာ-
- ဦးနှောက်အတွင်းရှိ ဒိုပါမင်းပမာဏကို မြင့်တက်စေသော ဆေးဝါးများ၊၊ ဤဆေးဝါးများသည် ဦးနှောက်အတွင်းရှိ အာရုံကြောဓာတ်တစ်မျိုးဖြစ်သော ဒိုပါမင်းပမာဏအပေါ် သက်ရောက်မှုရှိပါသည်၊၊ ရိုတီဂိုတင်း၊ ပရာမီပက်ဇိုးလ်နှင့် ရိုပီနီရိုးလ်တို့မှာ အလယ်အလတ်မှ ပြင်းထန်သော ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို စီမံခန့်ခွဲရန်အတွက် ခွင့်ပြုထားသော ဆေးဝါးများ ဖြစ်ကြပါသည်၊၊
ဤဆေးဝါးများ၏ ကာလတို ဘေးထွက်ဆိုးကျိုးများသည် ပုံမှန်အားဖြင့် အပျော့စားဖြစ်ပြီး ပျို့အန်ခြင်း၊ မူးဝေခြင်းနှင့် နွမ်းနယ်ခြင်းတို့ ပါဝင်နိုင်ပါသည်၊၊ သို့သော် ၎င်းတို့သည် အတင်းအကြပ် လောင်းကစားခြင်းကဲ့သို့သော စိတ်လိုက်မာန်ပါ ပြုမူသည့် ပြဿနာများနှင့် နေ့ဘက်တွင် အိပ်ငိုက်ခြင်းတို့ကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်၊၊ တစ်ခါတစ်ရံတွင် အစပိုင်း၌ လက္ခဏာများကို သက်သာစေသော ဒိုပါမင်းဆေးဝါးများသည် အချိန်ကြာလာသည်နှင့်အမျှ ထိရောက်မှု လျော့နည်းသွားနိုင်သည် သို့မဟုတ် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားလာစေနိုင်ပါသည်၊၊ ၎င်းသည် လက္ခဏာများမှာ နေ့ဘက်တွင် ပိုမိုစောစီးစွာ ပြန်လည်ပေါ်ပေါက်လာခြင်း သို့မဟုတ် လက်မောင်းများကဲ့သို့သော အခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိခိုက်လာခြင်းမျိုး ဖြစ်နိုင်ပါသည်၊၊
ဤကဲ့သို့ ရောဂါပိုမိုဆိုးရွားလာပါက သင်၏ဆရာဝန်က အခြားဆေးဝါးတစ်မျိုးသို့ ပြောင်းလဲရန် အကြံပြုနိုင်ပါသည်၊၊ ရောဂါလက္ခဏာများ ရံဖန်ရံခါသာ ဖြစ်ပေါ်သူများအတွက် ကာဘီဒိုပါ လီဗိုဒိုပါ ဆေးကို လိုအပ်သလို သုံးစွဲရန် ညွှန်ကြားနိုင်ပါသည်၊၊ သို့သော် ဤဆေးကို နေ့စဉ် သို့မဟုတ် နေ့တိုင်းနီးပါး သုံးစွဲရန်မှာ ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာစေနိုင်သောကြောင့် အကြံမပြုပါ၊၊ - ကယ်လ်စီယမ် လမ်းကြောင်းကို အားပေးသော ဆေးဝါးများ၊၊ ဂါဘာပင်တင်၊ ဂါဘာပင်တင် အီနာကာဘေးလ်နှင့် ပရီဂါဘာလင်ကဲ့သို့သော ဆေးဝါးများသည် အချို့သူများတွင် ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ လက္ခဏာများကို စီမံခန့်ခွဲရာ၌ ထိရောက်မှုရှိကြောင်း တွေ့ရပါသည်၊၊
- အိုပီရွိုက်ဆေးများ၊၊ ပြင်းထန်သော လက္ခဏာများအတွက် အဓိကထား ညွှန်ကြားသော ဆေးဝါးများဖြစ်ပြီး အထူးသဖြင့် ပမာဏအများအပြား သုံးစွဲသည့်အခါ စွဲလမ်းစေနိုင်သော အန္တရာယ် ရှိပါသည်၊၊ ထရာမာဒိုးလ်၊ ကိုဒင်း၊ အောက်ဆီကိုဒုန်းနှင့် ဟိုက်ဒရိုကိုဒုန်းတို့မှာ ၎င်း၏ ဥပမာများ ဖြစ်ကြပါသည်၊၊
- ကြွက်သားပြေလျော့စေသော ဆေးဝါးများနှင့် အိပ်ဆေးများ၊၊ ဤဆေးဝါးများသည် အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ပေးနိုင်သော်လည်း ခြေထောက်ရှိ ခံစားမှုများကို တိုက်ရိုက် သက်သာစေခြင်း မရှိပါ၊၊ ၎င်းတို့သည် နေ့ဘက်တွင် အိပ်ငိုက်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်၊၊ ပုံမှန်အားဖြင့် အခြားသော ကုသမှုများက သက်သာရာ မရစေသည့်အခါမှသာ ၎င်းတို့ကို စဉ်းစားလေ့ရှိပါသည်၊၊
ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါကို စီမံခန့်ခွဲရန် အထိရောက်ဆုံးသော ဆေးဝါး သို့မဟုတ် ဆေးဝါးများ ပေါင်းစပ်မှုအား ရှာဖွေရာတွင် အကြိမ်ကြိမ် စမ်းသပ်ရန် လိုအပ်နိုင်ပါသည်၊၊ ဤရောဂါအတွက် အသုံးများသော ဆေးဝါးများစွာကို ကိုယ်ဝန်ဆောင်စဉ်အတွင်း သုံးစွဲရန် ပုံမှန်အားဖြင့် အကြံမပြုပါ၊၊ ယင်းအစား လက္ခဏာများကို သက်သာစေရန် မိမိကိုယ်တိုင် ဂရုစိုက်သည့် နည်းလမ်းများကို ဆရာဝန်များက အကြံပြုနိုင်ပါသည်၊၊ သို့သော် ကိုယ်ဝန်ဆောင် နောက်ဆုံးသုံးလပတ်တွင် လက္ခဏာများမှာ အလွန်စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလာပါက အချို့သော ဆေးဝါးများကို ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုအောက်တွင် သုံးစွဲရန် ခွင့်ပြုနိုင်ပါသည်၊၊
ထို့ပြင် အချို့သော ဆေးဝါးများသည် ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သော စွမ်းရည်ရှိပါသည်၊၊ ၎င်းတို့တွင် အချို့သော စိတ်ကျရောဂါကုဆေးများ၊ စိတ်ရောဂါကုဆေးများ၊ အော့အန်ခြင်းသက်သာစေသော ဆေးများနှင့် အအေးမိ သို့မဟုတ် ဓာတ်မတည့်မှုအတွက် ဆေးဝါးများ ပါဝင်နိုင်ပါသည်၊၊ ဖြစ်နိုင်ပါက ဆရာဝန်များက ၎င်းတို့ကို အသုံးမပြုရန် အကြံပြုပါလိမ့်မည်၊၊ သို့သော် အသုံးပြရန် လိုအပ်ပါက ခြေဂဏာမငြိမ်ဖြစ်သည့်ရောဂါ လက္ခဏာများကို ကူညီစီမံပေးနိုင်မည့် အခြားသော ကုသမှုများအကြောင်းကို ဆွေးနွေးနိုင်ပါသည်၊၊
