အကျဉ်းချုပ်အကြောင်းအရာ
နှာခေါင်းအသားပိုများသည် နှာခေါင်းနှင့် နှာခေါင်းဘေးရှိ လေအိတ်များ၏ အတွင်းနံရံအမြှေးပါးမှ ထွက်လာသော ကင်ဆာမဟုတ်သည့် အဖုအကျိတ်များ ဖြစ်ပါသည်၊၊ နှာခေါင်းအသားပိုသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်သော်လည်း လူကြီးများတွင် ပိုမိုအဖြစ်များပါသည်၊၊ ၎င်းတို့သည် တွဲလောင်းကျနေသော မျက်ရည်စက်များနှင့်တူပြီး ပျော့ပျောင်းသော်လည်း နာကျင်မှုမရှိပါ၊၊ မကြာခဏ ပိုးဝင်ခြင်း၊ ဓာတ်မတည့်ခြင်း၊ ပန်းနာရင်ကြပ်ရောဂါ၊ ကိုယ်ခံအားစနစ် ချို့ယွင်းခြင်း သို့မဟုတ် ဆေးဝါးများနှင့် မတည့်ခြင်းတို့နှင့် ဆက်စပ်နေသော နာတာရှည် ရောင်ရမ်းမှုများကြောင့် နှာခေါင်းအသားပိုများ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်၊၊
နှာခေါင်းအသားပိုများကြောင့် လက္ခဏာများ မပေါ်ပေါက်နိုင်သော်လည်း အရေအတွက် များပြားလာပါက နှာခေါင်းပိတ်ခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်း၊ မကြာခဏ ပိုးပြန်ဝင်ခြင်းနှင့် အနံ့ခံစားမှု ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါသည်၊၊
ကုသမှုများတွင် နှာခေါင်းအသားပို အရွယ်အစားကို သေးငယ်သွားစေရန် သို့မဟုတ် ဖယ်ရှားရန် ဆေးဝါးများ အသုံးပြုခြင်း ပါဝင်ပါသည်၊၊ သို့သော် ခွဲစိတ်မှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်၊၊ နှာခေါင်းအသားပိုများကို ဖယ်ရှားနိုင်သော်လည်း ပြန်လည်ဖြစ်ပွားတတ်သော သဘောရှိပါသည်၊၊
ရောဂါလက္ခဏာများ
နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်များ နာတာရှည် ယားယံရောင်ရမ်းခြင်း (နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်း) ကြောင့် နှာခေါင်းအသားပိုများ ဖြစ်ပွားပါသည်၊၊ သို့သော် နာတာရှည် နှာခေါင်းလေအိတ်မရောင်ဘဲလည်း နှာခေါင်းအသားပိုများ ဖြစ်နိုင်ပါသည်၊၊
နှာခေါင်းအသားပိုများသည် သေးငယ်ပါက သတိမထားမိဘဲ ရှိနေနိုင်ပါသည်၊၊ သို့သော် ကြီးမားသော သို့မဟုတ် များပြားသော နှာခေါင်းအသားပိုများသည် နှာခေါင်းနှင့် လေအိတ်လမ်းကြောင်းများကို ပိတ်ဆို့စေနိုင်ပါသည်၊၊
နှာခေါင်းအသားပိုနှင့် နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်းတို့တွင် အောက်ပါ တူညီသော လက္ခဏာများ ရှိတတ်ပါသည်၊၊
- နှာခေါင်းပိတ်ခြင်း
- နှာရည်ယိုခြင်း သို့မဟုတ် လည်ချောင်းထဲသို့ နှာရည်စီးကျခြင်း
- အနံ့ခံစားမှု ပျောက်ဆုံးခြင်း
- အရသာခံစားမှု ပျောက်ဆုံးခြင်း
- ခေါင်းကိုက်ခြင်း သို့မဟုတ် မျက်နှာတွင် နာကျင်ခြင်း
- အပေါ်သွားများ နာကျင်ခြင်း
- မကြာခဏ နှာခေါင်းသွေးယိုခြင်း
- ဟောက်ခြင်း
အကယ်၍ ဤလက္ခဏာများသည် ၁၀ ရက်ထက်ပို၍ ကြာမြင့်ပါက ဆရာဝန်နှင့် တိုင်ပင်ပါ၊၊ နှာခေါင်းအသားပို သို့မဟုတ် နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်းတို့နှင့် လက္ခဏာချင်း အလွန်တူသော ရောဂါများစွာ ရှိပါသည်၊၊
အောက်ပါ လက္ခဏာများ ခံစားရပါက အရေးပေါ် ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်း ရယူပါ၊၊
- မျက်လုံးများ ပြင်းထန်စွာ ရောင်ရမ်းခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- ရောဂါလက္ခဏာများ ရုတ်တရက် ပိုမိုဆိုးရွားလာခြင်း
- ပုံရိပ်များ နှစ်ထပ်မြင်ရခြင်း သို့မဟုတ် မျက်လုံးကို ကောင်းစွာ မလှုပ်ရှားနိုင်ခြင်း
- ဖျားခြင်းနှင့်အတူ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းကို ရှေ့သို့ မငုံ့နိုင်ခြင်း
ဖြစ်ပွားရသည့် အကြောင်းရင်းများ
နှာခေါင်းအသားပို ဖြစ်ပွားရသည့် အကြောင်းရင်းများကို ရှင်းလင်းစွာ မသိရသေးပါ၊၊ နှာခေါင်းအသားပိုများသည် နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်များ ရေရှည်ရောင်ရမ်းခြင်းနှင့် ဆက်စပ်နေသော်လည်း ဖြစ်ပွားမှုအားလုံးသည် နှာခေါင်းရောင်ရမ်းမှုကြောင့် မဟုတ်ပါ၊၊ နှာခေါင်းအသားပို ဖြစ်ပေါ်သူများသည် နှာခေါင်းနှင့် လေအိတ်အတွင်းနံရံများတွင် ထူးခြားသော ကိုယ်ခံအား တုံ့ပြန်မှုနှင့် အမြှေးပါးဆိုင်ရာ ဓာတုဗေဒ အမှတ်အသားများ ရှိတတ်ကြောင်း အထောက်အထားအချို့ ရှိပါသည်၊၊
နှာခေါင်းအသားပိုများသည် မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်နိုင်သော်လည်း ပုံမှန်အားဖြင့် လူငယ်နှင့် လူလတ်ပိုင်းများတွင် ဖြစ်ပွားလေ့ရှိပါသည်၊၊ နှာခေါင်းအသားပိုများ အဖြစ်အများဆုံး နေရာမှာ နှာခေါင်း၊ မျက်လုံးနှင့် ပါးရိုးအနီးရှိ လေအိတ်များတွင် ဖြစ်ပါသည်၊၊ သို့သော် ၎င်းတို့သည် လေအိတ် သို့မဟုတ် နှာခေါင်းလမ်းကြောင်း၏ မည်သည့်နေရာတွင်မဆို ဖြစ်ပွားနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်များကို ယားယံရောင်ရမ်းစေသော အကြောင်းအရာများ (ဥပမာ- ဓာတ်မတည့်ခြင်းနှင့် ပိုးဝင်ခြင်း) ကြောင့် နှာခေါင်းအသားပို ဖြစ်နိုင်ခြေ မြင့်တက်လာပါသည်၊၊
အောက်ပါ အခြေအနေများသည် နှာခေါင်းအသားပို ဖြစ်ပွားမှုနှင့် ဆက်စပ်နေပါသည်၊၊
- အက်စပရင်ဆေးနှင့် မတည့်ခြင်း
- ပန်းနာရင်ကြပ်ရောဂါ၊၊ ဤအခြေအနေသည် လေပြွန်များကို ကျဉ်းစေပါသည်၊၊
- မှိုကြောင့်ဖြစ်သော နှာခေါင်းလေအိတ်ရောင်ခြင်း၊၊ လေထဲမှတစ်ဆင့် မှိုနှင့် ဓာတ်မတည့်ခြင်း ဖြစ်ပါသည်၊၊
- စီစတစ် ဖိုင်ဘရိုးစစ် ရောဂါ၊၊ ၎င်းသည် ခန္ဓာကိုယ်မှ ထွက်သော အရည်များကို စေးကပ်စေသော မျိုးရိုးဗီဇရောဂါဖြစ်ပြီး နှာခေါင်းနှင့် လေအိတ်များမှ ပျစ်ချွဲသော အချွဲများကို ထွက်စေပါသည်၊၊
- ချပ်စထရောက် ရောဂါစု၊၊ ၎င်းသည် သွေးကြောများကို ရောင်ရမ်းစေသော ရှားပါးသည့် ဝေဒနာတစ်မျိုး ဖြစ်ပါသည်၊၊
- ဗီတာမင် ဒီ ချို့တဲ့ခြင်း၊၊
ရောဂါရှာဖွေခြင်း
ဆရာဝန်၏ ရောဂါရှာဖွေမှုသည် ပုံမှန်အားဖြင့် ရောဂါလက္ခဏာများအပေါ် အခြေခံခြင်းနှင့်အတူ နှာခေါင်းနှင့် တစ်ကိုယ်လုံးကို စစ်ဆေးအကဲဖြတ်ခြင်းတို့ ပါဝင်ပါသည်၊၊ နှာခေါင်းအတွင်းသို့ အလင်းရောင်ဖြင့် ထိုးကြည့်ခြင်းဖြင့် အသားပိုကို မြင်တွေ့နိုင်ပါသည်၊၊ နှာခေါင်းအသားပိုကို ရောဂါရှာဖွေရန် ပြုလုပ်နိုင်သော စစ်ဆေးမှုအချို့မှာ-
- နှာခေါင်းအတွင်းကြည့် မှန်ပြောင်းစစ်ဆေးခြင်း၊၊ နှာခေါင်းအတွင်းကြည့် မှန်ပြောင်းဆိုသည်မှာ ချဲ့ကြည့်နိုင်သော မှန်ဘီလူးနှင့် မီးပါသော ကင်မရာတပ်ဆင်ထားသည့် သေးငယ်သော ပြွန်ချောင်းလေးဖြစ်ပြီး ၎င်းကို ဆရာဝန်က နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်များကို ပိုမိုကောင်းမွန်စွာ မြင်နိုင်ရန် အသုံးပြုပါသည်၊၊
- ပုံရိပ်ဖော် စစ်ဆေးမှုများ၊၊ ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်းဖြင့် အသားပို၏ အရွယ်အစားနှင့် လေအိတ်များအတွင်းရှိ တည်နေရာကို မြင်နိုင်သည့်အပြင် အသားပိုများ မည်မျှရောင်ရမ်းနေသည်ကိုလည်း အကဲဖြတ်နိုင်ပါသည်၊၊
ပုံရိပ်ဖော်စစ်ဆေးခြင်းသည် နှာခေါင်းလမ်းကြောင်းအတွင်းရှိ အခြားသော ပိတ်ဆို့မှုများ (ဥပမာ- ပုံမှန်မဟုတ်သော ဖွဲ့စည်းပုံများ သို့မဟုတ် ကင်ဆာဖြစ်နိုင်သော သို့မဟုတ် ကင်ဆာမဟုတ်သော အခြားအသားပိုများ) ရှိ၊ မရှိကို ဆရာဝန်က စစ်ဆေးရာတွင် အထောက်အကူပြုပါသည်၊၊ - ဓာတ်မတည့်မှု စစ်ဆေးခြင်း၊၊ နာတာရှည် ရောင်ရမ်းမှုကို ဖြစ်စေသော သင်၏ ဓာတ်မတည့်မှုများကို သိရှိနိုင်ရန် ဆရာဝန်က လက်ဖျံ သို့မဟုတ် ကျောဘက်ရှိ အရေပြားပေါ်တွင် အရေပြား တို့ဖတ်စစ်ဆေးခြင်းကို ပြုလုပ်နိုင်ပါသည်၊၊ မတူညီသော ဓာတ်မတည့်ပစ္စည်းများအတွက် သီးခြား ခုခံအားပစ္စည်းများ ရှိ၊ မရှိကို စစ်ဆေးရန် သွေးစစ်ခြင်းကိုလည်း ပြုလုပ်နိုင်ပါသည်၊၊
- စီစတစ် ဖိုင်ဘရိုးစစ် ရောဂါအတွက် စစ်ဆေးခြင်း၊၊ သင်၏ကလေးတွင် နှာခေါင်းအသားပိုရှိကြောင်း တွေ့ရှိပါက ချွေးစစ်ဆေးခြင်းဟုခေါ်သော နာကျင်မှုမရှိသည့် စစ်ဆေးမှုကို ဆရာဝန်က အကြံပြုနိုင်ပါသည်၊၊ စီစတစ် ဖိုင်ဘရိုးစစ်သည် ချွေး၊ မျက်ရည်၊ တံတွေး၊ အချွဲနှင့် အစာခြေရည်များကို ထုတ်ပေးသော ဂလင်းများကို ထိခိုက်စေသည့် မျိုးရိုးလိုက်သော ရောဂါတစ်မျိုး ဖြစ်ပါသည်၊၊ ချွေးစစ်ဆေးခြင်းသည် ကလေး၏ချွေးတွင် ဆားဓာတ်ပါဝင်မှု ပုံမှန်ထက် မြင့်မားနေခြင်း ရှိ၊ မရှိကို ဆုံးဖြတ်ပေးပါသည်၊၊
- သွေးစစ်ခြင်း၊၊ နှာခေါင်းအသားပိုများသည် သွေးထဲတွင် ဗီတာမင် ဒီ ပမာဏ ချို့တဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်၊၊
ကုသခြင်း
အသားပို ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်းကို အပြီးတိုင်ဖယ်ရှားရန်မှာ အတော်ပင် ခက်ခဲပါသည်၊၊ သင်၏ ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် နာတာရှည်ရောင်ရမ်းခြင်းနှင့် ဓာတ်မတည့်ခြင်းကဲ့သို့သော အချက်များကို ကုသရန်အတွက် ကျန်းမာရေးစောင့်ရှောက်သူများနှင့်အတူ ရေရှည်ကုသမှု အစီအစဉ်ကို ဂရုတစိုက် ချမှတ်ရမည် ဖြစ်ပါသည်၊၊
နှာခေါင်းအသားပို ကုသမှုသည် အသားပိုကို သေးငယ်သွားစေရန် သို့မဟုတ် လုံးဝဖယ်ရှားရန် ရည်ရွယ်ပါသည်၊၊ ဆေးဝါးများ အသုံးပြုခြင်းသည် ပထမဆုံး ကုသမှုနည်းလမ်း ဖြစ်ပါသည်၊၊ အချို့သောအခြေအနေများတွင် ခွဲစိတ်မှုကို အကြံပြုနိုင်သော်လည်း နှာခေါင်းအသားပိုများသည် အများအားဖြင့် ပြန်လည်ဖြစ်ပွားတတ်သောကြောင့် ၎င်းသည် အမြဲတမ်း ပျောက်ကင်းသည့် ကုသမှုမျိုး မဟုတ်ပါ၊၊
ဆေးဝါးများ
နှာခေါင်းအသားပိုအတွက် အစောပိုင်း ကုသမှုမှာ အသားပိုအရွယ်အစားကို လျှော့ချနိုင်သော သို့မဟုတ် လုံးဝ ပျောက်ကင်းစေနိုင်သော ဆေးဝါးများ ဖြစ်ပါသည်၊၊ ထိုဆေးဝါးများတွင် ပါဝင်သည်မှာ-
- နှာခေါင်းဖျန်း စတီးရွိုက်ဆေးများ၊၊ ယားယံခြင်းနှင့် ရောင်ရမ်းခြင်းကဲ့သို့သော လက္ခဏာများကို သက်သာစေရန် ဆရာဝန်က နှာခေါင်းဖျန်း စတီးရွိုက်ဆေးများကို ညွှန်ကြားပါလိမ့်မည်၊၊ ထို့ပြင် ဤကုသမှုသည် နှာခေါင်းအသားပိုများကို သေးငယ်သွားစေခြင်း သို့မဟုတ် လုံးဝ ပျောက်ကွယ်သွားစေခြင်းတို့ကို ပြုလုပ်နိုင်ပါသည်၊၊ ဘူဒီဆိုနိုက်၊ မိုမီတာဇုန်း၊ ဆီကလီဆိုနိုက်၊ ဖလူတီကာဇုန်း၊ ဘက်ကလိုမီတာဇုန်းနှင့် ထရိုင်ယမ်စီနိုလုန်းတို့သည် နှာခေါင်းဖျန်း စတီးရွိုက်ဆေးများ၏ ဥပမာများ ဖြစ်ကြပါသည်၊၊
- စတီးရွိုက် သောက်ဆေးများ၊၊ နှာခေါင်းဖျန်းဆေးဖြင့် မထိရောက်ပါက နှာခေါင်းဖျန်းဆေးနှင့်အတူ တွဲဖက်သောက်ရမည့် ပရက်ဒနီဆိုလုံးကဲ့သို့သော သောက်ဆေးများကို ဆရာဝန်က ညွှန်ကြားနိုင်ပါသည်၊၊ သို့သော် စတီးရွိုက်သောက်ဆေးများသည် ပြင်းထန်သော ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ၎င်းတို့ကို ကာလတိုအတွင်းသာ သောက်သုံးရပါသည်၊၊ နှာခေါင်းအသားပိုသည် ပြင်းထန်သော အခြေအနေဖြစ်ပါက စတီးရွိုက်ဆေးကို သွေးပြန်ကြောမှတစ်ဆင့် ထိုးနှံနိုင်ပါသည်၊၊
- နှာခေါင်းအသားပိုနှင့် နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်းအတွက် ဆေးဝါးများ၊၊ သင့်တွင် နှာခေါင်းအသားပိုနှင့် နာတာရှည် နှာခေါင်းလေအိတ်ရောင်ခြင်းရှိပါက နှာခေါင်းပိတ်ခြင်းကို သက်သာစေရန်နှင့် အသားပိုများကို သေးငယ်သွားစေရန် ဒူပီလူမက်ပ်ကဲ့သို့သော သွေးပြန်ကြောထိုးဆေးကို ဆရာဝန်က ပေးနိုင်ပါသည်၊၊
- အခြားဆေးဝါးများ၊၊ သင့်တွင် နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်များကို အချိန်ကြာမြင့်စွာ ရောင်ရမ်းစေသော ဓာတ်မတည့်မှုများ ရှိပါက ဓာတ်မတည့်မှုအတွက် ဆေးဝါးများနှင့် နာတာရှည် ပိုးဝင်ခြင်း သို့မဟုတ် မကြာခဏ ပိုးပြန်ဝင်ခြင်းကို ကုသရန် ပဋိဇီဝဆေးများကို ဆရာဝန်က အကြံပြုနိုင်ပါသည်၊၊
ဓာတ်မတည့်မှုဆိုင်ရာ ဆရာဝန်က နှာခေါင်းအသားပိုနှင့် အက်စပရင်ဆေး မတည့်ခြင်းကို ကုသနိုင်ရန် အက်စပရင်နှင့် ပြန်လည်ကျင့်သားရစေသော ကုသမှုကိုလည်း အကြံပြုနိုင်ပါသည်၊၊ ဤနည်းလမ်းတွင် လူနာသည် အက်စပရင်ကို ရေရှည်ခံနိုင်ရည်ရှိစေရန် ဆေးခန်း သို့မဟုတ် ဆေးရုံတွင် နေထိုင်စဉ်အတွင်း ဆရာဝန်က အက်စပရင် ပမာဏကို တဖြည်းဖြည်း တိုးမြှင့်ပေးခြင်း ဖြစ်ပါသည်၊၊
ခွဲစိတ်ကုသခြင်း
မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းသည် ဆေးရုံတွင် ညအိပ်ရန် မလိုသော ကုသမှုဖြစ်ပြီး မီးပါသော ကင်မရာတပ်ဆင်ထားသည့် သေးငယ်သော ပြွန်ချောင်းလေး (မှန်ပြောင်း) ကို အသုံးပြု၍ နှာခေါင်းလမ်းကြောင်းနှင့် လေအိတ်အတွင်းပိုင်းများသို့ ရောက်ရှိအောင် ပြုလုပ်ခြင်း ဖြစ်ပါသည်၊၊ ခွဲစိတ်ကိရိယာများကို မှန်ပြောင်းအတွင်းသို့ ထည့်သွင်းကာ အသားပိုများကို ဖယ်ရှားခြင်းနှင့်အတူ လေအိတ်များအတွင်းရှိ အခြားသော ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားနိုင်ပါသည်၊၊
ခွဲစိတ်မှုသည် နှာခေါင်းအသားပိုများကို ဖယ်ရှားပေးရုံသာမက လေအိတ်များ ရောင်ရမ်းမှုကို ကုသရာတွင်လည်း အထောက်အကူပြုပါသည်၊၊ ထို့ပြင် အသားပိုများ ထပ်မံမကြီးထွားစေရန် ကာကွယ်ပေးပြီး လေအိတ်များမှ နှာခေါင်းလမ်းကြောင်းသို့ ဆင်းသည့် လမ်းကြောင်းကိုလည်း ကျယ်စေပါသည်၊၊
ခွဲစိတ်မှုအပြီးတွင် အနာကျက်စေရန် ဆားရည်ဖြင့် ဆေးကြောခြင်းကို ခွဲစိတ်ဆရာဝန်က ညွှန်ကြားပါလိမ့်မည်၊၊ ထို့ပြင် နှာခေါင်းအသားပိုများ ပြန်လည်မဖြစ်ပွားစေရန်အတွက် ခွဲစိတ်မှုအပြီးတွင် စတီးရွိုက် နှာခေါင်းဖျန်းဆေးကို အသုံးပြုရပါသည်၊၊
