ရှေ့ပြေးလက္ခဏာပြ မိုင်ဂရိန်းရောဂါ
အကျဉ်းချုပ်အကြောင်းအရာ
အော်ရာဟုခေါ်သော ရှေ့ပြေးလက္ခဏာများ ပြသသည့် မိုင်ဂရိန်းရောဂါကို ဂန္ထဝင်မိုင်ဂရိန်းရောဂါဟုလည်း လူသိများပြီး အာရုံခံစားမှုဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်ပြီးနောက် သို့မဟုတ် ဖြစ်ပေါ်နေစဉ်အတွင်း ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ဆိုလိုပါသည်၊၊ အဆိုပါ အနှောင့်အယှက်များတွင် အလင်းရောင်များ လက်ကနဲဖြစ်ခြင်း၊ အမြင်အာရုံ ကွယ်ပျောက်သော အစက်အပြောက်များဖြစ်ခြင်းနှင့် အခြားအမြင်အာရုံ ပြောင်းလဲမှုများအပြင် လက် သို့မဟုတ် မျက်နှာတွင် စစ်ကနဲဖြစ်ခြင်းတို့ ပါဝင်နိုင်ပါသည်၊၊ ဤအခြေအနေသည် မိုင်ဂရိန်း ဝေဒနာ မစတင်မီ မိနစ် ၃၀ မှ ၆၀ အလိုတွင် ပေါ်လာနိုင်သလို ဝေဒနာ ခံစားနေရစဉ်အတွင်း၌လည်း ပေါ်လာနိုင်ပါသည်၊၊ မိုင်ဂရိန်း ဝေဒနာရှင်အားလုံးတွင် ဤကဲ့သို့သော ရှေ့ပြေးလက္ခဏာများ မပြတတ်ကြောင်းကို နားလည်ထားရန် အရေးကြီးပါသည်၊၊
ရှေ့ပြေးလက္ခဏာမပြသော သာမန်မိုင်ဂရိန်းရောဂါကိုလည်း ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါကဲ့သို့ပင် ကုသမှုများ ပေးပါသည်၊၊ မိုင်ဂရိန်းကို ကာကွယ်ရန် အသုံးပြုသော ဆေးဝါးများနှင့် ကိုယ်တိုင်ဂရုစိုက်သည့် နည်းလမ်းများကိုပင် ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါ မဖြစ်အောင် ကြိုးစားကာကွယ်ရန် အသုံးပြုနိုင်ပါသည်၊၊
မိုင်ဂရိန်း၏ ရှေ့ပြေးလက္ခဏာများသည် စိတ်မသက်မသာ ဖြစ်စေသော်လည်း အန္တရာယ် မရှိပါ၊၊ သို့သော် ၎င်းတို့သည် လေဖြတ်ခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် ရောဂါလက္ခဏာများနှင့် ဆင်တူနိုင်ပါသည်၊၊ ထို့ကြောင့် တစ်ခုခု ထူးခြားနေသည်ဟု သံသယရှိပါက ဆေးဘက်ဆိုင်ရာ အကူအညီ ရယူရန် အလွန်အရေးကြီးပါသည်၊၊
ရောဂါလက္ခဏာများ
ယာယီ အမြင်အာရုံ ချို့ယွင်းခြင်း သို့မဟုတ် အခြားသော အနှောင့်အယှက်များသည် မိုင်ဂရိန်း၏ ရှေ့ပြေးလက္ခဏာများ ဖြစ်ကြပြီး ၎င်းတို့သည် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အလင်း သို့မဟုတ် အသံကို မခံနိုင်ခြင်း စသည့် အခြား မိုင်ဂရိန်း လက္ခဏာများ မပေါ်မီတွင် ဖြစ်ပေါ်လေ့ရှိပါသည်၊၊
မိုင်ဂရိန်း ရှေ့ပြေးလက္ခဏာသည် ပုံမှန်အားဖြင့် ခေါင်းမကိုက်မီ တစ်နာရီခန့်အလိုတွင် စတင်ပြီး တစ်နာရီထက်မနည်း ကြာတတ်ပါသည်၊၊ တစ်ခါတစ်ရံတွင် အထူးသဖြင့် အသက် ၅၀ ကျော်သူများ၌ ခေါင်းကိုက်ခြင်း မရှိဘဲ မိုင်ဂရိန်း ရှေ့ပြေးလက္ခဏာများသာ ဖြစ်ပေါ်နိုင်ပါသည်၊၊
အမြင်အာရုံဆိုင်ရာ လက္ခဏာများ
ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်း ဝေဒနာရှင် အများစုသည် အမြင်အာရုံ၏ အလယ်ဗဟိုမှ စတင်ပြီး အပြင်ဘက်သို့ ပြန့်ကားသွားတတ်သော ယာယီ အမြင်အာရုံ ချို့ယွင်းမှုများကို ခံစားရလေ့ရှိပါသည်၊၊ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- အမြင်အာရုံ ချို့ယွင်းခြင်း သို့မဟုတ် အမြင် ကွယ်ပျောက်သွားခြင်း
- အလင်းရောင်များ လက်ကနဲ ဖြစ်ခြင်း
- ဂျီဩမေတြီ ပုံစံများဖြင့် ဝန်းရံထားတတ်သော အမြင်ကွယ် အစက်အပြောက်များ ဖြစ်ခြင်း
- အမြင်အာရုံထဲတွင် ကွေ့ကောက်နေသော အစင်းကြောင်းများ တဖြည်းဖြည်း လွင့်မျောနေခြင်း
- ကြယ်များ သို့မဟုတ် တလက်လက်တောက်ပနေသော အစက်အပြောက်များကို မြင်နေရခြင်း
အခြားသော အနှောင့်အယှက်များ
မိုင်ဂရိန်း ရှေ့ပြေးလက္ခဏာနှင့် ဆက်စပ်နေတတ်သော အခြားသော ခေတ္တခဏ အနှောင့်အယှက်များမှာ-
- စကားပြောရန် ခက်ခဲခြင်း
- ကြွက်သားများ အားနည်းခြင်း
- ထုံကျင်ခြင်း (၎င်းသည် ပုံမှန်အားဖြင့် မျက်နှာ၏ တစ်ခြမ်း သို့မဟုတ် လက်တစ်ဖက်တွင် စစ်ကနဲဖြစ်ခြင်းအဖြစ် ပေါ်ပေါက်လာပြီး ခြေလက်အင်္ဂါများသို့ တဖြည်းဖြည်း ပျံ့နှံ့သွားနိုင်ပါသည်)
ယာယီ အမြင်အာရုံ ကွယ်ပျောက်ခြင်း၊ စကားပြောရန် သို့မဟုတ် နားလည်ရန် ခက်ခဲခြင်း၊ သို့မဟုတ် ခန္ဓာကိုယ်၏ တစ်ခြမ်း အားနည်းသွားခြင်း စသည့် ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်း လက္ခဏာအသစ်များ ခံစားရပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ပါ၊၊ လေဖြတ်ခြင်းနှင့် အခြား ပြင်းထန်သော ရောဂါများ မဟုတ်ကြောင်းကို ဆရာဝန်က သေချာစွာ စစ်ဆေးပေးရပါမည်၊၊
ဖြစ်ပွားရသည့် အကြောင်းရင်းများ
ဦးနှောက်အတွင်း ဖြတ်သန်းသွားသော လျှပ်စစ် သို့မဟုတ် ဓာတုလှိုင်းများကြောင့် မိုင်ဂရိန်း ရှေ့ပြေးလက္ခဏာများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း သက်သေအထောက်အထားများ ရှိပါသည်၊၊ သင် ခံစားရနိုင်သော လက္ခဏာ အမျိုးအစားသည် လျှပ်စစ် သို့မဟုတ် ဓာတုလှိုင်းများ ပြန့်နှံ့သွားသည့် ဦးနှောက်၏ အစိတ်အပိုင်းပေါ်တွင် မူတည်ပါသည်၊၊
အာရုံခံစားမှုများ၊ စကားပြောသည့် ဗဟိုချက်များ သို့မဟုတ် လှုပ်ရှားမှု ထိန်းချုပ်သည့် ဗဟိုချက်များရှိသော နေရာများတွင် ဤလျှပ်စစ် သို့မဟုတ် ဓာတုလှိုင်းများ ပေါ်လာနိုင်ပါသည်၊၊ အဖြစ်အများဆုံး ရှေ့ပြေးလက္ခဏာမှာ အမြင်အာရုံဆိုင်ရာ အော်ရာဖြစ်ပြီး လျှပ်စစ်လှိုင်းသည် အမြင်အာရုံဆိုင်ရာ ဦးနှောက်လွှာအတွင်း ဖြတ်သန်းသွားသောအခါ အမြင်အာရုံဆိုင်ရာ လက္ခဏာများအဖြစ် ပေါ်ပေါက်လာပါသည်၊၊
လျှပ်စစ်နှင့် ဓာတုလှိုင်းများသည် ဦးနှောက်ကို ထိခိုက်မှု မရှိစေဘဲ အာရုံကြောများ ပုံမှန်အလုပ်လုပ်နေချိန်တွင်လည်း ဖြစ်ပေါ်နိုင်ပါသည်၊၊
စိတ်ဖိစီးမှု၊ ပြင်းထန်သော အလင်းရောင်များ၊ အချို့သော အစားအစာများနှင့် ဆေးဝါးများ၊ အိပ်ချိန် အလွန်များခြင်း သို့မဟုတ် အလွန်နည်းခြင်းနှင့် ရာသီလာခြင်း စသည့် မိုင်ဂရိန်းကို ဖြစ်စေသော အကြောင်းရင်းများစွာသည် ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါကိုလည်း ဖြစ်ပေါ်စေနိုင်ပါသည်၊၊
ဖြစ်နိုင်ခြေရှိသော အချက်များ
ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါ ဖြစ်ပွားမှုကို တိုးမြင့်စေသည့် သီးခြားအချက်များ မရှိသော်လည်း မိသားစုအတွင်း မိုင်ဂရိန်းရောဂါ ရာဇဝင်ရှိသူများသည် ခေါင်းကိုက်ဝေဒနာကို ပိုမိုခံစားရလေ့ရှိသည်ကို တွေ့ရပါသည်၊၊ အမျိုးသားများထက် အမျိုးသမီးများတွင် မိုင်ဂရိန်းရောဂါ ပိုမိုအဖြစ်များပါသည်၊၊
ရောဂါရှာဖွေခြင်း
သင်၏ ရောဂါလက္ခဏာများ၊ ဆေးဘက်ဆိုင်ရာနှင့် မိသားစုရာဇဝင်၊ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများအပေါ် အခြေခံ၍ ဆရာဝန်က ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါဟု အတည်ပြု ရောဂါရှာဖွေနိုင်ပါသည်၊၊ သင်၏ ရှေ့ပြေးလက္ခဏာများနှင့်အတူ ခေါင်းကိုက်ခြင်း မရှိပါက ယာယီလေဖြတ်ခြင်းကဲ့သို့သော ပိုမိုပြင်းထန်သည့် ရောဂါဝေဒနာများ မဟုတ်ကြောင်း သေချာစေရန် ဆရာဝန်က စစ်ဆေးမှုအချို့ ပြုလုပ်ရန် အကြံပြုနိုင်ပါသည်၊၊ အကဲဖြတ် စစ်ဆေးမှုများတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်-
- မျက်စိစစ်ဆေးခြင်း၊၊ မျက်စိအထူးကုဆရာဝန်က ပြုလုပ်သော ပြည့်စုံသည့် မျက်စိစစ်ဆေးမှုသည် အမြင်အာရုံ ချို့ယွင်းမှုကို ဖြစ်စေနိုင်သော မျက်စိပြဿနာများ မဟုတ်ကြောင်း ခွဲခြားသိရှိရန် ကူညီပေးနိုင်ပါသည်၊၊
- ကွန်ပျူတာဓာတ်မှန် ရိုက်ခြင်း၊၊ ဤဓာတ်မှန်ရိုက်နည်းဖြင့် သင်၏ဦးနှောက်ကို အသေးစိတ် မြင်တွေ့နိုင်ပါသည်၊၊
- သံလိုက်ဓာတ်မှန် ရိုက်ခြင်း၊၊ ဤပုံရိပ်ဖော် စစ်ဆေးနည်းသည် သင်၏ဦးနှောက်အပါအဝင် ကိုယ်တွင်းအင်္ဂါများကို ပုံဖော်ပေးပါသည်၊၊
သင်၏ လက္ခဏာများကို ဖြစ်စေနိုင်သော အခြား ဦးနှောက်ရောဂါများ မဟုတ်ကြောင်း သေချာစေရန် အာရုံကြောစနစ်ဆိုင်ရာ ရောဂါအထူးကုဆရာဝန်နှင့် ပြသရန် ဆရာဝန်က အကြံပြုနိုင်ပါသည်၊၊
ကုသခြင်း
မိုင်ဂရိန်းရောဂါ သက်သက်ကဲ့သို့ပင် ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းရောဂါ ကုသမှုသည်လည်း ခေါင်းကိုက်ဝေဒနာ လျော့ကျစေရန် အဓိကထားပါသည်၊၊
ဆေးဝါးများ
မိုင်ဂရိန်း ရှေ့ပြေးလက္ခဏာများ စတင်ပေါ်ပေါက်လာသည်နှင့်တပြိုင်နက် သုံးစွဲသော ဆေးဝါးများသည် အထိရောက်ဆုံး ဖြစ်ပါသည်၊၊ အသုံးပြုနိုင်သော ဆေးအမျိုးအစားများသည် နာကျင်မှု မည်မျှပြင်းထန်သည်အပေါ် မူတည်ပါသည်၊၊
- အကိုက်အခဲပျောက်ဆေးများ၊၊ အက်စပရင် သို့မဟုတ် အိုင်ဗျူပရိုဖန်ကဲ့သို့သော ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူနိုင်သည့် သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ပါသော ဆေးများ ပါဝင်ပါသည်၊၊ ဤဆေးများကို မကြာခဏ သုံးစွဲလွန်းပါက ဆေးအလွန်အကျွံသုံးစွဲခြင်းကြောင့်ဖြစ်သော ခေါင်းကိုက်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်းနှင့် အစာအိမ်သွေးယိုခြင်းတို့ ဖြစ်စေနိုင်ပါသည်၊၊ ကဖိန်း၊ အက်စပရင်နှင့် အစီတာမီနိုဖန်တို့ ပေါင်းစပ်ထားသော မိုင်ဂရိန်းဆေးသည် ထိရောက်မှုရှိနိုင်သော်လည်း ပုံမှန်အားဖြင့် အပျော့စား ခေါင်းကိုက်ဝေဒနာအတွက်သာ ဖြစ်ပါသည်၊၊
- ထရစ်ပ်တန်ဆေးများ၊၊ ဆူမာထရစ်ပ်တန်နှင့် ရီဇာထရစ်ပ်တန်တို့ကဲ့သို့သော ဆရာဝန်ညွှန်ကြားချက်ဖြင့် သုံးရသည့် ဆေးများသည် ဦးနှောက်၏ နာကျင်မှုလမ်းကြောင်းများကို ပိတ်ဆို့ပေးခြင်းဖြင့် မိုင်ဂရိန်းကို ကုသပါသည်၊၊ ၎င်းတို့ကို သောက်ဆေး၊ ထိုးဆေး သို့မဟုတ် နှာခေါင်းဖြန်းဆေးများအဖြစ် အသုံးပြုနိုင်ပြီး မိုင်ဂရိန်းလက္ခဏာ အများအပြားကို သက်သာစေနိုင်ပါသည်၊၊ နှလုံးရောဂါ သို့မဟုတ် လေဖြတ်နိုင်ခြေရှိသူများအတွက် ဤဆေးများသည် ဘေးကင်းမှု မရှိနိုင်ပါ၊၊
- ဒိုင်ဟိုက်ဒရိုအာဂေါတမင်း၊၊ ပုံမှန်အားဖြင့် ၂၄ နာရီထက်ပို၍ ကြာမြင့်သော မိုင်ဂရိန်းများအတွက် ဤနှာခေါင်းဖြန်းဆေး သို့မဟုတ် ထိုးဆေးသည် လက္ခဏာများ စတင်ပြီးနောက် ချက်ချင်းအသုံးပြုပါက အထိရောက်ဆုံး ဖြစ်ပါသည်၊၊ ဘေးထွက်ဆိုးကျိုးအနေဖြင့် မိုင်ဂရိန်းနှင့်အတူ ဖြစ်တတ်သော ပျို့အန်ခြင်းကို ပိုမိုဆိုးရွားစေနိုင်ပါသည်၊၊ သင့်တွင် ကျောက်ကပ် သို့မဟုတ် အသည်းရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ သွေးတိုးရောဂါ သို့မဟုတ် ၎င်းတို့အနက်မှ အခြေအနေ တစ်ခုခုရှိနေပါက ဤဆေးကို ရှောင်ကြဉ်ပါ၊၊
- လက်စမီဒီတန်၊၊ ဤသောက်ဆေးအသစ်ကို ရှေ့ပြေးလက္ခဏာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ မိုင်ဂရိန်းကုသရန် ခွင့်ပြုထားပါသည်၊၊ လက်စမီဒီတန်သည် ခေါင်းကိုက်ဝေဒနာကို သိသိသာသာ လျော့ကျစေကြောင်း ဆေးဝါးလေ့လာမှုများတွင် တွေ့ရပါသည်၊၊ ဤဆေးသည် အိပ်ငိုက်ခြင်းနှင့် မူးဝေခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် သောက်သုံးပြီးနောက် အနည်းဆုံး ၈ နာရီကြာအောင် ကားမောင်းခြင်း သို့မဟုတ် စက်ကိရိယာများ ကိုင်တွယ်ခြင်း မပြုရန် အကြံပြုထားပါသည်၊၊
- စီဂျီအာရ်ပီ အန်တာဂိုးနစ်ဆေးများ၊၊ လူကြီးများတွင် ဖြစ်ပွားသော ပြင်းထန်သည့် မိုင်ဂရိန်းရောဂါကို ကုသရန် ယူဘရိုဂျီပန့်နှင့် ရီမီဂျီပန့် သောက်ဆေးများကို မကြာသေးမီက ခွင့်ပြုခဲ့ပါသည်၊၊ ဆေးစမ်းသပ်မှုများအရ ဤဆေးများသည် သုံးစွဲပြီး ၂ နာရီအကြာတွင် ခေါင်းကိုက်ဝေဒနာနှင့်အတူ ပျို့အန်ခြင်း၊ အလင်းနှင့် အသံမခံနိုင်ခြင်းတို့ကို သိသိသာသာ လျော့ကျစေပါသည်၊၊ ပုံမှန် ဘေးထွက်ဆိုးကျိုးများမှာ အလွန်အမင်း အိပ်ငိုက်ခြင်း၊ ပျို့ခြင်းနှင့် ပါးစပ်ခြောက်ခြင်းတို့ ဖြစ်ပါသည်၊၊ အချို့သော ပြင်းထန်သည့် ဆေးဝါးများနှင့် ဤဆေးများကို တွဲဖက် မသောက်သုံးသင့်ပါ၊၊
- အိုပီရွိုက်ဆေးများ၊၊ အခြားမိုင်ဂရိန်းဆေးများကို မသောက်သုံးနိုင်သူများအတွက် မူးယစ်စေသော အကိုက်အခဲပျောက်ဆေးများသည် အသုံးဝင်နိုင်ပါသည်၊၊ ဤဆေးများသည် စွဲလမ်းစေနိုင်သောကြောင့် အခြားကုသမှုများ မအောင်မြင်မှသာ အသုံးပြုလေ့ရှိပါသည်၊၊
- အော့အန်ခြင်းသက်သာစေသော ဆေးများ၊၊ ရှေ့ပြေးလက္ခဏာပြသော မိုင်ဂရိန်းနှင့်အတူ ပျို့အန်ခြင်းများ ဖြစ်ပေါ်ပါက ဤဆေးများက အကူအညီဖြစ်စေနိုင်ပါသည်၊၊ ကလိုပရိုမာဇင်း၊ မက်တိုကလိုပရာမိုက်နှင့် ပရိုကလိုပရာဇင်းတို့မှာ အော့အန်ခြင်း သက်သာစေသော ဆေးများဖြစ်ပြီး ၎င်းတို့ကို အကိုက်အခဲပျောက်ဆေးများနှင့် တွဲဖက်အသုံးပြုလေ့ရှိပါသည်၊၊
ဤဆေးအချို့ကို ကိုယ်ဝန်ဆောင်စဉ်အတွင်း မသုံးစွဲသင့်ပါ၊၊ သင်သည် ကိုယ်ဝန်ရှိနေပါက သို့မဟုတ် ကိုယ်ဝန်ယူရန် ကြိုးစားနေပါက ဆရာဝန်နှင့် ဦးစွာမတိုင်ပင်ဘဲ ဤဆေးများ သုံးစွဲခြင်းကို ရှောင်ကြဉ်ပါ၊၊
