အကျဉ်းချုပ်အကြောင်းအရာ

ကာဝါဆာကီရောဂါသည် ကလေးများတွင် ဖြစ်ပွားလေ့ရှိသော သွေးကြောရောင်ရမ်းသည့် ရောဂါတစ်မျိုး ဖြစ်ပါသည်၊၊ ခန္ဓာကိုယ်အနှံ့ သွေးများသယ်ဆောင်ပေးသော သွေးကြောငယ်နှင့် သွေးကြောလတ်များ၏ နံရံများ ရောင်ရမ်းခြင်းကြောင့် သွေးကြောများ အားနည်းလာခြင်းနှင့် ပွလာခြင်းတို့ ဖြစ်နိုင်ပါသည်၊၊ ဤသို့ အားနည်းလာခြင်းကြောင့် သွေးကြောပေါက်ထွက်ခြင်း သို့မဟုတ် ကျဉ်းသွားခြင်းတို့ ဖြစ်နိုင်ခြေ ရှိပါသည်၊၊ ၎င်းသည် ခန္ဓာကိုယ်ရှိ သွေးလွှတ်ကြောအားလုံးကို သက်ရောက်မှုရှိသော်လည်း နှလုံးသို့ သွေးပေးပို့သော နှလုံးနှင့်ဆိုင်သောသွေးလွှတ်ကြောများ ရောင်ရမ်းခြင်းကို အဓိက စိုးရိမ်ရပါသည်၊၊ ယင်းကြောင့် ကလေးများတွင် နှလုံးဆိုင်ရာ ပြဿနာများ ဖြစ်ပွားစေနိုင်ပါသည်၊၊

ကလေးများတွင် ကာဝါဆာကီရောဂါ ဖြစ်ပွားပါက အဖျားကြီးခြင်း၊ လက်နှင့်ခြေဖဝါးများ ရောင်ရမ်းခြင်းနှင့် အရေခွံကွာခြင်း၊ မျက်စိနီခြင်းနှင့် လျှာနီခြင်းတို့ ဖြစ်တတ်ပါသည်၊၊ ပါးစပ်၊ နှာခေါင်း၊ မျက်စိနှင့် လည်ချောင်းတို့ရှိ အချွဲမြှေးများနှင့် ပြန်ရည်ကျိတ်များကို ရောင်ရမ်းစေနိုင်သောကြောင့် ၎င်းကို အချွဲမြှေးနှင့် ပြန်ရည်ကျိတ် ရောဂါစုဟုလည်း ခေါ်ဝေါ်ခဲ့ကြပါသည်၊၊

ကာဝါဆာကီရောဂါသည် အသက် ၆ လမှ ၅ နှစ်အတွင်း ကလေးများတွင် အဖြစ်အများဆုံး ဖြစ်ပါသည်၊၊ ရောဂါစတင်ပြီး ၁၀ ရက်အတွင်း ကုသမှုခံယူပါက ကလေးအများစုသည် ၂ လခန့်အကြာတွင် ပြင်းထန်သော နောက်ဆက်တွဲ ဆိုးကျိုးများမရှိဘဲ ပြန်လည်ကျန်းမာလာနိုင်ပါသည်၊၊ ကာဝါဆာကီရောဂါကို ကုသရန် ဆေးဝါးများကို အသုံးပြုလေ့ရှိပါသည်၊၊

ရောဂါလက္ခဏာများ

ကာဝါဆာကီရောဂါ၏ လက္ခဏာများသည် တစ်ချိန်တည်းတွင် ပေါ်မလာတတ်ပါ၊၊ ကာဝါဆာကီရောဂါဟု အတည်ပြုနိုင်ရန် ကလေးငယ်သည် ပုံမှန်အားဖြင့် ၅ ရက်နှင့်အထက် ဖျားနေရမည့်အပြင် အောက်ပါလက္ခဏာများအနက် အနည်းဆုံး ၄ မျိုး ရှိနေရပါမည်၊၊

ကာဝါဆာကီရောဂါ၏ လက္ခဏာများမှာ

  • ခန္ဓာကိုယ်၏ အဓိကအစိတ်အပိုင်း သို့မဟုတ် မျိုးပွားအင်္ဂါတဝိုက်တွင် အနီစက်များ ထွက်ခြင်း
  • လည်ပင်းရှိ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • မျက်စိတွင် ပြည် သို့မဟုတ် အရည်ထွက်ခြင်းမရှိဘဲ မျက်လုံးနီခြင်း သို့မဟုတ် ပန်းရောင်သမ်းခြင်း
  • နှုတ်ခမ်းများ နီခြင်း၊ ခြောက်ခြင်းနှင့် ကွဲခြင်းတို့အပြင် လျှာသည် သိသိသာသာ နီရဲပြီး ရောင်ရမ်းနေခြင်း
  • လက်ဖဝါးနှင့် ခြေဖဝါးများ သိသိသာသာ နီရဲရောင်ရမ်းလာပြီးနောက် လက်ချောင်းခြေချောင်းများမှ အရေခွံများ ကွာကျလာခြင်း

အချို့သော ကာဝါဆာကီရောဂါ ဖြစ်ပွားမှုများတွင် အောက်ပါလက္ခဏာများလည်း ပါဝင်နိုင်ပါသည်

  • ဗိုက်နာခြင်း
  • ဝမ်းလျှောခြင်း
  • အန်ခြင်း
  • စိတ်တိုလွယ်ခြင်း
  • အဆစ်အမြစ် ကိုက်ခဲခြင်း

ကလေးငယ်သည် ၅ ရက်နှင့်အထက် ပြင်းထန်စွာ ဖျားနေသော်လည်း အခြားလက္ခဏာ ၄ မျိုးထက် နည်းနေပါက မပြည့်စုံသော ကာဝါဆာကီရောဂါ ဖြစ်နိုင်ပါသည်၊၊ ထိုကလေးများသည် နှလုံးသွေးကြော ထိခိုက်မှုဒဏ်ကို ခံရနိုင်ခြေရှိနေဆဲဖြစ်သဖြင့် ရောဂါလက္ခဏာ စတင်ပြီး ၁၀ ရက်အတွင်း ကုသမှု ခံယူရန် လိုအပ်ပါသည်၊၊

ကမ္ဘာတစ်ဝှမ်းရှိ ကိုဗစ်ရောဂါကူးစက်ခံရသော ကလေးများတွင် ဖြစ်ပွားတတ်သည့် အင်္ဂါအစိတ်အပိုင်းအများအပြား ရောင်ရမ်းသောရောဂါစုနှင့် ကာဝါဆာကီရောဂါသည် လက္ခဏာချင်း ဆင်တူနိုင်သောကြောင့် ဤလက္ခဏာများရှိသော ကလေးများကို ကိုဗစ်စစ်ဆေးမှုများလည်း ပြုလုပ်နိုင်ပါသည်၊၊

ကလေးငယ်သည် အဖျားပြန်တက်လာခြင်း၊ အဆစ်အမြစ်များ ပြင်းထန်စွာနာကျင်ခြင်း သို့မဟုတ် ရောဂါလက္ခဏာများ ပိုမိုဆိုးရွားလာခြင်းတို့ ဖြစ်ပေါ်ပါက မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုရရှိရန် ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆက်သွယ်ပါ၊၊

ရောဂါစတင်ပြီး ၁၀ ရက်အတွင်း ကုသမှုခံယူပါက နှလုံးကြွက်သားသို့ သွေးပေးပို့သော နှလုံးနှင့်ဆိုင်သောသွေးလွှတ်ကြောများ ရေရှည်ထိခိုက်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်ပါသည်၊၊ နှလုံးကို ထိခိုက်စေသော နောက်ဆက်တွဲ ဆိုးကျိုးများသည် အဖျားစတင်ပြီး ၁၅ ရက်မှ ၄၅ ရက်အတွင်း အသက်အန္တရာယ်ရှိနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်၊၊

ဖြစ်ပွားရသည့် အကြောင်းရင်းများ

ကာဝါဆာကီရောဂါ ဖြစ်ပွားရသည့် အတိအကျကို မသိရသေးပါ၊၊ သိပ္ပံပညာရှင်များသည် ကူးစက်ရောဂါများ၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ လွှမ်းမိုးမှုများအပါအဝင် ရောဂါဖြစ်ပွားမှုကို အထောက်အကူပြုနိုင်သော အချက်များကို တက်ကြွစွာ ရှာဖွေနေကြပါသည်၊၊ အချို့သော ယူဆချက်များအရ ကာဝါဆာကီရောဂါသည် ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ပေါင်းစပ်မှု သို့မဟုတ် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ဖြစ်ပွားနိုင်သည်ဟု ဆိုကြပါသည်၊၊

ဖြစ်နိုင်ခြေရှိသော အချက်များ

အချို့သောအချက်များသည် ကာဝါဆာကီရောဂါ ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေပါသည်၊၊ မြောက်အမေရိကတွင် ဆောင်းနှောင်းပိုင်းနှင့် နွေဦးအစောပိုင်းတို့၌ ဖြစ်ပွားမှု ပိုများလေ့ရှိပါသည်၊၊ ဖြစ်နိုင်ခြေရှိသောအချက်များတွင် ပါဝင်သည်မှာ

  • အသက် – အသက် ၅ နှစ်အောက် ကလေးငယ်များတွင် ကာဝါဆာကီရောဂါ ဖြစ်နိုင်ခြေ ပိုများပါသည်၊၊
  • လိင် – အမျိုးသမီးငယ်များထက် အမျိုးသားငယ်များတွင် ဤရောဂါ ပိုမိုဖြစ်ပွားနိုင်ပါသည်၊၊
  • လူမျိုးစု – ဂျပန် သို့မဟုတ် ကိုရီးယားကလေးများအပါအဝင် အာရှ သို့မဟုတ် ပစိဖိတ်ကျွန်းစုသား မျိုးရိုးရှိသော ကလေးများတွင် ပိုမိုအဖြစ်များပါသည်၊၊

ရောဂါရှာဖွေခြင်း

ကာဝါဆာကီရောဂါကို အတည်ပြုနိုင်သည့် သီးခြားစစ်ဆေးမှု မရှိပါ၊၊ ကလေးငယ်တွင် လက္ခဏာအချို့သာ ပြသနေပါက ၎င်းသည် ပုံမှန်မဟုတ်သော သို့မဟုတ် မပြည့်စုံသော ကာဝါဆာကီရောဂါ ဖြစ်နိုင်ပါသည်၊၊

အလားတူ လက္ခဏာများရှိသော အခြားရောဂါများ မဟုတ်ကြောင်းကိုလည်း သေချာစွာ စစ်ဆေးရပါမည်၊၊ ဥပမာအားဖြင့် စကားလက်အဖျားရောဂါ၊ ကလေးအဆစ်အမြစ်ရောင်ရောဂါ၊ စတီဗင်ဂျွန်ဆင် ရောဂါစု၊ အဆိပ်သင့်ရှော့ခ်ဖြစ်ခြင်းရောဂါ၊ ပါးချိတ်ရောင်ရောဂါနှင့် မွှားကိုက်ခြင်းကြောင့် ဖြစ်ပွားသော ရောဂါများကို ဖယ်ထုတ်ရန် လိုအပ်ပါသည်၊၊

ရောဂါအတည်ပြုရန် အောက်ပါစစ်ဆေးမှုများ လိုအပ်နိုင်ပါသည်

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း – ရောဂါလက္ခဏာများကို အကဲဖြတ်ခြင်းနှင့် ခန္ဓာကိုယ်ကို စစ်ဆေးခြင်းတို့ ပါဝင်ပါသည်၊၊
  • သွေးစစ်ခြင်း – သွေးအားနည်းခြင်း၊ သွေးဖြူဥအရေအတွက် မြင့်မားခြင်းနှင့် ရောင်ရမ်းမှုရှိခြင်းတို့သည် ကာဝါဆာကီရောဂါ၏ လက္ခဏာများ ဖြစ်ပါသည်၊၊ သွေးဆဲလ်အရေအတွက်ကို သိရှိရန်နှင့် အခြားသော ဝေဒနာများ မဟုတ်ကြောင်း သေချာစေရန် သွေးစစ်ဆေးမှုများ ပြုလုပ်ရပါသည်၊၊
  • အီးစီဂျီ လျှပ်စစ်နှလုံးစက်ဖြင့် စစ်ဆေးခြင်း – နှလုံးခုန်နှုန်း မမှန်ခြင်းသည် ကာဝါဆာကီရောဂါကြောင့် ဖြစ်နိုင်ပါသည်၊၊ ဤစစ်ဆေးမှုသည် ကလေး၏ နှလုံးခုန်နှုန်းကို အကဲဖြတ်ရန် ခန္ဓာကိုယ်ပေါ်တွင် ဝိုင်ယာကြိုးငယ်လေးများ ကပ်၍ စမ်းသပ်သည့် နည်းလမ်းဖြစ်ပါသည်၊၊
  • နှလုံးကို အာထရာဆောင်း လှိုင်းဖြင့် စစ်ဆေးခြင်း – ဤစစ်ဆေးမှုသည် ရင်ဘတ်ပေါ်တွင် အာထရာဆောင်း ကိရိယာကို အသုံးပြု၍ နှလုံးနှင့်ဆိုင်သောသွေးလွှတ်ကြောများ၏ ပြဿနာများကို ရှာဖွေခြင်းနှင့် နှလုံးနှင့် သွေးလွှတ်ကြောများ၏ လုပ်ဆောင်ချက်ကို ကြည့်ရှုခြင်း ဖြစ်ပါသည်၊၊

ကုသခြင်း

ကာဝါဆာကီရောဂါကို စတင်ကုသရာတွင် အဖျားကျစေရန်၊ ရောင်ရမ်းမှု လျော့ကျစေရန်၊ သွေးလွှတ်ကြော ထိခိုက်မှုကို လျှော့ချရန်၊ သွေးခဲခြင်းကို ကာကွယ်ရန်နှင့် နှလုံးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများကို တားဆီးရန်ဟူသော အဓိက ရည်မှန်းချက်များ ရှိပါသည်၊၊ ရေရှည်ဆိုးကျိုးများကို ကာကွယ်ရန်အတွက် ကလေးငယ် ဖျားနေစဉ်အတွင်း တတ်နိုင်သမျှ စောစီးစွာ ကုသမှု စတင်ရန် အရေးကြီးပါသည်၊၊

ပုံမှန်ကုသမှုများတွင် ပါဝင်သည်မှာ

  • ဂမ်မာ ဂလိုဗျူလင် – ဤပရိုတင်းဓာတ်ကို သွေးပြန်ကြောမှတစ်ဆင့် ထိုးပေးခြင်းဖြင့် နှလုံးနှင့်ဆိုင်သောသွေးလွှတ်ကြော ပြဿနာများကို လျှော့ချနိုင်ပါသည်၊၊ ၎င်းသည် သွေးကြောများ ရောင်ရမ်းမှုကို လျော့နည်းစေပါသည်၊၊ ကလေးငယ်များ၏ ၁၀ ရာခိုင်နှုန်းခန့်သည် ပထမအကြိမ် ကုသမှုတွင် မသက်သာပါက ဒုတိယအကြိမ် သို့မဟုတ် အခြားဆေးဝါးများ ထပ်မံ လိုအပ်နိုင်ပါသည်၊၊
  • အက်စပရင် – အဖျားကျရန်၊ နာကျင်မှုနှင့် အဆစ်ရောင်ရမ်းမှုကို လျှော့ချရန် အက်စပရင်ကို ညွှန်ကြားလေ့ရှိပါသည်၊၊ ဆေးပမာဏ အများအပြား သုံးစွဲပါက ရောင်ရမ်းမှုကို သိသိသာသာ လျှော့ချနိုင်ပါသည်၊၊ အဖျား ၄၈ နာရီကြာ ကျသွားပြီးနောက် အက်စပရင် ပမာဏကို လျှော့ချနိုင်ပါသည်၊၊

ကာဝါဆာကီရောဂါ ကုသမှုသည် ကလေးများကို အက်စပရင် မတိုက်ရဟူသော ပုံမှန်စည်းကမ်းနှင့် ကွာခြားသည့် ခြွင်းချက် ဖြစ်ပါသည်၊၊ အဘယ်ကြောင့်ဆိုသော် ရေကျောက် သို့မဟုတ် တုပ်ကွေးမှ ပြန်လည်သက်သာလာသော ကလေးများတွင် အက်စပရင်သည် ရိုင်းလ်ရောဂါစုဟုခေါ်သော ရှားပါးပြီး အန္တရာယ်ရှိသော အခြေအနေကို ဖြစ်စေနိုင်သောကြောင့် ဖြစ်ပါသည်၊၊ ကာဝါဆာကီရောဂါရှိသော ကလေးများကို ဆရာဝန်၏ ကြီးကြပ်မှုဖြင့်သာ အက်စပရင် တိုက်ကျွေးသင့်ပြီး ၎င်းကို ပုံမှန်အားဖြင့် ဆေးရုံတွင်သာ စတင်ပြုလုပ်လေ့ရှိပါသည်၊၊

ကုသမှု စတင်ပြီးနောက် – ကာဝါဆာကီရောဂါသည် ကုသမှုမခံယူပါက ၁၂ ရက်ခန့် ကြာတတ်ပါသည်၊၊ သို့သော် နှလုံးပြဿနာများသည် ပိုမိုကြာရှည်နိုင်ပါသည်၊၊

ပထမအကြိမ် ဂမ်မာ ဂလိုဗျူလင် ကုသမှုအပြီးတွင် ကလေးငယ်သည် တဖြည်းဖြည်း သက်သာလာနိုင်ပါသည်၊၊

အဖျားကျပြီးနောက် အနည်းဆုံး ၆ ပတ်ခန့်အထိ အက်စပရင် ဆေးပမာဏ အနည်းငယ်ကို ဆက်လက်သောက်ရန် လိုအပ်နိုင်ပြီး နှလုံးသွေးကြောဖောင်းခြင်း ဖြစ်ပေါ်ပါက ပို၍ကြာနိုင်ပါသည်၊၊ ကုသမှုခံယူနေစဉ်အတွင်း တုပ်ကွေး သို့မဟုတ် ရေကျောက် ကူးစက်ခံရပါက အက်စပရင် သောက်သုံးမှုကို ခေတ္တရပ်ဆိုင်းရန် လိုအပ်နိုင်ပါသည်၊၊

နှလုံးပြဿနာများကို စောင့်ကြည့်ခြင်း – နှလုံးပြဿနာ အမျိုးအစားပေါ်မူတည်၍ ကုသမှု ပုံစံချင်း မတူညီနိုင်ပါ၊၊ ပုံမှန်အားဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် ရောဂါစတင်ပြီး ၆ ပတ်မှ ၈ ပတ်အကြာတွင် တစ်ကြိမ်၊ ၆ လအကြာတွင် တစ်ကြိမ် နှလုံးကျန်းမာရေးကို အခါအားလျော်စွာ ပြန်လည်စစ်ဆေးရန် အကြံပြုပါလိမ့်မည်၊၊

ကာကွယ်ဆေးထိုးရန် စောင့်ဆိုင်းခြင်း – ဂမ်မာ ဂလိုဗျူလင် ကုသမှုသည် အချို့သော ကာကွယ်ဆေးများ၏ ထိရောက်မှုကို သက်ရောက်မှု ရှိနိုင်ပါသည်၊၊ ကလေးတွင် ကာဝါဆာကီရောဂါ ရာဇဝင်ရှိပါက ကျန်းမာရေးစောင့်ရှောက်မှုပေးသူကို အသိပေးသင့်ပါသည်၊၊ ပုံမှန်အားဖြင့် ဂမ်မာ ဂလိုဗျူလင် ကုသမှုခံယူထားသော ကလေးများကို ရေကျောက် သို့မဟုတ် ဝက်သက် ကာကွယ်ဆေးကဲ့သို့သော ပိုးရှင်ပွား ကာကွယ်ဆေးများ မထိုးမီ အနည်းဆုံး ၁၁ လခန့် စောင့်ဆိုင်းရန် အကြံပြုထားပါသည်၊

Doctors who treat this condition