အကျဉ်းချုပ်အကြောင်းအရာ

နူနန်လက္ခဏာစုဆိုသည်မှာ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဆိုင်ရာ ကဏ္ဍအမျိုးမျိုးကို ထိခိုက်စေသည့် မျိုးရိုးဗီဇဆိုင်ရာ ဝေဒနာတစ်ခု ဖြစ်ပါသည်။ ဤဝေဒနာ ခံစားရသူများတွင် ထူးခြားသော မျက်နှာသွင်ပြင်များ၊ အရပ်ပုခြင်း၊ နှလုံးနှင့် သွေးကြောဆိုင်ရာ ပြဿနာများနှင့် အခြား ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများ ရှိနေနိုင်ပါသည်။ ထို့ပြင် သွားလာလှုပ်ရှားမှု၊ စကားပြောဆိုမှုနှင့် သင်ယူမှု စွမ်းရည်များတွင်လည်း ဖွံ့ဖြိုးမှု နှေးကွေးခြင်းများ ဖြစ်ပေါ်စေနိုင်ပါသည်။

နူနန်လက္ခဏာစုသည် သတ်မှတ်ထားသော မျိုးရိုးဗီဇတစ်ခု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါသည်။ ဤဗီဇပြောင်းလဲမှုကို မိဘတစ်ဦးထံမှတစ်ဆင့် အားသာသော မျိုးရိုးဗီဇအဖြစ် ဆက်ခံရရှိနိုင်ပါသည်။ သို့မဟုတ်ပါကလည်း မိသားစု ရာဇဝင်တွင် ယခင်က မရှိဘဲ မျိုးရိုးဗီဇ အသစ်ပြောင်းလဲမှုကြောင့်လည်း ဖြစ်ပေါ်နိုင်ပါသည်။

နူနန်လက္ခဏာစုကို စီမံခန့်ခွဲရာတွင် အဓိကအားဖြင့် ရောဂါလက္ခဏာများကို သက်သာစေရန်နှင့် နောက်ဆက်တွဲ ပြဿနာများကို ဖြေရှင်းရန် အာရုံစိုက်ပါသည်။ အလွန်အမင်း အရပ်ပုသော ဝေဒနာရှင်များအတွက် ကြီးထွားဟော်မုန်းဖြင့် ကုသခြင်းကို ပြုလုပ်နိုင်ပါသည်။

ရောဂါလက္ခဏာများ

နူနန်လက္ခဏာစုသည် မျိုးရိုးဗီဇ ဖောက်ပြန်မှုပေါ် မူတည်၍ လက္ခဏာ အပျော့စားမှ အပြင်းစားအထိ အမျိုးမျိုး ရှိနိုင်ပါသည်။ ရောဂါလက္ခဏာများကို နားလည်ထားပြီး သင့်လျော်သော ကုသမှု ခံယူရန်မှာ အလွန်အရေးကြီးပါသည်။ လက္ခဏာရပ်များကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါသည်

မျက်နှာသွင်ပြင်များ။ နူနန်လက္ခဏာစုကို ရောဂါရှာဖွေရာတွင် မျက်နှာသွင်ပြင်များသည် အလွန်အရေးပါပြီး အသက်အရွယ်အလိုက် ပြောင်းလဲသွားနိုင်ပါသည်။

  • မျက်လုံး။ မျက်လုံးနှစ်လုံးမှာ တစ်ခုနှင့်တစ်ခု ဝေးကွာနေခြင်း၊ အောက်သို့ စောင်းနေခြင်း၊ မျက်ခွံများ တွဲကျနေခြင်းတို့ ဖြစ်နိုင်ပြီး မျက်စိသူငယ်အိမ်မှာ အပြာနုရောင် သို့မဟုတ် အစိမ်းရောင် ဖြစ်နေနိုင်ပါသည်။
  • နား။ နားရွက်များသည် ပုံမှန်ထက် အောက်ရောက်နေပြီး နောက်သို့ လန်နေသည့် ပုံစံရှိပါသည်။
  • နှာခေါင်း။ နှာခေါင်းထိပ်ပိုင်းမှာ ပြားနေပြီး နှာခေါင်းခြေမှာ ကျယ်ကာ နှာသီးဖျားမှာ ဝိုင်းနေတတ်ပါသည်။
  • ပါးစပ်။ နှာခေါင်းနှင့် ပါးစပ်ကြားတွင် နက်ရှိုင်းသော မြောင်းပါရှိခြင်း၊ အပေါ်နှုတ်ခမ်းမှာ ထင်ရှားသော ပုံစံရှိခြင်း၊ သွားများ မညီခြင်း၊ အာခေါင် မြင့်ခြင်းနှင့် မေးစေ့ သေးငယ်ခြင်းတို့ ရှိနိုင်ပါသည်။
  • တစ်မျက်နှာလုံး အသွင်အပြင်။ အသားအရေ ကြမ်းတမ်းပုံပေါက်နိုင်ပြီး အသက်ကြီးလာလျှင် မျက်နှာ ပို၍ ပိန်ချိုင့်လာတတ်ပါသည်။ မျက်နှာတွင် ခံစားချက် ဖော်ပြမှု နည်းပါးနေတတ်ပါသည်။
  • ဦးခေါင်းနှင့် အရေပြား။ နဖူးမှာ ထင်ရှားပြီး ဦးခေါင်းမှာ ကြီးနေနိုင်ကာ နောက်စေ့ရှိ ဆံစမှာ အောက်သို့ အလွန် နိမ့်ဆင်းနေနိုင်ပါသည်။ အချိန်ကြာလာသည်နှင့်အမျှ အရေပြားမှာ ပါးလွှာပြီး ကြည်လင်လာတတ်ပါသည်။

နှလုံးရောဂါ။ နူနန်လက္ခဏာစုရှိသူ အများအပြားတွင် မွေးရာပါ နှလုံးရောဂါ အမျိုးမျိုး ပါရှိနေတတ်ပါသည်။

  • နှလုံးအဆို့ရှင် အခြေအနေများ။ အဆုတ်သွေးလွှတ်ကြော အဆို့ရှင် ကျဉ်းခြင်းမှာ အဖြစ်များပါသည်။
  • နှလုံးကြွက်သား ထူခြင်း။ နှလုံးကြွက်သားများ ပုံမှန်ထက် ထူထဲလာတတ်ပါသည်။
  • အခြား နှလုံးတည်ဆောက်ပုံဆိုင်ရာ ပြဿနာများ။ နှလုံးအခန်းကြား နံရံတွင် အပေါက်ပါခြင်း၊ အဆုတ်သွေးလွှတ်ကြော ကျဉ်းခြင်းနှင့် ပင်မသွေးလွှတ်ကြော ကျဉ်းခြင်းတို့ ပါဝင်နိုင်ပါသည်။
  • နှလုံးခုန် မမှန်ခြင်း။ နှလုံး တည်ဆောက်ပုံဆိုင်ရာ ပြဿနာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ နှလုံးခုန် မမှန်ခြင်းများ ခဏခဏ ဖြစ်ပွားနိုင်ပါသည်။

ကြီးထွားမှုဆိုင်ရာ ပြဿနာများ။ ဖွံ့ဖြိုးမှုအပေါ် သိသိသာသာ ထိခိုက်နိုင်ပါသည်။

  • မွေးစတွင် ကိုယ်အလေးချိန် ပုံမှန်ရှိသော်လည်း ကြီးထွားနှုန်းမှာ နှေးကွေးခြင်း။
  • အစာစားရန် ခက်ခဲခြင်းကြောင့် အာဟာရနှင့် ကိုယ်အလေးချိန်အပေါ် ထိခိုက်ခြင်း။
  • ကြီးထွားဟော်မုန်း ပမာဏ နည်းပါးခြင်း။
  • ဆယ်ကျော်သက်အရွယ်တွင် ကြီးထွားနှုန်း သိသိသာသာ တက်လာရမည့်အချိန်မှာ နှေးကွေးနေခြင်းကြောင့် လူကြီးဘဝတွင် အရပ်ပုနေတတ်ခြင်း။

အရိုးနှင့် ကြွက်သားဆိုင်ရာ ပြဿနာများ။

  • ရင်ဘတ်ပုံသဏ္ဌာန် မမှန်ခြင်း (ရင်ဘတ်ချိုင့်ခြင်း သို့မဟုတ် ဖောင်းကြွခြင်း)။
  • နို့သီးခေါင်းနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာနေခြင်း။
  • လည်ပင်းတိုခြင်းနှင့် လည်ပင်းဘေးတွင် အရေပြားများ တွဲကျနေခြင်း။
  • ကျောရိုးကွေးခြင်း။

သင်ယူမှုဆိုင်ရာ အခက်အခဲများနှင့် အခြားသော ကိစ္စရပ်များ။

  • အများစုမှာ ဉာဏ်ရည် ပုံမှန်ရှိသော်လည်း သင်ယူမှုဆိုင်ရာ အခက်အခဲ သို့မဟုတ် ဉာဏ်ရည် အနည်းငယ် နိမ့်ပါးမှုများ ရှိနိုင်ပါသည်။
  • စိတ်ပိုင်းဆိုင်ရာနှင့် အမူအကျင့်ဆိုင်ရာ ပြဿနာများ အနည်းငယ် ရှိနိုင်ပါသည်။
  • အကြားအာရုံနှင့် အမြင်အာရုံ ချို့ယွင်းမှုများကြောင့် သင်ယူမှုတွင် ပိုမို အခက်အခဲ ဖြစ်စေနိုင်ပါသည်။

မျက်စိနှင့် အကြားအာရုံဆိုင်ရာ ပြဿနာများ။

  • မျက်စိစောင်းခြင်း၊ အမြင်အာရုံ ဝေဝါးခြင်းနှင့် အတွင်းတိမ်ရောဂါများ ဖြစ်နိုင်ပါသည်။
  • အာရုံကြော ပြဿနာ သို့မဟုတ် နားအတွင်းပိုင်း အရိုးတည်ဆောက်ပုံ မူမမှန်မှုကြောင့် အကြားအာရုံ ဆုံးရှုံးနိုင်ပါသည်။

သွေးထွက်ခြင်းနှင့် ပြန်ရည်ကျိတ်ဆိုင်ရာ ပြဿနာများ။

  • သွေးခဲမှု စနစ် ချို့ယွင်းချက်ကြောင့် သွေးထွက်လွယ်ခြင်းနှင့် အညိုအမည်း စွဲလွယ်ခြင်းများ ဖြစ်တတ်ပါသည်။
  • ပြန်ရည်ကျိတ်စနစ် ပြဿနာကြောင့် ခြေလက်များတွင် အရည်များ စုပုံကာ ဖောရောင်ခြင်းများ ဖြစ်နိုင်ပါသည်။

လိင်အင်္ဂါနှင့် ကျောက်ကပ်ဆိုင်ရာ အခြေအနေများ။

  • အမျိုးသားများတွင် ဝှေးစေ့မှာ ကပ်ပယ်အိတ်ထဲသို့ ဆင်းမလာခြင်းကြောင့် သားသမီးရနိုင်စွမ်းအပေါ် ထိခိုက်နိုင်ပါသည်။
  • လူပျိုဖော် အပျိုဖော်ဝင်ချိန် နောက်ကျနိုင်ပါသည်။
  • ကျောက်ကပ်ဆိုင်ရာ ပြဿနာများမှာမူ အပျော့စားသာ ဖြစ်လေ့ရှိပါသည်။

အရေပြား အခြေအနေများ။ အရေပြား အရောင်နှင့်မျက်နှာပြင်အသား အမျိုးမျိုး ကွဲပြားနိုင်သလို ဆံပင်ဆိုင်ရာ ပြဿနာများလည်း ရှိနိုင်ပါသည်။

နူနန်လက္ခဏာစုဟု သံသယရှိပါက ကျန်းမာရေး ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ ရောဂါကို စောစီးစွာ သိရှိပြီး စီမံခန့်ခွဲခြင်းက ဤဝေဒနာ၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် အလွန်အရေးကြီးပါသည်။

ဖြစ်ရသည့်အကြောင်းရင်းများ

နူနန်လက္ခဏာစုသည် ခန္ဓာကိုယ်ရှိ ပရိုတင်းအချို့ကို အမြဲတမ်း အလုပ်လုပ်နေစေသည့် သတ်မှတ်ထားသော မျိုးရိုးဗီဇများ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်ပွားပါသည်။ ထိုဗီဇများသည် ခန္ဓာကိုယ် တစ်ရှူးများ ဖွံ့ဖြိုးမှုအတွက် အရေးပါပြီး ၎င်းတို့ ပုံမှန်မဟုတ်ဘဲ အလုပ်လုပ်နေခြင်းက ဆဲလ်များ ကြီးထွားခြင်းနှင့် ကွဲပွားခြင်း ဖြစ်စဉ်များကို အနှောင့်အယှက် ဖြစ်စေပါသည်။

မျိုးရိုးဗီဇ ဖောက်ပြန်မှုသည် နည်းလမ်း နှစ်မျိုးဖြင့် ဖြစ်နိုင်ပါသည်

  • မျိုးရိုးဆက်ခံခြင်း။ မိဘတစ်ဦးတွင် နူနန်လက္ခဏာစု ရှိနေပါက ၎င်း၏ ကလေးထံသို့ ထိုဗီဇ လက်ဆင့်ကမ်းနိုင်ခြေမှာ ၅၀ ရာခိုင်နှုန်း ရှိပါသည်။
  • အလိုအလျောက် ဖြစ်ပေါ်ခြင်း။ မိဘတစ်ဦးတစ်ယောက်ထံမှမျှ ဆက်ခံခြင်း မဟုတ်ဘဲ ကလေးတွင် အလိုအလျောက် မျိုးရိုးဗီဇ ပြောင်းလဲသွားခြင်းလည်း ဖြစ်နိုင်ပါသည်။

အချို့သော အခြေအနေများတွင် နူနန်လက္ခဏာစု ဖြစ်ရသည့် အကြောင်းရင်း အတိအကျကို ရှာမတွေ့နိုင်သည်လည်း ရှိပါသည်။

ဖြစ်နိုင်ခြေရှိသောအချက်များ

နူနန်လက္ခဏာစုရှိသော မိဘတစ်ဦးသည် မူမမှန်သော မျိုးရိုးဗီဇကို ၎င်း၏ ကလေးထံသို့ လက်ဆင့်ကမ်းရန် ၅၀ ရာခိုင်နှုန်း အခွင့်အလမ်း ရှိပါသည်။ ထိုဗီဇကို ဆက်ခံရရှိသော ကလေးသည် မိဘထက် ပိုမိုပြင်းထန်သော လက္ခဏာများ ပြသနိုင်သလို လက္ခဏာ မပြဘဲလည်း ရှိနေနိုင်ပါသည်။

ရောဂါရှာဖွေခြင်း

နူနန်လက္ခဏာစုကို များသောအားဖြင့် ဆရာဝန်က အဓိက လက္ခဏာများကို ကြည့်၍ ရှာဖွေလေ့ရှိပါသည်။ သို့သော် လက္ခဏာအချို့မှာ သိမ်မွေ့လွန်းသဖြင့် ရှာဖွေရ ခက်ခဲနိုင်ပါသည်။ အချို့သူများတွင် ကလေးမွေးပြီးမှသာ ကလေးရှိ လက္ခဏာများမှတစ်ဆင့် မိမိကိုယ်တိုင်တွင်လည်း ဤဝေဒနာ ရှိနေသည်ကို လူကြီးဘဝရောက်မှ သိရှိရသည်မျိုးလည်း ရှိပါသည်။ မျိုးရိုးဗီဇ စစ်ဆေးခြင်းက ရောဂါကို အတည်ပြုရန်အတွက် အလွန်အရေးပါပါသည်။

ကုသခြင်း

vနူနန်လက္ခဏာစုကို အမြစ်ပြတ်အောင် ကုသ၍ မရနိုင်သော်လည်း သင့်လျော်သော နည်းလမ်းများဖြင့် ထိရောက်စွာ စီမံခန့်ခွဲနိုင်ပါသည်။ ရောဂါကို စောစီးစွာ သိရှိခြင်းက ကုသမှု ပိုမို ထိရောက်စေပါသည်။

နှလုံး စောင့်ရှောက်မှု။

  • ဆေးဝါး – နှလုံး ပြဿနာအချို့အတွက် ဆေးဝါးများဖြင့် ကုသနိုင်သလို
  • ခွဲစိပ်ခြင်း – အဆို့ရှင် ပြဿနာများအတွက် ခွဲစိတ်မှု လိုအပ်နိုင်ပါသည်။
  • ပုံမှန်စစ်ဆေးခြင်း – နှလုံး လုပ်ဆောင်ချက်ကို ပုံမှန် စစ်ဆေးနေရန် လိုအပ်ပါသည်။

ကြီးထွားမှု စီမံခန့်ခွဲခြင်း။

  • ပုံမှန်တိုင်းတာခြင်း – ကလေးအသက် ၃ နှစ်အထိ တစ်နှစ်လျှင် ၃ ကြိမ်၊ ထို့နောက်တွင် တစ်နှစ်လျှင် တစ်ကြိမ် အရပ်ကို တိုင်းတာ စစ်ဆေးသင့်ပါသည်။
  • အာဟာရနှင့် ဟော်မုန်း စစ်ဆေးမှုများ – သွေးစစ်ဆေးမှုများ ပြုလုပ်ပြီး လိုအပ်ပါက ကြီးထွားဟော်မုန်းဖြင့် ကုသနိုင်ပါသည်။
  • ဖွံ့ဖြိုးမှုနှင့် သင်ယူမှု အထောက်အကူ။ ကလေးငယ်ဘဝ ဖွံ့ဖြိုးမှုဆိုင်ရာ လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကုထုံးနှင့် စကားပြော ကုထုံးများ ခံယူခြင်းတို့က အကျိုးရှိစေနိုင်ပါသည်။ အထူးပညာရေး အစီအစဉ်များကလည်း သင်ယူမှုအတွက် အထောက်အကူ ပြုပါသည်။

အမြင်နှင့် အကြားအာရုံ။

  • မျက်စိ စောင့်ရှောက်မှု။ တစ်နှစ်ခြားတစ်ကြိမ် မျက်စိစစ်ဆေးသင့်ပါသည်။ များသောအားဖြင့် မျက်မှန်ဖြင့် လုံလောက်သော်လည်း အတွင်းတိမ်ကဲ့သို့ ပြင်းထန်သော အခြေအနေများအတွက် ခွဲစိတ်မှု ပြုလုပ်နိုင်ပါသည်။
  • အကြားအာရုံ စောင့်ကြည့်ခြင်း။ ကလေးဘဝတွင် တစ်နှစ်တစ်ကြိမ် အကြားအာရုံ စစ်ဆေးခြင်းဖြင့် ပြဿနာများကို အချိန်မီ ဖြေရှင်းနိုင်ပါသည်။

သွေးထွက်ခြင်းနှင့် အညိုအမည်းစွဲခြင်းကို စီမံခန့်ခွဲခြင်း။

  • အက်စပရင်ကို ရှောင်ကြဉ်ခြင်း။ သွေးထွက်နိုင်ခြေ ပိုများစေသည့် အက်စပရင် ပါသော ဆေးဝါးများကို ရှောင်ကြဉ်ရပါမည်။
  • သွေးခဲစေသော ဆေးဝါးများ။ အချို့သော အခြေအနေများတွင် သွေးခဲမှုကို အားပေးသည့် ဆေးဝါးများကို ညွှန်ကြားနိုင်ပါသည်။

အရည်များ စုပုံခြင်း။

  • တိုင်ပင်ဆွေးနွေးခြင်းနှင့် စီမံခန့်ခွဲခြင်း။ ကိုယ်ခန္ဓာတွင် အရည်များ စုပုံနေပါက ကျန်းမာရေး ကျွမ်းကျင်သူ၏ အကြံပြုချက်အရ သီးသန့် ကုသမှုများ လိုအပ်နိုင်ပါသည်။

လိင်အင်္ဂါဆိုင်ရာ စိုးရိမ်ပူပန်မှုများ။

  • ခွဲစိတ် ပြုပြင်ခြင်း။ ဝှေးစေ့မှာ ကပ်ပယ်အိတ်ထဲသို့ ဆင်းမလာပါက မွေးစ ပထမ လပိုင်းအတွင်း ခွဲစိတ် ကုသမှု လိုအပ်နိုင်ပါသည်။

ဘက်စုံနှင့် ရေရှည် စောင့်ရှောက်မှု။

နူနန်လက္ခဏာစု၏ သက်ရောက်မှုမှာ တစ်ဦးနှင့်တစ်ဦး မတူညီဘဲ ပြောင်းလဲနေနိုင်သောကြောင့် ပုံမှန် ပြန်လည် ဆန်းစစ်ခြင်းနှင့် ဆက်တိုက် စောင့်ရှောက်မှု ခံယူခြင်းတို့မှာ အလွန် အရေးကြီးပါသည်။ စဉ်ဆက်မပြတ် ဆေးဘက်ဆိုင်ရာ ကြီးကြပ်မှုက အချိန်နှင့်အမျှ ဝေဒနာကို အထိရောက်ဆုံး စီမံခန့်ခွဲနိုင်ရန် သေချာစေပါသည်။

Doctors who treat this condition