အကျဉ်းချုပ်အကြောင်းအရာ

အိပ်မက်ဆိုးဆိုသည်မှာ စိုးရိမ်ပူပန်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်းကဲ့သို့သော မကောင်းသည့် စိတ်ခံစားမှုများနှင့်အတူ လူတစ်ဦးကို အိပ်ပျော်နေရာမှ နိုးလာစေသည့် စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အိပ်မက်မျိုး ဖြစ်ပါသည်။ အိပ်မက်ဆိုးမက်ခြင်းသည် ကလေးများတွင် ပိုမိုအဖြစ်များသော်လည်း မည်သည့်အသက်အရွယ်တွင်မဆို ဖြစ်ပွားနိုင်ပါသည်။ တစ်ခါတရံမှသာ အိပ်မက်ဆိုးမက်ခြင်းသည် ပုံမှန်သာဖြစ်ပြီး စိုးရိမ်စရာ မရှိပါ။

ကလေးများတွင် အသက် ၃ နှစ်မှ ၆ နှစ်အတွင်း အိပ်မက်ဆိုးများ စတင်မက်လေ့ရှိပြီး အသက် ၁၀ နှစ်နောက်ပိုင်းတွင် သိသိသာသာ လျော့နည်းသွားတတ်ပါသည်။ လူပျိုဖော်အပျိုဖော်ဝင်စအရွယ်နှင့် လူငယ်ဘဝတွင် မိန်းကလေးများသည် အမျိုးသားများထက် အိပ်မက်ဆိုး ပိုမိုမက်လေ့ရှိပါသည်။ သို့သော် အချို့သူများသည် လူကြီးဘဝအထိ သို့မဟုတ် တစ်သက်လုံး အိပ်မက်ဆိုးများ ဆက်လက်မက်နေတတ်ကြပါသည်။

အိပ်မက်ဆိုးမက်ခြင်းမှာ အဖြစ်များသော်လည်း အိပ်မက်ဆိုးဆိုင်ရာ ဝေဒနာ ဖြစ်ပွားမှုမှာမူ ရှားပါးပါသည်။ ၎င်းဝေဒနာသည် အိပ်မက်ဆိုးများ မကြာခဏမက်ခြင်းကြောင့် စိတ်သောကရောက်ခြင်း၊ အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်း၊ နေ့ဘက်လုပ်ငန်းဆောင်တာများ ထိခိုက်ခြင်း သို့မဟုတ် အိပ်ရမည်ကို ကြောက်ရွံ့ခြင်း စသည်တို့ဖြင့် လက္ခဏာရပ် တည်ပါသည်။

ရောဂါလက္ခဏာများ

အိပ်မက်ဆိုးများသည် ည၏ ဒုတိယပိုင်းတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး တစ်ညတည်းတွင် တစ်ကြိမ် သို့မဟုတ် အကြိမ်ပေါင်းများစွာလည်း ဖြစ်နိုင်ပါသည်။ အိပ်မက်ဆိုးများမှာ ခဏတာသာ ဖြစ်သော်လည်း ပြန်လည်အိပ်ပျော်ရန် ခက်ခဲစေပါသည်။ အိပ်မက်ဆိုးများ၏ ထူးခြားချက်များမှာ

  • ထင်ရှားပြတ်သားပြီး စိတ်အနှောင့်အယှက်ဖြစ်ခြင်း။ အိပ်မက်သည် အစစ်အမှန်ကဲ့သို့ ထင်ရှားနေပြီး အိပ်မက်ကြာလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာပါသည်။
  • ခြိမ်းခြောက်မှုဆိုင်ရာ အကြောင်းအရာများ။ အိပ်မက်သည် များသောအားဖြင့် မိမိ၏လုံခြုံရေး သို့မဟုတ် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် အကြောင်းအရာများ ဖြစ်တတ်ပါသည်။
  • ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများ။ အိပ်မက်မက်နေစဉ် ချွေးထွက်ခြင်း သို့မဟုတ် နှလုံးတုန်ခြင်းများ ပါဝင်နိုင်ပါသည်။
  • မှတ်မိနိုင်စွမ်း။ နိုးလာသည့်အခါ အိပ်မက်အသေးစိတ်ကို မှတ်မိနိုင်ပြီး ရှင်းရှင်းလင်းလင်း စဉ်းစားနိုင်ပါသည်။
  • ပြန်လည်အိပ်ပျော်ရန် ခက်ခဲခြင်း။ အိပ်မက်ကြောင့် စိတ်သောကရောက်နေသဖြင့် ချက်ချင်းပြန်အိပ်ရန် ခက်ခဲစေပါသည်။
  • နိုးလာခြင်း။ အိပ်မက်ဆိုးကြောင့် အိပ်ပျော်နေရာမှ လန့်နိုးလာတတ်ပါသည်။
  • စိတ်ခံစားမှုဆိုင်ရာ သက်ရောက်မှု။ နိုးလာပြီးနောက် ကြောက်ရွံ့ခြင်း၊ စိုးရိမ်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း သို့မဟုတ် ရွံရှာခြင်းများ ခံစားရနိုင်ပါသည်။

အောက်ပါအခြေအနေများ ဖြစ်ပေါ်လာပါက အိပ်မက်ဆိုးမက်ခြင်းကို အလေးထားသင့်သည်

  • အိပ်မက်ဆိုးများ မကြာခဏ ဖြစ်ပွားခြင်း
  • အမူအကျင့်ဆိုင်ရာ ပြဿနာများ။ အိပ်ချိန်ရောက်လျှင် ငြင်းဆန်ခြင်း သို့မဟုတ် အမှောင်ကို ကြောက်ခြင်း။
  • လုပ်ဆောင်နိုင်စွမ်း ထိခိုက်ခြင်း။ အာရုံစူးစိုက်မှု၊ မှတ်ဉာဏ် သို့မဟုတ် အလုပ်နှင့် ကျောင်းကိစ္စများတွင် အခက်အခဲရှိခြင်း။
  • နေ့ဘက်တွင် စိတ်သောကရောက်ခြင်း။ နေ့ဘက်တွင် အမြဲစိုးရိမ်နေခြင်း သို့မဟုတ် နောက်တစ်ကြိမ် အိပ်မက်ဆိုးမက်မည်ကို ကြောက်နေခြင်း။

မိမိ၏ကလေးတွင် အိပ်မက်ဆိုးများ မကြာခဏဖြစ်နေပါက ကလေးရော မိဘများပါ စိတ်ပင်ပန်းရနိုင်ပါသည်။ အကယ်၍ အိပ်မက်ဆိုးများက

  • အချိန်ကြာမြင့်စွာ မကြာခဏဖြစ်နေလျှင်၊
  • နေ့ဘက်လုပ်ဆောင်ချက်များကို ထိခိုက်လာလျှင်၊
  • သို့မဟုတ် အိပ်ရမည်ကို ကြောက်လာလျှင်
  • အိပ်စက်ခြင်းစက်ဝန်း ထိခိုက်လာလျှင် ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။

ဖြစ်ရသည့်အကြောင်းရင်းများ

အိပ်မက်ဆိုးဆိုင်ရာ ဝေဒနာသည် အိပ်ပျော်နေစဉ် သို့မဟုတ် နိုးခါနီးတွင် ဖြစ်ပေါ်တတ်သော ပုံမှန်မဟုတ်သည့် အမူအကျင့်များ (Parasomnias) အမျိုးအစားတွင် ပါဝင်ပါသည်။ အိပ်မက်ဆိုးများသည် များသောအားဖြင့် အိပ်စက်မှု၏ REM အဆင့်တွင် ဖြစ်ပေါ်လေ့ရှိသော်လည်း အကြောင်းရင်းအတိအကျကိုမူ ရှင်းလင်းစွာ မသိရသေးပါ။

အိပ်မက်ဆိုးမက်စေနိုင်သည့် အချက်များမှာ

  • အိပ်ရေးပျက်ခြင်း။ အိပ်ချိန်မမှန်ခြင်း သို့မဟုတ် အိပ်စက်မှု အနှောင့်အယှက်ဖြစ်ခြင်းတို့ကြောင့် အိပ်မက်ဆိုး ပိုမက်နိုင်ပါသည်။ အိပ်မပျော်သည့်ရောဂါ (Insomnia) ရှိသူများတွင် ပို၍ အဖြစ်များသည်ဟု ဆိုနိုင်ပါသည်။
  • စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု။ အိမ် သို့မဟုတ် ကျောင်းရှိ နေ့စဉ်စိတ်ဖိစီးမှုများ၊ နေထိုင်မှုပုံစံ ပြောင်းလဲခြင်း သို့မဟုတ် ချစ်ခင်ရသူကို ဆုံးရှုံးရခြင်းတို့က အိပ်မက်ဆိုးမက်စေနိုင်ပါသည်။
  • စိတ်ဒဏ်ရာ။ မတော်တဆမှုများ၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် အနိုင်ကျင့်ခံရခြင်းကဲ့သို့သော စိတ်ဒဏ်ရာရစေသည့် အဖြစ်အပျက်များနောက်ပိုင်းတွင် အိပ်မက်ဆိုးများ မက်တတ်ပါသည်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့်ဖြစ်သော စိတ်ဖိစီးမှုဝေဒနာ (PTSD) ရှိသူများတွင် ပိုမိုတွေ့ရပါသည်။
  • ကြောက်မက်ဖွယ်ရာများကို ကြည့်ရှုခြင်း။ အိပ်ခါနီးတွင် ကြောက်စရာကောင်းသော စာအုပ်များဖတ်ခြင်း သို့မဟုတ် ရုပ်ရှင်များကြည့်ခြင်းက အချို့သူများအတွက် အိပ်မက်ဆိုးမက်စေသော အချက်ဖြစ်ပါသည်။
  • ဆေးဝါးများ။ စိတ်ကျရောဂါကုဆေး၊ သွေးတိုးကျဆေး၊ Beta blockers နှင့် ပါကင်ဆန်ရောဂါကုဆေး အချို့ကြောင့် အိပ်မက်ဆိုးမက်နိုင်ပါသည်။
  • မူးယစ်ဆေးနှင့် အရက်။ အရက် သို့မဟုတ် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း သို့မဟုတ် ၎င်းတို့ကို ဖြတ်တောက်လိုက်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။
  • အခြားရောဂါများ။ စိတ်ကျရောဂါ၊ နှလုံးရောဂါ သို့မဟုတ် ကင်ဆာကဲ့သို့သော ဝေဒနာများရှိသူများတွင်လည်း အိပ်မက်ဆိုးနှင့် ဆက်စပ်နေတတ်ပါသည်။

ဖြစ်နိုင်ခြေရှိသောအချက်များ

မိသားစုဝင်ထဲတွင် အိပ်မက်ဆိုးမက်တတ်သူ သို့မဟုတ် အိပ်ပျော်နေစဉ် စကားပြောတတ်သူများ ရှိပါက မိမိတွင်လည်း အိပ်မက်ဆိုးမက်နိုင်ခြေ ပိုများပါသည်။

ရောဂါရှာဖွေခြင်း

အိပ်မက်ဆိုးဆိုင်ရာ ဝေဒနာကို ပုံမှန်စစ်ဆေးမှုများဖြင့် ရှာဖွေလေ့မရှိဘဲ မိမိ၏နေ့စဉ်ဘဝကို ထိခိုက်လာမှသာ ရောဂါအဖြစ် သတ်မှတ်ပါသည်။ ဆရာဝန်သည် အောက်ပါအတိုင်း စစ်ဆေးနိုင်ပါသည်

  • ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း။ အခြားရောဂါအခံ ရှိမရှိ စစ်ဆေးမည်ဖြစ်ပါသည်။ စိတ်ပိုင်းဆိုင်ရာကြောင့်ဟု သံသယရှိပါက စိတ်ကျန်းမာရေးပညာရှင်နှင့် လွှဲပြောင်းပေးနိုင်ပါသည်။
  • ရောဂါလက္ခဏာများကို ဆွေးနွေးခြင်း။ သင်၏ အိပ်စက်မှုအလေ့အထ၊ မိသားစုရာဇဝင်နှင့် အိပ်မက်အတွေ့အကြုံများကို အသေးစိတ် မေးမြန်းလိမ့်မည်။
  • ညဘက် အိပ်စက်မှုအား စစ်ဆေးခြင်း။ အိပ်စက်မှု အလွန်အမင်း အနှောင့်အယှက်ဖြစ်ပါက ဓာတ်ခွဲခန်းတွင် တစ်ညအိပ်၍ ဦးနှောက်လှိုင်းများ၊ နှလုံးခုန်နှုန်း၊ အသက်ရှူနှုန်းနှင့် ခြေလက်လှုပ်ရှားမှုများကို စစ်ဆေးခြင်း ပြုလုပ်နိုင်ပါသည်။

ကုသခြင်း

များသောအားဖြင့် အိပ်မက်ဆိုးများအတွက် ကုသမှု ခံယူရန် မလိုအပ်ပါ။ သို့သော် အိပ်မက်ဆိုးများကြောင့် နေ့စဉ်ဘဝ ထိခိုက်လာပါက အောက်ပါအတိုင်း ကုသနိုင်ပါသည်

  • ဆေးဝါးဖြင့် ကုသခြင်း။ အိပ်မက်ဆိုးအတွက် ဆေးသောက်ရန် လိုအပ်ခဲသော်လည်း PTSD နှင့် ဆက်စပ်သော ပြင်းထန်သည့် အိပ်မက်ဆိုးများအတွက် ဆေးဝါးညွှန်ကြားနိုင်ပါသည်။
  • စိတ်ဖိစီးမှု လျှော့ချခြင်း။ စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုကြောင့် ဖြစ်ပါက နှစ်သိမ့်ဆွေးနွေးခြင်း၊ စိတ်ကုထုံး သို့မဟုတ် စိတ်အပန်းဖြေနည်းများဖြင့် ကုသနိုင်ပါသည်။
  • အခြေခံရောဂါကို ကုသခြင်း။ အခြားရောဂါတစ်ခုခုကြောင့် အိပ်မက်ဆိုးမက်ခြင်းဖြစ်ပါက ထိုရောဂါကို အရင်ကုသရန် လိုအပ်ပါသည်။
  • အိပ်မက်ပုံဖော် လေ့ကျင့်ခန်း (Imagery rehearsal therapy)။ ၎င်းသည် မိမိမှတ်မိနေသော အိပ်မက်ဆိုး၏ အဆုံးသတ်ကို နိုးနေစဉ်အတွင်း ကြောက်စရာမကောင်းသော ပုံစံအဖြစ် ပြောင်းလဲတွေးတော လေ့ကျင့်ခြင်းဖြစ်ပါသည်။ ဤနည်းလမ်းသည် အိပ်မက်ဆိုးမက်သည့် အကြိမ်အရေအတွက်ကို လျှော့ချပေးနိုင်သည့် အလားအလာရှိပါသည်။

Doctors who treat this condition