မရှိတော့သောအင်္ဂါအစိတ်အပိုင်းတွင်နာကျင်ခြင်း
အကျဉ်းချုပ်အကြောင်းအရာ
မရှိတော့သော အင်္ဂါအစိတ်အပိုင်းတွင် နာကျင်ခြင်းဆိုသည်မှာ ခွဲစိတ်မှုကြောင့်ဖြစ်စေ၊ မတော်တဆမှုကြောင့်ဖြစ်စေ ဖြတ်တောက်လိုက်ရသော ခြေလက် သို့မဟုတ် အင်္ဂါအစိတ်အပိုင်းတစ်ခုခု ရှိနေသေးသကဲ့သို့ ပြင်းထန်စွာ နာကျင်မှုကို ခံစားရခြင်းဖြစ်သည်။ ဤနာကျင်မှုသည် စက္ကန့်ပိုင်းမှ ရက်ပေါင်းများစွာအထိ ကြာမြင့်နိုင်ပြီး နာကျင်မှုပမာဏလည်း ကွဲပြားနိုင်သည်။ ၎င်းအပြင် အောက်ပါ အခြေအနေနှစ်မျိုးကိုလည်း တွဲဖက်ခံစားရနိုင်သည်။
- မရှိတော့သော်လည်း ရှိနေသကဲ့သို့ ခံစားရခြင်း။ ၎င်းသည် ဖြတ်ထားသောအင်္ဂါမှာ ခန္ဓာကိုယ်တွင် ရှိနေဆဲဟု ခံစားရခြင်းဖြစ်ပြီး နာကျင်မှုတော့ မရှိပေ။ ဥပမာအားဖြင့် မရှိတော့သော ခြေလက်ကို လှုပ်ရှားနိုင်သည်ဟု ထင်မြင်နေခြင်း သို့မဟုတ် ခြေထောက် မရှိတော့သည်ကို မေ့လျော့ပြီး လမ်းထလျှောက်ရန် ကြိုးစားခြင်းမျိုးဖြစ်သည်။
- ဖြတ်ထားသည့် နေရာတွင် နာကျင်ခြင်း။ ဤနာကျင်မှုသည် ဖြတ်တောက်ပြီး ကျန်ရှိနေသော အစိတ်အပိုင်း (ငုတ်) တွင်သာ ဖြစ်ပေါ်လေ့ရှိသည်။ များသောအားဖြင့် အာရုံကြော ထိခိုက်ခြင်း သို့မဟုတ် အာရုံကြော ညှပ်ခြင်းတို့ကြောင့် ဖြစ်တတ်သည်။ အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ထားရသူ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်တွင် ဤဝေဒနာကို ခံစားရလေ့ရှိသည်။
ဤသို့ ခက်ခဲသော အခြေအနေများ ရှိနေသော်လည်း ဝေဒနာရှင်များ၏ လူနေမှုဘဝ အရည်အသွေး တိုးတက်လာစေရန်နှင့် နာကျင်မှုကို သက်သာစေရန် ကုသစီမံနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။
ရောဂါလက္ခဏာများ။
ဤနာကျင်မှု လက္ကဏာများသည် ခဏတာဖြစ်စေ၊ ရက်အတော်ကြာသည်အထိဖြစ်စေ ခံစားရနိုင်သည်။ အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ပြီး ပထမ ခြောက်လအတွင်းတွင် နာကျင်မှု အကြိမ်အရေအတွက်နှင့် ပြင်းထန်မှု လျော့ပါးသွားတတ်သော်လည်း ရှစ်ဆယ် ရာခိုင်နှုန်းခန့်မှာ နှစ်နှစ်အထိ ဆက်လက်ခံစားရနိုင်သည်။
နာကျင်မှုနှင့်အတူ အောက်ပါအတိုင်း ခံစားရနိုင်သည်။
- ပူစပ်ပူလောင်ဖြစ်ခြင်း သို့မဟုတ် ကိုက်ခဲခြင်း။
- ညှစ်ထားခြင်း၊ ဆွဲလိမ်ထားခြင်း သို့မဟုတ် တစ်ခုခုနှင့် ညှပ်ထားသကဲ့သို့ ခံစားရခြင်း။
- ယားယံခြင်း သို့မဟုတ် တစစ်စစ် ဖြစ်ခြင်း။
- စူးခနဲ နာကျင်ခြင်း သို့မဟုတ် ထိုးသကဲ့သို့ နာခြင်း။
- တဒိတ်ဒိတ် ခုန်နေခြင်း။
- အင်္ဂါအစိတ်အပိုင်း လိမ်နေသကဲ့သို့ ခံစားရခြင်း။
အကယ်၍ အောက်ပါ အခြေအနေများ ရှိပါက ဆရာဝန်နှင့် ပြသရန် လိုအပ်သည်။
- ဖျားခြင်း သို့မဟုတ် ဖြတ်ထားသော နေရာတွင် နီရဲလာခြင်းကဲ့သို့သော ပိုးဝင်သည့် လက္ခဏာများ ရှိလျှင်။
- အိပ်မရသည်အထိ သို့မဟုတ် နေ့စဉ်လုပ်ငန်းဆောင်တာများကို မလုပ်နိုင်သည်အထိ ပြင်းထန်စွာ နာကျင်လျှင်။
ဖြစ်ပွားရသောအကြောင်းရင်းများ။
ဖြတ်ထားသည့် နေရာ (ငုတ်) တွင် နာကျင်ရခြင်းမှာ အကြောင်းရင်း အမျိုးမျိုးကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
- အညိုအမဲစွဲခြင်း၊
- အရိုးပိုးဝင်ခြင်း သို့မဟုတ် အရိုးအတက်ထွက်ခြင်း။
- အာရုံကြော ထိခိုက်ခြင်းကြောင့် ဖြစ်သော နာကျင်မှု သို့မဟုတ် အာရုံကြော ရောင်ရမ်းခြင်း။
- သွေးလှည့်ပတ်မှု မကောင်းခြင်း။
- ခြေတုလက်တုနှင့် အံဝင်ခွင်ကျ မရှိခြင်း။
- အိပ်ရာနာဖြစ်ခြင်း သို့မဟုတ် ဖိအားကြောင့် ဖြစ်သော ဒဏ်ရာများ။
- အရေပြား သို့မဟုတ် ဒဏ်ရာတွင် ပိုးဝင်ခြင်း။
ဖြစ်နိုင်ခြေပိုများစေသောအချက်များ။
အင်္ဂါအစိတ်အပိုင်း ဖြတ်တောက်ထားရသူ မည်သူမဆို ဤဝေဒနာကို ခံစားရနိုင်သည်။ အချို့သော ဝေဒနာရှင်များသည် ခြေတုလက်တု မတပ်ဆင်ထားချိန်တွင် ပိုမိုနာကျင်တတ်သည်။ အောက်ပါ အခြေအနေများသည် နာကျင်မှုကို ပိုမိုဆိုးရွားစေနိုင်သည်။
- ရင်ဘတ်အောင့်ခြင်း။
- လေဖိအား သို့မဟုတ် အပူချိန် ပြောင်းလဲခြင်း။
- ဝမ်းချုပ်ခြင်း။
- ရေယုန်ဖြစ်ခြင်း။
- ထိတွေ့မှု သို့မဟုတ် လိင်ဆက်ဆံခြင်း။
- ဆေးလိပ်သောက်ခြင်း။
- စိတ်ဖိစီးမှု။
ရောဂါရှာဖွေခြင်း
ပိုးဝင်ခြင်းနှင့် အခြားသော အကြောင်းရင်းများကို သိရှိနိုင်ရန် ဆရာဝန်သည် ခန္ဓာကိုယ်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေရေး စစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မည်။ ၎င်းစစ်ဆေးမှုများတွင် အသံလှိုင်းဖြင့် ပုံရိပ်ဖော် စစ်ဆေးခြင်းနှင့် သွေးစစ်ခြင်းများ ပါဝင်နိုင်ပါသည်။ အကယ်၍ နာကျင်မှု၏ အရင်းအမြစ်ကို တိကျစွာ မသိရပါက သင်ခံစားနေရသော လက္ခဏာများအပေါ် မူတည်၍ ဤဝေဒနာအဖြစ် ဆရာဝန်က သတ်မှတ်ပါလိမ့်မည်။
ကုသခြင်း။
ကုသမှု၏ အဓိက ရည်ရွယ်ချက်မှာ ခံစားနေရသော ဝေဒနာများကို လျှော့ချပေးရန် ဖြစ်သည်။ ၎င်းတို့တွင် အောက်ပါတို့ ပါဝင်သည်-
- စိတ်ကျရောဂါ ကုသဆေးများ။
- အတက်ကျဆေးများ။
- နှလုံးခုန်နှုန်းနှင့် သွေးဖိအား ထိန်းဆေးများ။
- ကြွက်သားဖြေလျှော့ဆေးများ။
- အရောင်ကျဆေးများနှင့် အကိုက်အခဲပျောက်ဆေးများ။
- ဦးနှောက်၊ ခါးရိုးဆစ် အာရုံကြောမကြီး သို့မဟုတ် အာရုံကြောများသို့ လျှပ်စစ်လှိုင်းများ ပေးပို့ကာ ကုသသော နည်းလမ်းများ။
သုတေသနများအရ မှန်ကို အသုံးပြု၍ ကုသသော နည်းလမ်းသည် ဤနာကျင်မှု ဝေဒနာကို သက်သာစေရန် များစွာ အထောက်အကူ ဖြစ်စေကြောင်း တွေ့ရှိရသည်။ ဤကုထုံးတွင် ဝေဒနာရှင်သည် ကျန်ရှိနေသော ခြေလက်၏ ပုံရိပ်ကို မှန်ထဲတွင် ကြည့်ပြီး တစ်နေ့လျှင် မိနစ် ၂၀ ခန့် လေ့ကျင့်ခန်း ပြုလုပ်ရပါသည်။ ဤသို့ ပြုလုပ်ခြင်းက ခြေလက်နှစ်ဖက်လုံး ကျန်းမာစွာ ရှိနေသည်ဟု ဦးနှောက်ကို ထင်ယောင်ထင်မှား ဖြစ်စေပါသည်။ အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်က ဤပုံရိပ်ကို လက်ခံသွားပြီး နာကျင်မှုကို လျှော့ချပေးနိုင်ပါသည်။ စဉ်ဆက်မပြတ် သက်သာစေရန် လေ့ကျင့်ခန်းများကို ထပ်ခါတလဲလဲ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ကျွမ်းကျင်သော ကုထုံးပညာရှင်နှင့် တိုင်ပင်ခြင်းဖြင့် ဤလေ့ကျင့်ခန်းများကို ပိုမိုထိရောက်စွာ ပြုလုပ်နိုင်ပါသည်။
အခြားသော ကုသနည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်-
- အပ်စိုက်ကုသခြင်း။
- စိတ်နှင့် ခန္ဓာ တုံ့ပြန်မှု ထိန်းချုပ်ခြင်း။
- အနှိပ်ခံခြင်း။
- တရားထိုင်ခြင်း သို့မဟုတ် သတိပဋ္ဌာန် ပွားများခြင်း။
