အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါ
အကျဉ်းချုပ်
အစာအိမ်ထွက်ပေါက် ကြွက်သားထူပြီး ကျဉ်းမြောင်းခြင်း ရောဂါ (Pyloric stenosis) သည် မွေးကင်းစကလေးငယ်များတွင် တွေ့ရခဲသော အခြေအနေတစ်ရပ် ဖြစ်ပါသည်။ ဤရောဂါသည် အစားအစာများကို အူသိမ်အတွင်းသို့ ဆက်လက်စီးဆင်းမသွားနိုင်အောင် တားဆီးပိတ်ပင်ထားတတ်ပါသည်။ ၎င်းသည် ကလေးငယ်၏ အစာအိမ်နှင့် အူသိမ်အကြားရှိ Pylorus ဟုခေါ်သော အစာအိမ်ထွက်ပေါက် အစိတ်အပိုင်းကို ထိခိုက်စေခြင်း ဖြစ်ပါသည်။ အဆိုပါ အစာအိမ်ထွက်ပေါက် ကြွက်သားများ ထူထဲလာပြီး ကျဉ်းမြောင်းသွားသည့်အခါ အစားအစာများ ဖြတ်သန်းစီးဆင်းမှုကို ကန့်သတ်လိုက်သကဲ့သို့ ဖြစ်သွားပါသည်။
Pylorus ဆိုသည်မှာ အစာအိမ်နှင့် အူသိမ်အကြားရှိ ကြွက်သားအူတံခါး (Sphincter) ဖြစ်ပြီး ပုံမှန်အားဖြင့် အစားအစာများကို နောက်တစ်ဆင့်သို့ မကူးပြောင်းမီ အစာအိမ်အတွင်း၌ ထိန်းသိမ်းထားပေးသည့် တာဝန်ကို လုပ်ဆောင်ပါသည်။ ဤရောဂါဖြစ်ပွားသောအခါ အစာအိမ်ထွက်ပေါက် ကြွက်သားများ ပုံမှန်မဟုတ်ဘဲ ထူထဲကြီးမားလာခြင်းကြောင့် အစားအစာများမှာ အူသိမ်သို့ မရောက်ရှိနိုင်တော့ဘဲ ပိတ်ဆို့မှုကို ဖြစ်စေပါသည်။
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်းကြောင့် ကလေးငယ်များတွင် ပြင်းထန်စွာ အန်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ ထိုသို့ ခဏခဏ အန်ခြင်းကြောင့် ကလေးငယ်အများစုမှာ ကိုယ်အလေးချိန်တက်ရန် အခက်အခဲရှိတတ်ကြပါသည်။ ဤရောဂါ ခံစားနေရသော ကလေးငယ်များသည် အစဉ်အမြဲ ဆာလောင်နေသည့် လက္ခဏာမျိုးလည်း ပြသတတ်ပါသည်။
ဤရောဂါအတွက် ကုသမှုမှာ ခွဲစိတ်ကုသသည့် နည်းလမ်းပင် ဖြစ်ပါသည်။
ရောဂါလက္ခဏာများ
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါလက္ခဏာများသည် များသောအားဖြင့် ကလေးမွေးဖွားပြီးနောက် ၃ ပတ်မှ ၅ ပတ်အတွင်း စတင်တွေ့ရှိရလေ့ရှိပါသည်။ အသက် ၃ လထက်ကျော်လွန်သော ကလေးငယ်များတွင် ဤရောဂါဖြစ်ပွားမှုမှာ အလွန်ရှားပါးပါသည်။ ရောဂါလက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်နိုင်ပါသည်။
- ပြင်းထန်စွာ အန်ခြင်း: ကလေးငယ်သည် နို့ရည်များကို ပေအနည်းငယ်ခန့်အကွာအဝေးအထိ ရောက်ရှိအောင် အရှိန်ပြင်းစွာ အန်ထုတ်တတ်ပါသည်။ အစပိုင်းတွင် အနည်းငယ်သာ အန်သော်လည်း အစာအိမ်ထွက်ပေါက် တဖြည်းဖြည်း ကျဉ်းမြောင်းလာသည်နှင့်အမျှ အန်ခြင်းမှာ ပိုမိုဆိုးရွားလာတတ်ပါသည်။ တစ်ခါတစ်ရံတွင် အန်ဖတ်ထဲ၌ သွေးစများ ပါရှိလာနိုင်ပါသည်။
- ရေဓာတ်ခမ်းခြောက်ခြင်း: ကလေးငယ်သည် ငိုသော်လည်း မျက်ရည်မထွက်ခြင်း သို့မဟုတ် အားအင်ကုန်ခမ်းနေသည့်ပုံစံမျိုး ဖြစ်ပေါ်နိုင်ပါသည်။ ထို့အပြင် ပုံမှန်ထက် အနှီးလဲရသည့်အကြိမ်အရေအတွက် နည်းပါးသွားခြင်း သို့မဟုတ် အနှီးတွင် ဆီးစိုရွှဲမှုမရှိခြင်းတို့ကို တွေ့ရှိရနိုင်ပါသည်။
- အစဉ်အမြဲ ဆာလောင်နေခြင်း: ဤရောဂါရှိသော ကလေးငယ်များသည် အန်ပြီးပြီးချင်းတွင် ချက်ချင်းဆိုသလို နို့ပြန်တောင်းတတ်ကြပါသည်။
- အစာအိမ် လှုပ်ရှားကျုံ့ဆန့်ခြင်း: နို့တိုက်ပြီးနောက် မအန်မီအချိန်တွင် ကလေးငယ်၏ ဝမ်းဗိုက်အထက်ပိုင်း၌ လှိုင်းသဏ္ဌာန် ကြွက်သားကျုံ့ဆန့်မှုကို တွေ့မြင်ရနိုင်ပါသည်။ ၎င်းကို Peristalsis ဟုခေါ်ဆိုပြီး ကျဉ်းမြောင်းနေသော အစာအိမ်ထွက်ပေါက်မှတစ်ဆင့် အစားအစာများကို တွန်းထုတ်ရန် အစာအိမ်ကြွက်သားများက ကြိုးစားလုပ်ဆောင်ခြင်း ဖြစ်ပါသည်။
- ကိုယ်အလေးချိန် မပြည့်မီခြင်း: ဤရောဂါသည် ကိုယ်အလေးချိန် လျော့ကျစေရုံသာမက မွေးကင်းစကလေးငယ်၏ ကိုယ်အလေးချိန် တိုးတက်မှုကိုလည်း ဟန့်တားနိုင်ပါသည်။
- ဝမ်းသွားမှု အပြောင်းအလဲဖြစ်ခြင်း: အစားအစာများမှာ အူလမ်းကြောင်းအတွင်းသို့ မရောက်ရှိနိုင်တော့သည့်အတွက် ဝမ်းချုပ်ခြင်း ဝေဒနာကိုလည်း ခံစားရနိုင်ပါသည်။
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါရှိသော မွေးကင်းစကလေးငယ် အများစုသည် ယေဘုယျအားဖြင့် ကျန်းမာသကဲ့သို့ ထင်ရတတ်ပါသည်။ ထို့ကြောင့် ကလေးငယ်များ ပြင်းထန်စွာ အာဟာရချို့တဲ့ခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်းများ မဖြစ်ပေါ်မီအချိန်အထိ မိဘများအနေဖြင့် ပုံမှန်မဟုတ်သော အခြေအနေတစ်စုံတစ်ရာ ရှိနေသည်ကို သတိမပြုမိဘဲ ရှိနေနိုင်ပါသည်။ ထို့အပြင် ကလေးငယ်၏ အရေပြားနှင့် မျက်လုံးအဖြူသားများ ဝါလာခြင်း (အသားဝါခြင်း) လက္ခဏာများလည်း စတင်ဖြစ်ပေါ်လာနိုင်ပါသည်။
ကလေးငယ်သည် နို့တိုက်ပြီးတိုင်း မကြာခဏ အန်ခြင်း အပါအဝင် အထက်ဖော်ပြပါ ရောဂါလက္ခဏာများ ခံစားနေရပါက နီးစပ်ရာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံသို့ အချိန်နှင့်တပြေးညီ ပြသ၍ ကုသမှုခံယူသင့်ပါသည်။
ရောဂါဖြစ်ပွားစေသော အကြောင်းရင်းများ
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါ ဖြစ်ပွားရသည့် အကြောင်းရင်း အတိအကျကို ယနေ့ထက်တိုင် မသိရှိရသေးသော်လည်း ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များနှင့် မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်များ ဆက်နွှယ်မှု ရှိနိုင်ပါသည်။ ဤရောဂါသည် များသောအားဖြင့် မွေးရာပါ အခြေအနေမျိုး မဟုတ်ဘဲ မွေးဖွားပြီး နောက်ပိုင်းကာလမှသာ ပေါ်ပေါက်လာတတ်သော အခြေအနေမျိုး ဖြစ်နိုင်ခြေ ပိုများပါသည်။
ဖြစ်ပွားနိုင်ခြေရှိသော အချက်များ
အောက်ပါအချက်များကြောင့် အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါဖြစ်ပွားရန် အခွင့်အလမ်း ပိုမိုများပြားနိုင်ပါသည် –
- မိသားစုရာဇဝင်: လေ့လာမှုများအရ အချို့သော မိသားစုများတွင် ဤရောဂါဖြစ်ပွားမှုနှုန်း ပိုမိုမြင့်မားသည်ကို တွေ့ရှိရပါသည်။ ဤရောဂါရှိသော မွေးကင်းစကလေးငယ်များ၏ ၁၅ ရာခိုင်နှုန်းခန့်တွင် မျိုးရိုးဗီဇဆိုင်ရာ မိသားစုရာဇဝင် ရှိကြပါသည်။
- ကျား/မ ကွာခြားချက်: မိန်းကလေးငယ်များထက် ယောက်ျားလေးငယ်များတွင် ဤရောဂါ ပိုမိုဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် သားဦးများတွင် ပိုမိုတွေ့ရှိရတတ်ပါသည်။
- လူမျိုးစု: လူဖြူမျိုးနွယ်စုများနှင့် ဟစ်စပန်းနစ် (Hispanic) နွယ်ဖွား ကလေးငယ်များတွင် ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားပါသည်။
- လမစေ့ဘဲ မွေးဖွားခြင်း: ကိုယ်ဝန်လစေ့မှ မွေးဖွားသော ကလေးငယ်များထက် လမစေ့ဘဲ မွေးဖွားလာသော ကလေးငယ်များတွင် ဤရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများပါသည်။
- ဆေးလိပ်သောက်ခြင်း: ကိုယ်ဝန်ဆောင်စဉ်အတွင်း ဆေးလိပ်သောက်သော မိခင်များမှ မွေးဖွားလာသည့် ကလေးငယ်များတွင် အန္တရာယ် ပိုမိုများပြားပါသည်။ ဆေးလိပ်သောက်သည့် အလေ့အထကြောင့် ဤရောဂါဖြစ်ပွားနိုင်ခြေမှာ နှစ်ဆခန့်အထိ မြင့်တက်သွားနိုင်ပါသည်။
- ပိုးသတ်ဆေး အသုံးပြုမှု: မွေးကင်းစကလေးငယ် ဘဝ ပထမဆုံး ရက်သတ္တပတ်အနည်းငယ်အတွင်း ကြက်ညှာချောင်းဆိုးရောဂါ ကုသရန် Erythromycin ကဲ့သို့သော အချို့သော ပိုးသတ်ဆေးများ တိုက်ကျွေးခြင်း ခံရသည့် ကလေးငယ်များတွင် ဤရောဂါဖြစ်နိုင်ခြေ ပိုများပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင် နောက်ဆုံး သုံးလပတ်အတွင်း အချို့သော ပိုးသတ်ဆေးများ သောက်သုံးခဲ့သည့် မိခင်များ၏ ကလေးငယ်များတွင်လည်း ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားနိုင်ပါသည်။
- နို့ဘူးတိုက်ခြင်း: အချို့သော သုတေသနများအရ မိခင်နို့တိုက်ကျွေးခြင်းထက် နို့ဘူးတိုက်ကျွေးခြင်းက ဤရောဂါဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေနိုင်သည်ဟု ဆိုပါသည်။ သို့သော် အဆိုပါ လေ့လာမှုများတွင် ပါဝင်သူအများစုမှာ မိခင်နို့ထက် နို့မှုန့်ကိုသာ အသုံးပြုခဲ့ကြသောကြောင့် ဤအန္တရာယ်မှာ နို့မှုန့်ကြောင့်လော သို့မဟုတ် နို့ဘူးဖြင့် တိုက်ကျွေးသည့် လုပ်ငန်းစဉ်ကြောင့်လော ဆိုသည်ကိုမူ တိကျစွာ မသိရှိရသေးပါ။
ရောဂါရှာဖွေခြင်း (Diagnosis)
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်း ရောဂါကို ရောဂါရှာဖွေရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်
- ကိုယ်ခန္ဓာအား စမ်းသပ်စစ်ဆေးခြင်း (Physical examination): ဆရာဝန်သည် ကလေးငယ်အား ကိုယ်ခန္ဓာစမ်းသပ်မှုများ ပြုလုပ်ခြင်းဖြင့် စတင်မည်ဖြစ်ပြီး ကလေးငယ်၏ အစာစားသည့် အလေ့အထများကိုလည်း မေးမြန်းပါလိမ့်မည်။ ကလေးငယ်၏ ဝမ်းဗိုက်ကို စမ်းသပ်စစ်ဆေးစဉ်အတွင်း အစာအိမ်ထွက်ပေါက်ရှိ ကြီးမားနေသော ကြွက်သားများကြောင့် ဖြစ်ပေါ်နေသည့် သံလွင်သီးပုံသဏ္ဌာန် အလုံးတစ်ခုကို စမ်းသပ်မိနိုင်ပါသည်။ ထို့အပြင် ကလေးငယ် မအန်မီအချိန်တွင် ဝမ်းဗိုက်၌ လှိုင်းသဏ္ဌာန် လှုပ်ရှားကျုံ့ဆန့်မှုများကိုလည်း ရံဖန်ရံခါ တွေ့ရှိနိုင်ပါသည်။
- သွေးစစ်ဆေးခြင်း (Blood test): မကြာခဏ အန်ခြင်းနှင့် ရေဓာတ်ခမ်းခြောက်ခြင်းတို့ကြောင့် ခန္ဓာကိုယ်အတွင်းရှိ အီလက်ထရိုလိုက် (Electrolyte) ခေါ် ဓာတ်ဆားဓာတ်များ မမျှတမှု ရှိ၊ မရှိ သိရှိနိုင်ရန် သွေးစစ်ဆေးမှုများ ပြုလုပ်ပါမည်။
- ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging test): အစာအိမ်ထွက်ပေါက်ကို ကြည့်ရှုရန်နှင့် ရောဂါရှိနေကြောင်း အတည်ပြုရန် အာထရာဆောင်း (Ultrasound) ရိုက်ခြင်းကို အသုံးပြုနိုင်ပါသည်။ အကယ်၍ အာထရာဆောင်း ရလဒ်မှာ ရှင်းလင်းမှုမရှိပါက ကလေးငယ်၏ အစာခြေစနစ်ကို အိတ်စ်ရေး (X-ray) ရိုက်၍ ထပ်မံစစ်ဆေးနိုင်ပါသည်။
ကုသမှု (Treatment)
ခွဲစိတ်ကုသခြင်း (Surgery)
ဤရောဂါကို ကုသရန် ခွဲစိတ်မှု ပြုလုပ်ရပါမည်။
- အစာအိမ်အထွက်ဝရှိ ကြွက်သားများ ထူနေမှုကို ဖြတ်တောက်ခွဲစိပ်ခြင်း (Pyloromyotomy): များသောအားဖြင့် ရောဂါရှာဖွေအတည်ပြုခြင်းနှင့် ခွဲစိတ်ကုသခြင်းကို တစ်နေ့တည်းတွင်ပင် စီစဉ်ဆောင်ရွက်လေ့ရှိပါသည်။ အကယ်၍ ကလေးငယ်တွင် ဓာတ်ဆားဓာတ် မမျှတခြင်း သို့မဟုတ် ရေဓာတ်ခမ်းခြောက်ခြင်းများ ရှိနေပါက ခွဲစိတ်မှုမပြုမီ သွေးကြောသွင်းအရည်များ (Fluid replacement) ဦးစွာ ပေးသွင်းရပါမည်။ ထိုအချိန်အတွင်း ကလေးငယ်၏ ရေဓာတ်ပြန်လည်ပြည့်ဝလာမှု အခြေအနေကို သိရှိနိုင်ရန် သွေးစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
Pyloromyotomy ခွဲစိတ်မှုတွင် ခွဲစိတ်ဆရာဝန်သည် ထူထဲနေသော အစာအိမ်ထွက်ပေါက် ကြွက်သား၏ အပြင်ဘက်အလွှာကိုသာ ခွဲကြောင်းဖော်၍ ဖယ်ရှားပေးခြင်းဖြင့် အတွင်းဘက်ရှိ အလွှာကို ဖောင်းထွက်လာစေပါသည်။ ၎င်းနည်းလမ်းသည် ကျဉ်းမြောင်းနေသော လမ်းကြောင်းကို ပွင့်သွားစေပြီး အစားအစာများ အူသိမ်အတွင်းသို့ ကောင်းမွန်စွာ စီးဆင်းသွားနိုင်ရန် ကူညီပေးပါသည်။
ဤခွဲစိတ်မှုကို ခန္ဓာကိုယ်အတွင်း ထိခိုက်မှုအနည်းဆုံးဖြစ်စေသော နည်းပညာများဖြင့် လုပ်ဆောင်လေ့ရှိပါသည်။ ကလေးငယ်၏ ချက်အနီးတွင် သေးငယ်သော ခွဲကြောင်းတစ်ခုဖော်ကာ ပုံရိပ်ကြည့်မှန်ပြောင်း (Laparoscope) ကို ထည့်သွင်း၍ ခွဲစိတ်ခြင်း ဖြစ်ပါသည်။ မှန်ပြောင်းဖြင့် ခွဲစိတ်ခြင်းသည် သာမန်ခွဲစိတ်မှုထက် နာလန်ထူသည့်ကာလ ပိုမိုမြန်ဆန်စေသည့်အပြင် ခွဲစိတ်ရာ အမာရွတ်မှာလည်း ပိုမိုသေးငယ်ပါသည်။
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်းအတွက် ခွဲစိတ်မှု ပြုလုပ်ပြီးသည့်တိုင်အောင် ကလေးငယ်များမှာ ဆက်လက်၍ အန်နိုင်ပါသေးသည်။ ထိုသို့ဖြစ်ရခြင်းမှာ ရောဂါပြန်လည်ဖြစ်ပွားခြင်းကြောင့် မဟုတ်နိုင်ပါ။ အန်ခြင်းမှာ ခွဲစိတ်စဉ်ပေးထားသော မေ့ဆေး၏ အရှိန်ကြောင့်ဖြစ်ခြင်း၊ နို့တိုက်ပြီးနောက် လေကောင်းမွန်စွာ ထုတ်မပေးခြင်း၊ အစားအစာ သို့မဟုတ် နို့ကို အလွန်မြန်ဆန်စွာနှင့် အလွန်အကျွံ စားသောက်မိခြင်းများကြောင့် ဖြစ်ပေါ်လာနိုင်ပါသည်။ အကယ်၍ ကလေးငယ်သည် ဆက်တိုက်ဆိုသလို မကြာခဏ အန်နေပါက အခြားစစ်ဆေးမှုများ ထပ်မံပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ ဆရာဝန်အဖွဲ့အနေဖြင့် အန်ခြင်းနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းပေးရန် ဆက်လက်ကူညီ ဆောင်ရွက်ပေးပါလိမ့်မည်။
အစာအိမ်ထွက်ပေါက် ကျဉ်းမြောင်းခြင်းအတွက် ခွဲစိတ်မှု ပြုလုပ်ရာတွင် သွေးထွက်ခြင်း သို့မဟုတ် ပိုးဝင်ခြင်းများ ကြုံတွေ့ရနိုင်သည့် အန္တရာယ် အနည်းငယ် ရှိနိုင်ပါသည်။ သို့သော်လည်း ခွဲစိတ်မှု ရလဒ်များသည် ယေဘုယျအားဖြင့် အလွန်ကောင်းမွန်ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်ပွားမှုမှာ အလွန်ရှားပါးပါသည်။
