အကျဉ်းချုပ်

ဆီးကျိတ်ဂလင်းသည် သစ်ကြားသီးပုံသဏ္ဌာန်ရှိသော ဂလင်းငယ်တစ်ခု ဖြစ်သည်။ ၎င်းသည် သုတ်ပိုးများကို အာဟာရပေးရန်နှင့် သယ်ဆောင်ရန်အတွက် သုတ်ရည်ကို ထုတ်ပေးသည်။ ဆီးကျိတ်ကင်ဆာသည် အဖြစ်အများဆုံး ကင်ဆာအမျိုးအစားများထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် အများအားဖြင့် ဖြည်းညှင်းစွာ ဖြစ်ပွားတတ်ပြီး အစောပိုင်းအဆင့်များတွင် ရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြလေ့မရှိပါ။

ဖြစ်ပွားရခြင်းအကြောင်းရင်းများ

ဆီးကျိတ်ဂလင်းရှိ ဆဲလ်များ၏ ဒီအန်အေ (DNA) များ ဖောက်ပြန်ပြောင်းလဲလာသောအခါ ထိုဆဲလ်များသည် လျင်မြန်စွာ ကွဲပွားလာပြီး ကျန်းမာသောဆဲလ်များ သေဆုံးသွားချိန်တွင်ပင် ဆက်လက်ရှင်သန်နေတတ်သည်။ ဤနည်းဖြင့် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားလာရခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များ ကြီးထွားလာသည်နှင့်အမျှ အကျိတ်တစ်ခု ဖြစ်ပေါ်လာပြီး အနီးနားရှိ တစ်ရှူးများကို ပျက်စီးစေနိုင်သည်။ ထို့နောက် ကုသမှုမခံယူဘဲ ထားရှိပါက ကင်ဆာဆဲလ်များသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည် (Metastasis)။

ဖြစ်ပွားနိုင်ခြေရှိသော အချက်များ

ဆီးကျိတ်ကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပါ။ အတွေ့ရများသော ဖြစ်ပွားနိုင်ခြေ အချက်များမှာ-

  • အသက်အရွယ်ကြီးရင့်ခြင်း (အသက် ငါးဆယ်ကျော်သူများ)
  • လူမျိုးစု (လူမည်းအမျိုးသားများ)
  • မိသားစုဝင်တစ်ဦးဦး (ဥပမာ- မိဘ၊ မောင်နှမ သို့မဟုတ် သားသမီး) တွင် ဆီးကျိတ်ကင်ဆာ ဖြစ်ပွားဖူးပါက မိမိတွင်လည်း ဤရောဂါဖြစ်ပွားနိုင်ခြေ ပိုများသည်။ ထို့အပြင် မိသားစုအတွင်း ရင်သားကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်မားခြင်း သို့မဟုတ် BRCA1 သို့မဟုတ် BRCA2 ကဲ့သို့သော ရင်သားကင်ဆာဆိုင်ရာ မျိုးရိုးဗီဇ ရာဇဝင်ရှိပါက ဆီးကျိတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ မြင့်မားပါသည်။
  • ကိုယ်အလေးချိန် လွန်ကဲခြင်း

ရောဂါလက္ခဏာများ

အစောပိုင်းအဆင့် ဆီးကျိတ်ကင်ဆာသည် မည်သည့် လက္ခဏာမျှ မပြသနိုင်သော်လည်း ရောဂါအခြေအနေ ရင့်လာပါက အောက်ပါတို့ကို ခံစားရနိုင်သည်

  • ဆီးသွားရ ခက်ခဲခြင်း
  • ဆီးစီးဆင်းမှု အားနည်းခြင်း
  • ဆီးထဲတွင် သွေးပါခြင်း
  • သုတ်ရည်ထဲတွင် သွေးပါခြင်း
  • လိင်တံတောင့်တင်းရန် ခက်ခဲခြင်း
  • အရိုးအောင့်ခြင်း/နာကျင်ခြင်း
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း

အကယ်၍ ဤလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဆီးကျိတ်ကင်ဆာအတွက် စစ်ဆေးမှုများ

ဆီးကျိတ်ကင်ဆာ ရှိ၊ မရှိ သိရှိနိုင်ရန် အောက်ပါစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်-

  • စအိုအတွင်း လက်ချောင်းဖြင့် စမ်းသပ်ခြင်း (Digital rectal exam): ဆရာဝန်သည် ချောဆီသုတ်ထားသော လက်အိတ်စွပ်လက်ချောင်းကို စအိုအတွင်းသို့ ထည့်သွင်း၍ စအိုနှင့် ကပ်လျက်ရှိသော ဆီးကျိတ်ကို စမ်းသပ်ခြင်း ဖြစ်သည်။ ဆီးကျိတ်၏ ပုံသဏ္ဌာန်၊ အထိအတွေ့ သို့မဟုတ် အရွယ်အစားတွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများရှိပါက ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ရပါမည်။
  • PSA သွေးစစ်ခြင်း (Prostate-specific antigen blood test): သွေးထဲတွင် PSA ပမာဏ မြင့်မားနေခြင်းသည် ပိုးဝင်ခြင်း၊ ဆီးကျိတ်ရောင်ခြင်း သို့မဟုတ် ဆီးကျိတ်ကြီးခြင်းတို့ကို ညွှန်ပြသကဲ့သို့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ဖော်ပြသည်။

ဆီးကျိတ်ကင်ဆာကို အတည်ပြုခြင်း

စစ်ဆေးမှုရလဒ်များတွင် ပုံမှန်မဟုတ်သည်များကို တွေ့ရှိရပါက အောက်ပါတို့ကို ဆက်လက်လုပ်ဆောင်နိုင်ပါသည်-

  • စအိုမှတစ်ဆင့် အာထရာဆောင်းရိုက်ခြင်း (Transrectal ultrasound): ကိရိယာငယ်တစ်ခုကို စအိုအတွင်းသို့ ထည့်သွင်းပြီး အသံလှိုင်းများကို အသုံးပြု၍ ဆီးကျိတ်၏ ပုံရိပ်များကို ဖော်ထုတ်ခြင်းဖြစ်သည်။
  • သံလိုက်ဓာတ်မှန်ရိုက်ခြင်း (MRI): ဆီးကျိတ်၏ ပိုမိုအသေးစိတ်ကျသော ပုံရိပ်များကို ဖော်ထုတ်ပေးပြီး အသားစယူရန်အတွက် လမ်းညွှန်ပေးနိုင်သည်။
  • ဆီးကျိတ်အသားစယူခြင်း (Prostate biopsy): အပ်အသေးစားလေးကို အသုံးပြု၍ ကင်ဆာ ရှိ၊ မရှိ စစ်ဆေးရန်အတွက် ဆီးကျိတ်အသားစ နမူနာကို ယူခြင်းဖြစ်သည်။

ကင်ဆာ၏ ပြင်းထန်မှုကို သတ်မှတ်ခြင်း

ဆီးကျိတ်ကင်ဆာဆဲလ်များကို ပြင်းထန်မှုအပေါ် မူတည်၍ အောက်ပါအတိုင်း အဆင့်ခွဲခြားပါသည်-

  • Gleason score: ရောဂါပြင်းထန်မှုအပေါ် မူတည်၍ ဂဏန်းနှစ်လုံးပေါင်းကို အခြေခံကာ သတ်မှတ်သည်။ အဆင့်နည်းလျှင် မပြင်းထန်ဘဲ အဆင့်များလျှင် ပိုမိုပြင်းထန်သည်။
  • အဆင့် ၆ မှ ၁၀ အထိကို ဆီးကျိတ်ကင်ဆာဟု သတ်မှတ်ပြီး အဆင့် ၆ သည် ပြင်းထန်မှုနည်းသော ကင်ဆာ၊ အဆင့် ၇ သည် အလယ်အလတ်အဆင့်နှင့် အဆင့် ၈၊ ၉ သို့မဟုတ် ၁၀ သည် ပြင်းထန်သော ကင်ဆာများ ဖြစ်ကြသည်။
  • မျိုးရိုးဗီဇဆိုင်ရာ စစ်ဆေးခြင်း (Genomic testing): ကင်ဆာဆဲလ်များတွင် မည်သည့် မျိုးရိုးဗီဇဖောက်ပြန်မှု ရှိနေသလဲဆိုသည်ကို စစ်ဆေးခြင်းဖြစ်ပြီး ရောဂါအလားအလာကို သိရှိရန် ကူညီပေးသည်။

ဆီးကျိတ်ကင်ဆာ အဆင့်သတ်မှတ်ခြင်း

ရောဂါအတည်ပြုပြီးနောက် ကင်ဆာမည်မျှ ပျံ့နှံ့နေသည်ကို သိရှိရန် အောက်ပါတို့ကို ပြုလုပ်နိုင်ပါသည်

  • အရိုးဓာတ်မှန်ရိုက်ခြင်း (Bone scan)
  • အာထရာဆောင်း (Ultrasound)
  • စီတီစကင် (CT scan)
  • အမ်အာအိုင် (MRI)
  • ပက်စကင် (PET scan)

ဆရာဝန်သည် အခြေအနေအပေါ် မူတည်၍ မည်သည့်စစ်ဆေးမှု ပြုလုပ်ရမည်ကို ဆုံးဖြတ်ပါမည်။ ကင်ဆာအဆင့်ကို (I) မှ (IV) အထိ သတ်မှတ်ပြီး အဆင့် (I) မှာ ဆီးကျိတ်အတွင်း၌သာ ရှိနေခြင်းဖြစ်ပြီး အဆင့် (IV) မှာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။

ကုသမှု (Treatment)

ကုသမှုနည်းလမ်းများသည် ကင်ဆာ၏ ကြီးထွားနှုန်း၊ ပျံ့နှံ့မှု အခြေအနေ၊ လူနာ၏ ကျန်းမာရေးနှင့် ဘေးထွက်ဆိုးကျိုးများအပေါ် မူတည်သည်။

  • စောင့်ကြည့်စစ်ဆေးခြင်း (Active surveillance): အချို့အခြေအနေများတွင် ချက်ချင်းကုသရန် မလိုအပ်ဘဲ သွေးစစ်ခြင်း၊ စအိုစမ်းသပ်ခြင်းနှင့် အသားစယူခြင်းတို့ကို ပုံမှန်ပြုလုပ်၍ စောင့်ကြည့်ခြင်းဖြစ်သည်။ ရောဂါတိုးလာပါက ခွဲစိတ်ခြင်း သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် ကုသနိုင်သည်။
  • ခွဲစိတ်ကုသခြင်း (Surgery): ဆီးကျိတ်နှင့် ၎င်း၏ပတ်ဝန်းကျင်ရှိ တစ်ရှူးများ၊ ပြန်ရည်ကျိတ်များကို ဖယ်ထုတ်ခြင်းဖြစ်သည်။ စက်ရုပ်အကူအညီဖြင့် ခွဲစိတ်ခြင်း (Robot-assisted) သို့မဟုတ် ဝမ်းဗိုက်ကို ခွဲ၍ ဆီးကျိတ်ထုတ်ခြင်း (Retropubic surgery) တို့ဖြင့် လုပ်ဆောင်နိုင်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): ကင်ဆာဆဲလ်များကို သတ်ရန် စွမ်းအင်မြင့် ရောင်ခြည်များကို အသုံးပြုသည်။ ခန္ဓာကိုယ်ပြင်ပမှ ပေးခြင်း (External beam) နှင့် ဆီးကျိတ်အတွင်းသို့ ဓာတ်ရောင်ခြည်ထုတ်လွှတ်သော အစေ့ငယ်များ ထည့်သွင်းခြင်း (Brachytherapy) ဟူ၍ ရှိသည်။
  • အပူ သို့မဟုတ် အအေးဖြင့် ကုသခြင်း (Focal therapy / Ablation): ကင်ဆာရှိသော နေရာကိုသာ အအေးလှိုင်း (Cryotherapy) သို့မဟုတ် အာထရာဆောင်း အပူလှိုင်း (HIFU) ဖြင့် ဖျက်ဆီးခြင်းဖြစ်သည်။
  • ဟော်မုန်းဖြင့် ကုသခြင်း (Hormone therapy): ကင်ဆာကို ကြီးထွားစေသော တက်စတိုစတီရုန်း (Testosterone) ဟော်မုန်း ထွက်ရှိမှုကို တားဆီးခြင်းဖြစ်သည်။ ဆေးဝါးများဖြင့် တားဆီးခြင်း သို့မဟုတ် ဝှေးစေ့ကို ခွဲစိတ်ဖယ်ထုတ်ခြင်း (Orchiectomy) တို့ ပါဝင်သည်။
  • ပစ်မှတ်ထား ကုသခြင်း (Targeted drug therapy): ကင်ဆာဆဲလ်များ၏ ပုံမှန်မဟုတ်သော အစိတ်အပိုင်းများကိုသာ သီးသန့်တိုက်ခိုက်သတ်ဖြတ်သော ဆေးဝါးများကို အသုံးပြုခြင်း ဖြစ်သည်။

Doctors who treat this condition