ခြုံငုံသုံးသပ်ချက်
ပန်ကရိယသည် အစာအိမ်၏ နောက်ဘက်တွင် တည်ရှိပြီး အလျား ခြောက်လက်မခန့်ရှိသော သစ်တော်သီးပုံသဏ္ဍာန် အင်္ဂါတစ်ခု ဖြစ်သည်။ ၎င်း၏ လုပ်ဆောင်ချက်မှာ အစာခြေဖျက်ခြင်းနှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးရန်အတွက် အင်ဆူလင်ကဲ့သို့သော ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်သည်။
ပန်ကရိယဆဲလ်များ ပုံမှန်မဟုတ်ဘဲ ပြောင်းလဲလာခြင်းကြောင့် ထိန်းချုပ်မရဘဲ ပွားများလာကာ ပန်ကရိယအကျိတ်ဟု လူသိများသော ဆဲလ်အစုအဝေးကို ဖြစ်ပေါ်စေသည်။ ထို့နောက် ဤအကျိတ်သည် ကျန်းမာသော တစ်ရှူးများကို စတင်ကျူးကျော်ဖျက်ဆီးသည်။ ကုသမှုမခံယူသော ပန်ကရိယကင်ဆာသည် ၎င်း၏ပတ်ဝန်းကျင်ရှိ အင်္ဂါများ သို့မဟုတ် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည့် အစွမ်းရှိသည်။
ရောဂါလက္ခဏာများ
ပန်ကရိယကင်ဆာသည် ရောဂါအခြေအနေ ရင့်မှန်လာသည်အထိ များသောအားဖြင့် လက္ခဏာများ ပြလေ့မရှိပါ။ သို့သော် လက္ခဏာများရှိလာပါက အောက်ပါတို့ကို တွေ့ရှိနိုင်သည်
- အစာစားချင်စိတ်မရှိခြင်း သို့မဟုတ် အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန်ကျခြင်း
- ပျို့အန်ခြင်း
- ဝမ်းဗိုက်နာကျင်ခြင်းမှ ကျောဘက်သို့ ပျံ့နှံ့နာကျင်ခြင်း
- အသားဝါခြင်း (အရေပြားနှင့် မျက်လုံးအဖြူသားများ ဝါလာခြင်း)
- မစင်အရောင် ဖျော့ခြင်း
- ဆီးအရောင် ရင့်ခြင်း
- ဆီးချိုရောဂါ အသစ်ဖြစ်ပေါ်လာခြင်း
- အရေပြားယားယံခြင်း
- ခန္ဓာကိုယ်တွင်း သွေးခဲခြင်း
- မောပန်းနွမ်းနယ်ခြင်း
အကယ်၍ သင်သည် ဤလက္ခဏာများကို သတိပြုမိပြီး စိုးရိမ်ပူပန်မှုရှိပါက မှန်ကန်သော ရောဂါရှာဖွေမှုနှင့် ကုသမှုများအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။
ဖြစ်နိုင်ခြေရှိသောအချက်များ
အောက်ပါတို့သည် ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်ခြေရှိစေသော အချက်များဖြစ်သည်
- မျိုးရိုးဗီဇပြောင်းလဲမှု ပါဝင်သော မိသားစုမျိုးရိုးလိုက်ရောဂါများ၊ လင့်ချ်ရောဂါစု (Lynch syndrome) နှင့် မိသားစုလိုက်ဖြစ်တတ်သော ပုံမှန်မဟုတ်သည့် မှဲ့ကင်ဆာရောဂါစု (FAMMM syndrome)
- မိသားစုအတွင်း ပန်ကရိယကင်ဆာ ဖြစ်ဖူးသူရှိခြင်း
- အက်ရှ်ကင်နာဇီ ဂျူး (Ashkenazi Jewish) မျိုးနွယ်ဖြစ်ခြင်း
- လူမျိုး – အာဖရိကန်-အမေရိကန်
- လိင် – အမျိုးသား
- အသက်ကြီးပိုင်း (အသက် ခြောက်ဆယ်ကျော်)
- ဆီးချိုရောဂါရှိခြင်း
- နာတာရှည် ပန်ကရိယရောင်ရမ်းခြင်းရှိခြင်း
- ဆေးလိပ်သောက်ခြင်း
- အလွန်အမင်း ဝခြင်း သို့မဟုတ် ကိုယ်အလေးချိန်ပိုနေခြင်း
ရောဂါရှာဖွေခြင်း
လူနာတွင် ပန်ကရိယကင်ဆာ ရှိသည်ဟု ဆရာဝန်က သံသယရှိပါက အောက်ပါ စစ်ဆေးမှု များ ကို ပြုလုပ်ရန် အကြံပြုနိုင်သည်
- ပုံရိပ်ဖော် စစ်ဆေးမှုများ။ ရောဂါရှာဖွေရေး စစ်ဆေးမှုများသည် ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါများကို ပုံရိပ်ဖော်ပေးသည်။ ပန်ကရိယကင်ဆာကို ရောဂါရှာဖွေရန်အတွက် အာလ်ထရာဆောင်း (ultrasound)၊ စီတီစကန် (CT scan)၊ အမ်အာအိုင် (MRI) နှင့် ပက်စကန် (PET scan) တို့ကို အသုံးပြုသည်။
- မှန်ပြောင်းကြည့်ခြင်း။ အစာခြေစနစ်အတွင်းရှိ ပန်ကရိယကို မှန်ပြောင်းသုံး အာလ်ထရာဆောင်း (EUS) ဖြင့် ကြည့်ရှုနိုင်သည်။ ဤစစ်ဆေးမှုသည် ကင်မရာ အသေးစား လေး တပ်ဆင်ထားသော ပျော့ပြောင်းသည့် ပြွန်ချောင်းလေးကို လူနာ၏ ပါးစပ်မှတစ်ဆင့် လည်ချောင်း၊ အစာအိမ်နှင့် ဦးသိမ်ပိုင်းအတွင်းသို့ ထည့်သွင်းကာ ပန်ကရိယကို ကြည့်ရှုပုံရိပ်ဖော်ခြင်း ဖြစ်သည်။
- အသားစယူ စစ်ဆေးခြင်း။ ဤသည်မှာ ကင်ဆာ ရှိ၊ မရှိကို အဏုကြည့် မှန်ပြောင်း အောက် တွင် စစ်ဆေးရန် ခန္ဓာကိုယ်တစ်ရှူးနမူနာကို ယူခြင်းဖြစ်သည်။ ၎င်းကို ပုံမှန်အားဖြင့် မှန်ပြောင်း ကြည့်နေစဉ်အတွင်း မှန်ပြောင်းထဲသို့ ကိရိယာထည့်သွင်း၍ ပြုလုပ်လေ့ရှိသည်။ အခြားနည်းလမ်းတစ်ခုမှာ ပန်ကရိယ တည်ရှိရာ အရေပြားကို အပ်အသေးစားလေးဖြင့် ထိုး ဖောက် ကာ အသားစနမူနာယူခြင်း ဖြစ်သည်။
- သွေးစစ်ခြင်း။ ပန်ကရိယကင်ဆာဆဲလ်များမှ ထုတ်လုပ်သော ပရိုတင်းတစ်မျိုးဖြစ်သည့် ကာဗိုဟိုက်ဒရိတ် အန်တီဂျင် (CA) ၁၉-၉ ထုတ်လုပ်မှု လွန်ကဲခြင်း ရှိ၊ မရှိ စစ်ဆေးရန် သွေးစစ်ဆေးခြင်း ဖြစ်သည်။
ပန်ကရိယကင်ဆာဟု အတည်ပြုပြီးနောက် ဆရာဝန်သည် ကင်ဆာမည်မျှ ပြန့်နှံ့နေသည်ကို သိရှိရန် အဆင့်သတ်မှတ်မည်ဖြစ်သည်။ ဤအဆင့်သတ်မှတ်ချက်အပေါ် မူတည်၍ မည်သည့်ကုသမှုမျိုး ပြုလုပ်မည်ကို ဆုံးဖြတ်သည်။
အဆင့်သတ်မှတ်ချက်သည် သုညမှ လေး အထိ ရှိသည်။ အနိမ့်ဆုံးအဆင့်မှာ ကင်ဆာသည် ပန်ကရိယအတွင်း၌သာ ရှိသေးသည်ဟု ဆိုလိုပြီး အဆင့် လေး မှာ ကင်ဆာသည် ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားပြီဟု ဆိုလိုသည်။
ကုသမှု
ကင်ဆာ၏ အဆင့်နှင့် တည်နေရာပေါ် မူတည်၍ ကုသမှုပုံစံကို ဆုံးဖြတ်ပါမည်။ ကုသမှု၏ ရည်ရွယ်ချက်မှာ ပန်ကရိယကင်ဆာကို သတ်ပစ်ရန်ဖြစ်သော်လည်း၊ အကယ်၍ ထိုသို့မဖြစ်နိုင်ပါက လူနာ၏ ဘဝအရည်အသွေး ကောင်းမွန်စေရန်နှင့် ကင်ဆာ ထပ်မံမပြန့်ပွားစေရန် သို့မဟုတ် မကြီးထွားလာစေရန် ရည်မှန်းသည်။
ခွဲစိတ်ကုသခြင်း
- ဝှစ်ပယ် လုပ်ထုံးလုပ်နည်း (Whipple procedure)။ ဤသည်မှာ ပန်ကရိယ၏ ထိပ်ပိုင်း၊ ဦးသိမ်ပိုင်း (အူသိမ်၏ ပထမဆုံးအပိုင်း)၊ သည်းခြေအိတ်နှင့် သည်းခြေပြွန် အစိတ်အပိုင်းအချို့ကို ဖယ်ရှားသော ခွဲစိတ်မှုဖြစ်သည်။ အချို့သောအခြေအနေများတွင် အစာအိမ်နှင့် အူမကြီး အစိတ်အပိုင်းအချို့ကိုလည်း ဖယ်ရှားနိုင်သည်။ အစာခြေဖျက်နိုင်ရန် ကျန်ရှိသော အစိတ်အပိုင်းများကို ပြန်လည် ဆက်သွယ်ပေးမည်ဖြစ်သည်။
- ပန်ကရိယ အမြီးပိုင်း ဖြတ်ထုတ်ခြင်း (Distal pancreatectomy)။ ပန်ကရိယ၏ ကိုယ်ထည်နှင့် အမြီးပိုင်း (ဘယ်ဘက်ခြံမ်း) ရှိ အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။ ၎င်းတွင် သရက်ရွက်ကို ဖယ်ရှားခြင်းလည်း ပါဝင်နိုင်သည်။
- ပန်ကရိယတစ်ခုလုံး ဖြတ်ထုတ်ခြင်း (Total pancreatectomy)။ ပန်ကရိယတစ်ခုလုံးတွင် ကင်ဆာဖြစ်နေပါက တစ်ခုလုံးကို ဖယ်ရှားခြင်း ဖြစ်သည်။ ပန်ကရိယတစ်ခုလုံးကို ဖယ်ရှားလိုက်ပါက လူနာသည် တစ်သက်တာလုံး အင်ဆူလင်နှင့် ပန်ကရိယ အင်ဇိုင်း အစားထိုးကုသမှုများ လိုအပ်သည်။
- အနီးနားရှိ သွေးကြောများကို ထိခိုက်နေသော အကျိတ်များကို ဖယ်ရှားခြင်း။ အကျိတ်နှင့် ဆက်စပ်နေသော သွေးကြောများကို ဖယ်ရှားခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ခြင်း ပြုလုပ်ရန် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်များ လိုအပ်သည်။ ဤအဆင့်သို့ ရောက်ရှိပါက ကင်ဆာသည် ရင့်နေပြီဖြစ်၍ ဝှစ်ပယ်ခွဲစိတ်မှု သို့မဟုတ် အခြားပန်ကရိယ ခွဲစိတ်မှုများသည် ထိရောက်မှု မရှိတော့နိုင်ပါ။
ဓာတုကုထုံး (Chemotherapy)
ပန်ကရိယကင်ဆာဆဲလ်များကို သတ်ရန်အတွက် ဓာတုကုထုံးဆေးဝါးများကို သောက်ဆေး သို့မဟုတ် သွေးကြောထဲသို့ ထိုးဆေးဖြင့် ပေးသည်။ အကယ်၍ ကင်ဆာသည် အခြားနေရာများသို့ မပျံ့နှံ့သေးပါက ဓာတ်ရောင်ခြည်ကုထုံးနှင့် တွဲဖက်၍လည်း ကုသနိုင်သည်။ ခွဲစိတ်မှုမပြုမီ အကျိတ်အရွယ်အစားကို လျှော့ချရန်နှင့် ခွဲစိတ်၍ရနိုင်သော အနေအထားဖြစ်ရန် ဓာတုကုထုံးကို အသုံးပြုနိုင်သည်။ ခွဲစိတ်ပြီးနောက်တွင်လည်း ကင်ဆာဆဲလ်များ ကျန်ရှိမနေစေရန်နှင့် ပြန်မဖြစ်စေရန် အသုံးပြုနိုင်သည်။ အဆင့် လေး ကင်ဆာတွင် ဓာတုကုထုံးကို ကင်ဆာကြီးထွားမှုကို ထိန်းချုပ်ရန်နှင့် သက်တမ်းရှည်စေရန် အသုံးပြုနိုင်သည်။
ဓာတ်ရောင်ခြည်ကုထုံး (Radiation therapy)
ဤကုသမှုသည် ဆဲလ်များကို သတ်ရန်အတွက် အိတ်စ်ရေး (X-rays) နှင့် ပရိုတွန် (protons) ကဲ့သို့သော စွမ်းအားမြင့် ရောင်ခြည်တန်းများကို အသုံးပြုသည် သို့မဟုတ် ခန္ဓာကိုယ်တွင်း ကင်ဆာဖြစ်နေသော နေရာအနီးတွင် ရေဒီယိုသတ္တိကြွ ပစ္စည်းများ ထည့်သွင်း၍ ကုသခြင်းဖြစ်သည်။ ၎င်းကို ခွဲစိတ်မှုမတိုင်မီ သို့မဟုတ် ခွဲစိတ်ပြီးနောက် သို့မဟုတ် ဓာတုကုထုံးနှင့် တွဲဖက်၍ ပြုလုပ်နိုင်သည်။
ပစ်မှတ်ထား ကုထုံး (Targeted therapy)
ကင်ဆာကြီးထွားမှုကို ကူညီပေးသော မျိုးရိုးဗီဇ သို့မဟုတ် ပရိုတင်းများကို ပစ်မှတ်ထား ကုသခြင်းဖြစ်သည်။ ဤကုသမှုအတွက် မျိုးရိုးဗီဇဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ပြီးမှ ဆုံးဖြတ်သည်။
ကိုယ်ခံအားစနစ်ဖြင့် ကုသခြင်း (Immunotherapy)
ကင်ဆာကို တိုက်ဖျက်ရန် ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကူညီပေးခြင်း ဖြစ်သည်။ သို့သော် ကိုယ်ခံအားစနစ်ဖြင့် ကုသခြင်း၏ အောင်မြင်မှုနှုန်းမှာ မျိုးရိုးဗီဇဆိုင်ရာ ကင်ဆာလူနာများ၏ တစ်ရာခိုင်နှုန်းခန့်သာ ရှိသေးသည်။
Image Description:
Healthy pancreas – ကျန်းမာသော ပန်ကရိယ
- အသည်း (Liver)
- သည်းခြေအိတ် (Gallbladder)
- ပန်ကရိယ (Pancreas)
- ဦးသိမ် / အူသိမ်၏ ပထမဆုံးအပိုင်း (Duodenum)
Pancreatic cancer – ပန်ကရိယကင်ဆာ အကျိတ် (Tumor)
