ခြုံငုံသုံးသပ်ချက် (Overview)

ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) Plasma cell cancer ဆိုသည်မှာ ပလာစမာဆဲလ်များ (Plasma cells သို့မဟုတ် B cells) ကို ထိခိုက်စေသည့် ရှားပါးသော သွေးကင်ဆာတစ်မျိုး ဖြစ်သည်။ ပလာစမာဆဲလ်များသည် ခန္ဓာကိုယ်အတွင်း Immunoglobulins ဟုခေါ်သော ပဋိပစ္စည်း (Antibodies) များကို ထုတ်လုပ်ပေးပြီး ရောဂါပိုးများကို တိုက်ထုတ်ပေးသည့် သွေးဖြူဥအမျိုးအစား ဖြစ်သည်။

ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) Plasma cell cancer ဖြစ်ပွားသောအခါ ပုံမှန်မဟုတ်သော ဆဲလ်များ ပွားများလာပြီး M proteins ဟုခေါ်သော ပဋိပစ္စည်းများကို ထုတ်လုပ်သည်။ ဤသို့ဖြစ်လာခြင်းကြောင့် ရောဂါသည် အရိုးများ၊ ကျောက်ကပ်များနှင့် ကျန်းမာသော သွေးဆဲလ်များ ထုတ်လုပ်နိုင်စွမ်းတို့ကို ထိခိုက်စေနိုင်သည်။

ဤရောဂါသည် အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာ မပြဘဲ ဖြစ်ပွားနိုင်ပါသည်။ ၎င်းသည် ကနဦးတွင် တဖြည်းဖြည်းချင်းသာ တိုးလာတတ်သဖြင့် ချက်ချင်းကုသမှု ခံယူရန် မလိုအပ်နိုင်သော်လည်း ရောဂါပိုမိုဆိုးရွားမလာစေရန် လက္ခဏာများကို ပုံမှန်စောင့်ကြည့်စစ်ဆေးရန် အကြံပြုလိုပါသည်။

ရောဂါလက္ခဏာများ (Symptoms)

ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) Plasma cell cancer ၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည် –

  • လက်မောင်းနှင့် ခြေထောက်များ ထုံကျင်ခြင်း သို့မဟုတ် အားနည်းခြင်း။
  • စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် မှတ်ဉာဏ်ဝေဝါးခြင်း (Brain fog)။
  • အရိုးများ နာကျင်ခြင်း။
  • ရည်ရွယ်ချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။
  • ပျို့ခြင်းနှင့် အန်ခြင်း။
  • အစားအသောက် ပျက်ခြင်း။
  • ရောဂါပိုး ခဏခဏ ဝင်ခြင်း။
  • အကြောင်းရင်းမရှိဘဲ အညိုအမည်းစွဲခြင်း သို့မဟုတ် သွေးထွက်ခြင်း။

အကယ်၍ သင်သည် ဤလက္ခဏာများကို ဆက်တိုက်ခံစားနေရပါက ဆရာဝန်နှင့် ရက်ချိန်းယူ၍ ပြသသင့်ပါသည်။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ဤကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကို တိကျစွာ မသိရသေးပါ။ ဤရောဂါသည် ရိုးတွင်းခြင်ဆီအတွင်းရှိ ပုံမှန်မဟုတ်သော ပလာစမာဆဲလ်တစ်ခု လျင်မြန်စွာ ပွားများရာမှ စတင်ဖြစ်ပွားခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် ပုံမှန်ဆဲလ်များကဲ့သို့ ရင့်ကျက်ခြင်းနှင့် သေဆုံးခြင်းတို့ မရှိကြပါ။ ကင်ဆာဆဲလ်များ ပွားများလာသောအခါ ကျန်းမာသော ဆဲလ်များ နည်းပါးသွားသဖြင့် ခန္ဓာကိုယ်သည် ရောဂါပိုးများကို မတိုက်ထုတ်နိုင်တော့ဘဲ မောပန်းနွမ်းနယ်မှုကို ခံစားရသည်။

မိုင်လိုမားဆဲလ်များသည် Monoclonal proteins သို့မဟုတ် M proteins ဟုခေါ်သော ပုံမှန်မဟုတ်သော ပဋိပစ္စည်းများကို ထုတ်လုပ်သည်။ ၎င်းတို့သည် ခန္ဓာကိုယ်အတွင်း စုပုံလာပြီး အရိုးနှင့် ကျောက်ကပ်များကို ပျက်စီးစေသည်။

Monoclonal gammopathy of undetermined significance (MGUS) ဟုခေါ်သော အခြေအနေသည် အများအားဖြင့် ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) Plasma cell cancer ၏ ကနဦးအဆင့် ဖြစ်တတ်သည်။ MGUS သည် မိုင်လိုမားကဲ့သို့ပင် သွေးထဲတွင် M proteins များ ရှိနေတတ်သော်လည်း ခန္ဓာကိုယ်ကို ထိခိုက်မှု မရှိသေးဘဲ M protein ပမာဏလည်း ပို၍နည်းပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

ရိုးတွင်းခြင်ဆီကင်ဆာ (သို့မဟုတ်) Plasma cell cancer ဖြစ်နိုင်ခြေကို မြင့်တက်စေသော အချက်များမှာ

  • မိသားစုရာဇဝင်: သင့်မိသားစုဝင်ထဲတွင် ဤရောဂါဖြစ်ဖူးသူရှိပါက ဖြစ်ပွားနိုင်ခြေ ပိုများသည်။
  • အသက်အရွယ်: အသက်ကြီးသူများတွင် ပိုမိုဖြစ်ပွားလေ့ရှိပြီး ရောဂါရှာဖွေတွေ့ရှိသူ အများစုမှာ အသက် ၆၅ နှစ်အထက် ဖြစ်ကြသည်။
  • လိင်: အမျိုးသမီးများထက် အမျိုးသားများတွင် ပိုမိုဖြစ်ပွားနိုင်သည်။
  • အဝလွန်ခြင်း: ကိုယ်အလေးချိန် အလွန်အကျွံရှိသူများ သို့မဟုတ် အဝလွန်သူများတွင် ဖြစ်နိုင်ခြေ မြင့်မားသည်။
  • အခြား ပလာစမာဆဲလ်ဆိုင်ရာ ရောဂါများ: MGUS သို့မဟုတ် Solitary plasmacyတမျိုးမျိုးရှိသူများတွင် ဤကင်ဆာ ဖြစ်ပွားရန် အခွင့်အလမ်း ပိုများသည်။

ရောဂါရှာဖွေခြင်း (Diagnosis)

ပုံမှန်သွေးစစ်ဆေးမှုရလဒ်များသည် ဆရာဝန်အား လူနာတွင် ရိုးတွင်းခြင်ဆီကင်ဆာရှိမရှိ သိရှိရန် အထောက်အကူပြုနိုင်သော်လည်း တိကျသောရောဂါရှာဖွေမှုအတွက် နောက်ထပ်စစ်ဆေးမှုများ လိုအပ်နိုင်ပါသည်။

  • သွေးဆဲလ်ပမာဏအပြည့်အစုံ စစ်ဆေးခြင်း (CBC): သွေးနီဥ၊ သွေးဖြူဥနှင့် သွေးဥမွှားအရေအတွက်များတွင် ပုံမှန်မဟုတ်မှုများ ရှိမရှိ စစ်ဆေးရန်ဖြစ်သည်။
  • သွေးစစ်ဆေးခြင်း: မိုင်လိုမားဆဲလ်များမှ ထုတ်လုပ်သော M proteins များကို ရှာဖွေရန် ဓာတ်ခွဲခန်းတွင် စစ်ဆေးခြင်းဖြစ်သည်။ Beta-2-microglobulin သည် မိုင်လိုမားဆဲလ်များမှ ထုတ်လုပ်သော နောက်ထပ် ပုံမှန်မဟုတ်သည့် ပရိုတင်းတစ်မျိုးဖြစ်ပြီး ၎င်းကို သွေးထဲတွင် တွေ့ရှိရခြင်းဖြင့် ကင်ဆာ၏ ပြင်းထန်မှုကို သိရှိနိုင်ပါသည်။ ထို့ပြင် ကယ်လ်စီယမ်ပမာဏ၊ ယူရစ်အက်စစ် (Uric acid) ပမာဏနှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို စစ်ဆေးခြင်းကလည်း ရောဂါရှာဖွေမှုအတွက် အချက်အလက်များ ပေးနိုင်ပါသည်။
  • ဆီးစစ်ဆေးခြင်း (Urinalysis): ဆီးစစ်ဆေးခြင်းဖြင့် Bence Jones proteins ဟုလည်းခေါ်သော M proteins များကို ဆီးထဲတွင် တွေ့ရှိနိုင်ပါသည်။
  • ရိုးတွင်းခြင်ဆီ အသားစယူခြင်း (Bone marrow biopsy and aspiration): ပါးလွှာပြီး ရှည်လျားသော အပ်တစ်ချောင်းကို အရိုးအတွင်းသို့ (အများအားဖြင့် တင်ပါးဆုံရိုး) ထည့်သွင်း၍ အရည်ကို စုပ်ယူခြင်းဖြစ်သည်။ ထိုနမူနာကို ဓာတ်ခွဲခန်းသို့ ပို့ဆောင်၍ ပုံမှန်မဟုတ်သော ဆဲလ်ရာခိုင်နှုန်းကို စစ်ဆေးသည်။ FISH ဟုခေါ်သော စစ်ဆေးမှုနည်းလမ်းဖြင့် မျိုးဗီဇပြောင်းလဲမှုများကို ခွဲခြားသိမြင်နိုင်ရန် မိုင်လိုမားဆဲလ်များကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာမည်ဖြစ်သည်။
  • ပုံရိပ်ဖော် စစ်ဆေးခြင်း (Imaging test): ရိုးတွင်းခြင်ဆီကင်ဆာကြောင့်ဖြစ်သော အရိုးပြဿနာများကို သိရှိနိုင်ရန် MRI၊ CT၊ PET scan သို့မဟုတ် X-ray ရိုက်ရန် အကြံပြုပါလိမ့်မည်။

ကင်ဆာအဆင့်သတ်မှတ်ခြင်း (Staging)

ရောဂါရှိကြောင်း အတည်ပြုပြီးနောက် ကင်ဆာ၏ ပျံ့နှံ့မှုပမာဏကို သိရှိရန် အဆင့်သတ်မှတ်ခြင်းကို ပြုလုပ်သည်။ ကင်ဆာအဆင့်ကို ရောမဂဏန်း I မှ III အထိ သတ်မှတ်သည်။ အနိမ့်ဆုံးအဆင့် (Stage I) သည် ရောဂါပြင်းထန်မှုနည်းခြင်းကို ဆိုလိုပြီး အမြင့်ဆုံးအဆင့် (Stage III) သည် ရောဂါအပြင်းထန်ဆုံး အဆင့်ဖြစ်ကြောင်း ညွှန်ပြသည်။ ၎င်းသည် လူနာအတွက် အသင့်တော်ဆုံး ကုသမှုကို ပေးနိုင်ရန် အထောက်အကူပြုပါသည်။

ကုသမှု (Treatment)

ကုသမှုသည် ရောဂါလက္ခဏာများကြောင့် ခံစားရသော မအီမသာဖြစ်မှုများကို သက်သာစေရန်၊ နောက်ဆက်တွဲ ပြဿနာများကို စီမံခန့်ခွဲရန်၊ လူနာ၏ အခြေအနေကို တည်ငြိမ်စေရန်နှင့် ကင်ဆာပျံ့နှံ့မှုကို နှေးကွေးစေရန် ကူညီပေးနိုင်ပါသည်။

ရောဂါလက္ခဏာမပြသော (Smoldering multiple myeloma) အခြေအနေတွင် ချက်ချင်းကုသမှု ခံယူရန် မလိုအပ်နိုင်ပါ။ အကယ်၍ ရောဂါကို စောစီးစွာ သိရှိပြီး ကြီးထွားမှု နှေးကွေးနေပါကလည်း ချက်ချင်းကုသရန် မလိုအပ်သေးဘဲ ဆရာဝန်နှင့် ပုံမှန်ပြသ၍ သွေးနှင့် ဆီးစစ်ဆေးခြင်းများဖြင့် စောင့်ကြည့်ရန် လိုအပ်ပါသည်။ လူနာတွင် ရောဂါလက္ခဏာများ ပြလာပါက သို့မဟုတ် ရောဂါပိုမိုဆိုးရွားလာပါက ကုသမှုကို စတင်မည်ဖြစ်သည်။

  • ပစ်မှတ်ထားကုထုံး (Targeted therapy): ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး ဖြစ်ပြီး ဆဲလ်များ၏ အားနည်းချက်ကို ဦးတည်တိုက်ခိုက်ကာ ကင်ဆာဆဲလ်များကို သေဆုံးစေပါသည်။
  • ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy): ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်းဖြင့် ကင်ဆာကို တိုက်ထုတ်နိုင်အောင် ကူညီပေးသည်။
  • ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဓာတုဆေးဝါးများ အသုံးပြုခြင်းဖြစ်သည်။ ရိုးတွင်းခြင်ဆီ အစားထိုးခြင်း မပြုလုပ်မီ ကင်ဆာဆဲလ်များကို သတ်ရန် ပြင်းအားမြင့် ဆေးဝါးများကို ပေးလေ့ရှိသည်။
  • စတီးရွိုက်ဆေးဝါးများ (Steroids/ Corticosteroid): ကင်ဆာဆဲလ်များကို သေစေရန်နှင့် ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများကို ကာကွယ်ရန် သို့မဟုတ် လျှော့ချရန် ကူညီပေးသည်။
  • ရိုးတွင်းခြင်ဆီ အစားထိုးကုသခြင်း (Bone marrow transplant): ရောဂါဖြစ်နေသော ရိုးတွင်းခြင်ဆီနေရာတွင် ကျန်းမာသော ပင်မဆဲလ် (Stem cells) များဖြင့် အစားထိုးကာ ကျန်းမာသော ရိုးတွင်းခြင်ဆီများ ပြန်လည်ဖြစ်ပေါ်လာစေရန် ပြုလုပ်ခြင်းဖြစ်သည်။
  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို သတ်ခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သော ပလာစမာဆဲလ်များ အစုအဝေးက အရိုးကို ပျက်စီးစေသော သို့မဟုတ် နာကျင်စေသော အကျိတ် (Plasmacytoma) ဖြစ်ပေါ်နေပါက ၎င်းနေရာရှိ မိုင်လိုမားဆဲလ်များကို လျင်မြန်စွာ သေးငယ်သွားစေရန် အသုံးပြုသည်။

Doctors who treat this condition