ခြုံငုံသုံးသပ်ချက် (Overview)

အဆုတ်သည် ပွပွအိအိရှိသော တစ်ရှူးများဖြင့် ဖွဲ့စည်းထားပြီး ခန္ဓာကိုယ်အတွက် အောက်ဆီဂျင် ရှူသွင်းရန်နှင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ရှူထုတ်ရန် တာဝန်ယူရသော အင်္ဂါဖြစ်သည်။ အဆုတ်မှ စတင်ဖြစ်ပွားသော ကင်ဆာကို အဆုတ်ကင်ဆာဟု ခေါ်ဆိုပြီး ၎င်းသည် ကမ္ဘာတစ်ဝှမ်း ကင်ဆာကြောင့် သေဆုံးရမှု၏ အဓိကအကြောင်းရင်း ဖြစ်သည်။ ထို့ပြင် အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အဓိကအချက်မှာ ဆေးလိပ်သောက်ခြင်း ဖြစ်သည်။

ရောဂါလက္ခဏာများ (Symptoms)

အဆုတ်ကင်ဆာသည် အများအားဖြင့် နှစ်ရှည်လများအတွင်း တဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သည်။ အဆုတ်ကင်ဆာ၏ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာ မပြတတ်ဘဲ ရောဂါအဆင့်မြင့်လာသည့်အခါမှသာ အောက်ပါလက္ခဏာရပ်များ ပေါ်ပေါက်လာတတ်သည်

  • မကြာခဏ ချောင်းဆိုးခြင်း။
  • ချောင်းဆိုးလျှင် သွေးပါခြင်း။
  • အသက်ရှူမဝခြင်း။
  • အသံဝင်ခြင်း။
  • ရင်ဘတ်အောင့်ခြင်း။
  • အသက်ရှူလျှင် တရွှီရွှီအသံထွက်ခြင်း။
  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါပိုး ခဏခဏဝင်ခြင်း။
  • အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း။
  • အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။
  • ခေါင်းကိုက်ခြင်း။
  • အရိုးများ နာကျင်ခြင်း။

အကယ်၍ ဤလက္ခဏာများ ဆက်တိုက်ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဆေးလိပ်ဖြတ်ရန် ခက်ခဲနေပါက ဆွေးနွေးအကြံဉာဏ်ယူခြင်း၊ ဆေးဝါးများနှင့် နီကိုတင်းအစားထိုး ပစ္စည်းများအသုံးပြုခြင်းတို့အတွက် ဆရာဝန်အား အကူအညီတောင်းခံပါ။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ကင်ဆာဖြစ်စေသော ပစ္စည်းများ (Carcinogen) နှင့် ထိတွေ့မိခြင်းသည် အဆုတ်ရှိ DNA ကို မျိုးဗီဇပြောင်းလဲစေပြီး ဆဲလ်များကို ထိန်းချုပ်မရဘဲ ပွားများလာစေကာ အဆုတ်ကင်ဆာအကျိတ် ဖြစ်ပေါ်လာစေသည်။

အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အရေးကြီးဆုံးအချက်မှာ ဆေးလိပ်သောက်ခြင်း (ကိုယ်တိုင်သောက်ခြင်း သို့မဟုတ် ဘေးထွက်ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်း) ဖြစ်သည်။ သို့သော် ဆေးလိပ်တစ်ခါမျှ မသောက်ဖူးသူများတွင် အဆုတ်ကင်ဆာ ဖြစ်ပွားရသည့် အကြောင်းရင်းကိုမူ တိကျစွာ မသိရသေးပါ။

ဆေးလိပ်ငွေ့တွင် အဆုတ်၏ ဆဲလ်မျက်နှာပြင်လွှာကို ပျက်စီးစေသော ကင်ဆာဖြစ်စေသည့် ဓာတုပစ္စည်းများစွာ ပါဝင်သည်။ ခန္ဓာကိုယ်သည် အဆုတ်ထိခိုက်မှုကို အစပိုင်းတွင် ပြန်လည်ပြုပြင်နိုင်သော်လည်း ဆေးလိပ်ငွေ့နှင့် ထပ်ခါတလဲလဲ ထိတွေ့ရသောအခါ ပုံမှန်ဆဲလ်များကို ပျက်စီးစေပြီး ကင်ဆာဖြစ်ပွားစေသည်။ အခြားအကြောင်းရင်းများမှာ မျိုးရိုးဗီဇ၊ လုပ်ငန်းခွင်အတွင်း အဆိပ်သင့်ပစ္စည်းများနှင့် ထိတွေ့ခြင်းနှင့် လေထုညစ်ညမ်းခြင်းတို့ ဖြစ်ကြသည်။

အဆုတ်ကင်ဆာ အမျိုးအစားများ (Types of lung cancer)

အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကြည့်သောအခါ အဆုတ်ကင်ဆာကို ပုံသဏ္ဍာန်ပေါ်မူတည်၍ အဓိက နှစ်မျိုးခွဲခြားနိုင်သည် –

  • Small cell lung cancer: ဆေးလိပ် အလွန်အကျွံသောက်သူများတွင် တွေ့ရတတ်သော်လည်း အခြားအမျိုးအစားနှင့် နှိုင်းယှဉ်လျှင် အဖြစ်နည်းသည်။
  • Non-small cell lung cancer: ၎င်းမှာ Small cell မဟုတ်သော အခြားအဆုတ်ကင်ဆာ အမျိုးအစားအားလုံးကို ဆိုလိုသည်။ အဓိက အမျိုးအစားခွဲများမှာ Squamous cell carcinoma, Adenocarcinoma နှင့် Large cell carcinoma တို့ ဖြစ်ကြသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

  • ဆေးလိပ်သောက်ခြင်း: တစ်နေ့လျှင် သောက်သည့် အရေအတွက်နှင့် သောက်သည့် သက်တမ်း ကြာမြင့်လေလေ ဖြစ်နိုင်ခြေ ပိုများလေလေဖြစ်သည်။ မည်သည့်အသက်အရွယ်တွင်မဆို ဆေးလိပ်ဖြတ်ခြင်းသည် အကျိုးရှိပါသည်။
  • ဘေးထွက်ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်း: ဆေးလိပ်ငွေ့နှင့် ထိတွေ့မှု ပမာဏပေါ်မူတည်၍ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ မြင့်မားသည်။
  • ဓာတ်ရောင်ခြည်ကုထုံး ခံယူဖူးခြင်း: ယခင်က အခြားကင်ဆာအတွက် ရင်ဘတ်ပိုင်းကို ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူဖူးခြင်းက အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေသည်။
  • ရေဒွန် (Radon) ဓာတ်ငွေ့နှင့် ထိတွေ့ခြင်း: ကျောက်တုံး၊ မြေကြီးနှင့် ရေတို့ရှိ ယူရေနီယမ် (Uranium) ဓာတ်ပြိုကွဲရာမှ ထွက်လာသော ရေဒွန်ဓာတ်ငွေ့ကို ရှူရှိုက်မိခြင်း (ဥပမာ – ဆောက်လုပ်ရေးလုပ်ငန်းများတွင်)။
  • အက်စဘက်စတို (Asbestos) နှင့် အခြားဓာတုပစ္စည်းများ: လုပ်ငန်းခွင်အတွင်း အက်စဘက်စတို၊ အာဆင်းနစ် (Arsenic)၊ နီကယ် (Nickel) နှင့် ခရိုမီယမ် (Chromium) တို့နှင့် ထိတွေ့မိခြင်း။
  • မျိုးရိုးဗီဇ: မိဘ၊ မောင်နှမ သို့မဟုတ် သားသမီးများတွင် အဆုတ်ကင်ဆာ ဖြစ်ဖူးသော ရာဇဝင်ရှိခြင်း။

ရောဂါရှာဖွေခြင်း (Diagnosis)

အဆုတ်ကင်ဆာ စောစီးစွာသိရှိနိုင်ရန် စစ်ဆေးခြင်း (Screening)

အသက်ကြီးသူများ၊ ဆေးလိပ်အလွန်အကျွံသောက်သူများ သို့မဟုတ် လွန်ခဲ့သော ၁၅ နှစ်အတွင်း ဆေးလိပ်ဖြတ်ထားသူများအနေဖြင့် Low-dose computed tomography (LDCT) ဖြင့် အဆုတ်ကင်ဆာ ရှိမရှိ စစ်ဆေးရန် အကြံပြုလိုပါသည်။ သင့်လျော်သော စစ်ဆေးမှုများအတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

အဆုတ်ကင်ဆာအတွက် ရောဂါရှာဖွေစစ်ဆေးမှုများ

  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ:
    • ရင်ဘတ်ဓာတ်မှန် (Chest X-ray): အဆုတ်အတွင်း ပုံမှန်မဟုတ်သော အကျိတ်များကို ရှာဖွေရာတွင် အခြေခံကျသော စစ်ဆေးမှုဖြစ်သည်။ သို့သော် စောစီးသောအဆင့်ရှိ အဆုတ်ကင်ဆာကို ဓာတ်မှန်တွင် မတွေ့ရနိုင်ပါ။
    • စီတီစကင် (CT scan): ခန္ဓာကိုယ်အတွင်းပိုင်း တည်ဆောက်ပုံကို အသေးစိတ် ပုံဖော်ပေးသည်။ X-ray ထက် ပိုမိုတိကျပြီး အကျိတ်၏ အရွယ်အစား၊ ပုံသဏ္ဍာန်နှင့် တည်နေရာတို့ကို ဖော်ပြပေးနိုင်သည်။
  • သလိပ်စစ်ဆေးခြင်း (Sputum cytology): ချောင်းဆိုးရာမှ ထွက်လာသော သလိပ်ကို ဓာတ်ခွဲခန်းရှိ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးကာ ကင်ဆာဆဲလ် ရှိမရှိ ရှာဖွေခြင်းဖြစ်သည်။
  • အသားစယူခြင်း (Biopsy): ပုံမှန်မဟုတ်သော အဆုတ်တစ်ရှူးနမူနာကို အောက်ပါနည်းလမ်းများဖြင့် ရယူနိုင်သည် –
    • လေပြွန်မှန်ပြောင်းကြည့်ခြင်း (Bronchoscopy): ကင်မရာပါသော ပိုက်ပျော့ကို ပါးစပ် သို့မဟုတ် နှာခေါင်းမှတစ်ဆင့် အဆုတ်ထဲသို့ ထည့်သွင်းစစ်ဆေးခြင်းဖြစ်သည်။ ပုံမှန်မဟုတ်သည်များကို တွေ့ရှိပါက အသားစနမူနာ ရယူမည်ဖြစ်သည်။
    • Mediastinoscopy: ရင်ဘတ်အတွင်းသို့ ပိုက်ထည့်သွင်း၍ အဆုတ်နှစ်ခုကြားရှိ နေရာ (Mediastinum) နှင့် ပြန်ရည်ကျိတ်များကို စစ်ဆေးကာ အသားစရယူခြင်း ဖြစ်သည်။
    • အပ်ဖြင့် အသားစယူခြင်း (Needle biopsy): X-ray သို့မဟုတ် CT scan အကူအညီဖြင့် အပ်ကို အသုံးပြု၍ တစ်ရှူးနမူနာရယူကာ ကင်ဆာဆဲလ် ရှိမရှိ စစ်ဆေးခြင်း ဖြစ်သည်။

အဆုတ်ကင်ဆာ အဆင့်သတ်မှတ်ခြင်း

ကင်ဆာအဆင့်ကို ရောမဂဏန်း ၀ မှ IV အထိ သတ်မှတ်သည်။ အနိမ့်ဆုံးအဆင့်မှာ ကင်ဆာသည် အဆုတ်အတွင်း၌သာ ရှိနေခြင်းဖြစ်ပြီး၊ အဆင့် IV မှာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားခြင်း ဖြစ်သည်။ ရောဂါပျံ့နှံ့မှု ရှိမရှိ သိနိုင်ရန် CT, MRI, PET နှင့် အရိုးဓာတ်မှန် (Bone scans) တို့ကို အသုံးပြုနိုင်သည်။

ကုသမှု (Treatment)

ခွဲစိတ်ကုသခြင်း (Surgery)

ကင်ဆာရှိသော အဆုတ်အစိတ်အပိုင်းနှင့် ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကို ဖယ်ရှားခြင်းဖြစ်သည်။ နည်းလမ်းများမှာ –

  • Wedge resection: ကင်ဆာအကျိတ်နှင့် ပတ်ဝန်းကျင်ရှိ တစ်ရှူးအနည်းငယ်ကို ဖယ်ရှားခြင်း။
  • Segmental resection: အဆုတ်၏ အစိတ်အပိုင်း တစ်ခုကို ဖယ်ရှားခြင်း။
  • Lobectomy: အဆုတ်၏ အမြှောင်း (Lobe) တစ်ခုလုံးကို ဖယ်ရှားခြင်း။
  • Pneumonectomy: အဆုတ်တစ်ဖက်လုံးကို ဖယ်ရှားခြင်း။

အခြားကုထုံးများ

  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်းဖြစ်သည်။ အဆင့်မြင့်အဆင့်များတွင် ရောဂါလက္ခဏာ သက်သာစေရန် အသုံးပြုသည်။
  • ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဓာတုဆေးဝါးများကို သောက်ဆေး သို့မဟုတ် သွေးကြောသွင်းဆေးအဖြစ် အသုံးပြုခြင်း ဖြစ်သည်။
  • Stereotactic body radiotherapy (Radiosurgery): ထောင့်ပေါင်းစုံမှ ပြင်းထန်သော ဓာတ်ရောင်ခြည်လှိုင်းများကို ကင်ဆာရှိရာနေရာသို့ တိုက်ရိုက်ပစ်မှတ်ထား ပေးခြင်းဖြစ်သည်။ ခွဲစိတ်မှု မပြုလုပ်နိုင်သော အခြေအနေများ သို့မဟုတ် ကင်ဆာပျံ့နှံ့နေသော နေရာများ (ဦးနှောက်အပါအဝင်) အတွက် အသုံးပြုသည်။
  • ပစ်မှတ်ထားကုထုံး (Targeted drug therapy): ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး ဖြစ်ပြီး ကင်ဆာဆဲလ်များ သေဆုံးသွားစေရန် ၎င်းတို့၏ ပုံမှန်မဟုတ်မှုများကို တိုက်ရိုက်တိုက်ခိုက်ခြင်း ဖြစ်သည်။
  • ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy): ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာကို တိုက်ထုတ်ခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များက ကိုယ်ခံအားစနစ်ကို ရှောင်တိမ်းရန် ဖုံးကွယ်ထားသည့် ဖြစ်စဉ်ကို နှောင့်ယှက်ကာ ခန္ဓာကိုယ်မှ ကင်ဆာကို ပြန်လည်တိုက်ခိုက်နိုင်အောင် ပြုလုပ်ပေးသည်။

Doctors who treat this condition