ခြုံငုံသုံးသပ်ချက် (Overview)

အသည်းသည် ဘောလုံးတစ်လုံးခန့် အရွယ်အစားရှိသော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဝမ်းဗိုက်၏ ညာဘက်အပေါ်ပိုင်း၊ အစာအိမ်၏ အပေါ်ဘက်နှင့် ရင်ဝမ်းခြားကြွက်သား (Diaphragm) ၏ အောက်ဘက်တွင် တည်ရှိသည်။ အသည်းကင်ဆာသည် အသည်းဆဲလ်များ (Hepatocytes) မှ စတင်ဖြစ်ပွားသည်။ အဖြစ်အများဆုံး အသည်းကင်ဆာအမျိုးအစားမှာ Hepatocellular carcinoma ဖြစ်ပြီး ၎င်းသည် အသည်းဆဲလ်များကို အဓိကထိခိုက်စေသည်။ အခြားရှားပါးသော အသည်းကင်ဆာ အမျိုးအစားများမှာ Intrahepatic cholangiocarcinoma နှင့် Hepatoblastoma တို့ ဖြစ်ကြသည်။

ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများ (ဥပမာ – ရင်သား၊ အဆုတ် သို့မဟုတ် အူမကြီးကင်ဆာ) မှ စတင်ပြီး အသည်းသို့ ပျံ့နှံ့လာသော ကင်ဆာကို ပျံ့နှံ့ကင်ဆာ (Metastatic cancer) ဟု ခေါ်ဆိုသည်။

ရောဂါလက္ခဏာများ (Symptoms)

မူလအစ အသည်းကင်ဆာသည် စောစီးသောအဆင့်တွင် ရောဂါလက္ခဏာများ ပြသလေ့မရှိပါ။ အသည်းကင်ဆာ၏ လက္ခဏာရပ်များမှာ အောက်ပါအတိုင်း ဖြစ်သည်

  • ရည်ရွယ်ချက်မရှိဘဲ ကိုယ်အလေးချိန် လျော့ကျခြင်း။
  • ပျို့ခြင်းနှင့် အန်ခြင်း။
  • အစားအသောက် ပျက်ခြင်း။
  • မောပန်းနွမ်းနယ်ခြင်း။
  • ဝမ်းဗိုက်အပေါ်ပိုင်း နာကျင်ခြင်း။
  • ဝမ်းဗိုက် ရောင်ရမ်းခြင်း/ ဖောခြင်း။
  • မျက်လုံးနှင့် အရေပြားများ ဝါခြင်း (အသားဝါရောဂါ)။
  • ဆီးအရောင် ရင့်ခြင်း။
  • ဝမ်းအရောင် ဖျော့ခြင်း သို့မဟုတ် ရွှံ့စေးရောင်ဖြစ်ခြင်း။

အကယ်၍ သင်သည် ဤလက္ခဏာများကို ခံစားနေရပြီး စိုးရိမ်ပူပန်မှုရှိပါက ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။

ဖြစ်ပွားရသည့်အကြောင်းရင်းများ (Causes)

ယေဘုယျအားဖြင့် အသည်းကင်ဆာသည် ပုံမှန်ဆဲလ်များ၏ DNA မျိုးဗီဇပြောင်းလဲမှုမှ စတင်သည်။ အသည်းဆဲလ်များ မျိုးဗီဇပြောင်းလဲခြင်းသည် ဆဲလ်များကို ထိန်းချုပ်မရဘဲ ပွားများလာစေပြီး အကျိတ် (Tumor) ကို ဖြစ်ပေါ်စေသည်။ ထိုအကျိတ်သည် ကျန်းမာသော တစ်ရှူးများကို ကျူးကျော်ဖျက်ဆီးသည်။

အသည်းရောင်အသားဝါရောဂါ နာတာရှည်ဖြစ်ပွားခြင်းကဲ့သို့သော သိသာသည့် အကြောင်းရင်းများကြောင့် အသည်းကင်ဆာ ဖြစ်နိုင်သကဲ့သို့၊ အချို့သော အခြေအနေများတွင် အခြားရောဂါအခံမရှိဘဲ အကြောင်းရင်းကို မသိရှိဘဲလည်း ဖြစ်ပွားနိုင်ပါသည်။

ဖြစ်နိုင်ခြေပိုများစေသည့် အချက်များ (Risk factors)

မူလအစ အသည်းကင်ဆာ ဖြစ်ပွားစေနိုင်သည့် အချက်များမှာ –

  • အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (B) သို့မဟုတ် (C) နာတာရှည် ကူးစက်ခံရခြင်း: (HBV သို့မဟုတ် HCV)။
  • အသည်းခြောက်ခြင်း (Cirrhosis): အသည်းခြောက်ခြင်းသည် အသည်းတွင် အမာရွတ်များဖြစ်စေပြီး အသည်းကင်ဆာကို ဖြစ်ပေါ်စေနိုင်သည်။
  • မျိုးရိုးလိုက် အသည်းရောဂါများ: Hemochromatosis နှင့် Wilson’s disease တို့ကဲ့သို့သော ရောဂါများသည် အသည်းကင်ဆာ ဖြစ်စေနိုင်သည်။
  • ဆီးချိုရောဂါရှိခြင်း။
  • အရက်ကြောင့်မဟုတ်သော အသည်းအဆီဖုံးရောဂါ: အသည်းတွင် အဆီများ စုပုံလာခြင်းသည် အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။
  • မှိုဆိပ် (Aflatoxins) နှင့် ထိတွေ့မိခြင်း: သီးနှံများ (ဥပမာ – ကောက်ပဲသီးနှံနှင့် အစေ့အဆန်များ) ကို စနစ်တကျ သိုလှောင်ထားခြင်း မရှိရာမှ ဖြစ်ပေါ်လာသော မှိုဆိပ်ဖြစ်သည်။ ၎င်းသည် သီးနှံများမှတစ်ဆင့် အစားအစာများကို ညစ်ညမ်းစေနိုင်သည်။
  • အရက် အလွန်အကျွံသောက်ခြင်း: အရက်ကို အချိန်ကြာမြင့်စွာ သောက်သုံးခြင်းသည် ပြန်လည်ကောင်းမွန်ရန် ခက်ခဲသော အသည်းထိခိုက်မှုကို ဖြစ်စေပြီး အသည်းကင်ဆာအထိ ဖြစ်ပွားစေနိုင်သည်။

ရောဂါရှာဖွေခြင်း (Diagnosis)

အသည်းကင်ဆာကို ရောဂါရှာဖွေခြင်း

  • သွေးစစ်ဆေးခြင်း: အသည်း၏ လုပ်ဆောင်ချက် ပုံမှန်မဟုတ်မှုများကို သိရှိရန် အသည်းလုပ်ဆောင်ချက် စစ်ဆေးခြင်း (Liver function test) ပြုလုပ်ခြင်း။
  • ပုံရိပ်ဖော် စစ်ဆေးခြင်းများ: အာထရာဆောင်း၊ စီတီစကင် (CT Scan) နှင့် အမ်အာအိုင် (MRI) တို့ဖြင့် စစ်ဆေးခြင်း။
  • အသားစယူစစ်ဆေးခြင်း (Biopsy): အသည်းတစ်ရှူးနမူနာကို ရယူ၍ ကင်ဆာရှိမရှိ အဏုကြည့်မှန်ပြောင်းဖြင့် စစ်ဆေးခြင်း။

အသည်းကင်ဆာ ပျံ့နှံ့မှုပမာဏကို ဆုံးဖြတ်ခြင်း

အသည်းကင်ဆာရှိကြောင်း သိရှိပြီးနောက် ကင်ဆာ၏ တည်နေရာနှင့် အရွယ်အစားကို သိရှိနိုင်ရန် ကင်ဆာအဆင့် (Staging) ကို သတ်မှတ်မည်ဖြစ်သည်။ ယင်းအတွက် စီတီစကင် (CT)၊ အမ်အာအိုင် (MRI) နှင့် အရိုးဓာတ်မှန် (Bone scan) တို့ကို ပြုလုပ်သည်။

အသည်းကင်ဆာ အဆင့်သတ်မှတ်ရာတွင် ရောမဂဏန်း (I မှ IV) အထိ သတ်မှတ်ခြင်း သို့မဟုတ် အက္ခရာ (A မှ D) အထိ သတ်မှတ်ခြင်းဟူ၍ အမျိုးမျိုးရှိသည်။ အဆင့်သတ်မှတ်ခြင်းသည် အသင့်တော်ဆုံး ကုသမှုကို ရွေးချယ်ရန်နှင့် ရောဂါအလားအလာကို ခန့်မှန်းရန်အတွက် ဖြစ်သည်။

ကုသမှု (Treatment)

မူလအစ အသည်းကင်ဆာကို ကုသရာတွင် ကင်ဆာအဆင့်၊ လူနာ၏ အသက်၊ ယေဘုယျ ကျန်းမာရေးနှင့် လူနာ၏ ရွေးချယ်မှုအပေါ် မူတည်၍ ကုသသည်။

ခွဲစိတ်ကုသခြင်း (Surgery)

  • အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း: အသည်းလုပ်ဆောင်ချက် ပုံမှန်ရှိပြီး အကျိတ်မှာ သေးငယ်သေးပါက ကင်ဆာရှိသော အသည်းအစိတ်အပိုင်းနှင့် ပတ်ဝန်းကျင်ရှိ ကျန်းမာသော တစ်ရှူးအချို့ကို ခွဲစိတ်ဖယ်ရှားခြင်း ဖြစ်သည်။
  • အသည်းအစားထိုး ကုသခြင်း: ကင်ဆာရှိသော အသည်းကို ဖယ်ရှားပြီး အလှူရှင်ထံမှ အသည်းအသစ်ဖြင့် အစားထိုးခြင်း ဖြစ်သည်။ ၎င်းကို အများအားဖြင့် ကင်ဆာစောစီးသောအဆင့်၌ ရှိသူများအတွက် ပြုလုပ်လေ့ရှိသည်။

သတ်မှတ်နေရာကိုသာ ဦးတည်ကုသခြင်း (Localized treatments)

ကင်ဆာဆဲလ်များနှင့် ၎င်း၏ ပတ်ဝန်းကျင်နေရာကိုသာ ဦးတည်ကုသသည့် နည်းလမ်းများမှာ –

  • အပူဖြင့် ကင်ဆာဆဲလ်များကို သတ်ခြင်း (Radiofrequency ablation): လျှပ်စစ်စီးကြောင်းကို အသုံးပြု၍ ကင်ဆာဆဲလ်များကို အပူပေးကာ သတ်ခြင်း ဖြစ်သည်။ အာထရာဆောင်းကို အသုံးပြု၍ ဝမ်းဗိုက်မှတစ်ဆင့် အပ်ချောင်းငယ်ဖြင့် အကျိတ်ဆီသို့ အပူလှိုင်းပို့လွှတ်ကာ ကင်ဆာကို ဖျက်ဆီးခြင်းဖြစ်သည်။
  • အအေးဖြင့် ကင်ဆာဆဲလ်များကို သတ်ခြင်း (Cryoablation): အလွန်အေးသော နိုက်ထရိုဂျင်အရည် ပါဝင်သော ကိရိယာကို အသုံးပြု၍ ကင်ဆာကို ဖျက်ဆီးခြင်း ဖြစ်သည်။
  • အကျိတ်အတွင်းသို့ အရက်ပြန် (Alcohol) ထိုးသွင်းခြင်း: ကင်ဆာဆဲလ်များကို သတ်ရန်အတွက် အရက်ပြန်အစစ်ကို အရေပြားမှတစ်ဆင့် သို့မဟုတ် ခွဲစိတ်နေစဉ်အတွင်း အကျိတ်ထဲသို့ တိုက်ရိုက်ထိုးသွင်းခြင်း ဖြစ်သည်။
  • Chemoembolization: ကင်ဆာကို တိုက်ဖျက်မည့် ဓာတုဆေးဝါးကို အသည်းရှိ ကင်ဆာနေရာသို့ တိုက်ရိုက်ပို့လွှတ်ကာ ကင်ဆာဆဲလ်များကို ဖျက်ဆီးခြင်း ဖြစ်သည်။
  • သည်းခြေအိတ်အတွင်း ဓာတ်ရောင်ခြည်ပါသော အစေ့ငယ်များ ထည့်သွင်းခြင်း: ဓာတ်ရောင်ခြည်ပါဝင်သည့် သေးငယ်သော အစေ့ငယ်လေးများကို အသုံးပြု၍ ကင်ဆာကို တိုက်ရိုက်သတ်ခြင်း ဖြစ်သည်။

အခြားကုထုံးများ

  • ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း (Radiation therapy): X-rays သို့မဟုတ် ပရိုတွန် (Protons) ကဲ့သို့သော စွမ်းအားမြင့် လှိုင်းများကို အသုံးပြု၍ အကျိတ်ကို သေးငယ်သွားအောင် ပြုလုပ်ခြင်း ဖြစ်သည်။ အခြားကုသမှုများ မအောင်မြင်သည့်အခါ သို့မဟုတ် အဆင့်မြင့်အဆင့်များတွင် ရောဂါလက္ခဏာ သက်သာစေရန် အသုံးပြုသည်။
  • ပစ်မှတ်ထားကုထုံး (Targeted drug therapy): ကင်ဆာဆဲလ် များရှိ သတ်မှတ်ထားသော အစိတ်အပိုင်းများကို ပစ်မှတ်ထားသော ကုထုံး ဖြစ်ပြီး ကင်ဆာဆဲလ်များ၏ ပုံမှန်မဟုတ်မှုများကို ပိတ်ဆို့တိုက်ခိုက်ခြင်း ဖြစ်သည်။ ၎င်းအတွက် ဓာတ်ခွဲခန်းတွင် အရင်စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။
  • ကိုယ်ခံအားမြှင့်ကုထုံး (Immunotherapy): ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို အသုံးပြု၍ ကင်ဆာကို တိုက်ထုတ်ခြင်း ဖြစ်သည်။ ကင်ဆာဆဲလ်များက ကိုယ်ခံအားစနစ်ကို ရှောင်တိမ်းရန် ဖုံးကွယ်ထားသည့် ဖြစ်စဉ်ကို နှောင့်ယှက်ကာ ခန္ဓာကိုယ်မှ ကင်ဆာကို ပြန်လည်တိုက်ခိုက်နိုင်အောင် ပြုလုပ်ပေးသည်။ ၎င်းကို အဆင့်မြင့်အဆင့်များတွင် အသုံးပြုလေ့ရှိသည်။
  • ဆေးသွင်းကုသခြင်း (Chemotherapy): ကင်ဆာဆဲလ်များကို သတ်ရန် ဓာတုဆေးဝါးများကို သောက်ဆေး သို့မဟုတ် သွေးကြောသွင်းဆေးအဖြစ် အသုံးပြုခြင်း ဖြစ်သည်။

 

Doctors who treat this condition